အခန်း(၈၀) သူလုပ်နိုင်ပါတယ်
Vol. 6 Ch. 80
အခန်း(၈၀) သူလုပ်နိုင်ပါတယ်
လုပမ်ခိုင်းက ဆက်ပြီး ချီးကျူးပါသည်။ "စီအီးအိုလီ လင်းဖန်လို ပါရမီရှင်မျိုးကို ဆွဲခေါ်ထားမှ ဖြစ်မယ်နော်။ ဒီဒရမ်မာ ဘဝရဲ့ပျော်ရွှင်မှု တစ်ခုတည်းနဲ့ အင်တာနက်ပေါ်မှာ ပေါ်ပြူလာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အသက်ရှူမှားလောက်တဲ့ ဇာတ်ကွက်တွေကို ပေါင်းစပ်လိုက်ရင် ပရိတ်သတ်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ လုံလောက်ပါတယ်။"
"ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးက မပြီးသေးပါဘူး။ အဲ့ဒီအချိန် တကယ်ရေပန်းစားလာမယ်ဆိုရင် ပရိတ်သတ်များစွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မျှော်ကြလိမ့်မယ်။ ကုမ္ပဏီတွေ အများကြီးကလည်း တိုက်ခိုက်ပြီး လင်းဖန်ကို ဇာတ်ညွှန်းအသစ် ရေးခိုင်းကြလိမ့်မယ်။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။
စီအီးအိုလီက ခေါင်းငြိမ့်လိုက်ပါသည်။ သူ လင်းဖန်၏ အစွမ်းအစကို အထင်သေးခဲ့မိတာ နားလည်သွားပါပြီ။
လင်းဖန်က ဇာတ်ညွှန်းသာ ရေးနိုင်သည်ဟု သူထင်ခဲ့မိသည်။
သို့သော်လည်း ဇာတ်ညွှန်းရေးတာအပြင် လင်းဖန်၏ တခြား အစွမ်းအစများကလည်း အံ့သြဖို့ ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။
စီအီးအိုလီ ပြုံးလိုက်ပါသည်။ လင်းဖန်လို လူမျိုးသာ အနားမှာရှိနေပါက နိုင်ငံတော်တစ်ခုလုံး၏ ရိုးရာနဲ့ အနုပညာလောကကို အဆင့်မြှင့်တင်နိုင်ပါလိမ့်မည်။
ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားလာပါက စီအီးအိုလီက လင်းဖန် ဇာတ်ညွှန်းများကို ပြန်လည်ရိုက်ကူးဖို့ စျေးမြင့်မြင့်ပေးပြီး ဝယ်ပါဦးမည်။
ဒိလိုသာဆို လက်ရာမြောက် ရုပ်သံဒရမ်မာများ တစ်ခုပြီးတစ်ခု ထွက်လာလိမ့်မည်။
"ဒါရိုက်တာလုဆီက ဒီလိုချီးကျူးခံရတဲ့ သရုပ်ဆောင် များများစားစား မရှိဘူး။ ကြည့်ရတာ လင်းဖန်က တကယ်ပဲ သာမန်မဟုတ်ဘူးထင်တယ်။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
လုပမ်ခိုင်းက ခေါင်းခါလိုက်ပါသည်။ "စီအီးအိုလီ ကျွန်တော်ဘယ်လိုလူမျိုးလဲ ခင်ဗျားသိပါတယ်။ သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ လူတွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်။ ဒါပေမယ့် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်မျိုးကိုတော့ အခုမှ ပထမဆုံးတွေ့ဖူးတာပဲ။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ပဲ မဟုတ်ဘူး၊ သူ့ရဲ့ အကျင့်စရိုက်လည်းပါတယ်။ သူ့အလုပ်ပေါ်ထားတဲ့ စေ့စပ်တိကျချက်ကို မြင်ပြီး ဒီလိုလူမျိုးက တကယ့်ပါရမီရှင်အစစ်ဆိုတာ ကျွန်တော်နားလည်သွားတယ်။ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုပဲ။ ပြီးတော့ ကျွန်တော်တို့ အနုပညာလောကအတွက် မျှော်လင့်ချက်လည်း ဟုတ်တယ်။ အနုပညာလောကထဲမှာ သရုပ်ဆောင်စွမ်းရည်ကောင်းဖို့ပဲ လိုတာမဟုတ်ဘူး။ ပိုအရေးကြီးတာက အကျင့်စရိုက်ပဲ။”
"နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတာတောင် ဘယ်သူ့ကိုမှ အထင်မကြီးခဲ့ဖူးဘူး။ လင်းဖန်က ပထမဆုံးပါပဲ။" လုပမ်ခိုင်းက ချီးကျူးလိုက်ပါသည်။
သူနဲ့အတူ တစ်လကျော်လောက် အလုပ်တူတူလုပ်ပြီးနောက် လုပမ်ခိုင်းက ဒါရိုက်တာတစ်ယောက်အနေဖြင့် အလွယ်ကူဆုံး အလုပ်ကို လုပ်ခဲ့ရပါသည်။
သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းလွန်းသဖြင့် တစ်ခါလောက် ရိုက်ပြီးတာနဲ့ ဇာတ်ဝင်ခန်းအားလုံးနီးပါးကို လက်ခံနိုင်ပါသည်။
အရင်တုန်းက ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးရာတွင် သရုပ်ဆောင်တချို့က စာသားများကို မမှတ်မိပါက နံပါတ်များအလိုက် ကျက်ရသည်။ တချို့သရုပ်ဆောင်များက လက်ချောင်းကလေး ရှသွားရင်တောင် ဆေးရုံပို့ပေးရပါသည်။ တချို့ ရုပ်ဖြောင့်ဖြောင့် သရုပ်ဆောင်လေးများက ပိုဆိုးပါသည်။ တချို့ နာမည်ကြီး သရုပ်ဆောင်များက လာတောင်မလားဘဲ ရိုက်ကူးရေးအဖွဲ့သားများကိုသာ သူတို့၏ ဇာတ်ဝင်ခန်းများကို ကူညီတည်းဖြတ်ပေးဖို့ ခိုင်းစေပါသည်။ ဒီလို အပြုအမူမျိုးတွေနဲ့ ဘယ်လိုလုပ် ထူးချွန်သည့် လက်ရာများကို ထုတ်လုပ်နိုင်မည်နည်း။
လုပမ်ခိုင်းတစ်ယောက် လင်းဖန်ကို အထင်ကြီးရသည့် အကြောင်းအရင်းမှာ ထိုအခြင်းအရာများကြောင့်လည်း ပါဝင်ပေသည်။
သူတို့အားလုံးက ရုပ်ဖြောင့်ဖြောင့် သရုပ်ဆောင်လေးများ ဖြစ်ကြသည်။ သို့သော်လည်း လင်းဖန်က ထိုနာမည်ကျော် သရုပ်ဆောင်များထက် ပိုတော်ပါသည်။
တစ်ချိန်တည်းမှာပဲ "ဘဝရဲ့ပျော်ရွှင်မှု" သရုပ်ဆောင်များကို ဝေ့ပေါ် ပေါ်တွင် တရားဝင်ကြေညာခဲ့ပါသည်။
ရုပ်သံ ဒရမ်မာ၊ ဘဝရဲ့ပျော်ရွှင်မှု
ဒါရိုက်တာ၊ လုပမ်ခိုင်း
ခေါင်းဆောင်မင်သား/မင်းသမီး၊ လင်းဖန် ၊ ရှားဝမ်ချွေ့
အဓိက သရုပ်ဆောင်များ၊ ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ လင်းရန်ရန်၊ ကောရိယွီ
မူလစာရေးဆရာ၊ လင်းဖန်
တရားဝင်ကြေညာချက် ဝေ့ပေါ် တွင် တက်လာသောအခါ ရေပန်းစားမှုက ချက်ချင်းဆိုသလိုပဲ မြင့်တက်သွားခဲ့ပါသည်။
၁၀,၀၀၀
၁၀၀,၀၀၀
၁သန်း
၂သန်း
၃သန်း
၄သန်း
နေ့တစ်ဝက်အတွင်းမှာပင် ရေပန်းစားမှုက ၄ သန်းအထိ တက်သွားခဲ့သည်။
ပရိတ်သတ်၏ မျှော်လင့်ချက်ကလည်း အလွန်မြင့်မားပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒရမ်မာထဲတွင် ထူးချွန်သည့် သရုပ်ဆောင်များစွာနဲ့ ဝါရင့်သရုပ်ဆောင်များ ပါဝင်နေသောကြောင့်ဖြစ်ပါသည်။
အွန်လိုင်းပေါ်မှာ မရေမတွက်နိုင်သော ကြည့်ရှုသူများစွာရှိပြီး အများစုက ရှားဝမ်ချွေ့၏ ပရိတ်သတ်များ ဖြစ်ကြပါသည်။ ၎င်းတို့က ပို၍ပင် စိတ်လှုပ်ရှားကြပြီး ဝေ့ပေါ် ပေါ်မှာ ရူးသွပ်စွာ ပရိုမိုးရှင်းဆင်းကြပါသည်။
ရှားဝမ်ချွေ့ ရုပ်ရှင်မရိုက်ခဲ့တာ တစ်နှစ်လောက်ရှိနေပါပြီ။
ရှားဝမ်ချွေ့က အချစ်ရေးဇာတ်ဝင်ခန်းမရိုက်တတ်ဘူးဟု ပြောကြသည့် ဆန့်ကျင်ဖက် ပရိသတ်များစွာလည်း ရှိသည်။ ထို့အပြင် ထိုလူများက ရှားဝမ်ချွေ့ ထုတ်ပယ်ခံလိုက်ရသည်ဟူသော ကောလဟာလများပင် လွှင့်ခဲ့ကြသည်။
သို့သော်လည်း ဒီနေ့တော့ ဝေ့ပေါ် မှာ တရားဝင်ကြေညာခဲ့ပါပြီ။
ဘဝရဲ့ပျော်ရွှင်မှုအတွက် ရိုက်ကူးရေးစတင်ပြီ။
ထို့အပြင် ရိုက်ကူးနေတာလည်း တစ်လလောက်ကြာနေပါပြီ။
ဒီဒရမ်မာက ရှားဝမ်ချွေ့အတွက် ၁ နှစ်လောက် အနားယူပြီး ပထမဆုံး ရုပ်ရှင် ဖြစ်ပါသည်။
ရှားဝမ်ချွေ့မှာလည်း ဇာတ်ညွှန်းအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိတာကို ပရိတ်သတ်က သိပါသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ပရိတ်သတ်များက ဒီရှိုးကို ပို၍ပင် သဘောကျလာပါသည်။
ဘဝရဲ့ပျော်ရွှင်မှု တရားဝင်ကြေညာချက်ကြောင့် အင်တာနက် တစ်ခွင်လုံး ပွက်လောရိုက်သွားပါသည်။
ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်ပြီး ဒီဒရမ်မာက သူမ အချစ်ရေးဇာတ်ဝင်ခန်း ပထမဆုံး ရိုက်ကူးမည့် ဒရမ်မာလည်း ဖြစ်တာကြောင့်ဖြစ်ပါသည်။
"အား ချွေ့ချွေ့နောက်ဆုံးတော့ ကြေညာလိုက်ပြီ။ အားလုံးပဲ ကျေးဇူးပြုပြီး ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံ ဒရမ်မာကို အာရုံပိုစိုက်ပေးကြပါ"
"ချွေ့ချွေ့က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး အချစ်ရေးဇာတ်ဝင်ခန်းရိုက်တော့မှာ။ သေချာပေါက် ဒီဒရမ်မာကို အဝကြည့်မှာ။ ချွေ့ချွေ့က အရမ်းလှတာပဲ။"
"ရှားဝမ်ချွေ့ ချစ်တယ် ချစ်တယ်။"
"ဝိုး ဒီဒရမ်မာာက သေချာပေါက် ရေပန်းစားလာမှာပဲ။ သေချာပေါက် အဝကြည့်မယ်ကွာ။"
"တစ်နှစ်တောင် ကြာခဲ့ပြီ။ နောက်ဆုံးတော့ ကြည့်စရာ ဒရမ်မာရှိလာပြီပေါ့။ ဘယ်တော့ ထွက်မှာလဲ သိတဲ့လူရှိလား။"
ဝေ့ပေါ် ပေါ်က ဆွေးနွေးမှုများက အစသာ ရှိပါသေးသည်။
ပရိတ်သတ်များထဲက နိုးကြားသည့် အဖွဲ့ဝင်များမှာ တစ်ခုခုကို သတိထားမိသွားကြသည်။
ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်တာကိုတောာ့ သံသယဖြစ်စရာမလိုပါ။
ရှုယန်က ယွဲ့ဟွာမှာ နံပါတ်တစ် အမျိုးသားသရုပ်ဆောင်ဖြစ်ကြောင်း ပရိတ်သတ်အားလုံး သိကြပါသည်။ ဒရမ်မာများစွာတွင် ရှုယန်က ခေါင်းဆောင်မင်းသား ဖြစ်ပါသည်။
သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှုမှာတော့ ရှုယန်က ခေါင်းဆောင်မင်းသား မဟုတ်ပါ။
ခေါင်းဆောင်မင်းသားက လင်းဖန် တစ်ခါမှ ရုပ်ရှင်မရိုက်ဖူးတဲ့ အနုပညာလောကရဲ့ လူသစ် လင်းဖန် ဖြစ်ပါသည်။
ဒီဒရမ်မာတွင် လင်းဖန် ခေါင်းဆောင်မင်းသားဖြစ်လာသည့် သတင်းက ချက်ချင်းပဲ အင်တာနက်ပေါ်မှာ ပွက်လောရိုက် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
"လခွမ်း မင်းတို့တွေ သတိထားမိကြလား။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ခေါင်းဆောင်မင်းသားက လင်းဖန်တဲ့။"
"ငါ လင်းဖန်ကို သိတယ်။ သူက အရသာရှိတဲ့ အစားအစာတွေ ချက်ပေးတဲ့ စားသောက်ဆိုင်ပိုင်ရှင်ပဲ။ သူက ရှားဝမ်ချွေ့ရဲ့ အထက်တန်း အခန်းဖော်လည်း ဟုတ်တယ်။ သူအရမ်းချောတာပဲလို့ ကြားမိတယ်။"
"ဒီရှိုးအတွက် ဇာတ်ညွှန်းကိုလည်း လင်းဖန်ပဲ ရေးထားတာပဲ။ မဟုတ်မှလွဲရော ဟင်းချက်ကောင်းတာအပြင် ဇာတ်ညွှန်းပါ ရေးတတ်တာလား။ လခွမ်း အဲ့ဒီလင်းဖန်က အရမ်းတော်တာပဲ။"
"လင်းဖန်ရဲ့ စားသောက်ဆိုင် ဘာလို့ မဖွင့်တာလဲလို့ တွေးနေတာ။ သူက ရုပ်ရှင်သွားရိုက်တာကိုး။ သူတို့ ရိုက်မယ့် အချစ်ရေးဇာတ်ဝင်ခန်းတွေက အရမ်းချိုမြိန်မှာပဲ။ ငါတော့ မျှော်နေပြီ။"
"မတရားလိုက်တာ။ လင်းဖန်က လူသစ်တစ်ယောက် မဟုတ်ဘူးလား။ သူက ဒီဒရမ်မာထဲမှာ ဘာလို့ ခေါင်းဆောင်မင်းသား ဖြစ်လာခွင့် ရှိတာလဲ။ ခေါင်းဆောင်မင်းသားက ရှုယန် ဖြစ်သင့်တာလေ။"
"လင်းဖန်က သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ခေါင်းဆောင်မင်းသား ဖြစ်နိုင်ပါ့မလား။ သူ ပေကျင်း ရုပ်ရှင် အကယ်ဒမီက ဘွဲ့ရထားတယ်လို့တော့ မထင်ဘူးနော်။"
တစ်ချိန်တည်းမှာပဲ လင်းဖန်အပေါ် မကောင်းမြင်သည့် ကွန်းမန့်များလည်း အင်တာနက်ပေါ်မှာ ပေါ်လာခဲ့ပါသည်။
အကောင်းမြင်သည့် ကွန်းမန့်များကော အဆိုးမြင်သည့် ကွန်းမန့်များကော ရှိနေသည်။
အဆိုးမြင်သည့် ကွန်းမန့်များက အကောင်းမြင်သည့် ကွန်းမန့်များထက် ပိုများနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီဒရမ်မာထဲမှာ အစွမ်းအစရှိသော သရုပ်ဆောင်များစွာရှိနေပါသည်။လင်းဖန်ကလူသစ်သာဖြစ်ပြီး ဒီဒရမ်မာအတွက် လုံးဝ အဆင့်မမှီသည့်ပုံပေါက်နေပါသည်။
ဝေ့ပေါ် ပေါ်တွင် လင်းဖန်ကို သံသယဖြစ်နေကြသူ များစွာရှိပါသည်။။
ဒါက သာမန်သာဖြစ်သည်။ လင်းဖန်ကို မဆိုဦးနဲ့။ ရေပန်းစားသည့် ကောင်လေးတစ်ယောက် ဖြစ်နေရင်တောင် သရုပ်ဆောင်စွမ်းရည် ကောင်းကောင်းမရှိပါက အွန်လိုင်းပေါ်မှာ ဆိုးဆိုးရွားရွား ဝေဖန်ခံရပါလိမ့်မည်။
ယွဲ့ဟွာတွင် ပြိုင်ဘက်များစွာရှိ၏။ ၎င်းတို့၏ ပြိုင်ဘက်များက ဒီအခွင့်အရေးကိုယူပြီး ဘဝရဲ့ပျော်ရွှင်မှုကို တိုက်ခိုက်ကြလိမ့်မည်။ သူတို့ ဒီဒရမ်မာကို မထုတ်လွှင့်နိုင်ခင်မှာပင် အောက်ဆုံးထိ ရောက်အောင် နာမည်ဖျက်ကြလိမ့်မည်။
ဝေ့ပေါ် ပေါ်က ကွန်းမန့်အများစုကို အလျှင်အမြန် မားကတ်တင်း အကောင့်များက ဦးဆောင်သွားကြသည်။
"လင်းဖန်က တကယ်ကြီး ခေါင်းဆောင်မင်းသား လုပ်နိုင်လို့လား။ ဒီရှိုး ပျက်စီးမသွားနိုင်ဘူးလား။"
"လင်းဖန်က ပေကျင်းရုပ်ရှင်တက္ကသိုလ်က ဘွဲ့ရထားတာမှမဟုတ်တာ။ သူ့လို စားသောက်ဆိုင်ပိုင်ရှင်က ဘာလို့ခေါင်းဆောင်မင်းသား လုပ်နိုင်မှာလဲ။"
"ခေါင်းဆောင်မင်းသားကို ပြောင်းရင်ပြောင်း မပြောင်းရင် မကြည့်တော့ဘူး။"
"မင်းတို့ကောင်တွေ နည်းနည်းျလာက် အသိတရားရှိပါဦးလား။ အနည်းဆုံးတော့ ဘာမှမပြောခင် ဒရမ်မာကို အရင်ကြည့်ပါဦးဟ။"
ကွန်းမန့်များ တိုးဝင်လာသောအခါ ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ့်တစ်ခုက မရေမတွက်နိုင်သော ပရိတ်သတ်များစွာကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။
ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်တွင်... စကားလုံး ၅ လုံးတည်းသာ ရှိပါသည်။
ထိုစကားလုံး ၅ လုံးကြောင့် ပရိတ်သတ်များ၏ သံသယအားလုံး ပျက်ပြယ်သွားရသည်။
"သူလုပ်နိုင်ပါတယ်"