← Chapters

နယ်ခြား သင်္ဘောပျံ

Vol. 13 Ch. 179

နယ်ခြား သင်္ဘောပျံ

Vol. 13 Ch. 179

တစ်လအကြာတွင် မိုဝူကျီနှင့် ရန်ထျန်းရှင်းတို့က ကောင်းကင်ဖွေရှာ နန်းတော်သို့ ပြန်ရောက် လာကြသည်။ ထိုလအတွင်း မိုဝူကျီက မကျင့်ကြံ ခဲ့သော်လည်း ကျင့်ကြံရာထက် ပိုသည့် အရာများ ရရှိခဲ့သည်။

သူ့၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲခြင်းများ၊ မေးခွန်းများကို ရန်ထျန်းရှင်းက ဖြေကြား ပေးလေသည်။

မိုဝူကျီနှင့် ရန်ထျန်းရှင်းတို့ ကောင်းကင်ဖွေရှာ နန်းတော်ထဲ ဝင်လိုက်ချင်း သူတို့က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ လိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော်တွင် စိုးရိမ် ပူပန်မှုများနှင့် ပြည့်နေသော အငွေ့အသက် ခြုံလွှမ်း နေလေသည်။ သူတို့ ဖြတ်လျှောက်လာသည့် ကျင့်ကြံသူတိုင်း၏ မျက်နှာတွင် လေးလံသော အမူအရာများ ချိတ်ဆွဲ ထားကြသည်။

“စီနီယာ အစ်ကို ကောင်းကင်ဖွေရှာ နန်းတော်မှာ ဘာဖြစ်နေတာလဲ ...” မိုဝူကျီက ဘေးမှ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်လာသည့် ကျင့်ကြံသူ တစ်ယောက်ကို ဆွဲ၍ မေးလိုက်သည်။

ဤကျင့်ကြံသူက တစ်ခုခုကို စဉ်းစားနေဟန် ပေါ်ပြီး မိုဝူကျီက ရုတ်တရက် ဆွဲလိုက်သောကြောင့် ဒေါသ ထွက်သွားလေသည်။သူက ခေါင်းကို မော့ကြည့် လိုက်သောအခါ ရန်ထျန်းရှင်းကို မြင်လိုက်ရ၍ ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။

“လက်နက် တောင်ထိပ် အတွင်းစည်း တပည့် ကျိန့်ယို့ခိုင်က စီနီယာ အစ်ကိုရန်ကို နှုတ်ဆက်ပါတယ် … ”

သူ့၏ ဒေါသ ထွက်နေသည့် အမူအရာသည် ချက်ချင်းပင် လေးစားသမှုသို့ ပြောင်းသွား၍ ကောင်းကင်ဖွေရှာ နန်းတော်ရှိ ရန်ထျန်းရှင်း၏ အဆင့်အတန်းကို သိသာစေသည်။

ရန်ထျန်းရှင်းက မေးလိုက်သည်။

“ကောင်းကင်ဖွေရှာ နန်းတော်မှာ ဘာဖြစ်နေတာလဲ … ဘာလို့ အငွေ့အသက်က ဖိစီးနေတာလဲ … ”

ကျင့်ကြံသူက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်က နယ်ခြားသင်္ဘောပျံ တစ်စင်း မင်ဟန် အင်ပါယာ မြို့တော်ကို ရောက်လာတယ် … ”

“နယ်ခြား သင်္ဘောပျံလား …” ရန်ထျန်းရှင်းနှင့် မိုဝူကျီ အတူတူ ရေရွတ်မိ လိုက်သည်။ ဤသည်က သူတို့အတွက် ပထမအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ကျိန့်ယို့ခိုင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

“ဟုတ်ပါတယ် နယ်ခြား သင်္ဘောပျံပါ ... အဲဒါက အပြင်လောက ကနေ ရောက်လာတာပါ။ ကျွန်တော်တို့ ပျောက်ဆုံးနယ်မြေထဲက မဟုတ်သလို ကြီးမြတ်ကမ္ဘာ ထဲကလည်း မဟုတ်ပါဘူး ... ဘယ်လို ပြောရမလဲ … အဲဒါက ”

ကျိန့်ယို့ခိုင်က နားလည်နိုင်မည့် ရှင်းပြချက်ကို ရှာဖွေ နေသော်လည်း သူ့စကား အသုံးအနှုန်းကား ကန့်သတ်ချက် ရှိသည်။ သူက တော်တော်လေး ကြာသည့်အထိ စဉ်းစားနေသော်လည်း သင့်တော်သည့် စကားစုကို ရှာမတွေ့ပေ။

“ငါနားလည်ပြီ ဆက်ပြော …” ရန်ထျန်းရှင်း အမူအရာက လေးနက် လာလေ၏။ အရင်လက သူသည် မိုဝူကျီနှင့် ဆွေးနွေးနေပြီး မိုဝူကျီက သူတို့ ပျောက်ဆုံးနယ်မြေ အပြင် အခြားသော နယ်မြေများ ရှိသေးကြောင်း ခန့်မှန်းခဲ့ဖူးသည်။ စကြဝဠာ တစ်ခုလုံးတွင် ပျောက်ဆုံးနယ်မြေ ကဲ့သို့ နယ်မြေများစွာ ရှိနိုင်လေ၏။

ကျိန့်ယို့ခိုင် ရှင်းပြချက် အရ မိုဝူကျီ စကားများသည် အမှန်တကယ် လက်တွေ့ ဖြစ်လာကြောင်း ခံစားမိ လိုက်သည်။ ထိုသင်္ဘာပျံတွင် အခြား နယ်မြေမှ ကျင့်ကြံသူများ ပါရှိလိမ့်မည်။ မိုဝူကျီနှင့် သူက သူ့၏ မှော်ရတနာပျံ အသေးစားလေးဖြင့် ခရီးနှင်ခဲ့ရသည့် အတွက် ထိုသတင်း အကြောင်း မကြားသိခဲ့ရပေ။

မိုဝူကျီလည်း စိတ်ထဲတွင် တုန်လှုပ် နေလေသည်။ လက်တွေ့တွင် မိုဝူကျီက အခြားသော နယ်မြေများ ရှိကြောင်းကိစ္စက ထူးဆန်းသည်ဟု မထင်ပေ။ သူသည်လည်း ပျောက်ဆုံးနယ်မြေ အပြင်ရှိ ကမ္ဘာမြေမှ ရောက်လာခြင်း ဖြစ်၏။ ထိုကမ္ဘာသည် ကျင့်ကြံသူများ မရှိဘဲ နည်းပညာများသာ အုပ်စိုးသော ကမ္ဘာတစ်ခု ဖြစ်သည်။ သို့သော်လည်း သူက ထိုသို့ အခြား ဂြိုဟ်နယ်မြေများ ရှိကြောင်း ဆွေးနွေး ပြီးခါစတွင် သူ့မျက်စိရှေ့တွင် လက်တွေ့ ဖြစ်လာမည်ဟု မျှော်လင့် မထားခဲ့ပေ။

ပုံမှန်အားဖြင့် သူသည် ကျိန့်ယို့ခိုင် ပြောသည့် ကြီးမြတ်ကမ္ဘာ အကြောင်း သိသည်။ ထိုအရာသည် ပျောက်ဆုံးနယ်မြ၏ တခြား တစ်ဝက် ဖြစ်၏။ သို့သော်လည်း ထိုနေရာသို့ သွားဖို့ရာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်ကျော် သွားရမည်။

မိုဝူကျီက ထိုကိစ္စအကြောင်း အမှန်ပင် စိတ်မပူပေ။ သူစိတ်ဝင် စားသည်က နယ်ခြား သင်္ဘောပျံကို ဖြစ်၏။ အကယ်၍ သင်္ဘောပျံက အာကာသ တစ်ခွင်ကို ဖြတ်၍ သွားလို့ရသည် ဆိုလျှင် သူသည် ကမ္ဘာမြေသို့ ပြန်သွား နိုင်မည်လား …

သူက ထိုအရာကို တွေးမိသောကြောင့် ခေါင်းခါ လိုက်တော့သည်။ သူက ကိစ္စများကို အတွေးလွန် နေခြင်းသာ ဖြစ်ရမည်။ သူ့ကျင့်ကြံဆင့် အနိမ့်လေးဖြင့် ထိုနယ်ခြား သင်္ဘောပျံ သူ့ဆီ ရောက်လာလျှင်ပင် ကမ္ဘာမြေထိ ပျံသန်း သွားနိုင်မည် မဟုတ်ပေ။

“ဟုတ်တယ် ...” ကျိန့်ယို့ခိုင်က ပြန်ဖြေပြီးတော့ ဆက်ပြောလိုက်သည်။

“ပျောက်ဆုံးနယ်မြေကို ရှာတွေ့ပြီးတော့ အဲဒီ သင်္ဘောပျံက တော်တော်လေး စိတ်လှုပ်ရှား နေပုံပဲ။ သူတို့ ဆင်းသက်ပြီးတဲ့ နောက်မှာ မင်ဟန်အင်ပါယာ မြို့တော်ကို ချက်ချင်း ရှာတွေ့ခဲ့တယ်။ အဲဒီနောက် သူတို့က မင်ဟန် အင်ပါယာရဲ့ ပိုင်နက် တစ်လျှောက်ကို ထပ်ပြီး ဖြန့်ကြက် လာကြတယ် … ”

ရန်ထျန်းရှင်းက နားမလည်စွာ ပြန်ပြောလိုက်သည်။

“ဘယ်လိုများ ဒီလို ဖြစ်လာတာလဲ ... မင်ဟန် အင်ပါယာရဲ့ အကာအကွယ်ဂိုဏ်းက ဝင်မပါဘူးလား ... ”

ကျိန့်ယို့ခိုင်က ခါးသီးစွာ ပြန်ဖြေလိုက်သည်။

“ဝင်မပါဘဲ နေပါ့မလားဗျာ။ ဂိုဏ်းက လူတွေ လွှတ်ပေးပေမဲ့ သူတို့က နယ်ခြား သင်္ဘောပျံကိုတောင် မဖျက်ဆီးနိုင်ရုံတင် မကဘူး ပြန်အတိုက်အခိုက် ခံရသေးတယ်။ ပြီးတော့ မင်ဟန် အင်ပါယာရဲ့ အကာအကွယ်ဂိုဏ်း၊ မြင့်မားယွမ်ဂိုဏ်းနဲ့ မင်ဟန် အင်ပါယာရဲ့ ကောင်းကင် တစ်ပိုင်းအဆင့် ဂိုဏ်းဖြစ်တဲ့ ကောင်းကင်မြို့တော်၊ မြူဝေဓားဂိတ်နဲ့ လက်နက်တစ်ရာ ဂိုဏ်းတွေက သေကျေ ကုန်ကြတယ်၊ မြေကမ္ဘာအဆင့်နဲ့ ရွမ်အဆင့် ဂိုဏ်းတွေလည်း ဖျက်ဆီး ခံလိုက်ရတယ် … ”

မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်သည်။ သူက မင်ဟန် အင်ပါယာကို မရောက်ဖူးပေမဲ့ မြင့်မားယွမ်ဂိုဏ်းနှင့် မြူဝေဓား ဂိတ်တို့ကား ဂုဏ်သတင်း ကျော်ကြားလှသည်။ သူတို့သည် ကောင်းကင် ဘုရားကျောင်းဂိုဏ်းထက် မဆိုးရွားပေ။ ထိုသို့ ဂိုဏ်းများကို နယ်ခြား ကျင့်ကြံသူများက ဖျက်ဆီး သွားသည်လား။ ရန်ထျန်းရှင်းနှင့် သူတို့အတွက် ထိုသို့ အဖြစ်အပျက် ကြီးကြီးမားမားကို အဘယ်ကြောင့် မကြားမိသနည်း။

ကျိန့်ယို့ခိုင်က ဆက်ပြောလိုက်သည်။

“အဲဒီ မစွမ်းဆောင်နိုင်တဲ့ ခွေးကောင်တွေကြောင့် သူတို့က ကျွန်တော်တို့ ကောင်းကင်ဖွေရှာ နန်းတော်ကို အကူအညီ တောင်းခံကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဂိုဏ်းချုပ် ဖေးမင်က မင်ဟန် အင်ပါယာမှာ သေဆုံး သွားခဲ့တယ် … ”

“ဘာ … မင်းပြောတာ ဂိုဏ်းချုပ်ဖေးက မင်ဟန် အင်ပါယာမှာ သေသွားပြီတဲ့လား ...” သူ့စိတ်မရှည်မှုကြောင့် ရန်ထျန်းရှင်းက ကျိန့်ယို့ခိုင်လက်ကို ဆွဲလိုက်တော့သည်။

ကျိန့်ယို့ခိုင်က နာကျင်မှုကြောင့် အော်ညည်း လိုက်သောကြောင့် ရန်ထျန်းရှင်းက လက်ကိုလျှော့ပေး လိုက်တော့သည်။ သို့သော် သူ့အမူအရာက ပို၍ လေးနက်လာပြီး …

“ဂိုဏ်းချုပ်ဖေးက စစ်မှန်ခြင်း နတ်ဘုရား အဆင့်က အဆင့်မြင့် ကျင့်ကြံသူလေ ... ဘယ်လိုလုပ် သေဆုံး သွားနိုင်မှာလဲ ... ”

ကျိန့်ယို့ခိုင်က ရန်ထျန်းရှင်း အပြုအမူများကို စိတ်ထဲမထားပေ။ သို့သော် စိတ်ဓာတ်ကျစွာဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒီ အရိုင်းအစိုင်းတွေက တော်တော်လေး အံ့ဩဖို့ ကောင်းတယ် ပြီးတော့ သူတို့ရဲ့ ပျံသန်းရေး ရတနာတွေက အင်ပါယာ ငါးခုလုံးဆီ ဆက်တိုက် ရောက်ရောက်လာတာ။ ဂိုဏ်းချုပ်ဖေးတင် မဟုတ်ဘူး ကျွန်တော်တို့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ စီနီယာ အစ်ကိုတွေ အစ်မတွေရော တိုက်ပွဲမှာ ကျရှုံးသွားကြပြီ။ ကျွန်တော်လည်း တိုက်ပွဲကို သွားဖို့ရာအတွက် အခု ဆေးလုံး သွားလဲလှယ်မလို့ … ”

ရန်ထျန်းရှင်းက ဒေါသတကြီး ပြောလိုက်သည်။

“သေတဲ့သူတွေက ငါတို့ ကောင်းကင်ဖွေရှာ နန်းတော်ကပဲလား … အခြား ဂိုဏ်းတွေရော …”

“ကျွန်တော်တို့ ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုတည်း မဟုတ်ပါဘူး တခြား ဂိုဏ်းတွေကလည်း သူတို့ ပါရမီရှင်တွေကို တိုက်ပွဲကို လွှတ်ပေးကြတယ်။ ကျွန်တော်တို့ ဂိုဏ်းချုပ်က ကောင်းကင်ဖွေရှာ နန်းတော်ကို ဦးဆောင် ပေးပြီးတော့ တိုက်ပွဲကို စေလွှတ်ပေးရတာ ...” ကျိန့်ယို့ခိုင်က ပြန်ဖြေလိုက်သည်။

ရန်ထျန်းရှင်းက ကျိန့်ယို့ခိုင်ကို မေးခွန်း ထပ်မမေးတော့ပဲ ဂိုဏ်း၏ အဓိကခန်းမဆီ အလျင်အမြန် သွားလိုက်တော့သည်။ မိုဝူကျီက တွန့်ဆုတ်စွာဖြင့် သူ့နောက်သို့ လိုက်သွားလိုက်သည်။ ထိုသို့ အဖြစ်အပျက်ကြီး ဖြစ်သွားသည့် အတွက် တစ်ယောက်မှ ချမ်းသာပေးမည် မဟုတ်ပေ။

ဂိုဏ်း၏ အဓိကခန်းမ အတွင်းတွင် တပည့်များ စုစည်းနေပြီး မိုဝူကျီက တစ်ယောက်မှ မမှတ်မိပေ။ တစ်ဖက်တွင် ရန်ထျန်းရှင်း ဝင်သွားသည်နှင့် လူအများက သူ့ဆီ လာရောက် နှုတ်ဆက်ကြသည်။

“အားလုံး တိတ်ဆိတ်ပေးပါ။ ဒီတစ်ခါ ငါတို့တွေ မိုးကြိုးမြူ တောထဲမှာ တိုက်ခိုက်ရမယ်။ အစစ်အမှန် ရေအဆင့် အကြီးအကဲ ကျုယွဲ့ရှန်းက ဦးဆောင်လိမ့်မယ် ... ”

မိုဝူကျီက မိုးကြိုးမြူတောနှင့် ရင်းနှီးလေသည်. သူက ချင်ယွီပြည်နယ်မှာ ရှိစဉ်က တစ်ခါ ရောက်ဖူးသည်။ သို့သော်လည်း သူက မိုးကြိုးမြူတောကား အင်ပါယာ အများအပြားထိ ဖြန့်ကြက် ထားကြောင်း သိ၏။ သူလေ့လာ စူးစမ်းခဲ့သည့် နေရာလေးကား အစိတ်အပိုင်း အသေးလေးသာ ဖြစ်သည်။

ထိုစဉ် မိုဝူကျီက မိုးကြိုးမြူတောနှင့် နယ်ခြား ကျင့်ကြံသူများ အကြောင်း ဂရုမစိုက်ပေ။ သို့သော် ယန်အာကိုတော့ တွေးမိလေ၏။ ရန်ထျန်းရှင်းသည် အခြားသော ကျင့်ကြံသူများနှင့် စကား ပြောနေသည်ကို မြင်၍ မိုဝူကျီက ဆေးလုံး ဘုံစေတီသို့ သွားရန် ဆုံးဖြတ် လိုက်တော့သည်။

အင်ပါယာ ငါးခုတွင် ထိုသို့ အဖြစ်အပျက်ကြီးနှင့် တာအိုဂိတ် ဂျင်ယွီသည် သူ့လို အပြင်စည်း တပည့်ကို ဂရုစိုက် နေနိုင်မည် မဟုတ်ပေ။

မိုဝူကျီက အဓိက ခန်းမက ထွက်သွားခါနီးတွင် ယန်အာက လူလတ်အရွယ် အမျိုးသမီးဖြင့် လျှောက်လှမ်း လာသည်ကို တွေ့လိုက်ရသည်။ သူတို့နောက်တွင် မိန်းမပျိုလေး တစ်ယောက်ပါသည်။ မိုဝူကျီက ထိုမိန်းမပျိုလေးကို များစွာ မြင်တွေ့ဖူး၍ မှတ်မိပေသည်။ သူမသည် ဘွားဘွား လင်းလောင်ဘေး အမြွှာနှစ်ယောက် ထဲမှ တစ်ယောက်ဖြစ်သည်။

“ဆေးလုံးဆရာ ကျင်းဝမ်ကို နှုတ်ဆက်ပါတယ် …” ထိုအမျိုးသမီး ဝင်လာသည်နှင့် အခြားသော သူများက အသီးသီး သွားနှုတ်ဆက် ကြလေသည်။ အကြီးအကဲဟု ခေါ်ဆိုသူပင် ခဏတာ ငြိမ်သက်သွားပြီး သူမအား လက်နှစ်ဖက် ယှက်လျက် အရိုအသေ ပေးလိုက်ရသည်။

မိုဝူကျီက ထိုအရာများကို မတွေးဘဲ ယန်အာကိုသာ ကြည့်လိုက်တော့သည်။ သူက ယန်အာကို မမြင်ရသည်မှာ တစ်နှစ်တာ ရှိနေပြီ ဖြစ်သည်။ သူမက ပို၍ ပိန်ပါးလာကာ ကျက်သရေ ရှိလာသည်။ လတ်လတ်ဆတ်ဆတ် ဖူးပွင့်လာသည့် ပန်းလေး တစ်ပွင့်အလား နုနယ်လန်းဆန်း နေသည်။ သူမ မျက်နှာပေါ်မှ အမာရွတ်ကား ပျောက်သွားသောကြောင့် သူမ ရုပ်ရည်မှာ ပို၍ ချောမော ပြေပြစ်လာသည်။

သို့သော်လည်း မိုဝူကျီ နှလုံးသားတွင် ရှုပ်ထွေးနေလေသည်။ ရင်းနှီး ကျွမ်းဝင်သော မျက်နှာ ဖြစ်သော်လည်း မရင်းနှီးသည့် ခံစားချက်ကို ရစေသည်။ ယခု ယန်အာအကြည့်က သူဆီ ရောက်လာသော်လည်း သူ့ကို ကျော်သွားလေသည်။

ယန်အာ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ ပြည့်ဝနေပြီး ဝိညာဉ်ကြော မရှိသည့် မိုဝူကျီပင် သူမ စွမ်းအားများကို ခံစားမိသည်။

ယန်အာက သူ့မစိတ်ဝိညာဉ်ကို အောင်အောင်မြင်မြင် တည်ဆောက်ပြီး သွားလေပြီ။ သူမကျင့်ကြံဆင့်လည်း မနိမ့်တော့ပေ။ မိုဝူကျီက သူ့စိတ်ထဲတွင် နာကျင်မှုရော၊ ပျော်ရွှင်မှုရော တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ သို့သော် သူက သူမအား သူ့ကို မမေ့သွား စေလိုပေ။

“ယန်အာ မင်းက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေပြီလား ...” ခြေတစ်လှမ်း ရှေ့တိုးကာ မိုဝူကျီက ယန်အာဘေးသို့ သွားကာ တအံ့တဩ မေးလိုက်တော့သည်။ အကယ်၍ ယန်အာက သူမ စိတ်ဝိညာဉ်ကို တည်ဆောက်ပြီးပြီ ဆိုလျှင် ယန်အာ၏ ကျင့်ကြံဆင့်လည်း အဆများစွာ တိုးတက် သွားလိမ့်မည်။ သူ့ထက်ပင် ပိုမြန်နိုင်သေး၏။ သိရမည့် အချက်မှာ သူက ချီသွေးကြော ၁၀၀ ဖွင့်ပြီးလေပြီ။

“ဘယ်သူလဲ ...” ထိုသည်က ယန်အာဆီမှ မဟုတ်ဘဲ ဘေးနားမှ လူလတ်အရွယ် အမျိုးသမီး မေးလိုက်ခြင်း ဖြစ်သည်။

မိုဝူကျီက မြန်မြန် ပြောလိုက်သည်။

“ကျွန်တော်က ယန်အာမိတ်ဆွေ မိုဝူကျီပါ ... စီနီယာက ဘယ်သူများလဲ … ”

လူလတ်အရွယ် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။

“အဲဒါဆိုလည်း ဘေးဖယ်နေ လမ်းလာ မပိတ်နဲ့ … ”

မိုဝူကျီက မျက်မှောင်ကြုတ်မိ သွားသည်။ ဒီအမျိုးသမီးက ဘယ်သူလဲ … ဘာကြောင့် အဲဒီလောက် ရိုင်းနေရတာလဲ ...

“ယန်အာ ... ငါ့ကို မှတ်မိလား ...” သူက လူလတ် အမျိုးသမီးကို မကျေနပ်သော်လည်း မိုဝူကျီက ယန်အာကို ဆက်မေးလိုက်သည်။

ဘွားဘွားလင်းလောင် ပြောကြားချက်အရ သူသည် ယန်အာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ မတက်လှမ်းခင် အချိန်အတူတူ ဖြုန်းပေးဖို့ လိုကြောင်း ပြောဖူးသည်။ သို့သော်လည်း သူ့ပထမအကြိမ် သွားရောက်မှုတွင် သူမအတွက် အရေးကြီးဆုံး အခြေအနေ ဖြစ်နေကာ တံခါးပိတ် ကျင့်ကြံ နေလေသည်။

သူက ယန်အာ ပြန်ထွက်လာတော့မှ သွားလည်ရန် ဆုံးဖြတ် ထားလိုက်ရသည်။ သို့သော်လည်း ဂျင်ကျွိကျန်း မတော်တဆမှုကြောင့် ဂိုဏ်းကို အချိန်အတော်ကြာ ပြန်မလာနိုင်ပေ။

သို့သော်လည်း ယန်အာ ကျင့်ကြံခြင်းက အမှန်ပင် အရမ်းကို မြန်ဆန်ပေသည်။ တစ်နှစ်အတွင်း ယန်အာသည် စိတ်ဝိညာဉ်ကို တည်ဆောက်ပြီး သွားလေပြီ။

ယန်အာ၏ အညိုရောင်မျက်ခုံး ပင့်ကာ မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။ သူမက မိုဝူကျီသည် သူမအား ထိုမျှ ရင်းရင်းနှီးနှီး ခေါ်ဆိုနေကြောင်း နားမလည်နိုင်ပေ။ သူက သူမ မိတ်ဆွေဟုပင် ပြောသေး၏။ သူမ ဘယ်အချိန်က ထိုသို့ မိတ်ဆွေ ရသွားခဲ့တာလဲ …

“ထွက်သွားစမ်း …” မိုဝူကျီက ကိုယ့်နေရာကို မသိသည်ကို မြင်၍ လူလတ် အမျိုးသမီးက ခပ်ပြတ်ပြတ် ပြောပြီး လက်ကို မြှောက်ကာ မိုဝူကျီကို အဝေးတွန်းလွှတ် လိုက်သည်။

မိုဝူကျီ၏ တုံ့ပြန်မှုက မြန်ဆန်ကာ အချိန်တိုအတွင်း ရှောင်ဖို့ရာ ကြိုးစားသော်လည်း သူမ လက်ဝါးအားကား ရောက်ရှိ လာသေးသောကြောင့် မြေပြင်ပေါ် လဲကျမတတ် ဖြစ်ခဲ့၏။

“ဆေးလုံးဆရာ ကျင်းဝမ် ဘယ်အချိန်က စပြီးတော့ ဂျူနီယာကို ဘယ်လိုများ ဆက်ဆံ လိုက်တာလဲ ...” ရန်ထျန်းရှင်းက လျှောက်လာကာ အေးစက်စွာ ပြောလိုက်သည်။

လူလတ် အမျိုးသမီးက ရန်ထျန်းရှင်းကို မှတ်မိသွားသောကြောင့် နှာခေါင်းရှုံ့ကာ ယန်အာကို ခေါ်သွားတော့သည်။

“အဲဒီ အမျိုးသမီးက ဘယ်သူလဲ ...” မိုဝူကျီက စိတ်ထဲတွင် ညည်းတွား လိုက်တော့သည်။

ရန်ထျန်းရှင်းက ပြုံးကာ ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သည်။

“သူမက ဘွားဘွား လင်းလောင်ရဲ့ ပထမတပည့် ရှီကျင်းဝမ်တဲ့ ... အဆင့်ခြောက် ဆေးလုံးဆရာပေါ့ ... သူမက အစစ်အမှန်ရေ အဆင့် ၉ ရောက်နေပြီ ... ”

မိုဝူကျီက လူလတ် အမျိုးသမီးကို မျက်လုံးပြူးကာ ကြည့်မိ သွားတော့သည်။ သူမက ယန်အာ၏ စီနီယာ အစ်မတဲ့လား … ဒီအမျိုးသမီးက သူ့မ ဘဝကို အဓိပ္ပာယ်မရှိ ကုန်ဆုံးခဲ့တာ များလား … ဘွားဘွား လင်းလောင်က ငယ်ရွယ် လှပပြီးတော့ သူမ ပထမတပည့်က ဘယ်လိုလုပ် လူလတ် အမျိုးသမီး ဖြစ်နေရတာလဲ …

မိုဝူကျီက မကြာင်ခင်တွင် အသိစိတ် ပြန်ကပ်လာသည်။ ယခု ထိုအမျိုးသမီး အကြောင်း တွေးနေရမည့် အချိန် မဟုတ်ပေ။ သူက ရှေ့သို့ လှမ်းကာ အမြွှာကိုဆွဲ၍ …

“စီနီယာ အစ်မက ယန်အာကို ကျွန်တော့်အကြောင်း ပြောမထားဘူးလား ... ”

***

All Chapters