← Chapters

ယွမ်ဒန်အဆင့် ကျင့်ကြံသူကို သတ်ဖို့ရာ အတွက် ပူးပေါင်းခြင်း

Vol. 13 Ch. 177

ယွမ်ဒန်အဆင့် ကျင့်ကြံသူကို သတ်ဖို့ရာ အတွက် ပူးပေါင်းခြင်း

Vol. 13 Ch. 177

“ဒေါင် ...” နောက်တစ်ခါ အသံထွက်ပေါ် လာလေသည်။ နဂါးလက်သည်း၏ အမြန်နှုန်းက လျော့ကျ သွားသော်လည်း မိုဝူကျီက ထိုအရာသည် “ဂ” သဏ္ဌာန် လှည့်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အရှိန်ပြန်မြင့် လာလေသည်။

ထိုသည်က ဝိညာဉ် ပစ္စည်းလား ... သူ့မီးဖိုကား ထိုပစ္စည်းဟု ယူဆ၍ ရရုံလေးသာ ဖြစ်၍ မိုဝူကျီက အစစ်အမှန် ဝိညာဉ်ပစ္စည်းကို မသုံးဖူးပေ။ သို့သော်လည်း ဝိညာဉ်ပစ္စည်းကို မသုံးဖူးခြင်းက မသိသည်တော့ မဟုတ်ပေ။ ထိုဝိညာဉ် ပစ္စည်းပေါ်တွင် ကျင့်ကြံသူ၏ အမှတ်အသား ရှိလိမ့်မည် ဖြစ်ကြောင်း ပြောနိုင်သည်။

ရှောက်ကွမ်ကျင်းက ဝိညာဉ်ပစ္စည်း အထဲတွင် အမှတ်အသား ပြုလုပ် ထားသော်လည်း သူက စိတ်စွမ်းအား အပြည့်အဝ မဖွံ့ဖြိုးသေးသည့် ယွမ်ဒန် အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်၏။ အနည်းဆုံးတော့ သူ့စိတ် စွမ်းအားသည် မိုဝူကျီလောက် အားမကောင်းနိုင်ပေ။

သူက ထိုအချက်ကို နားလည်သောကြောင့် မိုဝူကျီ စိတ်စွမ်းအားက နဂါးလက်သည်း အထဲ ရုတ်တရက် ဝင်ရောက်သွားပြီး အထဲမှ အမှတ်အသားကို ဖျက်ဆီးပစ် လိုက်သည်။ သူ့တွင် စိတ်စွမ်းအား ကျင့်စဉ်များ မရှိပေ။ သူက ဝိညာဉ်အားဖြည့် ဆေးလုံးကြောင့် စိတ်စွမ်းအား မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ရှောက်ကွမ်ကျင်းနှင့် ရင်ဆိုင်ရပါက သူ့စိတ်စွမ်းအားက အားကောင်းလျှင်ပင် ယွမ်ဒန် အဆင့် ကျင့်ကြံသူ၏ အမှတ်အသားကို ပိုင်ရှင်ရှိနေစဉ် ဖျက်ပစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ရှောက်ကွမ်ကျင်းက မိုဝူကျီကို အထင်သေးမိသည်။ တခြား တစ်ယောက်နှင့် ရင်ဆိုင်နေစဉ် အတွင်း သူက ဆယ်မီတာ အကွာမှ မိုဝူကျီကို သတ်ရန် ကြိုးစား နေသေးသည်။

မကြာခင်တွင် မိုဝူကျီ၏ စိတ်စွမ်းအားက နဂါးလက်သည်းကို ထိုးဖောက် လိုက်သည့်အခါ ချက်ချင်းဆိုသလို ရှောက်ကွမ်ကျင်း၏ အမှတ်အသားကို တွေ့လိုက်ရသည်။ သူက ရိုးရိုးလေးချီ၏ အမှတ်အသားကို ဖျက်ဆီး ဖူးသော်လည်း ထိုအရာက ဆေးလုံးကို ချိုးဖျက်ရာ၌ ဖြစ်သည်။ အကြောင်းမှာ ရိုးရိုးလေးချီသည် အားကောင်းလွန်း၍ သူ့စိတ်စွမ်းအားဖြင့် သူ့အမှတ်အသားကို တိုက်ရိုက် မဖျက်ဆီးရဲပေ။

သို့သော် ရှောက်ကွမ်ကျင်း၏ အမှတ်အသား အတွက် မိုဝူကျီသည် သူ့အကြောင်း ချုပ်ထိန်း ထားဖို့ရန် မလိုအပ်တော့ပေ။ အားကောင်းလှသည့် စိတ်စွမ်းအားက ထိုအပေါ်သို့ ကျရောက်သွားပြီး သုံးကြိမ်မြောက်တွင် အကြီးကြီး ပွင့်ထွက်လာလေသည်။ ထို့နောက်တွင် သူက နောက်ကွယ်မှ လှည့်ကွက်ကို တွေ့ရှိသွား၍ သူ တတ်နိုင်သမျှ မြန်မြန် အမှတ်အသားကို ဖယ်ရှား လိုက်တော့သည်။

လေဟုန်ခွင်း၍ ဖျက်ဆီးနေသော နဂါးလက်သည်းက မလှုပ်ရှား နိုင်တော့ပေ။ မိုဝူကျီက အမှတ်အသားကို ဖျက်ဆီး ပြီးသည်နှင့် လမ်းတွင် ရပ်တန့်ကာ ပြုတ်ကျ လာလေသည်။ ထိုပစ္စည်းက သူ့အသက်ကို ယူတော့မည့်ဆဲဆဲ ဖြစ်သည့်အတွက် နဂါးလက်သည်းက မြေပေါ် ကျသွားသည်နှင့် သူက ထျန်းဂျီတုတ်ကို ဝှေ့ယမ်း လိုက်တော့သည်။

ရှောက်ကွမ်ကျင်းသည် မိုဝူကျီကို ရှာတွေ့သွားပြီး ရန်ထျန်းရှင်းလည်း အနီးတွင် တစ်ယောက်ယောက် ရှိနေသည်ကို ခံစားမိ လိုက်သည်။ ရန်ထျန်းရှင်းက မိုဝူကျီအား မည်မျှ ကောင်းသည်ကို မခံစား နိုင်သော်လည်း ရှောက်ကွမ်ကျင်းက ခံစားမိကာ မိုဝူကျီကို သတ်ချင်သောကြောင့် မိုဝူကျီ အင်အားသည် ထိုမျှ ကြီးကျယ်မည် မဟုတ်ကြောင်း ခန့်မှန်းမိသည်။

သူက ရှောက်ကွမ်ကျင်းသည် မိုဝူကျီကို တိုက်ခိုက်သည့် အချိန်ကို ရွေး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူက ရှောက်ကွမ်ကျင်းဆီမှ လွတ်မြောက် လာသည့်အတွက် သူက နဂါးလက်သည်း၏ စွမ်းအားကို ကောင်းကောင်း သိ၏။ ရန်ထျန်းရှင်းက ရှောက်ကွမ်ကျင်း နဂါးလက်သည်းကို ပြန်ယူမည့် အခြေအနေ အတွက် ပြင်ဆင်မှုများပါ ပြုလုပ် ထားသေးသည်။ သို့သော် သူတို့ နှစ်ယောက်လုံး အံ့ဩတကြီး ဖြစ်စေသည်က ရှောက်ကွမ်ကျင်း နဂါးလက်သည်းက ပြန်ရောက် မလာတော့ပေ။

နဂါးလက်သည်းက ပြန်မရောက် လာရုံသာမက ရန်းထျန်းရှင်း ဓားသွားက ရှောက်ကွမ်ကျင်းဆီ ရောက်မလာခင် ရှောက်ကွမ်ကျင်းသည် သွေးပွက်ပွက် အန်ပြီး လှုပ်ရှားမှုများ ရပ်တန့် သွားတော့သည်။

ကောင်းကင်ဖွေရှာ နန်းတော်၏ ဂုဏ်ဆောင် ဖြစ်သည်နှင့် အညီ ရန်ထျန်းရှင်း၏ ထိုးထွင်း သိဉာဏ်နှင့် တိုက်ပွဲအတွင်း အတွေ့အကြုံများမှာ တစ်ကိုယ်‌တော် ကျင့်ကြံသူများ လိုက်မီနိုင်သည့် အရာ မဟုတ်ပေ။ ရှောက်ကွမ်ကျင်း သွေးအန်သည့် အခိုက်အတန့်တွင် သူက ရှောက်ကွမ်ကျင်း အမှတ်အသား ကျိုးပျက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသည်က သူ့အတွက် အခွင့်အရေးကောင်း ဖြစ်သည်။ သူတို့၏ အမှတ်အသား ထားထားသည့် ဝိညာဉ် ပစ္စည်းပေါ်မှ အမှတ်အသားကို ဖယ်ရှားခံ လိုက်ရသည့် အချိန်တွင် ထိုလူက အားအနည်းဆုံး အခြေအနေသို့ တစ်ခေတ္တ ကျရောက် သွားလိမ့်မည်။

မူလက ရန်ထျန်းရှင်းသည် ထွက်ပြေးဖို့ရာ ကြံစည် ထားသော်လည်း အခုတော့ ထိုသို့ မဟုတ်တော့ပေ။ အားအပြည့်ဖြင့် သူက ဓားသွားကို လွှဲကာ ရှောက်ကွမ်ကျင်း ခန္ဓာဆီ ကျရောက် စေလိုက်သည်။

ရှောက်ကွမ်ကျင်း ခန္ဓာမှ ဓားရာ ခုနစ်ရာ၊ ရှစ်ရာ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက် လာလေသည်။ သူက ကြောက်ရွံ့ လာသောကြောင့် နောက်သို့ ဆုတ်လိုက်တော့သည်။ ယခု သူကား ထိုပမွှား နှစ်ကောင်ကို သတ်ဖို့ရာ မဖြစ်နိုင်တော့ပေ။ သူ့အသက် လွတ်အောင် ပြေးရမည့် အချိန် ဖြစ်သည်။

“သေစမ်း ...” ရှောက်ကွမ်ကျင်းက လေထဲတွင် ရှိနေစဉ် တုတ်တစ်ချောင်းက သူ့ဆီ ရောက်ရှိလာသည်။ ရန်ထျန်းရှင်း တိုက်ခိုက်မှုက ရှောက်ကွမ်ကျင်း အပေါ် ကျရောက်သည့် အခိုက်အတန့် မိုဝူကျီလည်း ထလာကာ လေထဲတွင် ထျန်းဂျီတုတ်ဖြင့် ကာထားလိုက်သည်။

မင်းက အားမကောင်းတဲ့ အခါမှာ အခွင့်အရေးကောင်း အားလုံးကို ပြုလုပ်သင့်၏ ... အကယ်၍ မင်းက အားနည်းနေလျှင် အသက်ရှင်ဖို့ရာ ခက်ခဲပေလိမ့်မည်။ ထိုသည်က ဤပျောက်ဆုံး နယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ခံစားမိခြင်း ဖြစ်သည်။

သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၀က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို ရင်ဆိုင်ခဲ့သည့် အကြောင်းမှာ သူက သူတို့ထက် အားကောင်း၍ မဟုတ်ဘဲ သူ့အသက်ကို စတေး၍ တိုက်ခိုက် ရဲသောကြောင့် ဖြစ်သည်။ သူ့လမ်းပေါ်ရှိသော အခွင့်အရေးများ အားလုံးကို ဖမ်းဆုပ်ရမည်။

တုတ်ဖြင့် ချောင်းမြောင်း တိုက်ခိုက်ခြင်းသည် သူ့ရှေ့ရှိ အခွင့်အရေးကောင်းကို အမိအရ ဖမ်းဆုပ် လိုက်ခြင်းသာ ဖြစ်သည်။

ရှောက်ကွမ်ကျင်းက ပြင်းထန်စွာ ဒဏ်ရာ ရနေချိန်တွင် သူက ထိုတုတ်မှ လူသတ်ငွေ့ကို ခံစားမိကာ အလွန်အမင်း အံ့အားသင့် သွားတော့သည်။ အကယ်၍ အရာအားလုံးကို ပြင်ပြန်၍ ရမည်ဆိုလျှင် သူက သေချာပေါက် မိုဝူကျီကို ရန်သွားစမည် မဟုတ်ပေ။ အကယ်၍ သူလုပ်လျှင်လည်း ရန်ထျန်းရှင်းကို သတ်ပြီးသည့် အထိ စောင့်လိမ့်မည်။

မိုဝူကျီ တိုက်ခိုက်ချိန်က အပြစ်အနာဆာ မရှိ ကြော့မော့ကာ ရှောက်ကွမ်ကျင်းလည်း ဒဏ်ရာ အကြီးအကျယ် ရထားသေး၏။ သို့သော်လည်း သူတို့ နှစ်ဦးကြားရှိ ကျင့်ကြံဆင့်မှာ ကွာခြားလှ၏။ ထျန်းဂျီတုတ်က ရှောက်ကွမ်ကျင်း တင်ပဆုံကို ရိုက်ခါနီးတွင် မမျှော်လင့်ထားဘဲ လေထဲ နောက်တစ်ကြိမ် လွင့်ပါ သွားပြန်သည်။

“ဂျွတ် ...” ထျန်းဂျီတုတ်ကား ရှောက်ကွမ်ကျင်း ခြေချင်းဝတ်ဆီ ရောက်သွားကာ ချက်ချင်းပင် ကြေမွသွားလေသည်။

စိတ်ထဲတွင် မိုဝူကျီက ထိုမျှ ဒဏ်ရာ ရပြီးသည့်အထိ ရှောက်ကွမ်ကျင်းသည် သူ့စွမ်းအားများ သုံးနိုင်သေးကြောင်း သိလိုက်ရ၍ အံ့အားသင့် မိသွားသည်။ အကယ်၍ သူသာ ထိုတိုက်ပွဲကို ဝင်မကူလျှင် ရန်ထျန်းရှင်းသည် ရှောက်ကွမ်ကျင်းကို နိုင်နိုင်မည် မဟုတ်ပေ။

တစ်ချိန်တည်းတွင် ရှောက်ကွမ်ကျင်း ရင်ဘတ်ကို ဓားသွား နှစ်လက်က ထိုးဖောက် သွားတော့သည်။ ထို့နောက် သူ့ဓားကျိုးကို ကိုင်ဆောင် ထားသည့် ရန်ထျန်းရှင်းက ရှောက်ကွမ်ကျင်း ဘေးသို့ ရောက်လာလေ၏။

“မင်းက ဘယ်သူလဲ ... ငါ့အမှတ်အသား ကိုတောင် ဖျက်ဆီးပစ် နိုင်တယ် ... ” ရှောက်ကွမ်ကျင်းသည် အသက်ရှင်ဖို့ရာ ခက်ခဲမှန်း သိသော်လည်း မိုဝူကျီကို စိုက်ကြည့်၍ မေးလိုက်သည်။

ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သာ တိုက်ပွဲအတွင်း တခြားသူ အမှတ်အသားကို မြန်မြန်ဆန်ဆန် ဖျက်ဆီးနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း မိုဝူကျီသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သို့ မရောက်ရှိသေးပဲ မည်သို့ အသုံးပြုနိုင် သနည်း။

မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး တုတ်ကို မြေကြီးထဲ စိုက်ထားကာ မိုဝူကျီက ပြန်ဖြေလိုက်သည်။

“ကျုပ်က ဘယ်သူဆိုတာ အရေးမကြီးပါဘူး ... အရေးကြီးတာက ခင်ဗျား ကျုပ် ဒေါသ လာမစွသင့်တာပဲ ... ”

အကယ်၍ ရှောက်ကွမ်ကျင်းက သူ့အား ရန်လာမစပါက သူ့က ရှောက်ကွမ်ကျင်း အပေါ်တွင် အကောင်း မမြင်သော်လည်း မိုဝူကျီသည် ဝင်ပါမည် မဟုတ်ပေ။ ပထမဆုံး သူလုပ်မည့် အရာကား ဤနေရာမှ ထွက်သွားပြီး အကူအညီ သို့မဟုတ် တစ်ယောက်ယောက်ကို သွားရှာတာ ဖြစ်လိမ့်မည်။ သို့သော် ရှောက်ကွမ်ကျင်းက သူ့အား ဦးစွာ တိုက်ခိုက်ခဲ့သည့် အတွက် သူ့အနေနှင့် ရှောက်ကွမ်ကျင်းကို မည်သို့ လွှတ်ပေး နိုင်မည်နည်း။

“ဟုတ်တယ် ... အမှန်ပဲ ငါ မင်းကို ရန်မစသင့်ဘူး ...” ရှောက်ကွမ်ကျင်း စကားဆုံးသည်နှင့် သူက သွေးများ အန်ထုတ် လိုက်တော့သည်။

ရန်ထျန်းရှင်း လက်ထဲမှ ဓားက နောက်တစ်ကြိမ် ရောက်ရှိသွားသည်။ ဤတစ်ကြိမ်တွင် ရှောက်ကွမ်ကျင်း နဖူးမှ ဖြတ်ချ လိုက်တော့သည်။

“ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်ရဲ့ တိုက်ရိုက် တပည့်ပါ ... ကူညီတာ အတွက် ကျေးဇူး တင်ပါတယ် ... ” ရန်ထျန်းရှင်းက ရှောက်ကွမ်ကျင်းကို သတ်ပြီး ဓားကို သိမ်းပြီးသည့် နောက်တွင် သူက မိုဝူကျီကို ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။

ရှောက်ကွမ်ကျင်း၏ သိုလှောင်အိတ် ကိုတော့ လုံးဝ မထိပေ။

မိုဝူကျီသည် ရန်ထျန်းရှင်းက သူနှင့် ထိပ်တိုက်တွေ့ရန် ရည်ရွယ်ချက် မရှိကြောင်း တွေ့သည့်အခါ သူက ထျန်းဂျီတုတ်ကို သိမ်းထားလိုက်သည်။ ထို့အပြင် ရန်ထျန်းရှင်းသည် ကောင်းကင်ဖွေရှာ နန်းတော်၏ တပည့်လည်း ဖြစ်နေသေး၏။ ကျောက်စိမ်း ကွန်ရက်ဂိုဏ်းက သူသည် ရှောက်ကွမ်ကျင်းကို သတ်လိုက်မှန်း သိသွားလျှင်ပင် ဘာလုပ် နိုင်မည်နည်း။ ကျောက်စိမ်း ကွန်ရက်က မည်မျှပင် အံ့အားသင့်ဖွယ် ဖြစ်နေစေကာမူ သူတို့သည် ကောင်းကင်ဖွေရှာ နန်းတော်၏ သတ်မှတ်ချက် အတွင်း မရှိကြပေ။ ထို့ကြောင့် ရန်ထျန်းရှင်းက သေဆုံးဖို့ရာ မလိုအပ်ပေ။

“ကျွန်တော်က ကောင်းကင် အပြင်စည်း တပည့် မိုဝူကျီပါဗျ ... စီနီယာ အစ်ကိုရန်နဲ့ တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ် ... ” မိုဝူကျီသည် လေးလေးစားစား ပြန်နှုတ်ဆက် လိုက်သည်။

အခုမှ သူသည် ရန်ထျန်းရှင်းကို သေချာ အကဲဖြတ် နိုင်တော့သည်။ ရန်ထျန်းရှင်းတွင် ကြေးညိုရောင် အသားရေ ရှိကာ အနည်းငယ် မှေးသော မျက်လုံးများဖြင့် ထင်ရှားသည့် မျက်နှာသွင်ပြင် ရှိသည်။

မိုဝူကျီ အဖြေကို ကြားသောအခါ ရန်ထျန်းရှင်းက ပျော်ရွှင်သွားပြီး …

“ဂျူနီယာ ညီလေးမို ... မင်းလည်း ကောင်းကင်ဖွေရှာ နန်းတော်ကလား ... ”

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး ရှက်ရွံ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ် ... ကျွန်တော်က စီနီယာ အစ်ကိုက ကောင်းကင်ဖွေရှာ နန်းတော်ကလို့ ကြားတာနဲ့ လက်တစ်ဖက်ကမ်း ကူညီလိုက်တာပါ ... ”

“ကောင်းတယ် ကောင်းတယ် ...” ရန်ထျန်းရှင်းက ထိုစကားများကို ထပ်ကာထပ်ကာ ပြောနေပြီးနောက် ရှောက်ကွမ်ကျင်း၏ သိုလှောင်အိတ်ကို ညွှန်ပြလိုက်ကာ …

“ဂျူနီယာ ညီလေးမို ... အခု အဲဒီ သိုလှောင်အိတ်ထဲက ပစ္စည်းတွေ အကုန်လုံးက မင်းအပိုင်ပဲ ... ”

မိုဝူကျီက ပေးကမ်းမှုကို ငြင်းပယ်လိုက်ကာ …

“စီနီယာ အစ်ကိုက အားအများကြီး စိုက်ထုတ် ခဲ့ရတာလေ ... ကျွန်တော်က နည်းနည်းလေးပဲ ကူညီခဲ့ရတာပါ အဲဒါကြောင့် ဒီပစ္စည်းတွေကို ယူရဲပါ့ မလားဗျာ ... ”

ထိုအရာကို ရန်ထျန်းရှင်းက ရိုးရှင်းစွာ ရယ်မောလိုက်ပြီး …

“ငါက ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်ရဲ့ တိုက်ရိုက်ဆိုတော့ ကျင့်ကြံခြင်း အတွက် အထောက်အပံ့တွေ အများကြီး ရတယ်။ ပြီးတော့ ဒီနေရာ လာတဲ့ အကြောင်းက အရည်အချင်း စမ်းကြည့်ချင်လို့ပဲ။ ငါ့အတွက် ဒီသိုလှောင်အိတ်က ဘာမှ မဟုတ်ပါဘူး။ ဂျူနီယာ ညီလေးမို အားနာဖို့ မလိုဘူး ... မင်း အားလုံးကို မယူရက်ရင် ငါ နဂါးလက်သည်းကို သိမ်းထား လိုက်မယ် ... ”

မိုဝူကျီက ရန်ထျန်းရှင်းသည် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောတာ မဟုတ်ဘဲ စိတ်ထဲမှ ကျေးဇူးတင်၍ ပြောခြင်း ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် ကျေးဇူးတင်စွာ ပြန်ဖြေလိုက်သည်။

“အဲဒီလို ဆိုမှတော့ ကျွန်တော် သိမ်းထား လိုက်ပါ့မယ် ... ”

“ကိစ္စမရှိပါဘူး ... သိုလှောင်အိတ်ကို သိမ်းထားလိုက်လေ ... ပြီးတော့ ငါ့ ဒဏ်ရာတွေ အတွက် မင်းရဲ့ဂူမှာ တံခါးပိတ် ကျင့်ကြံချင်တယ် ... ” စကား ပြောပြီးသည်နှင့် ရန်ထျန်းရှင်းက မိုဝူကျီရှေ့မှ ဂူထဲ ဝင်သွား လိုက်တော့သည်။

ရန်ထျန်းရှင်း ခန္ဓာကိုယ်ကား တုန်ယင် နေသောကြောင့် သူသည် အပြင်းအထန် ဒဏ်ရာ ရထားကြောင်း မိုဝူကျီ ပြောနိုင်သည်။

ထို့နောက်တွင် မိုဝူကျီက ရှောက်ကွမ်ကျင်း အလောင်းဘေးသို့ သွားလိုက်ပြီး သိုလှောင်အိတ်ကို ယူလိုက်လေသည်။

ရှောက်ကွမ်ကျင်းသည် ယွမ်ဒန်အဆင့်သာ ရှိသေး၍ စိတ်စွမ်းအား မဖြစ်ပေါ်သေးပေ။ ထို့ကြောင့် မိုဝူကျီက ရှောက်ကွမ်ကျင်း ချန်ထားခဲသည့် အမှတ်အသားများကို အလွယ်တကူ ဖယ်ရှားပစ် နိုင်သည်။ ထို့နောက်တွင် သူ့အမှတ်အသား ချထား လိုက်တော့သည်။

ရှောက်ကွမ်ကျင်း၏ သိုလှောင်အိတ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ အတော်လေး အံ့အားသင့် သွားမိသည်။ ထိုထဲတွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး သောင်းဂဏန်း ပါဝင်သော်လည်း ထိုအရာက အရေးကြီးဆုံး မဟုတ်သေးပေ။ အကြီးမားဆုံး အပိုင်းကား အရွယ်အစားသည် သူ့နဂို သိုလှောင်အိတ်ထက် များစွာ ကြီးနေခြင်း ဖြစ်သည်။ သူ့သိုလှောင်အိတ်တွင် မဆံ့သော ဧရာမ အရာကြီးကား ထိုအိတ်တွင် ဆံ့လောက်သည်။

ထိုအရာမှ လွဲ၍ သိုလှောင်အိတ်တွင် ဓားရှည် တစ်ချောင်းလည်း ရှိ၏။ သူ့စိတ်စွမ်းအား ကျရောက် သွားသောအခါ ထိုပစ္စည်းသည် ဝိညာဉ်ပစ္စည်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဆေးလုံးနှင့် ဆေးပင်များ အတွက် ဒုတိယမြောက် အရေးကြီး လေသည်။ မိုဝူကျီ ကိုယ်တိုင်ကပင် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်သည့် အတွက် ဆေးလုံးများကို သိပ်တော့ ဂရုမစိုက်ပေ။

လက်တစ်ချက် အဝှေ့ဖြင့် မြစ်ကမ်းဘေးတွင် ကြီးမားသော ချိုင့်ကြီး ပေါ်လာလေသည်။ ထို့နောက် ရှောက်ကွမ်ကျင်းကို သင်္ဂြိုဟ် ပေးလိုက်သည်။ ရှောက်ကွမ်ကျင်းက သူ့ကို ထိုသို့ ပစ္စည်း ပေးခဲ့သည့်အတွက် မိုဝူကျီသည် ကောင်းကောင်း သင်္ဂြိုဟ်ပေး လိုက်သည်။

ရန်ထျန်းရှင်းသည် အားဖြည့်နေစဉ် မိုဝူကျီက ထိုနေရာမှ ထွက်သွားတော့သည်။ အကြောင်းမှာ နတ်ဘုရား ရွှေနေကြာကို တူးဖော်၍ သူ့သိုလှောင်အိတ် အသစ်အတွင်း ထည့်ထားရန် ဖြစ်သည်။

ထို့အပြင် မိုဝူကျီ ပြန်ရောက်သည့်အခါ ရန်ထျန်းရှင်းက ထွက်လာလေသည်။ သူ့လက်ထဲတွင် ဓားကျိုးမှ လွဲ၍ အခြားသော တိုက်ပွဲ လက္ခဏာများ မတွေ့ပေ။

“ဂျူနီယာ ညီလေးမို ... ဒါပြီးရင် ဘာလုပ်ဖို့ ရှိလဲ ...” မိုဝူကျီ ရောက်လာသည်ကို မြင်၍ ရန်ထျန်းရှင်းက မေးလိုက်သည်။ သူသည် မိုဝူကျီက အပြင်စည်းတပည့် ဖြစ်နေခြင်း အပေါ် အတော်လေး အံ့အားသင့်မိနေဆဲ ဖြစ်သည်။

***

All Chapters