အခန်း (၁၅၅) - အံ့သြစရာကောင်းသည့် အမြတ်ဝေစု
Vol. 11 Ch. 155
အခန်း (၁၅၅) - အံ့သြစရာကောင်းသည့် အမြတ်ဝေစု
နေ့လည်ခင်း သုံးနာရီအချိန်
အင်မော်တယ် စမ်းရေ စားသောက်ဆိုင် တတိယထပ်၊ အစည်းအဝေးခန်းတွင်။
အားလုံးရောက်ရှိနေကြပြီ။ စုစုပေါင်း လူ ၁၈ ယောက်ရှိသည်။
ရှယ်ယာဝင် ၁၂ ယောက်အပြင် ဌာနခေါင်းဆောင် ၆ ယောက်လည်း ရှိပါသေးသည်။
အထွေထွေမန်နေဂျာ နီယွင်ဟိုင်း၊ လက်ထောက်အထွေထွေမန်နေဂျာ ကျူးရှား၊ ဘဏ္ဍာရေးဌာန ခေါင်းဆောင် လီယွင်၊ စာရင်းဌာနခေါင်းဆောင် ရှဲ့ကျွမ်း၊ ထောက်ပို့ရေး ဌာနခေါင်းဆောင် လျှို့ရှုလျန့်နှင့် ဝန်ဆောင်မှု ဌာနခေါင်းဆောင် ဖမ်းဖန်တို့ ရောက်ရှိနေကြသည်။
အရင်ဆုံး လက်ထောက် အထွေထွေ မန်နေဂျာ ကျူးရှားက ကုမ္ပဏီ၏ ယခင်လ အကျိုးအမြတ်များကို တင်ပြသည်။
စုစုပေါင်း ငွေအနုတ်အသိမ်း၊ ကုန်ကြမ်း ကုန်ကျမှု၊ သုံးကုန် ကုန်ကျမှု၊ အလုပ်သမားခ၊ အခွန်အခ၊ အကျိုးအမြတ် စသည်တို့ဖြစ်သည်။
အဖွဲ့ဝင် တစ်ယောက်ချင်းစီ၏ ရှေ့တွင် အသေးစိတ် တင်ပြချက်များ ရှိနေပါသည်။
ယဲ့ရှောင်ချန်း ကြည့်လိုက်သည်။ အသားတင် အမြတ်အစွန်း မြင့်မားလိမ့်မည်ဟု သူကြိုတင် တွေးထားသော်လည်း ကြည့်မိသောအခါ ထိတ်လန့်မိပါသေးသည်။
နေ့စဥ် ဝင်ငွေအနုတ်အသိမ်းက ယွမ် ၄၀၀,၀၀၀ ပင် ကျော်သည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် စုစုပေါင်း အနုတ်အသိမ်းက ယွမ် ၁၂.၇၈ သန်းရှိ၏။
ကုန်ကျစရိတ်အားလုံးကို နုတ်ပြီးသွားသောအခါ အသားတင်အမြတ်က ယွမ် ၈.၉၄သန်း ရှိပါသည်။
ယဲ့ရှောင်ချန်း၏ ရှယ်ယာဖြင့် တွက်ချက်ကြည့်လိုက်သောအခါ သူ ယွမ် ၄ သန်းနီးပါး ရရှိသွားသည်။
အလွန် မှင်သက်စရာကောင်းသည့် ဝင်ငွေ ဖြစ်၏။
အခြား ရှယ်ယာဝင်များကလည်း သူတို့၏ ဝင်ငွေကြောင့် ပြုံးရွှင်နေကြပါသည်။
ဒီလို အမြတ်အစွန်းမျိုးနှင့်ဆို နှစ်တစ်ဝက်လောက်နှင့် သူတို့ ရင်းနှီးမြှုပ်နှံမှုများ ပြန်ရနိုင်ပြီး ထို့နောက်ပိုင်း ရလာသည်များက အကျိုးအမြတ် သက်သက်သာ ဖြစ်လာတော့မည်။
ဆိုင်ခွဲများ ဖွင့်လှစ်သောအခါ ဝင်ငွေများက ပိုမိုပင် ကောင်းမွန်လာပါဦးမည်။
အခုလည်း စားသောက်ဆိုင်တွင် နေ့တိုင်း ကတ်စတမ်မာများ ပြည့်နှက်နေပြီး ကြိုတင် ဘိုကင်လုပ်ဖို့ပင် ခက်ခဲနေပါသည်။
တင်ပြချက်ပြီးနောက်တွင် နောက်လအတွက် စားသောက်ဆိုင် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ဥပမာအားဖြင့် စျေးနှုန်းချိန်ညှိဖို့ဖြစ်၏။
ထောက်ပို့ရေး ဌာနခေါင်းဆောင် လျှို့ရှုလျန့်က ဟင်းလျာမျိုးစံ၏ ရေပန်းစားမှု အချက်အလက်များကို အသေးစိတ်တင်ပြသည်။ ဘယ်ဟင်းလျာက ပိုမို ရေပန်းစားပြီး ဘယ်ဟင်းလျာက နာမည်ကျနေသည် စသဖြင့်။
ဒါက စျေးနှုန်း ချိန်ညှိဖို့အတွက်သာ မကဘဲ မီးဖိုချောင်အတွင်း တိုးတက်စေဖို့ ဖြစ်သည်။
အနုစိပ် ဆွေးနွေးပြီးကြသောအခါ ဟင်းလျာ ရှစ်မျိုးအား စျေးနှုန်း ချိန်ညှိဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ ဟင်းလျာ တချို့အတွက် စျေးနှုန်းကို တိုးမြှင့်ပြီး တချို့အတွက် စျေးနှုန်းကို လျော့ချပြစ်ပါမည်။
ထို့အပြင် စားဖိုမှူးများမှ ဟင်းလျာအသစ်များစွာကို ထည့်သွင်းထားပြီး ထိုဟင်းလျာများ၏ စျေးနှုန်းအကြောင်းလည်း ဆွေးနွေးရဦးမည်။ လက်ရှိမီနူး သို့မဟုတ် အပိုမီနူးတွင် ထည့်ရမည်လား။
အစည်းအဝေးပွဲ ပြီးဆုံးသွားချိန်တွင် ၅နာရီ ကျော်နေပြီပင် ဖြစ်သည်။
စားသောက်ဆိုင်တွင် ညစာစားသောက်ကြသည်။ ပါတီပွဲတစ််ခုလိုဖြစ်၏။ ကုမ္ပဏီ ဝန်ထမ်းနှင့် စားသောက်ဆိုင် စားပွဲထိုးများ အားလုံး တစ်စုတစ်စည်းတည်း ညစာ စားသောက်ခဲ့ကြပါသည်။
ချက်ပြုတ်မှုကိုတော့ ဆရာကြီးလင်နှင့် အခြားစားဖိုမှူးများက တာဝန်ယူသည်။
ဧည့်သည်များ စားသောက်နေသည်ကို ကြည့်ကာ တိတ်တဆိတ် မျှော်လင့်မိကြသည့် ဝန်ထမ်းများနှင့် စားပွဲထိုးများအတွက် ရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ အခု နောက်ဆုံးတော့ စားသောက်ဆိုင် အစားအစာများကို သူတို့ စားသောက်နိုင်ကြလေပြီ။
ကုမ္ပဏီက တစ်ရက်ကို သုံးနပ်ကျွေးသော်လည်း သူတို့စားရသည်က သာမန် အစားအစာများ ဖြစ်ပါသည်။ အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များက အလွန် တန်ဖိုးကြီးပြီး ဝန်ထမ်းများကို ကျွေးဖို့ မဖြစ်နိုင်ပါ။
စားသောက်ချိန်အတွင်း ဝန်ထမ်းများက တတက်တက်ကြွကြွ စားသောက်ခဲ့ကြပြီး အားရကျေနပ်ခဲ့ကြပါသည်။
အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် ဟင်းလျာများက တကယ် အရသာ ရှိလှပါသည်။
ပုံမှန် အော်ဒါစျေးနှုန်းအရ ၎င်းတို့စားသောက်သည့် အစားအစာများမှာ တစ်ယောက်ကို ယွမ် ထောင်ချီ ကုန်ကျမည်ဖြစ်သည်။
စားသောက်ပြီးနောက် ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး နောက်ပိုင်း လတိုင်း ဒီလိုညစာစားပွဲမျိုး ရှိမည်ဖြစ်ပြီ ၎င်းတို့၏ မိသားစုဝင်များကိုပါ ခေါ်လာနိုင်ကြောင်း ပြောလိုက်သည်။
ထိုနေရာတွင် ရှိနေသည့် ဝန်ထမ်းအားလုံး ပျော်ရွှင်သွားကြ၏။
၎င်းတို့၏ လစာများက သာမန် ဟိုတယ်နှင့် စားသောက်ဆိုင်များထက် ပိုမို မြင့်နေပြီးသား ဖြစ်ပါသည်။ အခုတော့ သူတို့မိသားစုဝင်များကိုပါ ခေါ်လာပြီး စားသောက်နိုင်သည့် အခွင့်အရေးပါ ရသွားပြီ ဖြစ်သဖြင့် အားလုံး ပျော်ရွှင်ကြပါသည်။
နောက်တစ်နေ့မနက်တွင်။
စိုက်ပျိုးရေးခြံတွင် ယဲ့ရှောင်ချန်း အလုပ်များနေတုန်း ရုတ်တရက် သူ့ဖုန်း တုန်ခါလာ၏။ ထုတ်ကြည့်လိုက်သောအခါ ဘဏ်မှ အကောင့်ငွေ မက်ဆေးတစ်ခု ဝင်လာသည်ကို မြင်လိုက်ရသည်။
စုစုပေါင်းက ၄,၃၈၄,၆၈၀ ယွမ်ဖြစ်သည်။
ထိုကဲ့သို့ မှင်သက်စရာကောင်းသည့် အစုပေါ် အမြတ်ကြောင့် ယဲ့ရှောင်ချန်း မကုန်ဆုံးနိုင်သည့် သာယာမှုကို ခံစားလိုက်ရပါသည်။
အနာဂတ်တွင် သူ့ကိုယ်သူ ချမ်းသာပြီဟု သတ်မှတ်နိုင်လေပြီ။
စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းက အိမ်မြန်မြန် ပြန်သွားပြီး မက်ဆေ့ချ်ကို အမေဖြစ်သူအား ပြလိုက်သည်။
သူ့အမေက ပထမ ဇဝေဇဝါဖြစ်သွား၏။ နောက်တော့ ကြက်သေ သေသွားသည်။ နောက်ဆုံးတော့ အံ့သြလွန်းသဖြင့် မျက်လုံးများပင် ကျွတ်ကျတော့မလို ဖြစ်သွားသည်။
ဟိုဘက်ဒီဘက် လှည့်ကြည့်ရင်း တီးတိုး ပြောလိုက်၏။ "ငါ့သား ဘာလို့ပိုက်ဆံတွေ ဒီလောက်အများကြီး ရှိတာလဲ။"
သူမ သေသေချာချာ ရေတွက်ကြည့်လိုက်သောအခါ ကိန်းဂဏန်း ခုနစ်လုံး ရှိပါသည်။ ဘုရားသခင် ၄ သန်းကျော်တောင်ပါလား။
"စားသောက်ဆိုင်က အစုပေါ်အမြတ်ပေါ့ဗျာ။"
ယဲ့ရှောင်ချန်းက ရယ်လိုက်၏။
"အများကြီးပါလား။"
သူ့အမေက အံ့သြတကြီး ပြောလိုက်သည်။
"ဒါပေါ့ဗျ တစ်လဝင်ငွေက ၁၀ သန်းတောင် ကျော်တာကိုး။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။
သူ့အမေ ဘာပြောရမှန်း မသိတော့ပေ။ သူမ အနည်းငယ် ဝံ့ကြွားလာသလို ခံစားရ၏။
သူ့သားနှင့် လုပ်ဖော်ကိုင်ဖက်များ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လိုက်ရုံနှင့် ဒီလောက်ထိ ငွေအများကြီး ရနိုင်လိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ပါ။
သူမက ခပ်မြန်မြန်ပင် ဖုန်းကိုထုတ်လိုက်ပြီး အဖေဖြစ်သူကို ချက်ချင်း ပြန်လာဖို့ ခေါ်လိုက်၏။
သူ့အဖေက သူ့ကို ဘာကြောင့်ခေါ်မှန်း သိချင်ကာ ပြန်လာသည်။ သူ့အမေကလည်း လျှိုထားပြီး ဘာမှမပြောဘဲ ပြန်လာဖို့သာ ပြောသည်။
သို့သော်လည်း မက်ဆေ့ချ်ကို ဖတ်လိုက်သောအခါ အဖေဖြစ်သူလည်း မျက်လုံးပြူးသွားပြီး ဆွံ့အသွားရပါသည်။
"ဘယ်လိုလဲ အမေ။ လန့်စရာကြီးမလား။ ကြည့်ရတာ အိမ်သစ်အတွက် စံနှုန်းတွေကို မြှင့်ရတော့မယ် ထင်တယ်နော်။"
ယဲ့ရှောင်ချန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
"မလုပ်ပါနဲ့၊ သန်းတစ်ဝက်ဆို လုံလောက်ပါပြီ။ ပိုက်ဆံက စုထားလို့ရတယ်။ ဒီလောက် ပိုက်ဆံအများကြီးနဲ့ဆို တစ်နှစ်စာ ဘဏ်တိုးက နည်းမှာမဟုတ်ဘူး။"
သူ့အမေက အတော် ခေါင်းမာသည်။
ယဲ့ရှောင်ချန်း ဆွံ့အသွား၏။ အမြဲတမ်း ဘဏ်တိုးအကြောင်းပဲ စဥ်းစားနေသည့် ဒီအမြင်က ဘယ်လိုအမြင်ကြီးလဲ။
စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက လေအင်မော်တယ်ဆေးပင်(အင်မော်တယ် လေမြက်ပင်)ထံသို့ လာခဲ့၏။
အင်မော်တယ် လေမြက်ဆေးပင်က ၂လက်မကျော် ရှည်နေပြီ ဖြစ်သော်လည်း အရွယ်ရောက်ဖို့ အများကြီး လိုပါသေးသည်။
အရွယ်ရောက်ပြီး အင်မော်တယ် လေမြက်ဆေးပင်က တစ်ပေကျော်လိမ့်မည်။
"ဒီအချိန်တောအတွင်း ငါဖွံ့ဖြိုးခြင်း အနုပညာကို အများကြီး ကျင့်ကြံထားပြီး အတွေ့အကြုံတွေလည်း အများကြီး ရထားပြီ။ အောင်မြင်နိုင်ချေက ရာနှုန်းပြည့်ဖြစ်သင့်နေပြီ။။ အခု အင်မော်တယ် အပင်တွေကို သုံးပြီး ကျင့်ကြံလို့ ရပြီထင်တယ်။"
ယဲ့ရှောင်ချန်းက စဥ်းစားလိုက်သည်။
အင်မော်တယ် အပင်များအနက် အင်မော်တယ်မြက်ပင်နှင့် အင်မော်တယ် မုန်လာဥဖြူများမှာ စျေးအပေါဆုံးဖြစ်ပါသည်။
အင်မော်တယ် မြက်ပင်၏ တည်ဆောက်ပုံက အရိုးရှင်းဆုံးဖြစ်သဖြင့် အဆင့်မြှင့်တင်ဖို့ အလွယ်ဆုံး ဖြစ်နိုင်သည်။ အင်မော်တယ် ပဲပင်များလိုမဟုတ်ပါ။ ပင်စည်နှင့် သစ်ရွက်များအပြင် ပဲစေ့များ ရှိနေသည့် ပဲတောင့်များကိုပါ သူဖွံ့ဖြိုးဖို့ လိုလိမ့်မည်။
စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ် မြက်ပင်အနား အမြန်သွားလိုက်သည်။
မကြာသေးခင်ကမှ အင်မော်တယ် မြက်ပင်များကို ရိတ်သိမ်းထားသဖြင့် အခု အင်မော်တယ် မြက်ပင်များက အတိုလေးသာ ရှိကြသည်။ ထို့အပြင် နူးညံ့သည့်အစို့များ၏ အပြတ်အစများလည်း ရှိနေကြသည်။
ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ပင်ကို ရွေးချယ်လိုက်၏။။ နယ်မြေတစ်ခုအတွင်း မြက်ပင်ရာကျော်အထိ သိပ်သည်းနေသည်။
သူ့လက်ကို ဖွင့်လိုက်ပြီး အင်မော်တယ် မြက်ပင်ကို နူးနူးညံ့ညံ့ အုပ်လိုက်ကာ မျက်လုံးပိတ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဥ် ပါရမီကို သုံးလိုက်၏။
အင်မော်တယ်မြင်ပင်၏ အသိစိတ်က သာမန်အပင်များထက် အများကြီး ပိုသန်မာပါသည်။ ဝိညာဥ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။
ထို့ကြောင့် အင်မော်တယ် အပင်များအား ဖွံ့ဖြိုးအောင် လုပ်ဖို့ အများကြီး ပိုမို ခက်ခဲခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် အသိစိတ်ထဲ ဝိညာဥ်ပိုပြီး ရှိနေလေလေ မျိုးကွဲများ ပိုမို ရှိနေလေလေဖြစ်သည်။
ယဲ့ရှောင်ချန်း အတွေ့အကြုံများ ရရှိထားပြီ ဖြစ်သဖြင့် ဖွံ့ဖြိုးခြင်း အနုပညာ ကျွမ်းကျင်မှုကလည်း အတော်လေး ကောင်းမွန်ပါသည်။
ဖြည်းညှင်းစွာဖြင့် အင်မော်တယ် မြက်စို့များ စတင် ဖွံ့ဖြိုးလာကြသည်။
တကယ်တော့ အင်မော်တယ် အပင်များအတွက် ဖွံ့ဖြိုးခြင်း အနုပညာက မရှုပ်ထွေးပါ။ တစ်ခုတည်းသော စဥ်းစားစရာက အာဟာရများနှင့် အင်မော်တယ် မြေ၏ အင်မော်တယ်ဝိညာဥ်ချီများက အင်မော်တယ် အပင်များဖွံ့ဖြိုးဖို့ လိုအပ်သည့် ပမာဏများကို ပြည့်မှီနိုင်သလား ဆိုတာပင်။
၁၀ မိနစ်ကျော် ကြာသောအခါ အင်မော်တယ် မြက်ပင် ရာကျော်က တစ်လက်မ ကျော်ကျော်လောက် ဖွံ့ဖြိုးလာကြပါသည်။
ယဲ့ရှောင်ချန်း မျက်စိဖွင့်ကြည့်လိုက်ပြီး အသက်ဝဝ ရှူလိုက်၏။
အတော်လေး ချောချောမွေ့မွေ့ အဆင်ပြေသွားပါသည်။
"ဟားဟား အင်မော်တယ် မြက်ပင်တွေနဲ့ပဲ ကျင့်ကြံတော့မယ်။ အင်မော်တယ် မြက်ပင် ဒုတိယ အသုတ်ကို တော်တော်စောစော ရိတ်သိမ်းနိုင်မယ်လို့ထင်တယ်။"
ယဲ့ရှောင်ချန်း ရယ်မောလိုက်မိပါသည်။
နောက်ထပ် ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်းက အင်မော်တယ် မြက်ပင်များတွင်သာ သူ့အားအင်အားလုံးကို စုစည်းထားခဲ့သည်။
အင်မော်တယ် မြက်ပင်အားလုံးက နှစ်လက်မနီးပါးလောက် ဖွံ့ဖြိုးလာပြီး ပိုမို စိမ်းစိုလာသည်။
ပုံမှန်အခြေအနေအောက်တွင် ဒီလောက် ရှည်ဖို့ တစ်ပတ်နီးပါးကြာမည်ဖြစ်သည်။
အင်မော်တယ်မြက်ပင် ဖွံ့ဖြိုးမှုက ချောမွေ့ခဲ့ပါသည်။ ပြဿနာမရှိခဲ့ပါ။
နောက်တစ်ခါ ဖွံ့ဖြိုးခြင်းအနုပညာကို အင်မော်တယ် မုန်လာဥဖြူများဖြင့် အသုံးပြုခဲ့သည်။ အဆင်ပြေခဲ့ပါသည်။
ဒီလိုနှင့် ယဲ့ရှောင်ချန်းတစ်ယောက် ဖွံ့ဖြိုးခြင်း အနုပညာတွင် ပိုပိုပြီး ကျွမ်းကျင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ် ဂျုံစပါးပင်များလည်း အရွယ်ရောက်လာခဲ့လေပြီ။