အခန်း (၁၅၇) - တစ်ခုခုဖြစ်ခဲ့သည်
Vol. 11 Ch. 157
အခန်း (၁၅၇) - တစ်ခုခုဖြစ်ခဲ့သည်
အင်မော်တယ် စမ်းရေ စားသောက်ဆိုင်၊ မီးဖိုချောင်တွင်။
ထိုမီးဖိုချောင်က အိမ်တစ်အိမ်ရှိ မီးဖိုချောင်လိုမဟုတ်ဘဲ မီးဖိုချောင် ဧရိယာက အလွန်ကျယ်ဝန်းသည်။
အခန်းဖွဲ့စည်းပုံဖြစ်ဖြစ်၊ အလှဆင်မှု ဖြစ်ဖြစ် အလွန်သိပ္ပံနည်းကျကာ ကျိုးကြောင်း သင့်လျော်ပြီး ကိရိယာမျိုးစုံတို့ကိုလည်း တပ်ဆင်ထားသည်။
စားဖိုမှူးများ၊ စားဖိုမှူးလက်ထောက်များနှင့် ပန်းကန်ဆေးဝန်ထမ်းများ အပါအဝင် မီးဖိုချောင် ဝန်ထမ်း ၂၀ ကျော်ပါသည်။
မာစတာ စားဖိုမှူး ၆ ယောက်ရှိပြီး တစ်ယောက်စီတွင် တပည့် သုံးလေးယောက်ရှိ၏။ အဖွဲ့တစ်ခုနှင့် ဆင်တူနေပါသည်။
နေ့တိုင်း ချက်ပြုတ်ရေး လုပ်ငန်းစဥ်တွင် ခက်ခဲသည့် အဓိက ဟင်းလျာ အချို့ကလွဲပြီး စားဖိုမှူးများက တပည့်များကို ဘေးက လမ်းညွှန်ကာ ချက်ပြုတ်စေပါသည်။
တချို့ လျှို့ဝှက် ဆော့စ်များ၊ ပါဝင်ပစ္စည်းများနှင့် အခြားအရာများကိုတော့ စားဖိုမှူးများကိုယ်တိုင် ဆောင်ရွက်ပါသည်။
ထို့အပြင် မီးဖိုချောင်အဖွဲ့တစ်ခုစီက ဟင်းလျာတစ်မျိုးအတွက် တာဝန်ရှိသည်။ ထို့ကြောင့် အလုပ်ခွဲခြမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဆင်ပြေချောမွေ့ခြင်းတို့က အလွန်မြင့်မားပါသည်။
ထိုကဲ့သို့ မီးဖိုချောင်ကြီး တစ်ခုတွင် စားဖိုမှူးများစွဦက အတူတူစုရုံးကြပြီး ယဲ့ရှောင်ချန်း ထောက်ပံ့ပေးသည့် အင်မော်တယ် အပင် ဟင်းခတ်အမွှေးအကြိုင်များ သုံးကာ ဟင်းလျာများကို အတူတူ ချက်ပြုတ်ကြသည်။
သူတို့ မြည်းကြည့်သောအခါ လုံးဝ ထိတ်လန့်သွားကြ၏။ ဟင်းခတ်အမွှေးအကြိုင်မှုန့်များ ထည့်ထားသည့် ဟင်းလျာများမှာ အနည်းဆုံး အဆင့်တစ်ဆင့်လောက်တော့ ပိုမြင့်နေခြင်းကြောင့် ဖြစ်ပါသည်။
ပိုအရေးကြီးသည်က ဟင်းခတ်အမွှေးအကြိုင်ကြောင့် ရလာသည့် အရသာမှာ မည်သည့် အတုအပ အရသာမျိုးမှ မရှိဘဲ သဘာဝအတိုင်း စစ်မှန်သည့် အရသာပဲ ရှိသည်။
အားလုံးက ထူးချွန်သည့် ဟင်းချက်လက်ရာများဖြင့် ထိပ်တန်း စားဖိုမှူးများဖြစ်ကြသည်။ ထို့ကြောင့် ဟင်းချက်လက်ရာများအပေါ် ဟင်းခတ်အမွှေးအကြိုင်များက ဘယ်လောက်ထိ လွှမ်းမိုးနိုင်မှန်း သိကြပါသည်။ သာမန် ဟင်းချက်လက်ရာနှင့် စားဖိုမှူးတစ်ယောက်ကတောင် ဒီလို ဟင်းခတ်အမွှေးအကြိုင်မျိုး သုံးလိုက်ပါက သူ့ဟင်းလျာများကို အဆင့်အနည်းငယ် တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။
တကယ် အံ့အားသင့်ဖို့ကောင်းသည်။
"ရှောင်ချန်း ဒါဘယ်လို ဟင်းခတ်အမွှေးအကြိုင်မျိုးလဲကွ။"
ဆရာကြီးလင်က သိချင်စွာဖြင့် မေးလိုက်ပါသည်။
"ဟားဟား ဆရာကြီးလင်။ အဲ့ဒီဟင်းခတ်အမွှေးအကြိုင်ထဲမမှာ သဘာဝ ပါဝင်ပစ္စည်းတချို့ပါပါတယ်။ ဥပမာအားဖြင့် ပဲအရသာရှိတဲ့ ဒီဟင်းခတ်အမွှေးအကြိုင်မှုန့်ကို အင်မော်တယ် အနီရောင် ပဲမှုန့်လို့ ခေါ်တယ်။ ပီနဲစစ်စစ်ကနေ ပြုလုပ်ထားပြီး ဘယ်လို ဓာတုမျိုးမှ မပါဘူးဗျ။ ပြီးတော့ ဒီဟင်းခတ်အမွှေးအကြိုင်မှုန့်ကို အဝါရောင် အင်မော်တယ် ပဲမှုန့်နဲ့ ပြုလုပ်ထားပြီး ပဲပိစပ်ကနေ ထုတ်လုပ်ထားတာ။ ပြီးတော့ ဒါက ဆန်စပါးကနေ ထုတ်လုပ်ထားတဲ့ ဆန်မှုန့်နဲ့ လုပ်ထားတာပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်သည်။
ဆရာကြီးလင်နှင့် အခြားစားဖိုမှူးများ မှင်သက်သွားကြသည်။ ပဲနှင့် ဆန်စပါးတွေကနေ ထုတ်လုပ်ထားတာတဲ့။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သို့သော်လည်း သူတို့မတတ်နိုင်ဘဲ ယုံကြည်ကြရသည်။ ထိုဟင်းခတ်အမွှေးအကြိုင်မှုန့်များ၏ အရသာက ပဲနှင့် ဆန်အရသာများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
သာမန်ရိုးရိုး ပဲနှင့် ဆန်မှုန့်များဖြင့် ဖန်တီးနိုင်သည့် မွှေးရနံ့နှင့် ဟင်းပွဲ၏ အရသာကို တိုးမြှင့်နိုင်မှာ မဟုတ်ပါ။
ပဲစစ်စစ်နှင့် ဆန်များကို ချက်ပြုတ်ရင်တောင် ဒီလိုမွှေးရနံ့မျိုးနှင့် အရသာမျိုး ရဖို့ အဝေးကြီး လိုပါသည်။
ယဲ့ရှောင်ချန်း၏ အစွမ်းအစကို သူတို့ လေးစားပြီးသားဖြစ်သည်။ သူစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များက အလွန်အရသာရှိ၏။ သူဖန်တီးထားသည့် ဆားရည်စိမ် အသီးအရွက်များကလည်း ပြိုင်ဘက်ကင်းသဖြင့် အခု ဒီလို ဟင်းခတ်အမွှေးအကြိုင်မှုန့်မျိုး လုပ်နိုင်သည်က အံ့သြစရာ သိပ်မကောင်းတော့ပေ။
"ဆရာကြီးလင် ဒီဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ရင် တကယ်ကောင်းမှာပါ။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။
"ရှောင်ချန်း ကောင်းရုံတင်မဟုတ်ဘူးကွ။ ပြီးပြည့်စုံနေတာ။ ငါတို့ အင်မော်တယ် စမ်းရေ ဟင်းသီးဟင်းရွက်တွေက ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းတွေဖြစ်ပြီး ဒီဟင်းခတ်အမွှေးအကြိုင်တွေကြောင့် ဟင်းပွဲတွေရဲ့ အဆင့်ကို ပိုမြင့်စေတော့မှာပဲ။ ဟင်းချက်လက်ရာမြင့်တဲ့ စားဖိုမှူးတစ်ယောက်ကတောင် ဒီလောက်ကောင်းတဲ့ ဟင်းလျာတွေ ချက်နိုင်မှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ်။ ဒီလို ဟင်းခတ်အမွှေးအကြိုင်မျိုးနဲ့ ငါတို့ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ကတော့ အစားအသောက် နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်တော့မှာပဲကွာ။"
ဆရာကြီးလင်က ရွှင်ပျစွာ ရယ်မောလိုက်ပါသည်။
အခြား စားဖိုမှူးများလည်း ခေါင်းငြိမ့်ကြ၏။။ ဒီလို ဟင်းခတ်အမွှေးအကြိုင်မျိုးနှင့်ဆို အစားအသောက် နယ်ပယ်ကို လွှမ်းမိုးနိုင်ဖို့ သူတို့ ယုံကြည်ချက် ရှိသွားကြပြီဖြစ်သည်။
အနာဂတ်တွင် အင်မော်တယ် စမ်းရေ စားသောက်ဆိုင်က သေချာပေါက် အစားအသောက်နယ်ပယ်၌ စူပါ ဘရန်းတစ်ခု ဖြစ်လာပါတော့မည်။
"ဆရာကြီးလင် ဒီဟင်းခတ်အမွှေးအကြိုင်တွေက အရမ်း တန်ဖိုးကြီးတယ်။ ဒါတွေကို ပြုလုပ်ဖို့လည်း မလွယ်ကူဘူး။ ထုတ်လုပ်မှုက အရမ်းနည်းပြီး အာဟာရတန်ဖိုးကလည်း များတယ်။ အဲ့တာကြောင့် ဟင်းလျာတွေမှာ သုံးရင် စျေးမြှင့်လိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် အမြတ် လျော့သွားလိမ့်မယ်ဗျ။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
"တကယ်ပဲ စျေးမြှင့်ဖို့ လိုပါတယ်။"
ဆရာကြီးလင်က ခေါင်းငြိမ့်ကာ ဆက်ပြောသည်။ "ရှောင်ချန်း အစည်းအဝေးခေါ်ပြီး အဲ့ဒီကိစ္စ ဆွေးနွေးကြရအောင်လား။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။
နေ့လည်ခင်းတွင် အင်မော်တယ်စမ်းရေ ဟင်းခတ်အမွှေးအကြိုင်ကို အသုံးပြုခြင်းနှင့် ပတ်သတ်ပြီး အစည်းအဝေးပွဲတစ်ခု ကျင်းပခဲ့သည်။
အကြိမ်ကြိမ် ဆွေးနွေးပြီးကြသောအခါ ဆုံးဖြတ်ချက် ချခဲ့ကြသည်။
ထိုလျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်သုံးမျိုးကို မီနူးထဲတွင် ထည့်ပြီး သင့်တင့်သော စျေးနှုန်း သတ်မှတ်မည်။
စားသုံးသူများက ထိုဟင်းခတ်အမွှေးအကြိုင်များကို ဟင်းလျာထဲ ထည့်လိုပါက သီးခြား မှာယူရပါမည်။
ထိုဟင်းခတ်အမွှေးအကြိုင်သုံးမျိုး၏ စျေးနှုန်းက အလွန်စျေးကြီးလွန်းသည်။ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးစီ၏ စျေးနှုန်းက ၅၈၈ ယွမ်ဖြစ်သည်။
ထို့အပြင် ဟင်းလျာတစ်ခုစီတွင် ထည့်ထားသည့် ဟင်းခတ်အမွှေးအကြိုင်ပမာဏကိုလည်း တိကျစွာ ချိန်ဆထားသည်။ ထို့ကြောင့် ပိုလည်းမပို လိုလည်းမလိုနိုင်ပေ။
အခြားသူများကတော့ ယဲ့ရှောင်ချန်းသတ်မှတ်သည့် ဟင်းခတ်အမွှေးအကြိုင်စျေးနှုန်းများကို အနည်းငယ် ဇဝေဇဝါဖြစ်မိကြပါသည်။
ယဲ့ရှောင်ချန်း၏ အမြင်တွင် ၅၈၈ ယွမ်က သင့်တင့်သော စျေးနှုန်းတစ်ခုဖြစ်ပါသည်။
အင်မော်တယ် စမ်းရေ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအတွက် အင်မော်တယ် ပဲစေ့ ၁၀ ပုံတစ်ပုံ သို့မဟုတ် အင်မော်တယ် စပါးစေ့ ၄ ပုံတစ်ပုံ လိုအပ်ပါသည်။
အင်မော်တယ် ပဲစေ့များနှင့် စပါးစေ့များက ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ ၎င်းတို့ထဲတွင်ပါသည့် အာဟာရတန်ဖိုးများက သာမန်လူသားများအတွက် နတ်ဆေးတစ်ပါးဟုပင် ပြောနိုင်ပါသည်။
ထိုနေ့ညနေခင်းတွင် စျေးနှုန်းအားလုံးကို ပြန်လည် ပြုပြင်ခဲ့သည်။
အင်မော်တယ် စမ်းရေ ဟင်းခတ်အမွှေးအကြိုင်သုံးမျိုးအား ထည့်သွင်းခဲ့ပြီး တစ်ခုစီ၏ စျေးနှုန်းက ၅၈၈ ယွမ်ဖြစ်ပါသည်။
ဟင်းခတ်အမွှေးအကြိုင်အား မီနူးထဲတွင် ထည့်သည့်လုပ်ရပ်မျိုး အင်မော်တယ် စမ်းရေ စားသောက်ဆိုင်တွင်သာ ပထမဆုံး လုပ်ဖူးသည်ဟု ပြောနိုင်သည်။
ထိုဟင်းခတ်အမွှေးအကြိုင်များက အလွန့်အလွန် စျေးကြီးလွန်းလှသည်။
ညစာစားချိန်တွင် လာရောက်စားသောက်ကြသူ များစွာက ဟင်းခတ်အမွှေးအကြိုင်သုံးမျိုးကို မီနူးထဲ ထည့်ထားသည်ကို တွေ့မိကြသည်။
လူများစွာက သိချင်လာကြ၏။
ထိုနေရာတွင် လာရောက်စားသုံးကြသူများက ချမ်းသာသော်လည်း ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအတွက် ၅၈၈ ယွမ်ဟူသည်က လူများစွာကို အနည်းငယ် တွန့်တိုသွားစေပါသည်။
ထို့အပြင် ဟင်းခတ်အမွှေးအကြိုင်တစ်ပွဲကလည်း အလွန်နည်းပါးပြီး မီလီဂရမ်အထိ အတိအကျဖြစ်သည်။
ရွှေထက်ပင် ပိုစျေးကြီးနေ၏။
အမှန်ပင် သူဌေးတချို့က အစားသောင်းကျန်းသူများဖြစ်ပြီး ထိုလျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်ကို အလွန်စိတ်ဝင်စားသဖြင့် တစ်မျိုးမှာယူပြီး မြည်းစမ်းကြည့်ကြသည်။
လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များဖြင့် ဟင်းလျာများ ရောက်လာကြသောအခါ သာမန် အင်မော်တယ် စမ်းရေ ဟင်းလျာများထက် ပိုသော ဖော်မပြတတ်သည့် ရနံ့မျိုး သင်းပျံ့လာသည်။
၎င်းတို့ ဟင်းလျာကို မြည်းစမ်းကြည့်သောအခါ စျေးနှုန်းကို တန်သည်ဟု ခံစားသွားကြရပါသည်။
အထူးခြားဆုံးအရာက ဟင်းခတ်အမွှေးအကြိုင်ဖြင့် ဟင်းလျာတစ်မျိုးကို စားကြည့်ပြီးသောအခါ စိတ်ဝိညာဥ် သာယာမှုမျိုး ရှိသည်သာ မကဘဲ ခန္ဓာကိုယ်ကလည်း ပြောမပြတတ်သည့် သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရသည်။
အထူးသဖြင့် အနီရောင်အင်မော်တယ် ဟင်းခတ်အမွှေးအကြိုင်ဖြင့် ဟင်းလျာများ မှာယူကြသည့် စားသုံးသူများမှာ စားသုံးပြီးနောက် နွေးလာပြီး ချွေးပြန်လာကြသည်။ ချွေးများ ထွက်သွားသောအခါ သူတို့ ပေါ့ပါးကာ ဖော်မပြနိုင်လောက်အောင် သက်တောင့်သက်သာ ရှိသွားကြသည်။
"အရသာရှိလိုက်တာ၊ အရမ်းအရသာရှိတယ်ကွာ။"
"ဒီလျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်က တကယ်တန်တာပဲ။"
"ဟားဟား အခုတော့ ဒီဟင်းခတ်အမွှေးအကြိုင် ဘာလို့ ဒီလောက်စျေးကြီးသလဲ နားလည်သွားပြီ။ တကယ်ပဲ ကောင်းတာကိုး။"
"ကောင်းတာတင် မကဘူး။ အံ့သြဖို့ကောင်းလိုက်တာ။"
သီးသန့် ညစာစားခန်းထဲတွင် တစ်စုံတစ်ဦးက လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းလျာများကို မှာယူလိုက်ပါက ထိုအခန်းတွင် အံ့သြမှုများ ချီးကျူးစကားများဖြင့် ပြည့်နှက်သွားပါတော့သည်။
ထိုစကားများက အခြား စားသုံးသူများ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသဖြင့် သူတို့လည်း မြည်းစမ်းကြည့်ကြသည်။
ထိုနေ့ပြီးသွားသောအခါ လူများစွာက လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်အား လုံးဝ သဘောကျသွာားကြတော့သည်။
ရက်ပေါင်းများစွာကြာမြင့်အောင် အင်မော်တယ် စမ်းရေ စားသောက်ဆိုင်၏ နာမည်က အဆမတင် တိုးမြင့်သွားခဲ့ပြန်သည်။ လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းလျာများကို စားသုံးပြီးသူတိုင်းက စွဲလမ်းသွားကြသည်။ ပထမဆုံးအကြိမ် စားပြီးသွားသောအခါ ဒုတိယအကြိမ်လည်း စားချင်လာကြသည်။
အင်မော်တယ် စမ်းရေ ဟင်းခတ်အမွှေးအကြိုင်ကျေးဇူးကြောင့် ထိုရက်များ၏ ဝင်ငွေမြင့်တက်သွားပြီး အမြင့်ဆုံးနေ့တွင် ဝင်ငွေက ယွမ် ၆၀၀,၀၀၀ ကျော် ရရှိခဲ့ပါသည်။
ကံကောင်းစွာဖြင့် လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်များ၏ ပမာဏက နည်းပါးသည်။ မဟုတ်ပါက သူ့တွင် ရှိသည့် အင်မော်တယ် ပဲစေ့များနှင့် အင်မော်တယ် စပါးစေ့များက စားသုံးသူများ၏ လိုအပ်ချက်ကို ပြည့်မှီနိုင်ပါ့မလား ယဲ့ရှောင်ချန်း သံသယဖြစ်မိပါသည်။
ယနေ့ ယဲ့ရှောင်ချန်းက အင်မော်တယ် မြက်ပင်များဖြင့် ဖွံ့ဖြိုးခြင်း အနုပညာကို လေ့ကျင့်နေသည်။ အင်မော်တယ် မြက်ပင်များက ဒီနှုန်းဖြင့် သုံးလက်မက်ကျော် ဖွံ့ဖြိုးလာပြီဖြစ်ပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ် ရိတ်သိမ်းနိုင်ပါလိမ့်မည်။
ရုတ်တရက် လီကျန့်ရမ်ထံမှ ဖုန်းတစ်ကော ဝင်လာပြီး အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ကြီးမှာ နာမည်ဖျက်မှု တစ်ခုနှင့် ကြုံနေရသည်ဟု ဆိုသည်။
တစ်ယောက်ယောက်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ ဘိန်းများဖြင့် လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်များ ပြုလုပ်နေသည်ဟု ပြောလာခဲ့သည်။
စုံစမ်းစစ်ဆေးရေးရန် တာဝန်ရှိသည့် ဌာနက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို လုပ်ငန်း ရပ်ဆိုင်းထားဖို့ တောင်းဆိုလာလေသည်။