အခန်း(၇၇) ရှုယန် : ဘာလို့ ငါ့ဘဝ ဒီလောက် ဆိုးရတာလဲ
Vol. 6 Ch. 77
အခန်း(၇၇) ရှုယန် : ဘာလို့ ငါ့ဘဝ ဒီလောက် ဆိုးရတာလဲ
"ဒါရိုက်တာလု လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။"
"ပြဿနာက သူက ဇာတ်ညွှန်းရေးဆရာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရိုက်ကူးရေး လုပ်တတ်တာလဲ" မစ္စတာလျို့က မှင်သက်နေသော မျက်နှာဖြင့် မေးလိုက်ပါသည်။
ပုံမှန်ဆို သရုပ်ဆောင်နေချိန်တွင် သရုပ်ဆောင်များအပေါ် အပြစ်ရှာတာ ဒါရိုက်တာသာဖြစ်သည်။
သရုပ်ဆောင်က သရုပ်ဆောင် မကောင်းပါက ဒါရိုက်တာမှာ ပယ်ချခွင့်ရှိပြီး သူကျေနပ်သည်အထိ သရုပ်ဆောင်ကို ပြန်ရိုက်ခိုင်းနိုင်ပါသည်။
တစ်နည်းအားဖြင့် ဒါရိုက်တာတွင် အာဏာများစွာ ရှိပါသည်။
အခုလေးတင် လင်းဖန်နဲ့ မင်းသားတို့၏ အဖွင့်ဇာတ်ဝင်ခန်း၊ ဖိုက်တင်ဇာတ်ဝင်ခန်း၊ အကြည့်အားလုံးတို့မှာ အပြစ်ဆိုစရာမရှိပါ။
သို့သော်လည်း ရိုက်ကူးပြီး လင်းဖန် ထိုဇာတ်ဝင်ခန်းကို မြင်သောအခါ ချက်ချင်း လုပမ်ခိုင်းကို အကြံတချို့ ပေးခဲ့သည်။ ကင်မရာကို ဘယ်လိုနေရာချရမလဲ။ ဘယ်ထောင့်ကနေ ရိုက်ရမလဲ စတာတွေ ပါဝင်သည်။ လုပမ်ခိုင်းထက် လင်းဖန် ကိုယ်၌တာ ပိုတော်သည့် အသေးစိတ်နေရာတချို့လည်း ရှိပါသေးသည်။
ထို့ကြောင့် လျို့မူ အံ့သြသွားရသည်။
လင်းဖန်က အံ့သြဖို့ ကောင်းလွန်းပါသည်။
"ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းရုံတင်မကဘူး အဓိကအချက်က သရုပ်ဆောင်မှုအပေါ် သူ့ရဲ့ သဘောထားပဲ။ ငါ့ထက် ရိုက်ကူးရေးပညာကို ပိုသိနေသေးတယ်။ သေချာပေါက် ဘက်စုံထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။"
"ဒုတိယတစ်ကြိမ် ပြန်ရိုက်ရအောင်။ ပြီးပြည့်စုံတဲ့အထိ ပြန်ရိုက်ကြမယ်။ အရင်တုန်းက လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ငါစိုးရိမ်နေတာ။ အခုတော့ ငါ့စိုးရိမ်ဖို့ မလိုဘူးထင်ပါတယ်။ ဒီလို သရုပ်ဆောင်ကောင်းနဲ့၊ စွမ်းရည်မြင့် ဝါရင့်သရုပ်ဆောင်အများကြီးနဲ့သာဆိုရင် သေချာပေါက် ဘဝရဲ့ပျော်ရွှင်မှုကို ဂန္တဝင်လက်ရာဖြစ်အောင် ငါတို့ရိုက်နိုင်တယ်။" လုပမ်ခိုင်းက လျို့မူ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်ပါသည်။
ဒီလိုနဲ့ ထိုနေရာတွင်ရှိနေသော သရုပ်ဆောင်များစွာက လင်းဖန်နဲ့ ဖိုက်တင်မင်းသားတို့ ထပ်မံ သရုပ်ဆောင်တာကို စောင့်ကြည့်နေကြပါသည်။
အားလုံး မနေနိုင်ဘဲ ရီဝေသွားကြသည်။
ထူးချွန်သော သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ရှုယန်တောင် ဒီဇာတ်ဝင်ခန်းကို ချီးကျူးရပါသည်။
"လင်းဖန်က တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ။ သူ့သရုပ်ဆောင်စွမ်းရည်က... ငါအထင်ကြီးသွားပြီ။ ငါလင်းဖန်နဲ့ သရုပ်ဆောင်တဲ့ အခါကျရင် သေချာပေါက် ရှုံးလို့မဖြစ်ဘူး။" ရှုယန်က ပြောလိုက်ပါသည်။
"ဆရာက ချောလိုက်တာ။ ဒီနောက်ပြန်ကျွမ်းနဲ့ ထိုးချက်ကို ကြည့်ပါဦး။ မိုက်လိုက်တာ~" စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ရင်း လင်းဖန်၏ ပရိတ်သတ်တစ်ယောက်လို အော်ဟစ်လိုက်ပါသည်။
"ရှောင်းယွီ အိန္ဒြေလေး ဘာလေး ထိန်းပါဦး။" ရှားဝမ်ချွေ့က ရှက်သွေးဖြာကာ နူးညံ့စွာဖြင့်ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ သိက္ခာရှိရှိမိန်းကလေးလုပ်ပြီ အိန္ဒြေရှိရှိ နေပါ့မယ်။ ဒါပေမယ့် ဆရာ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။” စုရှောင်းယွီက ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်ပါသည်။ သူမ လင်းဖန်၏ သရုပ်ဆောင်ကောင်းမှုကို မြင်သောအခါ ကလေးတစ်ယောက်လို အားပေးမိသည်။
"အစ်မဝမ်ချွေ့ နင့်ကို နည်းနည်းတောင် မနာလိုဖြစ်လာပြီ။ နင်က ခေါင်းဆောင်မင်းသမီးလုပ်ခွင့် ရှိတယ်။ ဆရာနဲ့ သရုပ်ဆောင်လို့ရတယ်။ ပြီးတော့ အကြင်နာပေးခန်းတောင် ရိုက်ခွင့် ရတယ်။" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။
"နင်ကော အကြင်နာပေးခန်း ရိုက်ချင်လို့လား။" ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများက စုရှောင်းယွီကို ကြည့်လိုက်ပါသည်။
"ရိုက်ချင်တယ်။ ရိုက်ချင်တယ်။ ငါအရင်တုန်းက အကြင်နာပေးခန်း မရိုက်ဖူးဘူး။" စုရှောင်းယွီက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်ပြီး သခွားသီး နောက်တစ်ကိုက် ကိုက်လိုက်ပါသည်။
"နှာဘူးမ" ရှားဝမ်ချွေ့က စုရှောင်းယွီကို စိုက်ကြည့်လိုက်သည်။
"အာဝူး... မရိုက်ရဲတော့ပါဘူး။ အစ်မဝမ်ချွေ့ ထပ်ပြီး စိတ်ဆိုးပြန်ပြီ။" စုရှောင်းယွီက အပြစ်ကင်းသော မျက်လုံးလေးဖြင့် သနားစရာကောင်းစွာ ကြည့်လိုက်ပါသည်။
လင်းဖန်နဲ့ ထျန်းကျစ်ကျင်း ဟုအမည်ရသော သရုပ်ဆောင်တို့ ရိုက်ကူးပြီးကြသောအခါ သူတို့ လုပမ်ခိုင်းဆီသို့ သွားကြပြီး လင်းဖန်က သူတို့ရိုက်ထားသည့် ဇာတ်ဝင်ခန်းကို ကြည့်လိုက်သည်။
"ဘုရားသခင် သူက တော်လိုက်တာကွာ။"
"လင်းဖန် မင်းငါ့ကို သင်ပေးလိုက်တဲ့ နည်းလမ်းရဲ့ အာနိသင်တွေက အရင်တုန်းကထက် အများကြီး ပိုကောင်းတယ်။ ဒီနည်းလမ်းက တရုတ်နိုင်ငံမှာ ဆန်းသစ်တဲ့နည်းလမ်းပဲ။ လင်းဖန် မင်းဟောလိဝုဒ်မှာ ပညာသင်လာတာလား။" လုပမ်ခိုင်းက မေးလိုက်ပါသည်။
ထျန်းကျစ်ကျင်းအဖြစ် သရုပ်ဆောင်သော မင်းသားကလည်း မေးလိုက်သည်။ "တော်လိုက်တာကွာ။ ငါ ရိုးရှင်းတဲ့ အက်ရှင်နည်းနည်းပဲ လုပ်လိုက်ပြီး ဒီနည်းလမ်းနဲ့ ရိုက်လိုက်တော့ အရမ်းမိမိုက်တဲ့ပုံ ဖြစ်သွားတယ်။ ညီလေးဖန် မင်းကို လေးစားတယ်ကွာ။”
လင်းဖန်က လက်ရမ်းပြလိုက်ပါသည်။ "မဟုတ်ပါဘူး။ ကျွန်တော် ရိုက်ကူးရေး အကြောင်း နည်းနည်းသိထားရုံပါ။"
ထို့နောက် ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ သရုပ်ဆောင်ရမည့် အချိန်ကို ရောက်လာပြီဖြစ်ပါသည်။
ဇာတ်ညွှန်းထဲတွင် ခေါင်းဆောင်မင်းသားက မြို့တော်သို့ ရောက်လာပြီး ဘုရားကျောင်းသို့ သွားကာ ရိုင်းစိုင်းသည့် အစောင့်နဲ့ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဇာတ်လိုက်မင်းသားက ဘုရားကျောင်းထဲ ဝင်သွားပြီး ဘုရားရှိခိုး စားပွဲကြီး လှုပ်နေတာကို မြင်လိုက်ရသည်။ ခေါင်းဆောင်မင်းသားက တွန့်ဆုတ်စွာဖြင့် စားပွဲခင်းကို မကြည့်လိုက်သောအခါ လှပသော နတ်သမီးလေးတစ်ယောက်က သူ့ကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပါသည်။ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့၏ ဇာတ်ဝင်ခန်းများ တရားဝင် စတင်ခဲ့ပါပြီ။
ဒီဇာတ်ဝင်ခန်းထဲတွင် ခေါင်းဆောင်မင်းသားက ခေါင်းဆောင်မင်းသမီးကို မြင်မြင်ချင်း ချစ်မိသွားသည့် ခံစားချက်မျိုး ပေါ်လွင်အောင် သရုပ်ဆောင်ရမည်။ ခေါင်းဆောင်မင်းသား၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်မှဖြစ်ပါမည်။ ထို့အပြင် ခေါင်းဆောင်မင်းသမီးကလည်း အလွန်ဖြူစင်ပြီး လှပသည့်ပုံစံမျိုး သရုပ်ဆောင်ရမည်။ နတ်သမီးလေး လူ့လောကသို့ ဆင်းသက်လာသလို ဖြစ်သည်။
ဒီဇာတ်ဝင်ခန်းကို ဒရမ်မာတစ်ခုလုံး၏ စဦးပိုင်း အဆင့်တစ်ခုဟု ဆိုနိုင်သည်။ ထို့အပြင် ရှားဝမ်ချွေ့၏ ရေပန်းစားမှုနဲ့ဆို ကောင်းကောင်း သရုပ်ဆောင်နိုင်ပါက ဒီဘဝရဲ့ပျော်ရွှင်မှု ဒရမ်မာကို အလွန်ရေပန်းစားအောင် လုပ်နိုင်ပါလိမ့်မည်။
သို့သော် ဒီဇာတ်ဝင်ခန်းတွင် အရေးအကြီးဆုံးအရာက ၎င်းတို့၏ သရုပ်ဆောင်စွမ်းရည်များ ဖြစ်ကြပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အရင်တုန်းက တစ်ခါမှ အချစ်ရေးဇာတ်ဝင်ခန်းများ မရိုက်ဖူးကြပါ။ ထို့ကြောင့် လုပမ်ခိုင်း စိတ်ပူနေသည်။
သူတို ဒီနေရာမှာ ကောင်းကောင်း သရုပ်မဆောင်နိုင်လျှင် ဒရမ်မာတစ်ခုလုံး ပြိုလဲသွားနိုင်သည်။
လူတချို့က သရုပ်ဆောင် တကယ်ကောင်းသော်လည်း အချစ်ရေးဇာတ်ဝင်ခန်းများကတော့ တခြား ဇာတ်ဝင်ခန်းများနဲ့ ခြားနားပါသည်။
ကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့ အတွေ့အကြုံရှိဖို့ လိုအပ်သည်။ ဥပမာအားဖြင့် ၄ နှစ်သားအရွယ် ကလေးတစ်ယောက်က ဧကရာဇ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမည်ဆိုလျှင် သူ့သရုပ်ဆောင် စွမ်းရည်က ဘယ်လောက်ကောင်းကောင်း ဧကရာဇ်တစ်ယောက်နဲ့ တူအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ပေ။
"လင်းဖန် ရှားဝမ်ချွေ့ အရမ်းစိတ်မလှုပ်ရှားကြနဲ့နော်။ တစ်ဖက်လူကို ကိုယ့်ရဲ့ အချစ်ဦးအဖြစ် သဘောထားပြီး သရုပ်ဆောင်လိုက်" လုပမ်ခိုင်းက ပြောလိုက်ပါသည်။
"စကားမစပ် ရှုယန် မင်းရဲ့အတွေ့အကြုံတွေကို ပြောပြလိုက်လေ" လုပမ်ခိုင်းက ရှုယန်ကို ကြည့်လိုက်သည်။
ရေခဲချောင်းစားနေသည့် ရှုယန် ဒါရိုက်တာကြီး သူ့နာမည်ခေါ်တာကို ကြားပြီး အေးခဲသွားပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အချစ်ရေးဇာတ်ဝင်ခန်းတစ်ခုကို အတူတူရိုက်ကူးနေကြပြီး မြင်မြင်ချင်းချစ်မိသွားသည့် ခံစားချက်မျိုး ပေါ်လွင်အောင် သရုပ်ဆောင်ရမည်။ သူပါမှ ဖြစ်မှာလား။
ရှုယန် နာကျင်သွားပါသည်။ ဒီနှစ်ယောက်ရဲ့ ပုံရိပ်ကို သူရှောင်ရှားလို့မရသေးပါ။
ဘာလို့ သူ့ကံကြမ္မာက ဒီလောက်မှောင်မိုက်ရတာလဲ။
သို့သော်လည်း ရှုယန်ငြင်းလို့မရပါ။ သူ အံကြိတ်ပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ဆီသာ လမ်းလျှောက်လာနိုင်ပါသည်။
"အဟမ်း... လင်းဖန် မင်းရှားဝမ်ချွေ့ကို မြင်မြင်ချင်းချစ်မိသွားသလိုမျိုး သရုပ်ဆောင်ရမယ်။"
"ရှားဝမ်ချွေ့ကလည်း ဒီလို ခံစားချက်မျိုး ပေါ်လွင်အောင် သရုပ်ဆောင်ပါ။"
"ဟုတ်ပြီ။ ဟုတ်ပြီ။ အဲ့လိုမျိုး... သရုပ်ဆောင် ကောင်းသားပဲ။ တစ်ယောက်မျက်လုံးကို တစ်ယောက် ကြည့်ရမယ်လေ။"
"အင်း.... မင်းတို့တွေ မင်းတို့ဖာသာ အရင် လေ့ကျင့်လိုက်ကြနော်...." ရှုယန်က လင်းဖန် ရှားဝမ်ချွေ့ကို မြင်မြင်ချင်း ချစ်မိသွားသည့် ခံစားချက်ပေါ်လွင်အောင် သရုပ်ဆောင်နေတာကို ကြည့်နေမိသည်။ ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပါသည်။ သူမ၏ နှလုံးသားလေး လှုပ်ရှားနေပါ၏။ သူမ၏ ချိုမြိန်သော အပြုံးလေးက အသက်ဝင်ပြီး နတ်သမီးလေးလို လှပသည်။
သူတို့နှစ်ယောက်အကြားက အချစ်ရေး ဆက်ဆံမှုကို ကြည့်ရင်း ရှုယန်တစ်ယောက် စိတ်ထဲမှာ ပြိုလဲသွားမိသည်။
အစကတော့ သူတို့နှစ်ယောက်ရဲ့ ရိုက်ကူးမှုကို ကြည့်ရှုဖို့ မလိုအပ်တာကို ဝမ်းသာနေမိသည်။ သို့သော်လည်း အခုတော့ ပုန်းအောင်းနေလို့တောင် မရတော့ပါ။
သူတို့နှစ်ယောက် ဇာတ်ညွှန်းကို လေ့ကျင့်ပြီးသွားသောအခါ ရှုယန်တစ်ယောက် ထွက်သွားဖို့ ပြင်ဆင်လိုက်ပါသည်။
"အမ်... ရှုယန် မသွားနဲ့ဦးလေ။ ရိုက်ကူးရေးက အခုမှ စမှာလေ။ သူတို့ အချစ်ဇာတ်ဝင်ခန်းကို သရုပ်ဆောင်တာ ပထမဆုံးအကြိမ်မို့လို့ သရုပ်ဆောင်တာ အဆင်မပြေရင် မင်းက သင်ပေးရမယ်။ ဘာပဲဖြစ်ဖြစ် မင်းက သရုပ်ဆောင်အတွေ့အကြုံရှိတယ်လေ" လုပမ်ခိုင်းက ပြောလိုက်သည်။
ရှုယန် : "ယီး"
လုပမ်ခိုင်းက ပြောလိုက်သည်။ "မင်း ဘာပြောတာလဲ။ ငါသေချာမကြားလိုက်ဘူး။"
ရှုယန်က အသက်ဝဝရှူလိုက်သည်။ မျက်စိကိုပိတ်ကာ ပြန်ဖွင့်လိုက်သည်။ ထို့နောက် ပြုံးပြီး ပြောလိုက်၏။ "ကောင်းပါပြီ။"
သူတို့နှစ်ယောက်ရဲ့ ရိုက်ကူးရေးက အခုမှ အစသာရှိပါသေးသည်။
အခု ရိုက်ကူးရေး စတော့မည်ဆိုပြန်တော့လည်း သူမရှောင်နိုင်ပါ။
ဒါရိုက်တာက ပြောနေပြီဖြစ်သဖြင့် သူငြင်းလို့ရပါဦးမလား။
သူထောင့်နားလေးမှာ ရပ်နေပြီး သူတို့နှစ်ယောက် ချစ်ကြည်နေကြတာကို ရပ်သာကြည့်နေရပါသည်။
ကမ္ဘာကြီးထဲမှာ သူတစ်ယောက်တည်းရှိနေသလို ခံစားနေရသည်။
အထီးကျန်ပြီး အေးစက်လွန်းသည်။
အမှန်ပင်။ ဘယ်သူကမှ ရှုယန်၏ သနားစရာ အခြေအနေကို သတိမထားမိကြပါ။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
ရှားဝမ်ချွေ့ကလည်း ပြန်ကြည့်လိုက်သည်။ သူမ၏ မျက်နှာလေးက အနည်းငယ် နီရဲနေပါသည်။
သူတို့ရဲ့ ပထမဆုံး အချစ်ရေး ဇာတ်ဝင်ခန်းကို ရိုက်ကူးကြရတော့မည်။