← Chapters

ချူယွီယန်

Vol. 115 Ch. 1616-extra-2

ချူယွီယန်

Vol. 115 Ch. 1616-extra-2

နွေဦးရောက်ပြီ

ဒါပေမဲ့ တစ်ကမ္ဘာလုံး မှောင်မိုက်နေတယ်...

ညရောက်နေလို့မဟုတ်ဘဲ ငါ့နှလုံးသားမှာ အမှောင်ထုတွေပဲ ကြီးစိုးနေလို့များလား....

အမှောင်ကမ္ဘာထဲမှာပဲ ငါ နေချင်တယ် ၊ မျက်လုံးမဖွင့်ချင်ဘူး...

ငါ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ငါ မခံစားချင်တော့ဘူး၊ ငါ့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေချင်တယ်၊ မနိုးထချင်ဘူး...

ဟိုးတစ်ချိန်တုန်းက မှီခိုရာဂိုဏ်းမှာ သူ့ကို ပထမဆုံးမြင်ခဲ့ရတဲ့ အချိန်ကို ငါ မှတ်မိနေတုန်းပဲ ဒါမဲ့ ... မမှတ်မိချင်ဘူး။ မတွေးချင်ဘူး

နွေဦးဆိုတာ အရာအားလုံး အသက်ပြန်ဝင်လာသင့်တဲ့ အချိန်တဲ့လေ... ဒါပေမဲ့ အခု နွေဦးကုန်သွားပြီ။ ရာသီဥတုက ပူလာနေပြီ။ ဆေးလုံးတစ်လုံးရဲ့ လူဝင်စားဖြစ်တဲ့ ငါ့ဆရာအပါအဝင် တခြားသူတွေ စကားပြောနေတာ ငါ ကြားနေရတယ်... ဆရာက တစ်နွေလုံး ငါ့ကို စောင့်ရှောက်ရင်း သက်ပြင်းတွေ ချနေပါလား....

ဒါပေမဲ့ ဇီယွင်ဂိုဏ်းမှာတုန်းက အဖြစ်အပျက်တွေကို ငါ တွေးကိုမတွေးချင်တော့ဘူး... ဘာကြောင့် မမေ့နိုင်တာလဲ ဘာလို့လဲ ဘာလို့လဲ...

အခု အေးလာတယ် ဆောင်းတော့ မဟုတ်သေးဘူး။ ဆောင်းဦးရဲ့ မပူမအေးသလို ခံစားချက်။

မိုးတွေတောင် ရွာလာပြန်ပြီပဲ ....

ငါဟာ အလင်းတစ်စက်မှ မရှိတဲ့ အမှောင်ထုထဲမှာ နေ,နေတာ... ဘယ်အရာကိုမဆို မေ့နိုင်သင့်တယ်။ မှီခိုရာဂိုဏ်း၊ ဒဏ္ဍာရီလာသိမ်းငှက်ကြီးနဲ့ ဇီယွင်ဂိုဏ်းအကြောင်းတွေကို ငါ မေ့နိုင်သ‌လောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဘယ်လောက်ကြိုးစားကြိုးစား လေဟုန်ခွန်းလောကမှာ ဖြစ်ခဲ့တာကို ဘာလို့မမေ့နိုင်သေးတာလဲ

မေ့ဖျောက်ဖို့က ဘာကြောင့် ဒီလောက်ခက်ခဲနေတာလဲ....

အခု အေးစိမ့်လာပါလား.... အပြင်မှ နှင်းကျနေတာပဲဖြစ်မယ်။ နှင်းပွင့်လေးတွေဟာ မြေပေါ်ခပြီးရင် ငါ့လိုပဲ အေးစက်ပြီး မလှုပ်နိုင်တော့ဘူး။ ဒါပေမဲ့ နောက်ဆုံးကျရင် နှင်းတွေဟာ သူတို့အိမ်ကို ပြန်ရှာတွေ့တယ်။ ငါကတော့ ဒီကနေ ဘယ်သွားရမှန်း မသိဘူး

နှစ်တွေကြာခဲ့ပြီ။ ဘယ်လောက်ကြာမှန်း ငါ မပြောတတ်တော့ဘူး။ လေဟုန်ခွင်းလောကကို ငါ မေ့နိုင်တာတောင်မှ အာကာပြင်ကျယ်ဂြိုဟ်ပေါ်က အဖြစ်အပျက်တွေကိုတော့ မေ့နိုင်မှာမဟုတ်ဘူး။ နဝမဂိုဏ်းနဲ့ ငါ့ဆရာကို မေ့လို့ရဘူးဖြစ်နေတယ်

အချိန်တွေ ကြာလာပြီ။ ဒီအမှောင်ထုထဲမှာ ငါ့ကိုယ်ငါ ပျောက်ဆုံးသွားသလို ခံစားရတယ်။ ဒါပေမဲ့ ငါ့ဘေးကနေ အသံတစ်သံ ကြားနေရတယ်။ တစ်ယောက်‌ယောက် ငါ့ကို ကြည့်နေသလိုပဲ။ အဲဒီလူကို မမြင်ရပေမယ့် သူ့အကြည့်ထဲက လွမ်းဆွတ်မှုကို ငါ ခံစားနေရတယ်

အကုန်လုံး မေ့ပစ်ချင်ပေမယ့် ရတနာလေးရဲ့ မျက်နှာက သူ့မျက်နှာနဲ့တူနေတယ်လေ။ ငါ သူ့ကို မေ့မရဘူး။ ပြည့်ပြည့်လေးကို မေ့လို့မရဘူး....

ငိုချင်လိုက်တာ.... ဒါပေမဲ့ မျက်လုံးမဖွင့်ချင်ဘူး။ ငါ့မျက်နှာဘေးဘက်ကို မျက်ရည်တွေ စီးကျနေတာ ငါ ခံစားရတယ်

အချိန်တွေ ကုန်သွားပြန်ပြီ။ လတွေ နှစ်တွေ ... ဘယ်လောက်ကြာခဲ့ပြီမှန်းတောင် ငါ မသိတော့ပါလား။ နှစ်တစ်ထောင်လား၊ နှစ်တစ်သောင်းလား... နှစ်ပေါင်းမရေမတွက်နိုင်အောင်လား... အသံတွေ မကြားရတော့ဘူး ။ အကုန်တိတ်ဆိတ်သွားကြပြီ။

ငါ တစ်ယောက်တည်းကျန်ခဲ့ပြီ။ အထီးကျန်တယ်။ ဒီလိုနဲ့ အမှောင်ထဲမှာ နေရင်း ညရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်သွားတော့မယ်ထင်တယ်။

အချိန်တွေ ကြာလာတယ်။ နောက်ဆုံးတော့ အကုန်လုံး မေ့နိုင်တော့မယ့်အချိန် ရောက်လာပြီထင်တာပဲ။ ဒါပေမဲ့ အက်ကွဲကွဲအသံတစ်သံကို ငါ ကြားလိုက်ရတယ်

“အရူးမလေး တကယ်ပဲ အကုန်လုံးကို မေ့လိုက်လို့ရမယ်ထင်နေလား”

အဲဒီအသံက ငါ့ဝိညာဉ်ကိုပါ တုန်ခါသွားစေတယ်။ ငါ မေ့သွားသယောင် ဆောင်ထားခဲ့တဲ့ မှတ်ဉာဏ်တွေအကုန် ရုတ်တရက် ပြန်ပေါ်လာပြီ။ နောက်ဆုံးတော့လည်း ငါ ဘာကိုမှ မမေ့နိုင်ခဲ့ပါလား

တကယ်က ငါ့ဝိညာဉ်ပေါ် ရေးထိုးထားသလို အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိသွားပြီ

ငါက ချူယွီယန်

**

“ကျွန်မ ... မေ့လို့မရဘူး” ချူယွီယန်သည် တိုးညင်းစွာ ပြော၏။ မျက်လုံးများ ဖွင့်လိုက်သည့်အခါ မျက်ရည်များက သူမပါးပြင်တစ်လျှောက် စီးကျလာသည်။ ကမ္ဘာကြီးသည် မှောင်မိုက်မနေတော့။ သူမအရှေ့၌ အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူ့မျက်နှာမှာ ပါး‌ရေများတွန့်နေပြီး သူမ သူ့ကို မသိပေ။ သို့သော် အတိတ်တစ်ဘဝတုန်းက သူ့ကို သိခဲ့သည့်အလား အလွန်ရင်းနှီးနေသည်။ သူမသည် ဤအဘိုးအိုနှင့် ဆုံတွေ့ရမည့်ကံပါခဲ့သယောင်ပင်။

“မေ့မရရင်လည်း မမေ့နဲ့ပေါ့” အဘိုးအို၏အသံက သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သားလွန်းသည်။ “ငါက စီရင်သူလို့‌ခေါ်တယ်။ လွန်ခဲ့တဲ့သမိုင်းခေတ်ပေါင်းများစွာကတည်းက တာအိုကို ရရှိခဲ့တာ။ အဲဒီကတည်းက ငါဟာ အဖြေတွေ လိုက်ရှာရင်း ငါ့ဘဝကို ကုန်ဆုံးခဲ့တယ်။ အဲဒီအဖြေတွေကို အခုထိ ရှာမတွေ့‌သေလို့ အနန္တစကြဝဝဠာထဲမှာ ဆက်ရှာမလို့

“ငါ့ရဲ့တပည့်ဖြစ်လာချင်လား အရူးမလေး

“ဖြစ်လာချင်ရင်တော့ ငါ မင်းကို အနန္တစကြဝဠာရဲ့အတွင်းထဲ ခေါ်သွားပေးနိုင်တယ်

“လမ်းမှာ အဲဒီတစ်ယောက်သူနဲ့လည်း ... မင်းပြန်တွေ့ကောင်း ပြန်တွေ့ရလောက်မှာပေါ့”

ချူယွီယန်သည် မျက်လုံးများပိတ်၍ တခဏလှဲနေ၏။ ထို့နောက် မျက်လုံးပြန်ဖွင့်ပြီး အခေါင်းထဲမှ ထလာသည်။

“ဂါဝရပြုပါတယ်ဆရာ” သူမက သူ့အရှေ့တွင် ဒူးထောက်ရင်း ပြောသည်။

စီရင်သူဘိုးဘိုးက သူမအား နွေးထွေးသောမျက်ဝန်းများဖြင့် ကြည့်နေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက သူသည် သူ၏တာအိုကို ရှာဖွေနေခဲ့ပြီးနောက်ဆုံး အောင်မြင်ခဲ့၏။ သို့သော် သူ့တွင် ကျန်ခဲ့သည့်အရာဆို၍ တာအိုသာ ရှိလေသည်။ လမ်းတစ်လျှောက် အရာအားလုံးကို လက်လျှော့ကာ စတေးခဲ့ရသည်။ စီရင်သူဘိုးဘိုးသည် စိတ်မာသော်လည်း တကယ်က ပျက်စီးသွားသော သူ၏မွေးရပ်မြေ၊ သူ၏မိတ်ဆွေများနှင့် မိသားစု၊ သူ ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို တစ်ခါမှ မမေ့နိုင်ခဲ့ပေ။

မန်ဟို၏ခေတ်အတွင်း သူသည် လူပေါင်းများစွာ၏ ဘဝများကို စောင့်ကြည့်ခဲ့၏။ သူ့ကို ထင်ထင်ရှားရှားမှတ်မိစေခဲ့သည့် တစ်ယောက်တည်းသောလူကတော့ ဤမိန်းကလေးပင်။ ဤမိန်းကလေးသည် သူ့အား အတိတ်တုန်းက တစ်ယောက်သောလူကို သတိရမိစေ၏။

ချူယွီယန်နှင့်မန်ဟို့အကြား အဖြစ်အပျက်အားလုံးကို မြင်တွေ့ပြီးနောက် သူ့မှာ မနေနိုင်တော့ဘဲ သူ့ကို ကူညီဖို့ ဤနေရာသို့ လာရန် ဆုံးဖြတ်ခဲ့လေသည်။

အချိန်အနည်းငယ်ကြာသွားသည်။ စီရင်သူဘိုးဘိုးသည် ပြုံးပြီးနောက် အင်္ကျီလက်စဝှေ့ယမ်းလိုက်၏။ စုတ်စုတ်ပြတ်ပြတ်သင်္ဘောအဟောင်းတစ်စင်း ပေါ်လာသည်။ ခြေတစ်လှမ်းလှမ်းလိုက်သည့်အခါ သူက သင်္ဘောပေါ် ရောက်သွားသည်။ ချူယွီယန်လည်း ကမ္ဘာကြီးကို တခဏလှည့်ပြီးနောက် သူ့နောက် လိုက်သွားသည်။

သင်္ဘောပေါ်တွင် အေးစက်စက်မျက်နှာထားဖြင့် အနက်ဝတ်လူတစ်ယောက်လည်း တင်ပျဉ်ခွေထိုင်နေသည်။ သူက ချူယွီယန်ကို လှမ်းကြည့်၍ ခေါင်းညိတ်ပြပြီးနောက် မျက်လုံးပိတ်ကာ တရားဆက်ထိုင်နေသည်။

“ကဲ အနန္တစကြဝဠာရဲ့ အတွင်းထဲကို သွားကြစို့” စီရင်သူဘိုးဘိုးက ပြောသည်။

သင်္ဘောသည် မည်သည့်အသံမှမထွက်ဘဲ စတင်ရွေ့လျားသွား၏။ ၎င်းက ဟင်းလင်းပြင်ကို ဖြတ်၍ အနန္တစကြဝဠာထဲ ဝင်ရောက်ကာ ထိုနေရာ၌ရှိသော ကမ္ဘာ‌လောကများ၏အလင်းရောင်ကို မြင်တွေ့လိုက်ရတော့သည်။

ချူယွီယန်သည် သင်္ဘောပေါ်တွင် ထိုင်နေပြီး တခဏကြာသော် သူမ၏ဆရာအသစ် စောစောက ပြောခဲ့သောစကားကို ပြန်တွေးမိသွားသည်။ သူမ မေ့ဖို့ ကြိုးစားနေသော ထိုလူနှင့် ပြန်တွေ့ကောင်းပြန်တွေ့နိုင်သည်တဲ့လော....

“အကယ်လို့များ ပြန်တွေ့ခဲ့ရင် ... ငါ ပထမဆုံးဘာပြောရမလဲ” ချူယွီယန်မှာ တွေးရင်း ရင်ခုန်လာတော့သည်။

သင်္ဘောပေါ်တွင် အချိန်က မတူပေ။

ထိုနေရာ၏တစ်လက မန်ဟို ရှိနေသောနေရာတွင် သမိုင်းခေတ်တစ်ခေတ်နှင့် ညီမျှသည်။

အချိန်မည်မျှကြာခဲ့ပြီးမှန်း မပြောတတ်ပေ။ တစ်ရက်တွင် ချူယွီယန်သည် သင်္ဘောအပြင်မှ လူတစ်ယောက်စကားပြောလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရ၏။

“တာအိုရောင်ရင်းတို့၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလည်း လိုက်လို့ရမလားခင်ဗျာ”

ထိုအသံကို ကြားလိုက်ရသည်နှင့် ချူယွီယန်မှာ တုန်ရီသွားပြီး ရင်ခုန်သံများဗြောင်းဆန်လာတော့သည်။

“တပည့်မရေ ဧည်သည့်အသစ်တွေ သင်္ဘောပေါ် ရောက်လာတယ်။ ဝိုင်နှစ်ခွက်လောက် ယူလာခဲ့ပါဦး”

သူမက အသက်ကိုဝဝရှူသည်။ စိတ်ကိုလည်း ငြိမ်အောင်ထားရင်း နှုတ်ခမ်းလေးကို ကိုက်၍ လိုက်ကာစအား ဖယ်လိုက်သည်။ အပြင်ထွက်လိုက်သောအခါ အံ့အားသင့်နေသည့် မန်ဟိုနှင့် သူ့ဘေးတွင် ရပ်နေသော ရှုချင်ကို သူမ မြင်လိုက်ရလေသည်။

“အစ်ကိုကြီးဖန်မု၊ အစ်မကြီးရှုချင်။ ကျွန်မ ပြဿနာရှာဖို့ ဒီရောက်နေတာ မဟုတ်ပါဘူးနော်” သူမက ပြောသည်။ “ဒါက ကျွန်မဆရာရဲ့ သင်္ဘောမလို့ပါ... ဆရာကလည်း ကျွန်မကို ဒီမှာနေခိုင်းထားလို့”

ချူယွီယန်သည် လှပလွန်းသူဖြစ်၍ သူမအပြုံးလေးသည်လည်း နှစ်လို့ဖွယ်ကောင်း၏။

ရင်ခုန်စိတ်လှုပ်ရှားနေသည့်အတွက် အပြုံးမှာ အတန်ငယ်တောင့်တောင့်လေး ဖြစ်နေသည်။ သို့သော် ထို့ကြောင့်ပင် ... အပြုံးလေးသည် ယခုလိုတောက်ပပြီး ချစ်စရာကောင်းနေခြင်း ဖြစ်ပါ၏.....

All Chapters