ကြက်တူရွေးနှင့် အသားဂျယ်လီ
Vol. 115 Ch. 1617-extra-3
အနန္တစကြဝဠာသည် မှောင်မိုက်နေသလို၊ တလက်လက် တောက်ပနေသော အလင်းရောင်တို့ဖြင့်လည်း ပြည့်နေသည်။ ထို့ကြောင့် ဆန့်ကျင်ဘက်သဘောနှစ်ခုကို ပေါင်းစည်းထားသကဲ့သို့ ထင်ရ၏။
တလက်လက်တောက်ပနေသော အလင်းရောင်က မျိုးစေ့များသဖွယ် ပြန့်ကြဲတည်ရှိနေသည့် ကမ္ဘာလောကများမှ လာလေသည်။ ယင်းကမ္ဘာလောကများသည် ပြိုးပြိုးပြက်ပြက် လက်နေသော ပုလဲများသဖွယ် အလင်းရောင်တို့အား အရပ်လေးမျက်နှာတခွင် ဖြန့်ကျက်နေကြ၏။
အမှောင်ထုကတော့ အနန္တစကြဝဠာမှာ တိုင်းတာမရလောက်အောင် ကြီးမားကျယ်ပြောလွန်းခြင်းမှ လာသည်။ အမှန်တွင် ထိုကမ္ဘာမျိုးစေ့များအနက် နှစ်ကမ္ဘာကြား အကွာအဝေးကိုပင် တိုင်းထွာမရပေ။ အဆိုပါကြားအကွာအဝေးတွင်တော့ အလင်းရောင်ဟူ၍မရှိ၊ တိတ်ဆိတ်မှုနှင့် အမှောင်ထုသာ ကြီးစိုးနေသည်။
အနန္တစကြဝဠာထဲတွင် အချိန်ကုန်လွန်မှုသည် သိပ်မသိသာပေ။ အဘယ်ကြောင့်ဆိုသော် အနန္တစကြဝဠာ၏စွမ်းအားက ဘိုးဘေးနယ်ပယ်အဆင့် ပညာရှင်များအတွက်ပင် စဉ်းစားတွေးခေါ်ဖို့ နက်နဲလွန်းခြင်းကြောင့် ဖြစ်တန်ရာသည်။
တစ်နေ့တွင် အလင်းတန်တစ်တန်းသည် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် အနန္တစကြဝဠာအား ခွင်းလာ၏။
သေသေချာချာကြည့်ပါက ထိုအလင်းတန်းထဲ၌ လူတစ်ယောက်ရှိကြောင်း တွေ့ရလိမ့်မည်။ သူသည် အလွန်အားနည်းနေပုံရသော ဝိညာဉ်ဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်သည်။
သက်လတ်ပိုင်းလူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး သူ့မျက်နှာမှာ ဖြူဆုပ်နေ၏။ သူ့ကြည့်ရသည်မှာ နောက်မှလိုက်ဖမ်းခံနေရသယောင်ပင်။ သူ၏မျက်နှာထားသည် အလွန်တင်းမာနေသော်လည်း သူ့မျက်ဝန်းထဲ၌ ကောက်ကျစ်ယုတ်မာသောအငွေ့အသက်တို့ ရှိနေသည်။
သက်လတ်ပိုင်းလူ အရှိန်တင်ပျံသန်းနေစဉ် အမှောင်ထုထဲ၌ ဒုတိယအလင်းတန်းတစ်တန်း ပေါ်လာသည်။ အမျိုးသမီးတစ်ယောက်အား မြင်ရနိုင်သည်။ သူမလည်း မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အမြန်ဆုံးပျံသန်းနေ၏။ ကြည့်ရသရွေ့ နှစ်ယောက်လုံး တစ်စုံတစ်ယောက်၏ လိုက်ဖမ်းခံနေရသယောင်ပင်။
ဤနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သိကြသော်လည်း မတည့်ကြသည့်အပြင် ရန်သူများပင် ဖြစ်ကြ၏။ ပျံသန်းနေရင်းမှာပင် အခြားတစ်ယောက် နှေးသွားအောင် တစ်ယောက်ကိုတစ်ယောက် မကြာခဏ တိုက်ခိုက်ကြသည်။ သက်လတ်ပိုင်းလူက အသားစီရသော်လည်း အမျိုးသမီးမပျံသန်းနိုင်အောင်တော့ မလုပ်နိုင်ပေ။
သူတို့ အနန္တစကြဝဠာ၏တိတ်ဆိတ်မှုကို ဖြိုခွင်းပျံသန်းနေကြစဉ် သူတို့အနောက်၌ လင်းလက်စွာ တောက်ပနေသော အလင်းတန်းတစ်တန်း ပေါ်လာသည်။ ၎င်းထဲတွင်တော့ ...
ကြက်တူရွေးတစ်ကောင်
ကြက်တူရွေး၏အမွှေးများသည် အရောင်အသွေးစုံလင်စွာ တောက်ပနေပြီး ၎င်းက ကြယ်တံခွန်တစ်စင်းပမာ လှပစွာ ပျံသန်းလာနေ၏။ သက်လတ်ပိုင်းလူနှင့် အမျိုးသမီးနောက် လိုက်နေစဉ် ကြက်တူရွေး၏ပုံစံမှာ စစ်လက်နက်တစ်မျိုးနှင့် တူလေသည်။
ရုတ်တရက် ကြက်တူရွေးက အရှိန်တင်ကာ အမျိုးသား၊အမျိုးသမီးနှင့် သူ့အကြား အကွာအဝေးကို ချုံ့လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက သူတို့နှစ်ယောက်ကို ဝင်တိုက်လိုက်ရာ အမျိုးသမီး၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ တစ်ချိန်တည်းမှာပင် အမျိုးသား၏မေးစေ့မှ သွေးများ စီးကျလာ၏။
“တာအိုသခင်ငါး သိပ်လွန်မလာနဲ့။ မင်းရဲ့ အဲဒီဧကရာဇ်က ငါ့ကိုယ်အစစ်ကို အနိုင်မယူနိုင်ဘူး။ ငါက အင်မော်တယ်။ အနန္တစကြဝဠာရဲ့ အတုမရှိအင်မော်တယ်ပဲ” သက်လတ်ပိုင်းလူသည် သွေးရူးသွေးတန်း အော်ဟစ်နေပုံရသော်လည်း သူ၏မျက်လုံးများတွင် ဉာဏ်နီဉာဏ်နက်များ မသိမသာ ပေါ်လွင်နေသည်။
ယခုတွင် အမျိုးသမီး၏မျက်နှာမှာတော့ သွေးလုံးဝမရှိတော့ပေ။ သူမက အံတင်းတင်းကြိတ်၍ အမြန်ဆုံးပြေးသည်။
ဤသို့ဖြင့် ပြေးလွှားရင်း သူတို့အရှေ့၌ ကမ္ဘာမျိုးစေ့တစ်စေ့ ပေါ်လာသည်။ ကမ္ဘာသည် အနန္တစကြဝဠာအတွင်း၌ တည်ရှိသော ကျန်ကမ္ဘာများသဖွယ်ဖြစ်သော်လည်း ယခုထက်ထိ အပြည့်အဝမဖွံ့ဖြိုးသေးပေ။ ၎င်း၏ကြယ်တာရာကောင်းကင်စိတ်ဆန္ဒမှာ အစပြုနေဆဲဖြစ်ပြီး သက်ရှိများသည်လည်း အသိစိတ်အပြည့်အဝမရှိသေးချေ။
သုံးယောက်သား ထိုကမ္ဘာအနား ရောက်လာသည့်အခါ ကြက်တူရွေး၏ အေးစက်စက်အသံ ဟိန်းထွက်လာသည်။ “ငါ့ဆရာက မင်းရဲ့ကိုယ်အစစ်ကို သေချာပေါက် သတ်လိမ့်မယ်။ ပြီးတော့ ငါ့သခင်က မင်းကို သတ်ဖို့ တာဝန်ပေးခဲ့တယ် ကိုယ်ပွား။ မင်းက မင်းရဲ့ကိုယ်အစစ် ခေါင်းပြန်ထူနိုင်မယ့် အခွင့်အရေးပဲ။ ငါ့ဆရာလို ငါက သေချာပေါက် မင်းကို သတ်နိုင်မှာ။ ပြီးတော့ မင်း။ ရှေးဟောင်း-အင်မော်တယ်စိတ်ဝိညာဉ်။ မင်းတို့နှစ်ယောက် ငါ့လက်ထဲက ဘယ်တော့မှ ပြေးမလွတ်ဘူး”
ကြက်တူရွေး၏မျက်နှာထားသည် အေးစက်နေပြီး ၎င်း၏စကားလုံးများက ပို၍ပင် သွေးအေးသေးသည်။ ၎င်းတို့ အနန္တစကြဝဠာအတွင်း ပဲ့တင်ထပ်နေစဉ် အရာအားလုံးကို အေးခဲသွားစသယောင် ထင်ရ၏။
ရုတ်တရက် ကြက်တူရွေး၏ ပတ်ပတ်လည်တွင် မန္တန်ဝင်္ကပါတစ်ခု ပေါ်လာသည်။ မန္တန်ဝင်္ကပါသည် အရပ်လေးမျက်နှာသို့ ပြန့်ကားလာရင်း အမျိုးသားနှင့် အမျိုးသမီးကိုပင် လွှမ်းခြုံသွား၏။ သူတို့တစ်ယောက်မှ မတုံ့ပြန်နိုင်ခင် ရောင်စုံအလင်းများက မှော်သင်္ကေတများအသွင်ပြောင်းလျက် ကွန့်မြူးတောက်ပလာသည်။ မန္တန်ဝင်္ကပါလည်နေစဉ် လျှို့ဝှက်ဆန်းကြယ်သည့် ရွတ်ဖတ်သံများ ကြားရနိုင်၏။ ထို့နောက် အသတ်အဖြတ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး မန္တန်သင်္ကေတများက ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲမှုသည် အမျိုးသားနှင့်အမျိုးသမီးကို ပစ်မှတ်ထားနေသည့် အဖျက်အစီးအားလှိုင်း ဖြစ်လာသည်။
ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် သက်လတ်ပိုင်းလူက မာန်သွင်းကြုံးဝါးလျက် သူ့ခန္ဓာကိုယ်အား လျင်မြန်စွာ ကြီးမားလာသော နတ်ဘုရားစွမ်းရည်တစ်ခုထုတ်လွှတ်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား ဧရာမစစ်ပုဆိန်ကြီးကို ဆုပ်ကိုင်ထားသည့် ဘီလူးကြီးတစ်ကောင် ဖြစ်လာခဲ့ချေပြီ။ သူသည် တစ်ချက်မှမတွန့်ဆုတ်ဘဲ တောင်တန်းများကို ဖြိုခွင်း၍ ပင်လယ်များကို ခမ်းခြောက်သွားစေမည့် စွမ်းအားအလုံးစုံဖြင့် စစ်ပုဆိန်အား မှော်သင်္ကေတများဆီ လွှဲရမ်းလိုက်သည်။
ဝုန်းးးးးးးးးးးးးးးးးးး
ဝုန်းးးးးးးးးးးးးးးးးးး
ဝုန်းးးးးးးးးးးးးးးးးးး
ပေါက်ကွဲသံများ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ဘီလူးကြီးမှာ သွေးတစ်ပွက်အန်ရသည်။ သူ၏ခန္ဓာကိုယ်ကား ပြိုကွဲတော့မတတ် ဖြစ်နေလေပြီ။ သူက ဒေါသတကြီး ဟိန်းဟောက်သည်။ “တာအိုသခင်ငါး မင်း လွန်နေပြီ”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ရွှေရောင်သွေးစက်ဆယ်စက်သည် သူ၏စုတ်ပြတ်နေသောခန္ဓာကိုယ်မှ စိမ့်ထွက်လာ၏။ သွေးစက်များက တစ်စက်နှင့်တစ်စက်ပေါင်းကာ ဧရာမသွေးရောင်လက်ကြီးတစ်ဖက် ဖြစ်လာသည်။
လက်ကြီးသည် ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ထိုအငွေ့အသက်များကို ချက်ချင်း သိလိုက်သည့်အတွက် ကြက်တူရွေး မျက်လုံးပြူးသွားသည်။ ထိုရွှေရောင်သွေးစက်ဆယ်စက်သည် ကြက်တူရွေး လောကပါလနတ်မင်း၏ကိုယ်အစစ်ကို သတ်ဖို့ ကြိုးစားနေရသည့် အကြောင်းအရင်းပင်။ ၎င်းကား.... အနန္တစကြဝဠာသွေး ဖြစ်ပေသည်။
ရုတ်တရက် လောကပါလနတ်မင်း၏မျက်လုံးများက ဝင်းလက်တောက်ပလာပြီး သူက တဟားဟား အော်ရယ်တော့သည်။
“ရှေးဟောင်း-အင်မော်တယ်စိတ်ဝိညာဉ်၊ ငါတို့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ။ ပြီးရင် မင်း လွတ်လပ်စေရမယ်”
အမျိုးသမီးမှာ ပြတ်ပြတ်သားသား အံမကြိတ်ခင် တခဏသာ တွန့်ဆုတ်ခဲ့သည်။ ချက်ချင်းပင် အကြေးခွံများ သူမအရေပြားပေါ်တွင် ပေါ်လာသည်။ သူမခြေထောက်များက ပူးသွားပြီး အချိန်အနည်းငယ်ကြာသော် သူမတွင် မြွေခန္ဓာကိုယ်ရှိလာ၏။ အမျိုးသမီးက ချာခနဲလှည့်၍ ထွက်ပြေးမည့်အစား သူမလက်နှစ်ဖက်လုံးကို တွန်းထုတ်လိုက်သည်။ ထို့နောက် တာအိုမှော်အစွမ်းတစ်ခုကို ထုတ်ဖော်ဖို့ အသက်စွမ်းအားများအား ဆင့်ခေါ်လိုက်သဖြင့် သူမ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပိန်ချုံးလာတော့သည်။
မှော်အစွမ်း ထုတ်ဖော်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် အင်အားကြီးမားသောအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
၎င်းက နှစ်ပေါင်းများစွာ အချိန်အငွေ့အသက်တို့အပြည့်ဖြင့် ထူးဆန်းရှေးဆန်သောအရှိန်အဝါတစ်ခု ဖြစ်သည်။ ထိုစွမ်းအားသည် ကြက်တူရွေးနှင့် မန္တန်ဝင်္ကပါဆီ ချက်ချင်း ပြေးဝင်သွား၏။
မျက်စိတစ်မှိတ်အတွင်း မန္တန်ဝင်္ကပါမှာ မှေးမှိန်ခြောက်ကပ်လာ၍ ကြက်တူရွေးမှာ မျက်လုံးများအေးစက်စက် လက်နေလျက် ရပ်လိုက်ရသည်။
ထို့နောက် ကြက်တူရွေးသည် အတင်းအဓမ္မအဆင့်တက်ဖို့ ပြင်လိုက်သဖြင့် ၎င်း၏စွမ်းအားတို့ မြင့်တက်စပြုလာသည်။ လောကပါလနတ်မင်းက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ ရွှေရောင်သွေးစက်ဆယ်စက်မှ ဖြစ်ပေါ်လာသည့် လက်အား ကြီးသထက် ကြီးလာစေ၏။ မကြာခင် ၎င်းကား ကြယ်တူရွေးဆီ တဟုန်ထိုးစီးဆင်းသွားသော ဧရာမသွေးပင်လယ်ကြီးဖြစ်လာတော့သည်။
ယခုတွင် အမျိုးသမီးမှာ အချိန်အငွေ့အသက်ကို အသုံးပြုလိုက်ရ၍ အလွန်အားနည်းသွားလေပြီ။ သူမက နောက်ဆုတ်သွားသည်။
“တာအိုသခင်ငါး၊ အင်မော်တယ်က မပြင်မဆင်ဘဲ နေ,နေမယ်လို့ ထင်လား။ ဘယ်လောက်တုံးအလိုက်သလဲ။ မင်း ဒီနေရာအထိ ငါ့နောက်လိုက်နေခဲ့တာက ငါ့ကိုယ်အစစ်ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းကွ။ မင်းကို သုတ်သင်ဖို့က မင်းရဲ့ဧကရာဇ်ရဲ့လက်ကို ဖြတ်သလို လွယ်လွယ်လေးပဲ” လောကပါလနတ်မင်းက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်သည်။ ကြည့်ရသရွေ့ သူသည် အနန္တစကြဝဠာ၏ ချောင်ကျကျနေရာသို့ လိုက်လာအောင် ကြက်တူရွေးအား မြှားခေါ်ပြီး အမျိုးသမီးနှင့်အတူ ၎င်းကို သတ်နိုင်ဖို့ တမင်တကာ အားနည်းနေပုံဖမ်းခဲ့ခြင်းဖြစ်မည်။
သွေးပင်လယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး စွမ်းအားတို့ဖြင့် တဟုန်းဟုန်းတောက်လျက် ချုပ်နှောင်ခြင်းစည်းအသွင်ဖြင့် ကြက်တူရွေးကို လွှမ်းခြုံရန် ပြန့်ကားလာသည်။ ကြက်တူရွေး၏မျက်လုံးများကား ပျာယာခတ်ခြင်းအလျဉ်းမရှိ၊ တည်ငြိမ်အေးဆေးလျက်သာ။
“မင်းက ငါ့ကို ဒီကို မျှားခေါ်လာခဲ့ပေမယ့် ငါ့ဆရာ မင်းရဲ့ကိုယ်အစစ်ကို သတ်နိုင်အောင် ကူညီပေးဖို့ ငါ ဘယ်လောက်ပေးဆပ်နိုင်တာ မင်း မသိဘူး။ ငါကပဲ မင်းရဲ့ထောင်ချောက်ထဲကျတာလား၊ မင်းကပဲ ငါ့ထောင်ချောက်ထဲ ကျတာလား” ကြက်တူရွေးသည် ဤကမ္ဘာနှင့် မခွဲခွာချင်သည့်အလား သက်ပြင်းချ၏။ သို့သော် ၎င်း၏မျက်ဝန်းများက ပြတ်သားသည်။ သွေးပင်လယ် ချဉ်းကပ်လာနေစဉ် ကြက်တူရွေးက ရုတ်တရက် ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်စပြုလာသည်။ ၎င်းတို့ကား .... ခန္ဓာဖောက်ခွဲခြင်းအငွေ့အသက်များ ဖြစ်ပေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ကြက်တူရွေးသည် ၎င်း၏ရန်သူများကို သတ်ဖို့ ခန္ဓာဖောက်ခွဲနေ၏။
သာမန်ခန္ဓာဖောက်ခွဲခြင်းက ၎င်းရင်ဆိုင်နေရသောအရှိန်အဝါကို ဘာမှလုပ်နိုင်မည်မဟုတ်သော်လည်း ကြက်တူရွေးကား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ချေသည်။ ၎င်း သာမန်ဖောက်ခွဲခြင်းအားကို ပြင်းထန်စေဖို့ အစွမ်းထက်အတတ်တစ်မျိုးကို သုံးနေသည်။
လောကပါလနတ်မင်း၏မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူက ဟက်ခနဲ ရယ်သည်။
“ဆိုတော့ မင်းက ဒီအထိသွားနိုင်တယ်ပေါ့လေ။ မင်းအတွက် စိတ်တော့မကောင်းပါဘူး။ ငါ့ကိုယ်အစစ်က ပိုလို့တောင် ပြင်ဆင်ထားသေးတယ်” သူက ပြောပြောဆိုဆိုဖြင့် ဘက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ရာ နောက်ဆုတ်နေသော အမျိုးသမီးမှာ တုံ့ခနဲ ရပ်သွားလေသည်။ ရုတ်တရက် သူမကိုယ်ထဲ၌ ချိတ်ပိတ်ခံထားရသည့် တစ်စုံတစ်ခု အဖွင့်ခံလိုက်ရ၍ သူမသွေးများ ဆူပွက်စပြုလာသည်။ အချိန်အနည်းငယ်ကြာသော် ခန္ဓာဖောက်ခွဲခြင်းအငွေ့အသက်များ သူမကိုယ်အတွင်းမှ အုံကြွလာ၏။
လောကပါလနတ်မင်းက သူ ထွက်ပြေးနိုင်အောင် သူမအား အတင်းအကြပ်ခန္ဓာဖောက်ခွဲပစ်နေသည်။
အမျိုးသမီးက သူ့အား ဒေါသတကြီး လှမ်းကြည့်သည်။ သူတို့သဘောတူထားသည်က ဤအတိုင်းမဟုတ်သည့်တိုင် သူ့ကိုယ်ကျိုးအတွက် သူမကို စတေးပစ်နေခြင်းက အမျိုးသမီး၏မျက်လုံးများအား နီရဲလာစေသည်။ သို့သော် သူမသည် သွေးအေးအေး မဲ့ပြုံးလိုက်၏။
ခန္ဓာဖောက်ခွဲခြင်းစွမ်းအားနှစ်ခု ပေါ်ထွက်လာသည့်အချိန်မှာပဲ ကြက်တူရွေး၏ အေးစက်စက်အသံ ထွက်လာသည်။
“ဘာစောင့်နေတာလဲ ရှေးဟောင်း-အင်မော်တယ်စိတ်ဝိညာဉ်။ ဒီလိုဖြစ်မယ်လို့ ငါ မင်းကို ကြိုပြောခဲ့သားပဲ။ တစ်ခုခုလုပ်စမ်းပါ။ မြိုသိပ်မထားနဲ့။ မင်း လွတ်လပ်ချင်ရင် အဲဒီလွတ်လပ်မှုအတွက် ကိုယ်တိုင်တိုက်ယူရလိမ့်မယ်”
ကြက်တူရွေး၏စကားက လောကပါလနတ်မင်း၏အမူအရာအား ရိပ်ခနဲ ဖြစ်သွားစေသည်။
အမျိုးသမီးသည် အေးစက်စက်ပြုံးလျက် အသက်ဝဝရှူ၏။ လောကပါလနတ်မင်း သူမနှင့်အပေးအယူလုပ်ခဲ့တုန်းက ကြက်တူရွေးသည် သူမကို လျှို့ဝှက်ဆက်သွယ်၍ ယခုလိုအဆုံးသတ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုတွင် သူမက တွန့်ဆုတ်မနေဘဲ ဟားတိုက်ရယ်တော့သည်။
“နင်မှန်တယ်။ လွတ်လပ်မှုကို တိုက်ယူမှရမှာ။ ထာဝရလွတ်လပ်ဖို့ ရှေးဟောင်း-အင်မော်တယ်စိတ်ဝိညာဉ်ဆိုတဲ့ ငါ့အဆင့်အတန်းကို စွန့်လွှတ်နိုင်တယ်”
လောကပါလနတ်မင်း မျက်နှာပျက်သွားပြီး တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း အချိန်မရလိုက်ပေ။ အမျိုးသမီးသည် စကားပြောပြီးသည်နှင့် ရုတ်တရက် ပြိုကွဲသွား၏။
ခန္ဓာဖောက်ခွဲခြင်းမဟုတ်၊ လုံးလုံးလျားလျား ပြိုကွဲခြင်းသာဖြစ်သည်။ သူမ၏ပိန်ချုံးချုံးခန္ဓာကိုယ်မှ အသားစများသွေးစများသည် ကြယ်တာရာကောင်းကင်အား ရဲပလောင်းခတ်သွားစေ၏။
“နိဗ္ဗာနပြန်မွေးဖွားခြင်းကျိန်စာ။ ရှင်နေတာ သေပါစေ၊ သေနေတာတွေ ရှင်ပါစေ။ ဖြစ်ပြီးပျက်ပါစေ၊ ပျက်ပြီးဖြစ်ပါစေ။ စိတ်ဆန္ဒတွေ အတိတ်မေ့ပြီး စိတ်တွေ ပျက်စီးကြပါစေ။ တည်ရှိသမျှအရာအားလုံး.... အခု အစမှပြန်စကြပါစေသား”
“အခုကစပြီး ရှေးဟောင်းအင်မော်တယ်စိတ်ဝိညာဉ်ဆိုတာ မရှိတော့ဘူး....” အမျိုးသမီး၏အသံ ပဲ့တင်ထပ်နေစဉ် ကြယ်တာရာကောင်းကင်သည် လှုပ်ခတ်လာ၏။ ထို့နောက် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
ပြင်းထန်သောဖိအားက ကြက်တူရွေးအား ပြာကျသွားစေသည်။ တစ်ချိန်တည်းမှာပင် အဆိုပါဖိအားသည် သွေးပင်လယ်ကို ချေမှုန်း၍ လောကပါလနတ်မင်းအား စူးစူးဝါးဝါး အော်လိုက်ရစေသည်။ သူက ထွက်ပြေးဖို့ ကြိုးစားသော်လည်း မထွက်ပြေးနိုင်ဘဲ ဖိအား၏ ချေမှုန်းခြင်း ခံလိုက်ရလေသည်။ အမျိုးသမီးမှာ ခန္ဓာကိုယ်ပေါက်ကွဲသွားသော်လည်း မသေသေ။ သူမဝိညာဉ်က ပြိုကွဲသွားခြင်းမရှိ။
သူမ ထုတ်လွှတ်ခဲ့သည့် နောက်ဆုံးမှော်အစွမ်းသည် သမိုင်းခေတ်သစ်တစ်ခေတ်ကို စတင်ပေးနိုင်သောအရာဖြစ်၏။ အရာအားလုံး ဖျက်စီးချေမှုန်းခံလိုက်ရသော်လည်း ထိုပျက်စီးခြင်းအတွင်း အရာအားလုံး ပြန်လည်ဖြစ်တည်လာကြသည်။
သူတို့၏တိုက်ပွဲအနား၌ရှိသော ကမ္ဘာမျိုးစေ့မှာ စွမ်းအားလှိုင်းများ၏ ရိုက်ခတ်ခြင်းခံနေရသည်။ ၎င်း၏စိတ်ဆန္ဒမှာ တုန်ရီလာပြီးနောက် ပျောက်ကွယ်တော့မလိုဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာအတွင်းသို့ ဦးတည်နေသည့် အပေါက်ကြီးတစ်ပေါက် ပွင့်လာ၏။
အပေါက်ပွင့်သွားသောအခိုက်အတန့်တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကြက်တူရွေးတို့၏ ပြာ၊ ချီနှင့် သွေးတို့အားလုံး စုပ်ယူခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ကား ကမ္ဘာမျိုးစေ့ထဲ ရောက်သွားကြလေပြီ။
ယင်းကမ္ဘာမျိုးစေ့၏ ကြယ်တာရာကောင်းကင်အတွင်း၌ ....
နှစ်ပေါင်းများစွာကြာသော် ထိုကမ္ဘာ၌ တည်ရှိသော သက်ရှိများအကြား သက်ရှိအသွင်တစ်ခု ဖြစ်တည်လာသည်။ ၎င်းက ကြက်တူရွေး၏ဝိညာဉ်ပင်။ ကြက်တူရွေး၏ဝိညာဉ်သည် ငေးကြောင်နေသောမျက်လုံးများဖြင့် ကမ္ဘာကြီးအား ဟိုကြည့်သည်ကြည့် ကြည့်နေ၏။
ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒကို တဖြည်းဖြည်း စိုးမိုးနေသည့် နောက်ဝိညာဉ်တစ်ခုလည်း ပေါ်လာသည်။ ထိုဝိညာဉ်သည် အတိတ်မေ့နေပြီး မသိစိတ်၏စေ့ဆော်မှုအရသာ လုပ်နေခြင်းဖြစ်၏။ ၎င်းကား လောကပါလနတ်မင်း၏စိတ်ဆန္ဒပင်။
ထိုကမ္ဘာ၏ မရေမတွက်နိုင်သော သက်ရှိများအကြား အမျိုးသမီးတစ်ယောက်သည် ဘဝပြန်ဝင်စားခြင်းသံသရာထဲ၌ ပေါ်လာ၏။ သူမမမှာ အတိတ်ဘဝကို မမှတ်မိသည့်အပြင် မွေးဖွားလိုက်၊ သေဆုံးလိုက်ဖြင့် မရေမတွက်နိုင်သော ဘဝပေါင်းများစွာနှင့် ခေတ်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရလေသည်။
နောက်ပိုင်း ကြက်တူရွေးသည် ၎င်းအား မှော်လက်နက်ကြေးမုံအဖြစ် ပြောင်းခဲ့သော လူတစ်ယောက်နှင့် ဆုံခဲ့၏။
တစ်နေ့တွင် အမျိုးသမီးသည် သူမတည်ရှိသော လောကကြီးအတွင်းရှိ ကမ္ဘာအသေးစားလေးတစ်ကမ္ဘာမှ လူတစ်ယောက်နှင့် ဆုံတွေ့သည်။ ထိုကမ္ဘာအသေးလေးအား ပါရာဂွန်အင်မော်တယ်လောကဟု ခေါ်လေသည်။
သူမ ဆုံတွေ့ခဲ့သောလူမှာ မိုးကြိုးဧကရာဇ်ဟု ထင်ရှားကျော်ကြားလာခဲ့သည့် ထိုကမ္ဘာသားတစ်ယောက်ဖြစ်သည်။
မိုးကြိုးဧကရာဇ်သည် ထိုအမျိုးသမီးဖြင့် ချစ်ကျွမ်းဝင်ကာ သူမက သူ့ဘဝ၏အသည်းညှာ ဖြစ်လာခဲ့သည်၊။ နောက်ပိုင်း ပါရာဂွန်အင်မော်တယ်လောက၏ အဆင့်နိမ့်လောကများက လောကပါလနတ်မင်း၏စနက်ကြောင့် ပုန်ကန်ကြသည်။ မိုးကြိုးဧကရာဇ်မှာ သူ့အိမ်အတွက် သူ ချစ်သောအမျိုးသမီးအတွက် တိုက်ခိုက်ရင်း တိုက်ပွဲကျသွား၏။
သူ သေသောအခါ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည့် မိုးကြိုးတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးအား တဝုန်းဝုန်းလှုပ်ခတ်နေစေခဲ့လေသည်။
မိုးကြိုးဧကရာဇ် သေဆုံးပြီးနောက် အမျိုးသမီးမှာ ယူကျုံးမရစွာ ငိုကြွေးရင်း သူ့အလောင်းဘေး၌ ထိုင်နေသည်။ ထိုအခိုက်အတန့်တွင် ချိတ်ပိတ်ခံခဲ့ရသည့် သူမ၏မှတ်ဉာဏ်များ ပြန်ပွင့်လာ၏။ သူမက မိုးကြိုးဧကရာဇ်ကို ငုံ့ကြည့်နေ၍ သူမမျက်ရည်စက်များက သူ၏ချပ်ဝတ်အပေါ် တပေါက်ပေါက်ကျနေလေသည်။ ယခုတွင် သူမမျက်လုံးများကား အေးစက်ပြီး ငေးကြောင်နေသည်။
“ငါတို့က တစ်လောကတည်းတောင် မဟုတ်ဘူး” သူမက ရေရွတ်သည်။ “ဒါဟာ ငါ့ဘဝခရီးရဲ့ ခရီးတထောက်နားရာ နေရာလေးသက်သက်ပဲ။ အခု ငါ နိုးလာပြီဆိုတော့ ထွက်သွားရတော့မယ်။ ငါ ... လွတ်လပ်သွားပြီ” ထို့နောက် သူမသည် ဤကမ္ဘာမှ ထွက်၍ အနန္တစကြဝဠာသို့ ပြန်သွားလေသည်။
သူမသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒကိုသော်လည်းကောင်း ၊ ကြက်တူရွေးကိုသော်လည်းကောင်း တွေ့လိုစိတ်မရှိပေ။
သူမ ထွက်သွားပြီးနောက် မိုးကြိုးဧကရာဇ်၏အလောင်းသည် ပါရာဂွန်အင်မော်တယ်လောက၏ ကြယ်တာရာကောင်းကင်ထဲ၌ ဆက်လက်လွင့်မျောလျက် ကျန်ခဲ့၏။ အလောင်းက တစတစ ခြောက်ကပ်လာသည်။ အလောင်းပေါ်ရှိ ချပ်ဝတ်မှာ အရည်ပျော်သွားပြီး တဖြည်းဖြည်း အလောင်းမှာ ကြည်လဲ့လာလေသည်။ ထိုအရာအားလုံးက အမျိုးသမီး နိုးလာသည့်အချိန်တွင် သူမမျက်ရည်များ၌ အတိတ်နှင့်ပစ္စုပ္ပန်ဘဝများ ပေါင်းစည်းနေသော စွမ်းအားပါရှိနေခြင်းကြောင့် ဖြစ်သည်။
ထိုမျက်ရည်များကြောင့် ချပ်ဝတ်သည် သေသွားသင့်သော မိုးကြိုးဧကရာဇ်၏ဝိညာဉ်နှင့် တစ်သားတည်းဖြစ်လာ၏။
နောက်ဆုံးတော့ အလောင်းမှာ ချပ်ဝတ်နှင့်အပြည့်အဝပေါင်းစည်းရင်း ပြိုကွဲသွားသည်။ နှစ်ပေါင်းများစွာကြာသော် ချပ်ဝတ်သည် နိုးထလာ၏။ ထိုအချိန်တွင် ၎င်းက မသေနိုင်ကြောင်း သိလိုက်လေသည်။ ချပ်ဝတ်အသွင် ဘယ်တော့မှမပြောင်းသင့်သည့်အပြင် တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ အသက်ကိုမစွန့်သင့်ကြောင့်လည်း သိလိုက်သည်။
ထိုသို့လုပ်လျှင် ၎င်း၏ထာဝရရှင်သန်နိုင်စွမ်းကို ဆုံးရှုံးရလိမ့်မည်။
ယင်းကလွဲ၍ ချပ်ဝတ်၏မှတ်ဉာဏ်များမှာ ဗလာသက်သက်သာ။ ချပ်ဝတ်သည် တောင်ပင်လယ်လောက၌ လျှောက်သွားရင်း စကားပြောရသည်ကို ကြိုက်ပြီး လူယုတ်မာများအား ဆုံးမရသည်ကို သဘောကျကြောင်း သဘောပေါက်လာ၏။ ထို့အပြင် ၎င်း မရေတွက်နိုင်သည်ကိုလည်း တွေ့လိုက်ရလေသည်....
တစ်ရက်တွင် ချပ်ဝတ်သည် ကြေးမုံတစ်ချပ်မှ ပျံထွက်လာသော ကြက်တူရွေးတစ်ယောက်နှင့် ပက်ပင်းတိုး၏။
“ဟေ့ ဟိုက ချပ်ဝတ်ပုံစံနဲ့ ရောင်ရင်း။ လာလာ သခင်ငါး မင်းကို ကြည့်ရအောင်။ ဘာလို့မင်းမှာ ဘာအမွှေးအတောင်မှ မရှိတာတုန်းကွ”
“ဖယ်စမ်း အယုတ်တမာငှက်စုတ်။ ငါ မင်းကို ပြောင်းလဲပစ်မယ်”
‘ကောင်းကင်တံခါးကို ငါပိတ်မယ်’ စာစဉ်နောက်ဆက်တွဲ ပြီးပါပြီ။