အခန်း (၁၆၅) - မကောင်းဆိုးရွားဘူးသီး ဖျက်ဆီးခြင်း
Vol. 11 Ch. 165
အခန်း (၁၆၅) - မကောင်းဆိုးရွားဘူးသီး ဖျက်ဆီးခြင်း
လေလံရုံထဲက ဗွီအိုင်ပီအခန်းမှာ ယဲ့ရှောင်ချန်း ခန့်မှန်းထားသည်နှင့် ခြားနားနေပါသည်။
ခန်းမကြီးတစ်ခု မဟုတ်ဘဲ အစည်းအဝေးခန်းတစ်ခုနှင့်တူညီသည့် ဇိမ်ခံအခန်းတစ်ခု ဖြစ်နေပါသည်။
စားပွဲများ ထိုင်ခုံများ အတန်းလိုက်ရှိနေပြီး လူများစွာက ထိုင်နေကြသည်။
အခန်းအလယ်တွင် ဖန်နှင့် သံမဏိနှင့် ပြုလုပ်ထားသည့် စားပွဲဝိုင်းတစ်ခုနှင့် နီညိုရောင် ထိုင်ခုံတစ်လုံး ရှိနေပါသည်။
ဝမ်ရွှေရှန့်ရောက်လာသောအခါ ရှိနေသည့် လူများစွာက သူ့ကို နှုတ်ဆက်လိုက်ကြသည်။
"အစ်ကိုကြီးဝမ် ခင်ဗျားတစ်ယောက်တည်းပဲ ကျန်တော့တာ။ နောက်ကျတယ်နော်။"
"မစ္စတာဖန်းကိုတောင် ဖိတ်ကြားလာတာပဲ။ ကြည့်ရတာ မှော်လက်နက်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်ထင်တယ်။"
"အစ်ကိုကြီးဝမ် ဘေးက ကောင်လေးက ဘယ်သူလဲ။ ဘာလို့ ဒီခေါ်လာတာလဲ။"
ဝမ်ရွှေရှန့်ကို နှုတ်ဆက်နေသည့် လူများကလည်း သာမန်လူများမဟုတ်ကြပါ။ ၎င်းတို့၏ ငွေကြေးအင်အားနှင့် နာမည်တို့က ဝမ်ရွှေရှန့်နှင့် သိပ်မကွာလှပေ။ နေရာပေါင်းစုံမှ ထိပ်တန်းများ ဖြစ်ကြပါသည်။
"ဟားဟား ခင်ဗျားတို့တွေ ယန်မြို့တော်က ထိပ်တန်း ရုက္ခဗေဒ ပညာရှင် ယဲ့ရှောင်ချန်း ဆိုတာ ကြားဖူးကြလား။"
ဝမ်ရွှေရှန့်က ပြုံးကာ ပြောလိုက်ပါသည်။
"သြော် သူက ယဲ့ရှောင်ချန်းကိုး။ ယဲ့ရှောင်ချန်းက ငယ်ငယ်ရွယ်ရွယ် ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက်လို့ ကြားထားပေမယ့် ကောလဟာလပဲ ထင်ထားတာ။ တကယ်ဖြစ်နေမယ် ထင်မထားဘူး။"
ထိုသို့ ပြောလိုက်သည့်လူက အသားမည်းမည်း၊ ကြံ့ကြံ့ခိုင်ခိုင် ယောက်ျားတစ်ဦး ဖြစ်ပါသည်။ သူက ယဲ့ရှောင်ချန်းကို အံ့အားသင့်စွာကြည့်လိုက်ပြီး ချက်ချင်း လက်ခုပ်တီးကာ ပြောလိုက်သည်။ "မစ္စတာယဲ့ ကျုပ်က ထန်မြို့တော်က တုန်းဟိုက်ထုံပါ။ ကျုပ်အမြင်ကျဥ်းမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် မစ္စတာယဲ့ကကော ဒီမှော်လက်နက်ငယ်လေးကို စိတ်ဝင်စားနေတာလား။"
"ဟားဟား စိတ်ဝင်စားရင်တောင် မတတ်နိုင်ပါဘူးဗျာ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ဒီလိုအခြေအနေမျိုးတွင် အသုံးပြုသည့် မှော်လက်နက်မျိုးမှာ အလွန် စျေးကြီးပါသည်။ မီလီယံချီ သို့မဟုတ် မီလီယံ ဆယ်နဲ့ချီပြီး ကုန်ကျနိုင်သည်။
အခြားသူများကလည်း ယဲ့ရှောင်ချန်းကို အလွန်စိတ်ဝင်စားကြပြီး ယဲ့ရှောင်ချန်းကို နှုတ်ဆက်လိုက်ကြပါသည်။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက လတ်တလော နာမည်ရနေသူဖြစ်သဖြင့် လူများစွာက သူ့အကြောင်း အလွန် သိချင်ကြပါသည်။
ရုတ်တရက် သူ့ရှေ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူတစ်ယောက်က ကဲ့ရဲ့လိုက်သည်။ "ယဲ့ရှောင်ချန်းက နာမည်ကျော် ရုက္ခဗေဒ ပညာရှင်ကြီးလို့ လူတိုင်းက ပြောနနေပေမယ့် ငါကတော့ သာမန်လို့ပဲထင်တယ်။ ဒီလိုဂုဏ်မျိုးနဲ့ ထိုက်တန်ရအောင် မင်းဘယ်လို အောင်မြင်မှုတွေရခဲ့လို့လဲမသိဘူး။"
ထိုလူ စကားပြောလိုက်သည်နှင့် ထိုနေရာတွင် ရှိနေသော လူအားလုံး ထိတ်လန့်သွားကြသည်။
ဝမ်ရွှေရှန့်ကလည်း ထိုလူ့ကိုကြည့်လိုက်ပြီး သွေးအေးသော လေသံဖြင့် ပြောလိုက်သည်။ "ချောင်ရှင်းဟုန် ခင်ဗျား အဲ့တာ ဘာကိုဆိုလိုတာလဲ။"
"ဘာမှမဆိုလိုပါဘူး။ ဒီတိုင်း သဘောမကျလို့ပါ။ အမွှေးတောင်မပေါက်သေးတဲ့ ကလေးတစ်ယောက်က သူ့ကိုယ်သူ ထိပ်တန်း ရုက္ခဗေဒပညာရှင်တဲ့။ အဓိပ္ပာယ်မရှိတာ။ ဘာဖြစ်လို့လဲ ဝမ်ရွှေရှန့် ငါမင်းအကြောင်း ပြောတာမှမဟုတ်တာာ။ ဘာလို့ ဒေါသထွက်နေတာလဲ။ ဧကန္တ သူက မင်းရဲ့ ဆွံ့အနားမကြား ညီမကို သဘောကျနေလို့ မဟုတ်ပါဘူးနော်။"
ချောင်ရှင်းဟုန်ဆိုသည့် ထိုလူမှာ ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိပြီး ရွှေလည်ဆွဲကြီးကို ဝတ်ဆင်ထားကာ ဂိုဏ်းခေါင်းဆောင်ကြီး တစ်ယောက်လို ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူ့စကားများက အလွန်ကြမ်းတမ်းပြီး ဝမ်ရွှေရှန့်ကို ဘာမှ ယဥ်ကျေးမပြပါ။
"ချောင်ရှင်းဟုန် မင်းစကားကို ကြည့်ပြောစမ်း။"
ဝမ်ရွှေရှန့်က စားပွဲကို ထုရိုက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာက အေးစက်နေ၏။
သူတို့နှစ်ယောက် ရန်ဖြစ်လုနီးပါး ဖြစ်သွားကြသည်။
ထိုနေရာတွင် ရှိနေကြသူတိုင်းက ချောင်းရှင်းဟုန်နှင့် ဝမ်ရွှေရှန့်တို့မှာ ယန်မြို့တော်က အချမ်းသာဆုံးလူ သုံးယောက်ထဲမှ နှစ်ယောက်ဖြစ်သည်ကို သိကြသည်။ သို့သော်လည်း သူတို့နှစ်ဦးအကြား အငြှိုးများ ရှိကြပြီး မီးနှင့်ရေလိုဖြစ်ကြ၏။ သူတို့နှစ်ဦး တွေ့ကြတိုင်း ယမ်းနံ့ပြင်းပြင်း ရနိုင်ပါသည်။
ယဲ့ရှောင်ချန်း၏ မျက်လုံးများလည်း အေးစက်သွား၏။ ဒီချောင်ရှင်းဟုန်ဆိုသည့် လူကို သူတစ်ခါမှလည်း မတိုက်ခိုက်ဖူးပါလား။
"နှစ်ယောက်စလုံး တော်ကြပါတော့။ ဒါက လေလံရုံတစ်ခုဖြစ်ပြီး ခဏနေရင် လေလံပွဲ စတင်တော့မှာ။ မင်းတို့နှစ်ယောက်အကြား ဆက်ဆံရေးကို မပျက်စီးစေပါနဲ့။"
တုတ်ကောက်ကြီးနှင့် ဆံပင်ငွေရောင် အဘိုးအိုတစ်ဦး ဝင်လာသည်။
ရန်ဖြစ်တော့မလို ဖြစ်နေကြသည့် ဝမ်ရွှေရှန့်နှင့် ချောင်ရှင်းဟုန်တို့နှစ်ယောက်စလုံး ချက်ချင်း ထိုင်လိုက်ကြသည်။ ထိုအဘိုးကြီး၏ အဆင့်အတန်းမှာ သာမန်မဟုတ်သည်မှာ သိသာသည်။ သူတို့နှစ်ယောက် အဘိုးကြီးကို ကြောက်ရွံ့ကြ၏။
မကြာမီ နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး တီးတိုးပြောသံများသာ ကြားရသည်။
ဝမ်ရွှေရှန့်က ချောင်ရှင်းဟုန်အကြောင်း ယဲ့ရှောင်ချန်းကို တီးတိုး ပြောပြလိုက်သသည်။
နောက်ဆုံးတော့ ချောင်ရှင်းဟုန်ကို သူ ဘယ်လို ထိခိုက်စေခဲ့ဖူးမှန်း ယဲ့ရှောင်ချန်း နားလည်သွားပါသည်။ ဖြစ်ချင်တော့ ပညာရှင်အသင်း ဆန်းစစ်လေ့လာ ခရီးစဥ်ကြောင့် ဖြစ်နေသည်။ ချောင်ရှင်းဟုန်၏ ရှင်းကျန် ကော်ပိုရေးရှင်းက အစပိုင်း လေ့လာခံရမည့် စာရင်းထဲ ပါဝင်သော်လည်း ယဲ့ရှောင်ချန်းကြောင့် ပညာရှင်အသင်းက ဖယ်ရှားပြစ်ခဲ့ပြီး အရန်စာရင်းထဲပင် မထည့်ခဲ့ပါ။
ချောင်ရှင်းဟုန်က ထိုအကြောင်းအရင်းကို သိလိုက်ရသောအခါ သူက ယဲ့ရှောင်ချန်းကို တိတ်တဆိတ် မုန်းတီးခဲ့ပါသည်။ ယဲ့ရှောင်ချန်းက ပြဿနာအားလုံး၏ တရားခံဖြစ်သည်။
ထို့အပြင် သူနှင့် ဝမ်ရွှေရှန့်တို့ကလည်း ရန်သူတော်ကြီးများဖြစ်ကသည်။
သူ့ကုမ္ပဏီ စာရင်းထဲမှ ထုတ်ခံလိုက်ရခြင်းမှာ ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သောကြောင့်ဟု ဝမ်ရွှေရှန့် ယုံကြည်ထားသည်။ မဟုတ်ပါက သူ့ရဲ့ ရှင်းကျန် ကော်ပိုရေးရှင်းမှာ ဘာကြောင့် လေ့လာရမည့် စာရင်းထဲက ဖယ်ထုတ်ခံရမည်နည်း။
ယဲ့ရှောင်ချန်း ဆွံ့အသွားသည်။ သူနဲ့ ဘာဆိုင်လို့လဲ။ ပညာရှင်အသင်း၏ ဆုံးဖြတ်ချက် ဖြစ်သဖြင့် ဘာမဆိုင်ညာမဆိုင် သူမုန်းတီး ခံနေရတာ မဟုတ်ဘူးလား။
"လူကြီးမင်းတို့ အခု ကျုပ်တို့ မှော်လက်နက်ငယ် လေလံပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဒီလေလံပွဲမှာ ပါဝင်ဖူးတာ ခင်ဗျားတို့အတွက် ပထမဆုံးအကြိမ် မဟုတ်လောက်ပါဘူး။ ဒီမှော်လက်နက်ငယ်တွေ စစ်မစစ်က ခင်ဗျားတို့ရဲ့ ဆန်းစစ်မှုအပေါ်မှာသာ မူတည်ပါတယ်။ အတုအယောင်တစ်ခု ရှိခဲ့ရင် ကျုပ်တို့ ကောင်းကင်ဘုံနေမင်းလေလံရုံက တာဝန်ယူမှာ မဟုတ်ပါဘူး။"
ဆံပင်ငွေရောင် အဘိုးကြီးက အလယ်ခေါင်ရှိ စားပွဲဝိုင်းကြီးထံသို့သွားကာ ထိုင်လိုက်သည်။
ဒီလိုသီးသန့် လေလံပွဲမျိုး၏ စည်းမျဥ်းများကို အားလုံး သိပြီးသားဖြစ်ပါသည်။ သီးသန့် လေလံပွဲများကို ကောင်းကင်ဘုံနေမင်းလေလံရုံ၏ လေလံရာဇဝင်တွင် မှတ်တမ်းတင်မည် မဟုတ်ပါ။ ထို့အပြင် အခွန်လည်း ပေးစရာ မလိုပေ။ ထို့ကြောင့် အခွန်မရှိသဖြင့် သာမန်အခြေအနေများထက် လေလံစျေးက ပိုနိမ့်နေတတ်သည်။
နောက်ထပ် အရေးကြီးသည့် အကြောင်းပြချက်က မှော်လက်နက်ငယ်များမှာ သာမန် ပစ္စည်းများ မဟုတ်ကြပါ။ ၎င်းတို့ကို ဆန်းစစ်ဖို့ ခက်ခဲပြီး တန်ဖိုးကြီး လေလံပွဲများ၌ လေလံတင်ရောင်းချဖို့ မသင့်တော်ပါ။
"ဒီလေလံပွဲမှာ စုစုပေါင်း မှော်လက်နက်ငယ် သုံးမျိုးရှိပါတယ်။ အခု အားလုံး ဆန်းစစ်နိုင်ဖို့အတွက် ပထမဆုံးတစ်ခုကို ထုတ်ပြပါတော့မယ်။"
ငွေရောင်ဆံပင် အဘိုးကြီးက ကန့်ကွက်မှု မရှိကြောင်း မြင်သောအခါ လက်ခုပ်တီးလိုက်သည်။ ချက်ချင်း သေတ္တာတစ်လုံး ကိုင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာပြီး စားပွဲဝိုင်းထံသို့သွားကာ သေတ္တာကို ချလိုက်ပြီး ပြန်သွားလေသည်။
ဆံပင်ငွေရောင် အဘိုးကြီးက သေတ္တာကို ဖွင့်လိုက်သောအခါ မီးခိုးရောင် ဘူးခွံခွက်တစ်ခုပေါ်လာသည်။ မီးလောင်ထားသည့် ပုံစံပင်။
"ဒါမိစ္ဆာနှင် ဘူးခွံခွက်ပါ။ နှစ် ၈၀၀ သက်တမ်းရှိတဲ့ မိုးကြိုးပစ်ချထားတဲ့ ဇီးသစ်သားနဲ့ ဖန်တီးထားတယ်လို့ ဆိုပါတယ်။ အထဲမှာ မိစ္ဆာနှင် ဇီးစေ့ သုံးလုံး ပါရှိတယ်။"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက ပေတစ်ဝက်လောက် ရှိသည့် ဘူးခွံခွက်ကို ယူကာ လှုပ်ခါလိုက်သည်။ တတုတ်တုတ် မြည်သံပေါ်လာ၏။
"ကျွန်တော် ကြည့်ပါရစေ။"
ကတုံးနှင့်လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
ရှေ့ကို ထွက်လိုက်ပြီး ဘူးခွံခွက်ကို ယူလိုက်၏။ ထိုင်ခုံသို့ပြန်သွားလိုက်ပြီး သူ့ဘေးက လူများအား တီးတိုးပြောလိုက်သည်။
ငါးမိနစ်ခန့် ကြည့်ပြီးသွားသောအခါ ကတုံးပြောင် လူကြီးက နောက်ထပ် လေလံပစ်သူ တစ်ယောက်ထံသို့ လွှဲပေးလိုက်သည်။
ဒီလိုနှစ် အားလုံးအလှည့်ကျ စစ်ဆေးကြည့်လိုက်ကြသည်။
ဝမ်ရွှေရှန့် အလှည့်သို့ ရောက်လာ၏။
ဖုန်းရှစ်ဖန်က ဘူးခွံခွက်ကို တန်းယူလိုက်ပြီး နူးညံ့စွာဖြင့် စစ်ဆေးကြည့်လိုက်သည်။
"ငါ့ညီဝမ် ကြည့်စမ်း။ မိုးကြိုးပစ်ခံပြီးတဲ့နောက် ကျန်ခဲ့တဲ့ မိုးကြိုးပုံစံပဲ။ အဝါရောင်လို့ ထင်ရပေမယ့် မိုးကြိုးနဲ့ လျှပ်စစ်စွမ်းအားတွေ ပါဝင်နေတယ်။ မိစ္ဆာကို နှင်နိုင်ပြီး ချီစွမ်းအင် စုပ်ယူနိုင်တယ်။ အကောင်းဆုံး ကုန်ကြမ်းနဲ့ ပြုလုပ်ထားတယ်။ မှော်လက်နက်ငယ်လုပ်ဖို့ အကောင်းဆုံး ဝိညာဥ်ကုန်ကြမ်းလို့တောင် ပြောလို့ရတယ်။”
ဖုန်းရှစ်ဖန်က အာမခံစွာဖြင့် ပြောလိုက်ပါသည်။
နောက်ထပ် ဓာတ်မီးတစ်ခုကို ယူလိုက်ပြီး ဘူးခွံခွက်၏ အဝငယ်လေးကို ထိုးကြည့်လိုက်သည်။
"တကယ် ဇီးစေ့ သုံးလုံးရှိတယ်။ မိစ္ဆာချီတွေ အများကြီး စုပ်ယူလိုက်ပြီးတဲ့နောက်မှာ မိစ္ဆာနှင် ဇီးစေ့တွေ ဖြစ်လာကြတာပဲ။ အဲ့တာတွေကို ယင်အဆိပ် မှော်လက်နက် ဖန်တီးဖို့ အကောင်းဆုံး ကုန်ကြမ်းပဲ။”
ဖုန်းရှစ်ဖန်က ဆက်ပြောသည်။
"မစ္စတာဖန်း ဒီဇီးစေ့ သုံးလုံးက အသစ်လိုပဲနော်။ ဘယ်လို ထည့်ထားကြတာလဲ။"
ဝမ်ရွှေရှန့်လည်း ကြည့်လိုက်ပြီး သိချင်စွာဖြင့် မေးလိုက်သည်။
"ဒါအချိန်အတော်ကြာ အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတစ်ခုပဲလေ။ လောလောလတ်လတ် ခူးထားတဲ့ ဇီးသီး တစ်လုံးကို သန့်စင်ပြီး ဇီးသီးကို မထိခိုက်စေဘဲ လုံလုံလောက်လောက် သေးငယ်တဲ့ ဇီးစေ့တစ်လုံး ဖြစ်လာအောင် ပြုလုပ်လို့ရတယ်။ သန့်စင်ထားတဲ့ ဇီးစေ့တွေကို မိစ္ဆာနှင် ဘူးခွံခွက်ထဲထည့်ပြီး မိစ္ဆာချီကို စုပ်ယူလိုက်ရင် တဖြည်းဖြည်း ပြန်ကောင်းမွန်လာပြီး ဇီးသီးတွေလိုပဲ လတ်ဆတ်လာကြလိမ့်မယ်။"
ဖုန်းရှစ်ဖန်က ပြောလိုက်သည်။
"မှော်လက်နက်ငယ်တွေမှာ ဒီလောက် လှည့်ကွက်တွေများမှန်း မသိခဲ့ဘူး။"
ဝမ်ရွှေရှန့်က သက်ပြင်းချလိုက်သည်။
"ဟုတ်တာပေါ့။ ဒီမိစ္ဆာနှင် ဘူးခွံခွက်ကို ဖန်တီးရတဲ့ ခက်ခဲမှုကို သာမန်ပဲလို့တောင် ပြောလို့ရတယ်။ မှော်လက်နက်တစ်ခုရဲ့ ရှုပ်ထွေးမှုကို ရှင်းပြဖို့ ခက်ခဲတယ်။ အဖိုးမဖြတ်နိုင်ဘူးလို့တောင် ပြောလို့ရတယ်။"
ဖုန်းရှစ်ဖန်က ပြောလိုက်သည်။
"မစ္စတာဖန်း ဒီမိစ္ဆာနှင် ဘူးခွံခွက်က အစစ်လား။"
ဝမ်ရွှေရှန့်က အမြန်မေးလိုက်သည်။
"ဒီမိစ္ဆာနှင် ဘူးခွံခွက်က အစစ်ပါ။ ကုန်ကြမ်းပစ္စည်းပေါ်မှာပဲ အဓိက မူတည်တယ်။ မိုးကြိုးပစ် ဇီးသစ်သားနဲ့ ဒီဘူးခွံခွက်ထဲက ဇီးစေ့တွေက အဲ့ဒီမိုးကြိုးပစ် ဇီးပင်နဲ့ ပြုလုပ်ထားတာလား ဆိုတာကောပဲ။ ဘယ်အချက်မဆို ဒီမိစ္ဆာနှင် ဘူးခွံခွက်ရဲ့ တန်ဖိုးကို သက်ရောက်စေလိမ့်မယ်။"
ဖုန်းရှစ်ဖန်က ပြောလိုက်၏။ "ကျွန်တော့် ခန့်မှန်းချက်အရ ဒီမိစ္ဆာနှင် ဘူးခွံခွက်ရဲ့ မိုးကြိုးပစ် ဇီးသစ်သားက အနည်းဆုံး နှစ် ၅၀၀ လောက်ရှိလောက်ပြီ။ မိုးကြိုးပုံစံကို ကြည့်ခြင်းအားဖြင့် မိုးကြိုး အကြိမ်ပေါင်းများစွာ ပစ်ချခံထားရတာ။ ပြီးတော့ မိစ္ဆာနှင် ဇီးစေ့ သုံးလုံးက ခရမ်းရောင်တွေ၊ အရွယ်အစား တူတယ်။ ပြီးတော့ ထူးဆန်းတဲ့ မိုးကြိုးမျှင် ပုံစံလေးတွေလည်း ပေါ်နေတယ်။ အရေးအကြီးဆုံးကတော့ မိစ္ဆာနှင် ဇီးစေ့တွေက မိစ္ဆာနှင် ဘူးခွံခွက်နဲ့ မတူညီရင် မိစ္ဆာနှင် စွမ်းအားက အကြီးအကျယ် သက်ရောက်မှုရှိပြီး မိစ္ဆာနှင် ဇီးစေ့တွေကလည်း ခြောက်သွေ့တဲ့ ပုံစံမျိုး ပြလိမ့်မယ်။ အခုတော့ မိစ္ဆာနှင် ဇီးစေ့တွေက တောက်ပ လုံးဝန်းနေတာမို့လို့ ဒါတွေက မိစ္ဆာနှင် ဘူးခွံခွက်နဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။"
"ဒါဆို ဒီမိစ္ဆာနှင် ဘူးခွံခွက်ကို လေလံပစ်လို့ ရတယ်ပေါ့။"
ဝမ်ရွှေရှန့် မျက်လုံးများ ကျယ်သွားသည်။
"ငါ့ညီဝမ် ငါဆန်းစစ်ခဲ့ဖူးတဲ့ ပစ္စည်းတွေမှာ ပြဿနာတစ်ခုမှ မရှိဖူးပါဘူး။"
ဖုန်းရှစ်ဖန်က ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ယဲ့ရှောင်ချန်းက မိစ္ဆာနှင် ဘူးခွံခွက်ကို ဝမ်ရွှေရှန့်လက်ထဲမှ ယူလိုက်သည်။ ဘူးခွံအသားက နွေးထွေးပြီး ပူနွေးသလိုပင် ခံစားရကာ အလွန်ထူးဆန်းနေပါသည်။
အထူးသဖြင့် အထဲက ဇီးစေ့ သုံးလုံးမှာ မကြာသေးခင်ကမှ ရင့်မှည့်ထားသည့် ပုံစံပင်။
ထိုဘူးခွံခွက်၏ အဝက မကြီးပါ။ ဇီးသီးများကို အခြောက်ခံလျှင်တောင် အထဲထည့်ဖို့ မဖြစ်နိုင်ပါ။
လတ်ဆတ်သည့် ဇီးသီးများကို အလွန်သေးငယ်အောင် သန့်စင်နိုင်သည့် နည်းလမ်းက အသေးအဖွဲမဟုတ်သည့်ပုံပင်။
ရုတ်တရက် ယဲ့ရှောင်ချန်း မျက်နှာမှာ ပြောင်းလဲသွားပြီး တစ်ခုခုကို စဥ်းစားမိသွားပုံရသည်။