အခန်း (၁၅၄) - အိမ်လုပ် တို့ဟူး
Vol. 11 Ch. 154
အခန်း (၁၅၄) - အိမ်လုပ် တို့ဟူး
ယဲ့ရှောင်ချန်းက လက်တစ်ဖက်တွင် ကြိတ်ဆုံကျောက်၏ လက်ကိုင်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်တွင် လက်ဖက်ရည် ပန်းကန်အရွယ်အစား ပန်းကန်လုံး တစ်လုံးကို ကိုင်ထားသည်။ မကြာခဏ ကြိတ်ဆုံကျောက်၏ အလယ်ဗဟိုအပေါက်ထဲမှ တစ်ညလုံး ရေစိမ်ထားသည့် ပဲများထဲသို့ ရေများ လောင်းထည့်နေခဲ့သည်။
ထိုပဲများက စိုက်ပျိုးရေးခြံမှ ခူးထားသည့် သာမန် ပဲပိစပ်များ ဖြစ်ပါသည်။
လွန်ခဲ့သော တစ်လလောက်က ထိုပဲများကို ခူးဆွတ်ထားခြင်းဖြစ်၏။
ပုံမှန်အချိန်တိုင်းဆို ခူးဆွတ်နိုင်ဖို့ နှစ်လကျော် အချိန်ကြာမည်ဖြစ်သည်။
သို့သော် ယဲ့ရှောင်ချန်း၏ ရှန်းနုန် ပါရမီကြောင့် စောစီးစွာ ခူးနိုင်ခဲ့ပါသည်။
ယဲ့ရှောင်ချန်းက ယခု တို့ဟူးလုပ်ရန် ပဲများ ကြိတ်နေပါသည်။
အစကတော့ ပဲများကို ကြိတ်သည့်နေရာတွင် အထူးကောင်းမွန်သည့် အထူးပဲနို့စက်တစ်လုံး ရှိသည်။ သို့သော် စက်ဖြင့်လုပ်ထားသည့် ပဲနို့က ကြိတ်ဆုံကျောက်ဖြင့် လုပ်ထားသလောက် မကောင်းဘူးဟု ယဲ့ရှောင်ချန်း ထင်မိပါသည်။
ယဲ့ရှောင်ချန်း မိသားစုတွင်လည်း ကြိတ်ဆုံကျောက် တစ်လုံးရှိနေပြီး မသုံးဖြစ်တာ ကြာခဲ့ပါပြီ။
ထိုကြိတ်ဆုံကျောက်ကို ထုတ်ကာ ရေဆေးလိုက်ပြီး လက်အားဖြင့် ပဲပိစပ်များကို စတင် ကြိတ်လေသည်။
ထိုပဲစေ့များအကြား အဝါရောင် အင်မော်တယ်ပဲစေ့နှင့် အနီရောင် အင်မော်တယ် ပဲစေ့တချို့ကို ယဲ့ရှောင်ချန်း ရောထည့်ခဲ့သည်။
အင်မော်တယ် ပဲစေ့များကို ရောစပ်လိုက်ပါက တို့ဟူးက သေချာပေါက် အရသာ ရှိလာနိုင်သည်ဟု သူထင်သောကြောင့် ဖြစ်ပါသည်။
အင်မော်တယ် ပဲများကို ကြိတ်ချေပြီး ပဲနို့ဖြင့် ရောလိုက်သောအခါ ဖျော့တော့သော့ မွေးရနံ့တစ်ခု ထွက်လာပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည်။
နောက်ဆုံး ပဲပန်းကန်အား ကြိတ်ဆုံထဲ လောင်းထည့်ပြီး ပဲနို့ဖြစ်အောင် တဖြည်းဖြည်း ကြိတ်ချေလိုက်သောအခါ ကြိတ်ဆုံအပေါက်ထဲမှ စီးကျလာပြီး အောက်က ဇလုံထဲသို့ ကျဆင်းသွားလေသည်။
ဇလုံထဲက ပဲအရည်များက အဖြူစစ်စစ်မဟုတ်ဘဲ အဝါရောင်နှင့် အနီရောင်လေးပါ အနည်းငယ်ပါဝင်နေသည်။ အဝါရောင် အင်မော်တယ် ပဲစေ့နှင့် အနီရောင် အင်မော်တယ် ပဲစေ့တို့၏ အရောင်များဖြစ်ကြပါသည်။
သူအနီရောင် အင်မော်တယ် ပဲစေ့ကို စားကြည့်ပြီးပါပြီ။ အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် အရသာ တခြားစီဖြစ်သည်။
အထူးခြားဆုံးအရာက အနီရောင် အင်မော်တယ် ပဲစေ့တစ်စေ့ကို စားပြီးနောက်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးလာပြီး ချွေးများလည်း ထွက်လာသည်။ ချွေးများက အမည်းရောင်ဖြစ်နေပြီး သူ့ကိုယ်တွင်းက အညစ်အကြေးများ ထွက်လာသည့် ပုံပင်။
သေချာသည်ကတော့ အနီရောင် အင်မော်တယ် ပဲစေ့တွင် အဆိပ်ဖြေနိုင်သည့် အာနိသင်ရှိနေပါသည်။
အဝါရောင် အင်မော်တယ် ပဲစေ့၏ အာနိသင်ကတော့ ပိုမိုနူးညံ့သည်။ ကိုယ်ခန္ဓာ အနေအထားကိုသာ တိုးမြှင့်ပေးခြင်းဖြစ်ပါသည်။
အဝါရောင် အင်မော်တယ် ပဲစေ့တချို့ စားပြီးသွားသောအခါ ယဲ့ရှောင်ချန်း ကိုယ်ခန္ဓာ ပြောင်လဲ တိုးတက်မှုတချို့ကို ခံစားခဲ့ရပါသည်။
ပဲများကို ကြိတ်ချေပြီးနောက် ကြိတ်ဆုံကျောက်၏ လှည့်ဘီးကြီးကို ယဲ့ရှောင်ချန်း ဖယ်ရှားလိုက်သည်။ အထဲတွင် ကျန်နေသည့် ပဲနို့များကို ရေဖြင့်ရောကာ ဇလုံထဲသို့ လောင်းထည့်လိုက်ပါသည်။
ဇလုံကြီးမှာ ပဲနို့များဖြင့် ပြည့်နှက်သွား၏။
ထုတ်လွှတ်နေသည့် ပဲနံ့ကလည်း အလွန်အမင်း မွှေးပျံ့လှပါသည်။
နောက်တစ်ဆင့်က ပဲနို့ထဲမှ ပဲအနှစ်ကို စစ်ထုတ်ပြီး ပဲနို့စစ်စစ်သာ ချန်ထားမည်ဖြစ်သည်။
သူ့အမေက ပဲနို့စစ်ထုတ်ဖို့ အဖြူရောင် အဝတ်အိတ်တစ်လုံး ဝယ်လာပေးသည်။
ယဲ့ရှောင်ချန်းက ဇလုံကို ကိုင်ထားပြီး ပဲအရည်ကို အိတ်ထဲသို့ တန်းလောင်းချလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို ပဲနို့များက အိတ်ထဲမှ စတင် စီးထွက်လာလေသည်။
ပဲနို့များ စီးထွက်လာသောအခါ သူ့အမေက အိတ်ကို တင်းတင်းကြပ်ကြပ် ချည်ပြီး ညှစ်ဖို့ အထူးအသုံးပြုသော သစ်သား ခွေးခြေခုံ တစ်ခုံပေါ်တင်ကာ အိတ်ကို အားပြင်းပြင်း နှယ်လိုက်သည်။ ထိုအခါ အိတ်ထဲမှ အရည်များ ချက်ချင်း ထွက်လာပြန်ပါသည်။
၁၀ မိနစ်ကျော်ကြာသည်အထိ ညှစ်လိုက်သောအခါ ပဲနို့များ ထွက်မလာတော့ဘဲ ပဲအနှစ်အိတ်တစ်လုံးသာ ကျန်ခဲ့တော့သည်။
ပဲအနှစ်ကိုလည်း စားနိုင်သည်။
ထို့အပြင် အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် အနီရောင် အင်မော်တယ် ပဲစေ့များကိုပါ ရောနှောထားသဖြင့် လွှင့်ပြစ်လို့ မဖြစ်ပါ။
ထိုပဲအနှစ်ကို ပဲပိစပ်ကိတ် ပြုလုပ်ဖို့ သုံးနိုင်သည်။
နောက်တစ်ဆင့်က ပဲနို့ကို အပူပေးဖို့ဖြစ်သည်။
ပဲနို့ကို ဒယ်အိုးထဲထည့်လိုက်ပြီး ဒယ်အိုးကို ထင်းမီးဖိုပေါ်တင်ကာ မီးညှိလိုက်သည်။
ပဲနို့များကို အပူပေးသည့် အခါတိုင်း အမြှုပ်များကို ဖယ်ရှားနိုင်ဖို့အတွက် အပူနိမ့်နိမ့်ဖြင့် တည်ထားသင့်ပါသည်။
ဤအချိန်တွင် ပဲနို့ ဖြည်းဖြည်းချင်း အေးခဲသွားပါက တို့ဟူးခဲလေးတွေများကို ရရှိနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် အမေဖြစ်သူက ဂျစ်ပဆင်တစ်ခဲကို သုံးကာ ဂျစ်ပဆင်ရည် လုပ်လိုက်ပြီး အိုးတစ်လုံးထဲထည့်လိုက်သည်။
ဂျစ်ပဆင် ဆားရည်ကို တို့ဟူးလုပ်ဖို့ အထူးအသုံးပြုပါသည်။
ဆားရည်ကို ပဲနို့ဖြင့် ရောလိုက်သောအခါ ဓာတု ဓာတ်ပြုမှုတစ်ခုဖြစ်ပေါ်ပြီး ပဲနို့များကို တို့ဟူးတုံးများအဖြစ် ပြောင်းလဲသွားစေသည်။
ဆားရည်ကို လုပ်ပြီးနောက် အမေဖြစ်သူက အိမ်မှ ဟင်းသီးဟင်းရွက် ပန်းကန်တစ်လုံးကိုယူကာ ဇွန်းတစ်ချောင်းဖြင့် သံအိုးထဲမှ ပဲနို့များကို ခပ်လိုက်သည်။
ထို့နောက် ယဲ့ရှောင်ချန်းနှင့် သူ့အမေတို့ ထင်းမီးဖိုပေါ်မှ သံအိုးကို မကာ ပဲနို့ပူပူများကို ဆားရည်အိုးထဲ လောင်းထည့်ကာ နှံ့နှံ့စပ်စပ် မွှေလိုက်ပါသည်။
မကြာမီ အဖြူရောင် ပဲတုံးများ စတင်ပေါ်လာ၏။
အမေက တို့ဟူးများလုပ်ဖို့အတွက် သစ်သားပုံးတစ်ခုကို ယူလာခဲ့သည်။
ပထမဆုံး ပုံး၏ အောက်ဖက်တွင် ပိတ်ကျဲတစ်ခု ထည့်ကာ ပဲတုံးများကို ဇွန်းဖြင့်ခပ်ပြီး ပုံးထဲသို့ ထည့်လိုက်သည်။ ပုံးပြည့်သွားသောအခါ အဖုံးဖုံးလိုက်ပြီး အဖုံးပေါ်တွင် အလေးတစ်ခု တင်လိုက်၏။
နာရီအနည်းငယ်အတွင်း နူးနူးညံ့ညံ့ တို့ဟူးတုံးလေးများ ဖြစ်ပေါ်လာပါသည်။
သစ်သားပုံး တစ်ပုံးလုံး ဂျယ်လီလို တို့ဟူးများဖြင့် ပြည့်နှက်သွား၏။
အိုးထဲတွင် တို့ဟူးတုံး တစ်ပန်းကန်စာသာ ကျန်ခဲ့ပြီး နေ့လည်ခင်း ဟင်းချက်ရာတွင် အသုံးပြုမည်ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက စားပွဲပေါ်မှ ပဲနို့တစ်ပန်းကန်ကို ယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။ တကယ်ချိုမြိန်လှပါသည်။ သကြားမထည့်ရသေးသော်လည်း အရသာက ချိုမြိန်လှပါသည်။
"ရှောင်ချန်း သကြားမထည့်ဘူးလား။"
အမေက သကြားပုလင်းယူလာပြီး မေးလိုက်သည်။
"အမေ သကြားမထည့်နဲ့တော့။ ဒီတိုင်းက ပိုကောင်းတယ်။ တစ်ငုံလောက် သောက်ကြည့်လိုက်ပါဦး။"
ယဲ့ရှောင်ချန်းက အလျင်အမြန် ပြောလိုက်သည်။
"သကြားမပါဘဲ ဘယ်လိုကောင်းမှာလဲ။"
သူ့အမေက သူ့ကို မယုံကြည်ပါ။
"အမေ သောက်မှာသာ သောက်ကြည့်စမ်းပါ။"
အမေက တစ်ငုံသောက်ကြည့်လိုက်သည်။ ရုတ်တရက် မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်ပေါ်လာ၏။ တကယ် အရသာရှိပါသည်။ သကြားမထည့်ထားတာတောင် ပဲထဲတွင် အချိုဓာတ်ရှိနေ၏။
ထို့အပြင် သင်းပျံ့သည့် ပဲအရသာလည်း ရကာ အလွန်အမှတ်ရဖွယ်ကောင်းပါသည်။
တစ်ပန်းကန်သောက်ပြီးသွားသောအခါ သူ့အမေက ထပ်သောက်ချင်သလို ခံစားနေမိသည်။
"တကယ် အရသာရှိတာပဲ။ စောစောကသာ သိခဲ့ရင် နှစ်ပန်းကန်လောက် ထပ်ပြီး ယူထားလိုက်ပါတယ်။"
သူ့အမေက ပြောလိုက်သည်။
"တို့ဟူးတွေကလည်း တူတူပဲမလား။"
ယဲ့ရှောင်ချန်းက ပဲနို့ပန်းကန်ကို သောက်လိုက်ပြီး ပဲတုံးများအား နောက်ထပ် ပစ်မှတ်အဖြစ်ထားလိုက်သည်။
ဇွန်းတစ်ချောင်းယူပြီး စားကြည့်လိုက်၏။
တကယ် ကောင်းလွန်းပါသည်။ ပဲတုံးက အလွန်နူးညံ့ လတ်ဆတ်လှသည်။ နှိုင်းယှဥ်စရာမရှိဘဲ ကမ္ဘာကြီးတစ်ခုလုံးတွင် အကောင်းဆုံး အရသာဖြစ်နိုင်ပါသည်။
"အကုန်လုံး မစားနဲ့ဦး။ နင့်အဖေအတွက် နည်းနည်း ချန်ထားဦး။"
အမေကလည်း ပဲတုံး တစ်စိပ်လောက် စားကြည့်သည်။ နောက်ဆုံးတော့ အဖေ့အတွက် ပဲတုံးကို ချန်ထားဖို့ သူမကိုယ်သူမ ထိန်းလိုက်ရပါသည်။
"ဟုတ်ကဲ့ပါ။"
ယဲ့ရှောင်ချန်း မနေနိုင်ဘဲ တို့ဟူးပုံးကြီးအား မျက်စိကျမိသည်။ တို့ဟူးတွေကကော ဘယ်လို အရသာရှိမလဲ မသိဘူး။
ရုတ်တရက် သူ့ခေါင်းထဲ အကြံတစ်ခုပေါ်လာသည်။ စိုက်ပျိုးရေးခြံတွင် ပဲများနှင့် အင်မော်တယ် ပဲအနည်းငယ်တို့ကို အသုံးပြုပြီး ပဲထုတ်ကုန်များပြုလုပ်ကာ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်တွင် တင်သွင်းပါက သူ့ဆားရည်စိမ် အသီးအရွက်များနှင့် ယှဥ်နိုင်လောက်သည့် နာမည်ကျော် ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်သည်။
ကံမကောင်းစွာဖြင့် အင်မော်တယ် ပဲစေ့များက အလွန်တန်ဖိုးကြီးပြီး အကန့်အသတ်လည်း ရှိသည်။ ထို့ကြောင့် ဖြုန်းတီးပြစ်လို့ မဖြစ်ပါ။
သူ့အတွက်နှင့် သူ့မိသားစုအတွက် အသုံးပြုနိုင်သော်လည်း စားသောက်ဆိုင်တွင် မရောင်းတာ ပိုကောင်းပါလိမ့်မည်။ မေ့လိုက်ရအောင်။
ယဲ့ရှောင်ချန်း အိမ်ထဲမှ ထွက်လာပြီး ခြံဘေးကို သွားလိုက်သည်။
ထိုနေရာတွင် အုတ်နီခဲများကဲ့သို့သော အိမ်ဆောက်ပစ္စည်းများအား စုပုံထား၏။
အိမ်ဆောက်ရန် အုတ်မြစ် ချထားပြီဖြစ်သည်။ တစ်ပေခန့် မြင့်မားသည်။
သူ့အဖေက အုတ်မြစ်ကို ရေလောင်းနေ၏။
ရက်အနည်းငယ်အတွင်း ဆောက်လုပ်ရေးအဖွဲ့ ရောက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းစဥ်များ စတင်ပါတော့မည်။
"အဖေ ကျွန်တော်လောင်းလိုက်မယ်။ ပဲနို့သွားသောက်လိုက်ဦး။"
ယဲ့ရှောင်ချန်းက သူ့အဖေထံသို့ သွားကာ ပြောလိုက်သည်။
"ရပါတယ်ကွာ၊ ခဏနေပြီးတော့မှာပါ။"
အဖေက ပြောလိုက်သည်။
ယဲ့ရှောင်ချန်း တစ်ခုခုပြောဖို့ ကြံလိုက်စဥ် ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။ ဖုန်းကိုထုတ်ကြည့်လိုက်သောအခါ လီကျန့်ရမ် ခေါ်ဆိုနေတာ ဖြစ်ကြောင်း မြင်လိုက်ရ၏။
ဒီနေ့ နေ့လည်ခင်း အစည်းအဝေးပွဲတစ်ခု ရှိပြီး ယဲ့ရှောင်ချန်းအား တက်ရောက်ဖို့ အသိပေးခြင်း ဖြစ်ပါသည်။
အစည်းအဝေးပွဲက ကုမ္ပဏီ၏ ယခင်လ လုပ်ငန်းစဥ်များ၏ တိုးတက်မှု အကျဥ်းချုပ် အကြောင်းကို တင်ပြခြင်းသာဖြစ်ပါသည်။
ကုမ္ပဏီ၏ ဌာနမျိုးစုံ ခေါင်းဆောင်များ အပြင် ဒီပုံမှန်အစည်းအဝေးအား ရှယ်ယာဝင်များလည်း တက်ရောက်ကြပါလိမ့်မည်။