အခန်း(၇၁) လင်းဖန်ရဲ့ တန်ပြန်တိုက်ခိုက်မှု
Vol. 5 Ch. 71
အခန်း(၇၁) လင်းဖန်ရဲ့ တန်ပြန်တိုက်ခိုက်မှု
"ဒါပေမယ့်..." ရှားဝမ်ချွေ့က လင်းဖန်ကို မော့ကြည့်လိုက်ပါသည်။
"နင့်ကောင်လေးက တော်ပြီးသားပါ" လင်းဖန်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပါသည်။
"အရူးကောင် အရူးကောင် အရူးကောင်။ ဟွန်း ဘယ်သူက နင့်ကောင်မလေးလဲ။ နှာဘူး မဟုတ်တာတွေ မပြောနဲ့" ရှားဝမ်ချွေ့မျက်နှာ နီရဲသွားပါသည်။ ဒီလိုအချိန်မှာတောင် လင်းဖန်က သူမကို အနိုင်ကျင့်နေဆဲပင်။
"ငါနောက်တာပါ စိတ်မပူပါနဲ့။ ငါချန်းလင်အီကိုနောမစ်မီဒီယာကို တစ်ရက်တည်းနဲ့ သတ်ပြမယ်" လင်းဖန်က အတည်ပေါက်ပြောလိုက်သည်။
"လူလိမ်" ရှားဝမ်ချွေ့က လျှာထုတ်ပြလိုက်သည်။
ချန်းလင် အီကိုနောမစ်မီဒီယာက ၁ ဘီလီယံကျော် စျေးကွက်တန်ဖိုးရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
ချမ့်ဟုန်ကွမ်က ပို၍ပင် အတွေ့အကြုံ ရှိသေးသည်။ သူ့ကိုသတ်နိုင်ဖို့က ဘယ်လိုလုပ် လွယ်ကူမည်နည်း။
"လောင်းကြမလား" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဘာကြေးလောင်းမှာလဲ" ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပါသည်။
"ငါနိုင်ရင် နင်ငါ့အိမ်မှာ အိပ်ရမယ်။ နင်နိင်ရင် ငါနင့်အိမ်မှာ လာအိပ်မယ်" လင်းဖန်က ပြောလိုက်ပါသည်။
"မြောင် မြောင် ~"
"အရူးကောင် လင်းဖန် စိတ်ကူးယဥ်မနေနဲ့" ရှားဝမ်ချွေ့က လင်းဖန်ကား၏ ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်ပါသည်။ နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်ပါစေ သူမ ပျော်ရွှင်ဆဲဖြစ်သည်။
လင်းဖန်် သူမကို ကာကွယ်ခဲ့သည့်ပုံစံမှာ... တကယ်ပဲ ယောက်ျားပီသလှပါသည်။
အထက်တန်းကျောင်းတုန်းကလိုပင်။ သူမကို နှောင့်ယှက်ချင်သည့် ကလေကချေတချို့ရှိခဲ့ဖူးသည်။ ထို့နောက် လင်းဖန်ရောက်လာပြီး ထိုကလေကချေများကို မောင်းထုတ်ကာ သူမကို နေ့တိုင်း အိမ်ပြန်လိုက်ပို့ခဲ့သည်။
ရှားဝမ်ချွေ့က အထက်တန်းကျောင်းမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်စဥ်းစားရင်း သူမရင်ထဲတွင် ချိုမြိန်သွားပါသည်။
အတိတ်ကဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် သူမဘေးမှာ ရှိနေတတ်သည့်လူက အမြဲတမ်း လင်းဖန်သာ ဖြစ်သည်။
တစ်သက်လုံး ဒီလိုသာ ရှိနေနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဒီလိုနဲ့ ရှားဝမ်ချွေ့တစ်ယောက် လင်းဖန်၏ ကားထဲတွင် အိပ်ပျော်သွားခဲ့ပါသည်။
ကားက ရှားဝမ်ချွေ့အိမ်ရှေ့တွင် ရပ်သွားသည်။
လင်းဖန်က ခရီးသည်ခုံတွင် အိပ်ပျော်နေသည့် ရှားဝမ်ချွေ့ကိုကြည့်ကာ သူ့ရင်ထဲနွေးထွေးသွားပါသည်။
ဒီလိုကောင်မလေးသာ သူ့ဘေးမှာရှိနေလျှင် သူဘာပဲလုပ်ခဲ့လုပ်ခဲ့ အရေးမကြီးတော့ပါ။
လင်းဖန်က ကုတ်အင်္ကျီတစ်ထည်ကို ယူလိုက်ပြီး ရှားဝမ်ချွေ့အား ခြုံပေးလိုက်သည်။ ထို့နောက် သူမကို ပွေ့ချီပြီး အိမ်ဆီသို့ လျှောက်လာ၏။
လင်းဖန်က ပြုံးလိုက်သည်။ သူမ၏ ခါးနှင့် ခြေထောက်များကိုသာ ဖက်ထားရုံဆိုသော်လည်း နူးညံ့သည့် အထိအတွေ့ကို ခံစားရဆဲဖြစ်သည်။
နေလို့ကောင်းလိုက်တာ။
သူသာ နည်းနည်းလောက် အပေါ်တိုးလိုက်လျှင် သူမ၏ ရင်ဘတ်ကို ထိလို့ရသွားနိုင်ပါသည်။
သို့သော်လည်း လင်းဖန်က ဆန္ဒကို ထိန်းချုပ်လိုက်သည်။ မိန်းကလေးများကို သူအခွင့်ကောင်းမယူပါ။ အိပ်နေတုန်းဆို ပိုဆိုးပါသည်။
သူမကို အပေါ်ထပ် ခေါ်လာပြီး တံခါးကိုဖွင့်လိုက်၏။ ယန်ချင်းက အခန်းထဲမှာ ရှိနေပါသည်။
ရှားဝမ်ချွေ့ကို မြင်သောအခါ ယန်ချင်း ထိတ်လန့်သွားခဲ့ပါသည်။
ဒီလူငယ်နှစ်ယောက်က အတူတူရှိနေချိန်မှာ ထိန်းထိန်းသိမ်းသိမ်းပင် မနေတတ်ကြပါ။ အိပ်ပျော်သွားရလောက်တဲ့အထိ သူဘာလို့ ပင်ပန်းနေတာလဲ။
"အစ်မယန်။ ကျွန်တော် ချွေ့ချွေ့ကို အစ်မလက်ထဲ အပ်ခဲ့မယ်နော်။ ကျွန်တော် တစ်ခုခု သွားဝယ်လိုက်ဦးမယ်။ ဒီနေ့ တစ်ခုခုဖြစ်ခဲ့လို့ ရှောင်းယွီကို မေးကြည့်ရင် သိပါလိမ့်မယ်" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကုတင်ဆီသို့ ချီသွားပါသည်။
"ကောင်းပါပြီ။ ဝမ်ချွေ့ အဆင်ပြေရဲ့လား။" ယန်ချင်းက ရှားဝမ်ချွေ့ကို စောင်ခြုံပေးလိုက်သည်။
"ကျွန်တော်ရှိရင် အားလုံးအဆင်ပြေမှာပါ။" ထိုသို့ပြောပြီးနောက် လင်းဖန် အပြင်ထွက်လာပြီး Bugatti ကားကြီးဖြင့် အိမ်ပြန်လာခဲ့သည်။
သူ ချန်းလင်အီကိုနောမစ်မီဒီယာကို တစ်ရက်အတွင်း သတ်ပစ်မည်ဟု ပြောခဲ့သောကြောင့် လင်းဖန် အချိန်ဆွဲနေမှာ မဟုတ်ပေ။
ဘီလီယံတန်ဖိုးရှိတဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဟုတ်လား။ လင်းဖန် ဂရုမစိုက်ပါ။
ချမ့်ဟုန်ကွမ်နဲ့ သူ့ကုမ္ပဏီကို စတိုက်ခိုက်လျှင် လုံလောက်ပါပြီ။
ထို့နောက် လင်းဖန်က ယွင်ဟန်နည်းပညာ၏ ဘော့စ်ဖြစ်သူ ယွင်ချမ့်ကို ဖုန်းဆက်လိုက်ပါသည်။
"ညီလေးလင်း အခုမှပဲ ဖုန်းဆက်တော့တယ်။ ပြဿနာရှိလို့လား။ ငါကူညီပေးမယ်လေ။" ယွင်ချမ့်က ရယ်မောရင်း ပြောလိုက်ပါသည်။
"အစ်ကိုယွင် ကျွန်တော် နောက်တာမဟုတ်ဘူး။ ကျွန်တော် တကယ် ပြဿနာတက်ထားလို့ ကျွန်တော် အကူအညီတောင်းလို့ရမလား။" လင်းဖန်က အတည်ပေါက် မေးလိုက်ပါသည်။
လင်းဖန်၏ လေသံကို ကြားသောအခါမှ ယွင်ချမ့် မျက်နှာ တည်တံ့သွားပါသည်။ လင်းဖန် နောက်နေတာ မဟုတ်ဘူးဆိုတာ သိလိုက်ရပါသည်။ "ညီလေးလင်း ဘာဖြစ်ခဲ့လို့လဲ။"
လင်းဖန်က ပြောလိုက်၏။ "ချန်းလင် အီကိုနောမစ် မီဒီယာကို သိလား။ ဘော့စ်က ချမ့်ဟုန်ကွမ်လေ။"
ထိုနာမည်ကို ကြားသောအခါ ယွင်ချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "အဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ နာမည်ရလာတဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမလား။ ဘော့စ် ချမ့်ဟုန်ကွမ်ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးဘူး။”
လင်းဖန်က ပြောလိုက်သည်။ "ကျွန်တော် အဲ့ဒီကုမ္ပဏိကို တစ်ရက်အတွင်း ဘာပဲပေးဆပ်ရ ပေးဆပ်ရ ဖျက်ဆီးချင်တယ်။ အစ်ကိုယွင် ကျွန်တော့်ကို ဘာအကြံဉာဏ်ပေးနိုင်မလဲ။"
ယွင်ချမ့်က စီးကရက်တစ်လိပ်ကို သောက်လိုက််ရင်း သူမျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "ညီလေးလင်း မင်း အတည်ပြောနေတာလား။"
လင်းဖန်က ပြုံးလိုက်ပါသည်။ "ကျွန်တော် နောက်နေတဲ့ပုံစံပေါက်နေလို့လား။"
ယွင်ချမ့်က ပြောလိုက်ပါသည်။ "ညီလေးလင်း ဒီချမ့်ဟုန်ကွမ်ဆိုတဲ့လူကိုတော့ သုံးမိနစ်လောက်နဲ့ ဖျက်ဆီးလို့ရတယ်။ မင်းသိအောင်ပြောထားရမယ်။ ကုမ္ပဏီကတော့ သိပ်ပြီး ဝေးဝေးသွားလို့ရမှာ မဟုတ်ဘူး။ ဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုကို ဖျက်ဆီးဖို့က မလွယ်ဘူးလေ။"
လင်းဖန်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အစ်ကိုယွင် အရမ်းခက်ခဲတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ နည်းလမ်း တစ်ခုရှိတယ်။"
"အရင်ဆုံး ချမ့်ဟုန်ကွမ်အကြောင်းကို စုံစမ်းပါ။ သူ့ကိုယ်ရေးအချက်အလက်တွေအားလုံးရယ်၊ သူ အရင်က ဘယ်ကုမ္ပဏီရဲ့ သရုပ်ဆောင်တွေနဲ့ အလုပ်လုပ်ဖူးသလဲ ဆိုတာတွေရယ်။ သူ အမျိုးသမီးသရုပ်ဆောင် တော်တော်များများနဲ့ အိပ်ဖူးမယ်လို့ ကျွန်တော်တော့ထင်တယ်။"
"ဒုတိယက ချမ့်ဟုန်ကွမ်ရဲ့ လက်အောက်မှာ ဖျက်ဆီးခံလိုက်ရတဲ့ သရုပ်ဆောင်ရှိလား စုံစမ်းကြည့်ပါ။ ရှိရင် သူတို့နဲ့ ဆက်သွယ်ပြီး သက်သေစုဆောင်းလို့ရတယ်။"
"တတိယက ချမ့်ဟုန်ကွမ်ရဲ့ ဆွေမျိုးနဲ့ သူ့ကုမ္ပဏီအဆက်အသွယ်တွေအားလုံးကို စုံစမ်းပါ။ ပြီးရင် ဒီကုမ္ပဏီရဲ့ အခွန်အခတွေကိုပါ ပြည့်ပြည့်စုံစုံ စုံစမ်းပါ။"
"တခြားနည်းလမ်းတွေတော့ အများကြီး ရှိသေးတယ်။ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ အစ်ကိုယွင်။ ခင်ဗျားဘက်မှာ နည်းပညာပါရမီရှင်တွေ အများကြီး ရှိမှာပါ။ ကျွန်တော့်ကို ကူညီပါ။ ဒီနေ့ည ကျွန်တော်တို့ ချန်းလင်အီကိုနောမစ်မီဒီယာ တစ်ခုလုံးကို စုံစမ်းကြမယ်။"
"မနက်ဖြန်ကျရင် ဒီကုမ္ပဏီကို လုံးဝ ပိတ်သိမ်းသွားစေရမယ်။" လင်းဖန်က တည်တံ့သော မျက်နှာဖြင့် ပြောလိုက်ပါသည်။ ခချမ့်ဟုန်ကွမ် တုန့်ပြန်ဖို့ အချိန် သူပေးမှာ မဟုတ်ပေ။ လင်းဖန်က သူ့စကားကို သူတည်ရမည်။
ဘဝရဲ့ပျော်ရွှင်မှု အတွက် ရင်းနှီးမြှုပ်နှံသူ ဆုံးရှုံးသွားတာကိုလည်း လင်းဖန်စိတ်မပူပါ။
ဘဝရဲ့ပျော်ရွှင်မှု ဒရမ်မာအတွက် သူရင်းနှီးမြှုပ်နှံနိုင်ပါသည်။
ထိုစကားကြားပြီးသောအခါ ယွင်ချမ့်က ပြန်ပြောလိုက်သည်။
"ညီလေးလင်း စိတ်မပူနဲ့။ ဒီနေ့ည တစ်ခုခု ရှာတွေ့အောင် ငါမင်းကို သေချာပေါက် ကူညီပေးမယ်။ ငါ အဲ့ဒီချန်းဟုန်ကွမ်ဆိုတာကို ကြားတော့ကြားဖူးသလိုပဲ။ ငါသတင်းရတာနဲ့ မင်းကို အသိပေးပါ့မယ်။"
"ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော် အလုပ်ပြန်လုပ်တော့မယ်။" လင်းဖန်က ဖုန်းချလိုက်ပါသည်။
ဖုန်းချပြီးနောက် ယွဲ့ဟွာအင်တာတိန်းမန့်မှ စီအီးအိုလီကလည်း ဖုန်းဆက်လာပါသည်။
ချမ့်ဟုန်ကွမ်၏ ယွမ် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံငွေကို ပြန်ရုတ်သိမ်းသွားတာ သံသယဖြစ်စရာမရှိပါ။
ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ ငွေကို ပြန်ရုတ်သိမ်းသွားပါက ရုပ်သံစီးရီးရိုက်ကူးရေးမှာ လုံးဝ ထိခိုက်သွားနိုင်ပါသည်။
သရုပ်ဆောင်တွေကောာ၊ ဒါရိုက်တာတွေကော အားလုံးမှာ အချိန်စာရင်း ရှိကြသည်။
သူတစ်ရက်လောက် အချိန်ဆွဲလိုက်မိလျှင် ရုပ်သံဒရမ်မာ ရိုက်ကူးရေးကလည်း တစ်ရက် နောက်ကျသွားမည်ဖြစ်သည်။ သက်ဆိုင်ရာ ပြောင်ခွင့်ဆိုခွင့်ရှိသူမျာနှင့် တခြား ရင်းနှီးမြှုပ်နှံသူများလည်း မကျေနပ်နိုင်လောက်ပါ။
ယုတ္တိရှိအောင်ပြောရလျှင် ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ ငွေကို ပြန်ရုတ်သိမ်းသွားခြင်းမှာ သရုပ်ဆောင်များ၏ အပြစ်သာ ဖြစ်သည်။
သရုပ်ဆောင်တစ်ယောက်က ဒရမ်မာ တစ်ကား ရိုက်ကူးလို့မရအောင် လုပ်လိုက်ပါက ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူများကို ကျေနပ်အောင် သူတို့ကို ထုတ်ပယ်ပစ်မည်ဖြစ်သည်။
လင်းဖန်က ဒီအခွင့်အရေးကိုယူပြီး စီအီးအိုလီကကော ဘယ်လိုတုန့်ပြန်မလဲ ကြည့်ချင်နေပါသည်။
"ဟယ်လို စီအီးအိုလီ လင်းဖန်ပြောနေပါတယ်။" လင်းဖန်က ပြောလိုက်သည်။
"ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အကုန် ငါသိပြီးပြီ။ ငါမင်ကို ပြောချင်တာက..."
"ခွေးသား ချမ့်ဟုန်ကွမ်။ ခွေးသား ချန်းလင်အီကိုနောမစ်မီဒီယာ။ သူ့ကိုယ်သူ ဆရာကြီးလို့ ထင်နေတာလား။ ညီလေးလင်း မင်း ဒီနေ့ည လုပ်ခဲ့တာ မှန်ပါတယ်။"
"ရင်းနှီးမြှုပ်နှံသူဖြစ်နေတော့ကော ဘာဖြစ်လဲ။ ရင်းနှီးမြှုပ်နှံသူဆိုပြီး ငါတို့ကုမ္ပဏီက အမျိုးသမီးလေးတွေကို အနိုင်ကျင့်လို့ရလား။ ညီလေးလင်း အဲ့ဒီကုမ္ပဏီကို ရှင်းချင်ရင် ငါလည်းပါမယ်။"
"ယွဲ့ဟွာကုမ္ပဏီတစ်ခုလုံးက မင်းကို ထောက်ခံပေးမယ်။ ကုမ္ပဏီလက်အောက်က သရုပ်ဆောင်တွေကို ကာကွယ်ပေးပြီး ရှားဝမ်ချွေ့ နောက်တစ်ခါ ဒီလိုမထိခိုက်စေရဘူးလို့ ငါကတိပေးပါတယ်။"
"ရင်းနှီးမြှုပ်နှံသူတွေကတော့ ငါတို့ နောက်ထပ် နည်းလမ်းရှာလို့ရတာပဲ။ သူ့ရင်းနှီးမြှုပ်နှံငွေမရှိတာနဲ့ပဲ ဒီရုပ်သံစီးရီးကို မရိုက်နိုင်စရာလား။" စီအီးအိုလီက ပြောလိုက်ပါသည်။
လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ ရင်းနှီးမြှုပ်နှံသူများအကြားတွင် ယွဲ့ဟွာက သေချာပေါက် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ကိုသာ ရွေးချယ်ပါမည်။
ထို့အပြင် စီအီးအိုလီက ဒီနေ့ည လင်းဖန်၏ လုပ်ရပ်အကြောင်း ကြားပြီးပါပြီ။
လင်းဖန်က ချမ့်ဟုန်ကွမ်၏ ကလဲ့စားကို လုံးဝ မကြောက်ရွံ့ပါ။ အခုထိတောင် မကြောက်ရွံ့သေးပါ။
စီအီးအိုလီတောင် လင်းဖန်၏ နောက်ကြောင်းရာဇဝင် ဘယ်လောက်နက်ရှိုင်းသလဲ မသိတောာ့ပေ။