အခန်း(၈၃) ရှားဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်း
Vol. 6 Ch. 83
အခန်း(၈၃) ရှားဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်း
ကမ္ဘာကြီးထဲက အရာအားလုံး ရပ်တန့်သွားပါသည်။
ဒီဇာတ်ဝင်ခန်းက ဗီဒီယိုကင်မရာထဲတွင် ထာဝရ ပုံသေဖြစ်သွားတော့မည်။
အထိအတွေ့က အေးစက်ပြီး နူးညံ့သည်။ ချိုမြိန်ပြီး ပျော်ဖို့ကောင်းသည်။
သူမ၏ ခါးလေးကို နူးညံ့စွာ ဖက်လိုက်ပြီး နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လိုက်ပါသည်။
လင်းဖန် ကမ္ဘာကြီးထဲက အရာရာကို မေ့သွားပါပြီ။
သူမြင်နိုင်တာဆိုလို့ သူ့ရှေ့က ကောင်မလေးသာ ရှိသည်။
သရုပ်ဆောင်တာဖြစ်သော်လည်း လင်းဖန်က လက်တွေ့ဘဝလို သတ်မှတ်ထားသည်။
လင်းဖန်ဆီ ပြေးလာချင်သော ကောင်မလေးများစွာရှိပါသည်။ သို့သော်လည်း လင်းဖန်ကတော့ ဘယ်ကောင်မလေးကိုမှ အခွင့်အရေး မယူခဲ့ပါ။ သူလည်း သူ့ပထမဆုံးအနမ်းကို သူသဘောအကျဆုံးလူကိုသာ ပေးချင်ပါသည်။
လင်းဖန်က နောက်ဘာဆက်ဖြစ်မလဲ မေ့ပျောက်နေပါပြီ။
သူ့ပွေ့ဖက်မှုထဲက ကောင်မလေးကိုသာ ခံစားမိသည်။
ထို့နောက် လင်းဖန်က ရှားဝမ်ချွေ့၏ နှုတ်ခမ်းကို ဖြည်းညှင်းစွာ လွှတ်လိုက်ပါသည်။ မျက်နှာလေး နီရဲနေသည့် သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် ဇာတ်လမ်းကို ပြီးအောင် သရုပ်ဆောင်လိုက်ပါသည်။
ထိုဇာတ်ဝင်ခန်းကို မြင်သည့်လူတိုင်း နှလုံးသား အရည်ပျော်သွားကြသည်။
စုရှောင်းယွီက ငှက်ပျောသီးကို လျက်နေပြီး မျက်ရည်များဝဲကာ မနာလိုဖြစ်နေမိပါသည်။
ဒီလို အချစ်ရေးက... ပျော်ဖို့ကောင်းတာပဲ။
သူမမှာသာ ဒီလို အချစ်ရေးမျိုးရှိပါက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ။
ရှုယန်က ပြုံးလိုက်ပါသည်။
ဇာတ်ဝင်ခန်းကို တကယ်ကောင်းမွန်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။
ဘာကြောင့်မှန်းမသိ သူခါးသီးသလို ခံစားရရုံသာ ရှိပါသည်။
သူ ဒီနေ့ည ဘာမှစားနိုင်မှာ မဟုတ်တော့ပါ။ ဒါရိုက်တာလုပမ်ခိုင်း၊ ပရိုဂျူဆာလျို့မူနှင့် သရုပ်ဆောင်အားလုံး လှပသည့် ဒီဇာတ်ဝင်ခန်းထဲ နစ်မြောသွားကြပါသည်။
လင်းဖန်၏ မျက်လုံးများက အလွန်စစ်မှန်သည်။ သူက သူသဘောကျသည့် မိန်းကလေးနဲ့ ခွဲခွာရမှာ တွန့်ဆုတ်နေပြီး အဆုံးမဲ့အချစ်များဖြင့် ပြည့်နှက်နေသည်။ ရှားဝမ်ချွေ့က သူမရှေ့က မြင်ကွင်းကို တန်ဖိုးထားသည်။ သူမ ချစ်သည့် ယောက်ျားလေးကို အဝေးသို့ လိုက်ပို့နေပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒီဇာတ်ဝင်ခန်းကို အဆုံးစွန်ထိရောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်မှုကို ဘယ်သူမှ မဖိနှိပ်နိုင်တော့ပါ။
သူတို့ အချစ်ရေးက စစ်မှန်ပြီး နှလုံးသားများကလည်း ရှင်းလင်းကြသည်။ တစ်ယောက်ကို တစ်ယောက်ချစ်ကြသည့် လူနှစ်ယောက်ကသာ ဒီလို အာနိသင်မျိုး ထုတ်လွှတ်နိုင်မည် ဖြစ်ပါသည်။
အားလုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးချင်သွားကြသည်။
သူတို့ သရုပ်ဆောင်စွမ်းရည်များက ပြီးပြည့်စုံလွန်းပါသည်။
မိန်းကလေးများစွာ၏ မျက်လုံးများက ဒါကိုမြင်သောအခါ နီရဲသွားကြပါသည်။
မိန်ကလေးအငယ်တချို့ဆို ငိုတောင် ငိုနေပါပြီ။
အကြင်နာပေးခန်းကိုတော့ သူတို့ မေ့ကုန်ကြလေပြီ။
သူတို့ မြင်ခဲ့တာက အကြင်နာပေးခန်းသက်သက် မဟုတ်ဘဲ စစ်မှန်သည့် ချစ်သူနှစ်ယောက် ဖြစ်ပါသည်။
သူတို့လက်တွဲကာ အတူတူ ကြီးပြင်းသွားကြမည်။
ဒီစကားက ချစ်သူများကို ဖော်ပြဖို့သုံးလေ့မရှိသော်လည်း သူတို့ရှေ့က အခြေအနေကို ဖော်ပြနိုင်ပါသည်။
ဒါက အကောင်းဆုံး ဇာတ်ဝင်ခန်း ဖြစ်လောက်သည်။
ဒါရိုက်တာက ရိုက်ကူးရေးပြီးမှ အသိစိတ်ပြန်ဝင်လာပါသည်။
အားလုံးလက်ခုပ်တီးလိုက်ကြသည်။
ဒီဇာတ်ဝင်ခန်းကို ရိုက်ပြီးသွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ ရိုက်ကူးရေး အောင်မြင်သွားပြီဟူသည့် သဘောဖြစ်ပါသည်။
ရိုက်ကူးရေး အစဥ်တိုင်းက ရုပ်သံဒရမ်မာ ထုတ်လွှင့်သည့် အစဥ်တိုင်းနဲ့ မတူပါ။ နောက်ပိုင်းမှ ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်ရပါမည်။
ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး နောက်ဆုံးတော့ ပြီးသွားပါပြီ။
အမျိုးသား သရုပ်ဆောင်များစွာက ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်း ရိုက်ချင်ကြသည်။ သို့သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဇာတ်ဝင်ခန်းကို မြင်လိုက်ကြသောအခါ သူတို့ ရှက်ရွံ့သွားကြပါသည်။
သူတို့က လင်းဖန်လို မဟုတ်ပါ။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်က ပြီးပြည့်စုံလွန်းသည်။
အကြင်နာပေးခန်းက အခု ရှိနေသော လူတိုင်းအတွက် ပို၍ပင် ချိုမြိန်နေပါသေးသည်။
ဒီလိုအကြင်နာပေးခန်းမျိုးကိုသာ တကယ် ထုတ်လွှင့်နိုင်ပါက ဘယ်လောက်တောင် ပွက်လောရိုက်သွားမလဲ မပြောနိုင်ပါ။
ရှားဝမ်ချွေ့၏ ပထမဆုံးအနမ်းကို လင်းဖန်အား ပေးလိုက်လေပြီ။
လင်းဖန်၏ ပထမဆုံးအနမ်းကိုလည်း ရှားဝမ်ချွေ့အား ပေးလိုက်လေပြီ။
သူတို့နှစ်ယောက်အကြားက အကြင်နာပေးခန်းမှာ သိပ်မကျွမ်းကျင်ဘဲ အနည်းငယ် ခြားနားနေသလိုတောင် ဖြစ်နေပါသည်။
သို့သော်လည်း ဒါက ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီး ခံစားရမည့် ခံစားချက်များအပေါ် သက်ရောက်မှု မရှိစေပါ။
ထို့ကြောင့်လည်း သူတို့နှစ်ယောက်အကြားက အကြင်နာပေးခန်းကြောင့်ပဲ ဒီဒရမ်မာက ပိုပြီး ပြီးပြည့်စုံလာမှာ ဖြစ်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုတွင် ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့က အစကတည်းက ချစ်ကြိုက်နေကြတာ မဟုတ်ပါ။ သူတို့က အကြင်နာပေးခန်းများနဲ့ မရင်းနှီးကြပါ။ သို့သော်လည်း လူတွေကို ဒီဇာတ်လမ်း၏ စစ်မှန်မှုကို ပိုပြီး ခံစားမိစေသည်။
ရိုက်ကူးရေးပြီးသောအခါ လင်းဖန်က သူမကို ထပ်နမ်းချင်သေးသော်လည်း ဇာတ်လမ်းက ခွင့်မပြုပါ။
လခွမ်း။ သူ ဆယ်ခါလောက် လွဲပစ်ဦးမယ်လို့ ပြောခဲ့တာကို တစ်ခါပဲ နမ်းလို့ရခဲ့တယ်။
"ဒါရိုက်တာ ဇာတ်ဝင်ခန်းကို ပြန်ကြည့်လိုက်ပါဦး။ ပြန်ရိုက်ချင်သေးလား။ ကျွန်တော်တော့ တစ်ခုခု လိုနေသလို ခံစားရတယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ရပါတယ်။ မင်းတို့တွေ ဒီဇာတ်ဝင်ခန်းကို လုံးဝ ပြီးပြည့်စုံအောင် ရိုက်နိုင်ခဲ့တယ်။" လုပမ်ခိုင်းက လင်းဖန်ကို လက်မထောင်ပြလိုက်ပါသည်။
"ငါလည်း အဲ့လိုပဲထင်တယ်" လျို့မူကလည်း ခေါင်းငြိမ့်လိုက်သည်။
"အရူးကောင်လင်းဖန် ဒါရိုက်တာက တစ်ခေါက်ရိုက်ရင် အဆင်ပြေပြီလို့ ပြောနေတာာကို နင်က ထပ်ရိုက်ချင်သေးလို့လား။" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ရင်း နူးညံ့စွာ ပြောလိုက်ပါသည်။
သူမ၏ နှုတ်ခမ်းနီနီလေးများက နူးညံ့ပျော့ပြောင်းလွန်းသဖြင့် လင်းဖန် ထပ်နမ်းချင်နေပါသေးသည်။
သို့သော်လည်း ရိုက်ကူးရေးက ပြီးသွားပါပြီ။။ သူတို့ ထပ်မနမ်းနိုင်တော့ပါ။
သူသာ ထပ်နမ်းလိုက်လျှင်... လူရှေ့သူရှေ့ မသင့်တော်ဘဲ အင်တာနက်တခွင်လည်း ရေပန်းစားသွားပါလိမ့်မည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ရင်း အနည်းငယ် စိတ်ဆိုးနေပါသည်။ သူမ လူတွေကို ဒီလို ဆွဲဆောင်လို့ မဖြစ်ပါ။
နောက်တစ်ခေါက် ရှားဝမ်ချွေ့ကို အိမ်ခေါ်သွားပြီး သူ့ရဲ့ စိတ်ကို ရှားဝမ်ချွေ့ ဒီလိုစိန်ခေါ်ရဲပါက သူဆက်ပြီးသည်းခံမှာ မဟုတ်ော့ပါ။ သူမကို လူသားဆန်အောင် သင်ပေးလိုက်မည်။
"နင်ဘယ်လောက်ပဲ ရိုက်ချင်ချင် ခွင့်မပြုဘူး။"
"ဟွန်း ညစာစားဖို့ အချိန်ကျပြီ" ရှားဝမ်ချွေ့က လင်းဖန်၏ မျက်နှာကိုကြည့်ကာ ပြုံးလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမနဲ့ လင်းဖန်တို့က နီးစပ်သော ဆက်ဆံရေးမျိုး မရှိသေးပါ။ သူတို့ ဒရမ်မာထဲမှာ ဘယ်နှခါပဲ နမ်းနမ်း လက်တွေ့မှာ နမ်းဖို့ကတော့ မဖြစ်နိုင်ပါ။
ရှားဝမ်ချွေ့က အလွန်ဉာဏ်ကောင်းသည်။ လင်းဖန် ထပ်နမ်းချင်သေးတာ သူမ သိပါသည်။ ထို့ကြောင့်လည်း သူမ ပျော်မိပါသည်။
လင်းဖန်မှာ သူမအတွက် ခံစားချက်တွေ ရှိနေတယ်ပေါ့...။
ရှားဝမ်ချွေ့က ရင်ထဲမှာ အလွန်ပျော်နေသော်လည်း အပြင်ပိုင်းမှာတော့ ထုတ်မပြခဲ့ပါ။ မိန်းကလေးများက ထိန်းထိန်းသိမ်းသိမ်း နေရမည်။ သူမကို သူ နမ်းချင်ရင်တောင် လူအများကြီး ရှေ့မှာတော့ လုပ်လို့မဖြစ်ပါ။
လင်းဖန်ခုနက လေးလေးနက်နက် သရုပ်ဆောင်ခဲ့တာ သူမ အပြစ်လား။ သူ စကားတစ်ခွန်းလောက် မှားပြောလိုက်ရင် ထပ်ပြီး သရုပ်ဆောင်လို့ ရပါသေးသည်။
"ငါနောင်တရတယ်" လင်းဖန် ခေါင်းခါလိုက်ပါသည်။ သူ ဆယ်ခါလောက် ပြန်ရိုက်မည်ဟု ပြောခဲ့သော်လည်း မလုပ်နိုင်ခဲ့ပါ။
လင်းဖန်က ရှားဝမ်ချွေ့ကို ဦးနှောက်မဲ့စွာ အခွင့်ကောင်း ယူတတ်သည့် လူမျိုး မဟုတ်ပါ။ သူက အပြင်ပိုင်းမှာ ဒီလိုပြောသော်လည်း တကယ်လုပ်မှာမဟုတ်ပေ။
သူ ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်း ရိုက်နေတုန်း ရိုင်းပျစွာဖြင့် လျှာကို အသုံးပြုမှာ မဟုတ်ပေ။
လင်းဖန်က လုပ်ချင်သော်လည်း လုပ်လို့မရပါ။
ထို့ကြောင့်လည်း ရှားဝမ်ချွေ့က လင်းဖန်ကို သဘောကျခြင်းဖြစ်ပါသည်။
လင်းဖန်က တခြားသူတွေနဲ့ ခြားနားသည်။ သူနဲ့ စကားပြောရသောအခါ အလွန်ပျော်ရွှင်ပါသည်။
"ထင်တဲ့အတိုင်းပဲ ရှိုးတွေထဲက ခံစားချက်တွေက အကုန် အတုတွေချည်းပဲကိုး။ လက်တွေ့ဘဝမှာ ခံစားချက်ရှိတာ ပိုကောင်းတယ်။" လင်းဖန်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူကြုံတွေ့ခဲ့ရတာကို ပြန်စဥ်းစားလိုက်သည်။
သူ ရှုယန်နဲ့ အကြင်နာပေးခန်းအကြောင်း ဆက်ဆွေးနွေးချင်သေးသော်လည်း ရှုယန်ကို ရှာမရတော့ပါ။ ရှုယန်တစ်ယောက် ဘယ်ရောက်သွားလဲ မသိတော့ပေ။
ထို့နောက် လင်းဖန်က ဒါရိုက်တာလုပမ်ခိုင်းဆီကို သွားပြီး ဇာတ်ဝင်ခန်းကို သွားကြည့်လိုက်ပါသည်။
ကြည့်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ထပ်ပြီး အံ့သြသွားရပြန်သည်။
"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းမိုက်တာပဲ။ အကြင်နာပေးခန်းကလည်း အရမ်းနွေးထွေးတယ်။ ငါတို့ တကယ်မယှဥ်နိုင်ဘူး။"
"ဒီဒရမ်မာကို ထုတ်လွှင့်တာနဲ့ သေချာပေါက် အင်တာနက်ပေါ်မှာ ရေပန်းစားလာမှာပဲ။ လင်းဖန်ရဲ့ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်တွေက သေချာပေါက် သူ့ကို အင်တာနက်ပေါ်မှာ တိုက်ခိုက်နေတဲ့လူတွေကို ချေပနိုင်မှာပဲ။"
"လခွမ်း... လင်းဖန်ဘာလို့ ဒီလောက်တောင် သရုပ်ဆောင် ကောင်းရတာလဲကွာ။ ငါနည်းနည်း မနာလိုတောင်ဖြစ်လာပြီ။ ငါလည်း နတ်သမီးလေးရဲ့ ပထမဆုံးအနမ်းကို လိုချင်တာပေါ့။"
သူ့ဘေးပတ်လည်က လူတိုင်း၏ စကားကို နားထောင်ရင်း လင်းဖန် ပြုံးလိုက်ပါသည်။
ရုပ်ရှင်ရိုက်ကူးနေတာ ဖြစ်သော်လည်း သူ ရှားဝမ်ချွေ့၏ ပထမဆုံးအနမ်းကို ယူနိုင်ခဲ့ပါသည်။
ရုတ်တရက် သူ့မျက်နှာကိုတောင် မသစ်ချင်တော့ပါ။