အခန်း (၁၅၁) - မင်္ဂလာပွဲ
Vol. 11 Ch. 151
အခန်း (၁၅၁) - မင်္ဂလာပွဲ
အချိန်အတော်ကြာသောအခါ ယဲ့ရှောင်ချန်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
လက်တွေ့ ဝိညာဥ်သိပ်သည်းခြင်းကို ကျင့်ကြံခြင်းက အိပ်မက်ထက်တွင် ကျင့်ကြံခြင်းထက် ပိုမို စစ်မှန်ပြီး တက်ကြွစေသည်။
စိတ်ဝိညာဥ် အသိစိတ်က အလုံးစုံသိမြင်ခြင်းနှင့် အလုံးစုံ စွမ်းဆောင်နိုင်ခြင်းတို့ အခြေအနေတွင် ရှိနေသည့်ပုံဖြစ်ပြီး အလွန်အံ့အားသင့်ဖို့ ကောင်းပါသည်။
"နွီဝါး ဝိညာဥ်မျိုးစေ့က ဝိညာဥ်သိပ်သည်းခြင်းအတွက် လိုအပ်ချက်တွေ အရမ်းမြင့်မားတယ်။ အဲ့ဒီလိုအပ်ချက်က ပါရမီတင်မဟုတ်ဘူး ပြင်ပ ပတ်ဝန်းကျင် အခြေအနေလည်း ပါသေးတယ်။"
ယဲ့ရှောင်ချန်း အနည်းငယ် နားလည် သိမြင်သွားသည်။
ဝိညာဥ်မျိုးစေ့တွင် ခြားနားသည့် ဂုဏ်သတ္တိများ ရှိနေသည့် ပုံပင်။
မီးဝိညာဥ်မျိုးစေ့က မီးစနစ်ကျင့်ကြံခြင်းများအတွက် အားသာချက် ရှိသည်။
ထို့အပြင် နွီဝါး ဝိညာဥ်မျိုးစေ့က ရှင်သန်ခြင်း ဂုဏ်သတ္တိ၏ သိပ်သည်းခြင်း နည်းလမ်းဖြစ်ပါသည်။
ကျင့်ကြံသူက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ အသက်စွမ်းအားတို့ကို ခံစားကြည့်ရမည်။ ဆက်သွယ်ကြည့်ရမည်။ ထို့နောက် ၎င်း၏ ဝိညာဥ်မျိုးစေ့ကို ဝိညာဥ်အသက် မီးတောက်ဖြင့် လောင်ကျွမ်းစေရမည်။
ဝိညာဥ်မျိုးစေ့အား သိပ်သည်းစေသောအခါ အသက်များကို ပိုခံစားရပြီး ပိုရှုပ်ထွေးသော မျိုးစိတ်များကို ခံစားရလေလေ၊ ဝိညာဥ်မျိုးစေ့ သိပ်သည်းခြင်း ပိုမို ပြည့်စုံပြီး စွမ်းအားကြီးလာလေလေ ဖြစ်ပါသည်။
"ဒီအချိန်တောအတွင်း ငါစုစည်းထားတဲ့ ဝိညာဥ်မျိုးစေ့ကို အင်မော်တယ်မြေနဲ့ စိုက်ပျိုးရေးခြံက အပင်တွေအားလုံးနဲ့ သိပ်သည်းစေခဲ့တယ်။ ငါအကန့်အသတ်အထိ ရောက်တော့မယ်။ ဝိညာဥ်မျိုးစေ့ကို ပိုပြီး စွမ်းအား ကြီးလာစေချင်ရင် အတိုင်းအတာကို ပိုကျယ်ပြန့်အောင် လုပ်ရမယ်။"
ယဲ့ရှောင်ချန်းက စဥ်းစားလိုက်သည်။
အမှန်ပင်။ ယဲ့ရှောင်ချန်း အကန့်အသတ်ကို ထပ်ပြီး မတိုးချဲ့လျှင်တောင် လက်ရှိ ဝိညာဥ်သိပ်သည်းခြင်း စွမ်းအားက သိပ်ပြီး မဆိုးရွားလှပါ။ ဘာပဲဖြစ်ဖြစ် သာမန်အပင်များဖြင့် မယှဥ်နိုင်သော အင်မော်တယ် အပင်များလည်း စိုက်ပျိုးရေးခြံတွင် ရှိနေသည် မဟုတ်လား။
ထို့အပြင် နွီဝါး ဝိညာဥ်မျိုးစေ့က အပင်များသာ မဟုတ်ဘဲ တိရိစ္ဆာန်များကိုပါ ပစ်မှတ်ထားနိုင်ပါသည်။
ယဲ့ရှောင်ချန်း၏ ပါရမီက အပင်များအပေါ်တွင် ပိုမိုစွမ်းဆောင်နိုင်သဖြင့် ဝိညာဥ်မျိုးစေ့ကို သိပ်သည်းရာတွင် တိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည့် စွမ်းအားမျိုး ကြီးကြီးမားမား မရှိပါ။
"ဝိညာဥ်မျိုးစေ့ကို သိပ်သည်းချင်ရင်တော့ အသန်မာဆုံး ဖြစ်လာရမှာပေါ့။"
ယဲ့ရှောင်ချန်း ဆုံးဖြတ်ချက်ချလိုက်ပါသည်။
နောက်ထပ် ရက်အနည်းငယ်လောက်အထိ သူ့တွင် အချိန်ရှိနေပါက နေ့တိုင်း တောတောင်များဆီ သွားပြီး ယဲ့ရှောင်ချန်း ဝိညာဥ်မျိုးစေ့အား သိပ်သည်း စေခဲ့သည်။
ကွဲပြားခြားနားသော အပင်များနှင့် မျိုးစေ့ပေါင်းစုံတို့က ဝိညာဥ်မျိုးစေ့ သိပ်သည်းရာတွင် အကျိုးအာနိသင်ရှိကြပါသည်။
မျိုးနွယ်တူပါက အာနိသင်မှာ ပိုမို ဆိုးရွားနိုင်သည်။
အမြဲတမ်း နေရာပြောင်းနေရ၏။ ကောင်တီ သို့မဟုတ် မြို့တော်များသို့ သူသွားလျှင်တောင် သစ်ပင် ပန်းမန် မျိုးစုံ ရှိတတ်သည့် ပန်းခြံများကို ရှာရသည်။
တိရိစ္ဆာန်များနှင့် ဆက်သွယ်ပြီး ဝိညာဥ်မျိုးစေ့ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားကြည့်ဖူးသည်။ သို့သော် ရလဒ်များကတော့ သာမန်ပဲဖြစ်ပါသည်။
မကြာမီ အောက်တိုဘာလ အကုန်သို့ ရောက်လာသည်။
အနီရောင် အင်မော်တယ် ပဲပင်များက သူထင်ထားသည်ထက် ပိုမို နှေးကွေးစွာ ဖွံ့ဖြိုးနေပါသည်။
ဖူဆန်သစ်ပင်က ထောက်ပံ့သော မီးချီ နည်းပါးမှုနှင့် သက်ဆိုင်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိပါသည်။
မီးဂုဏ်သတ္တိ အင်မော်တယ် မြေသြဇာ သုံးစွဲခဲ့ပါက ခူးဆွတ်ပြီး ဖြစ်လောက်သည်။
သို့သော်လည်း သူဂရုမစိုက်တော့ပါ။ အများဆုံး ရက်အနည်းငယ်သာ လိုပါတော့သည်။
အောက်တိုဘာ ၂၆ ရက်နေ့။
အရုဏ်တက်ချိန်ဖြစ်သည်။
ယဲ့ရှောင်ချန်းက Porsche Cayenne ကြီး မောင်းနှင်လျက် အိမ်မှထွက်လာသည်။
ယနေ့က ဖန်းယွမ်၏ မင်္ဂလာပွဲနေ့ ဖြစ်ပါသည်။
အစကတော့ သူအစောကြီး သွားဖို့ မလိုအပ်သော်လည်း ဖန်းယွမ်က သူ့ကားကို မင်္ဂလာဆောင်ကားကြီးအဖြစ် လုပ်ချင်သည်ဟု ပြောခဲ့သောကြောင့်ဖြစ်ပါသည်။
တန်ဖိုးကြီးကားများကို မင်္ဂလာဆောင်ကားများဖြင့် အသုံးပြုခြင်းက ဖြစ်နေကျပင်။
များသောအားဖြင့်တော့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ အသိမိတ်ဆွေတွေရဲ့ ကားတွေပါ။
တစ်ယောက်မှ ကားမရှိပါက သို့မဟုတ် ပိုမို စျေးကြီးသည့် ကားတစ်စီးကို ဝယ်ယူချင်ပါက မင်္ဂလာကားအငှားကုမ္ပဏီတွင် Lincoln မှ သာမန် Toyota အထိ ရွေးချယ် ငှားယူနိုင်ပါသည်။
ယဲ့ရှောင်ချန်း၏ Porsche Cayenne ကားကြီးက ယွမ်သုံးသန်းကျော်တန်ပြီး အဆင့်လည်း အလွန်မြင့်သည်။
ထိုသို့ကူညီပေးနိုင်သောအခါ ယဲ့ရှောင်ချန်းက မငြင်းပယ်ပါ။
တစ်နာရီကျော် ကြာသောအခါ ယဲ့ရှောင်ချန်းက ယန်မြို့တော် ပန်းဆိုင်တစ်ဆိုင် တံခါးရှေ့တွင် ရပ်လိုက်သည်။
ယဲ့ရှောင်ချန်း၏ ကားအပြင် ဖန်းယွမ်၏ မိတ်ဆွေများ ပိုင်ဆိုင်သည့် ကားများစွာလည်း ရှိနေပါသေးသည်။
Mercedes, Benz, BMW နှင့် အကောင်းဆုံးက Jaguar ဖြစ်သည်။
"ရှောင်ချန်း မင်းရောက်လာပြီလား။"
ဖန်းယွမ်က အားအင်များ တက်ကြွနေ၏။
"ဟားဟား ဖန်းယွမ် ဒီနေ့တော့ သတို့သားလောင်းကြီး ဖြစ်လာပြီပေါ့ ဂုဏ်ယူပါတယ်ကွာ။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။
"ဟေ့ကောင် အချိန်ကျရင် မင်းနှစ်ခွက်လောက် သောက်ရမယ်နော်။"
ဖန်းယွမ်က ဂုဏ်ယူစွာပြုံးလိုက်၏။
"စိတ်ချစမ်းပါ၊ ဘယ်နှခွက်ဖြစ်ဖြစ် အေးဆေးပဲ။ ဒီနေ့ မင်းကို အမှောက်သိပ်ပြီး မင်္ဂလာခန်းမတောင် မသွားနိုင်စေရဘူး။" ဟု ယဲ့ရှောင်ချန်းက စနောက်ရယ်မောလိုက်သည်။
ယဲ့ရှောင်ချန်းသည် သောက်ရမှာကို မကြောက်ပေ။ သူ့တွင် အဆိပ်ပြီးသော ခန္ဓာကိုယ် ပါရမီ ရှိနေသည်။ အခွက် ၁,၀၀၀ လောက်သောက်ပြီးတာတောင် မမူးနိုင်ပါ။
နောက်ထပ် ကားတစ်စီး ဝင်လာ၏။
အဖြူရောင် Porsche တစ်စီးဖြစ်သည်။
"သြော် ဝမ်ယွမ်တုန်း ရောက်လာပြီ။ ဒီနေ့ သူ့ကားက ဦးဆောင်ကားလေ။"
ဖန်းယွမ်က ပြောလိုက်သည်။
ပုံမှန်ဆို မင်္ဂလာဆောင်ကားအဖွဲ့တွင် ဦးဆောင်ကားများက အဓိကအားဖြင့် အဖြူရောင်များ ဖြစ်ရမည်။ ဆံပင်များ ဖြူလာသည်အထိ အတူတူ နေထိုင်သွားကြမည်ဟူသော သဘောဖြစ်ပါသည်။
"ဖန်းယွမ် ရှောင်ချန်း"
ဝမ်ယွမ်တုန်းက မိန်းကလေး အဖော်တစ်ဦးနှင့်အတူတူ ကားပေါ်မှ ဆင်းလာသည်။
ဆံပင်ရှည်ရှည်နဲ့ အလွန်လှပတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး ဝမ်ယွမ်တုန်းနှင့် လိုက်ဖက်လှပါသည်။
"ဝိုးး ယွမ်တုန်း ဒီအလှလေးနဲ့ မိတ်ဆက်ပေးပါဦးလား။"
ဖန်းယွမ်က ဝမ်ယွမ်တုန်း၏ ပခုံးကို ကိုင်လိုက်ပြီး လှပသော မိန်းကလေးအား ကြည့်လိုက်ရင်း ရယ်မောလိုက်သည်။
"ပိုင်ယီယီ ငါ့ကောင်မလေးလေ။"
ဝမ်ယွမ်တုန်းက ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။ "ယီယီ ဒါကိုယ့်ရဲ့ ကောလိပ် အတန်းဖော်နှစ်ယောက်လေ။ ဝတုတ်က ဒီနေ့ရဲ့ ဇာတ်လိုက် သတို့သားလောင်း ဖန်းယွမ်။ ပြီးတော့ ဒီတစ်ယောက်က ဟားဟား သူ့အကြောင်း ကြားဖူးမှာပါ။ နာမည်ကျော် ရုက္ခဗေဒ ပညာရှင် ယဲ့ရှောင်ချန်းလေ။"
မိန်းကလေး ပိုင်ယီယီက ယဲ့ရှောင်ချန်းကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူ့ရှေ့က လူငယ်တစ်ယောက်က နာမည်ကျော် ယဲ့ရှောင်ချန်း ဖြစ်လိမ့်မည်ဟု ထင်မထားပေ။
သူမ ယဥ်ကျေးစွာဖြင့် ယဲ့ရှောင်ချန်းနင့် ဖန်းယွမ်တို့ နှစ်ယောက်စလုံးကို နှုတ်ဆက်လိုက်သည်။
"သြော် ဝမ်ယွမ်တုန်း။ ကောင်မလေးရပြီးတော့ မင်းတော်တော် ခြေငြိမ်သွားတာပဲ။ ရှောင်ချန်းကလည်း တကိုယ်တည်းသမား ဖြစ်နေတုန်းပဲ။ ရှောင်ချန်းကို ကောင်မလေးတစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးလိုက်စမ်းပါ။"
ဖန်းယွမ်က ပြောလိုက်သည်။
ဝမ်ယွမ်တုန်း၏ မျက်နှာက တည်သွားပြီး ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။ ယဲ့ရှောင်ချန်းကို သူအောင်သွယ်လုပ်ပေးဖို့ကော လိုသေးလားဟု ပြောချင်သည်။ ယဲ့ရှောင်ချန်းက သူ့ဦးလေးပင် ဖြစ်လာတော့မည်။
ယဲ့ရှောင်ချန်းက နှာခေါင်းကိုပွတ်ကာ ပြုံးလိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ကောင်းကောင်းနေစမ်းပါ သတို့သားလောင်းရာ။"
"အေးပါကွာ၊ ဟိုနားက ဆိုင်မှာ မနက်စာ အရင်သွားစားကြရအောင်။"
ဖန်းယွမ်က ပြောလိုက်၏။
သူတို့အစောကြီး ရောက်လာကြသဖြင့် ဘယ်သူမှ မနက်စာ မစားရသေးပေ။
တစ်နာရီကြာသောအခါ။
မင်္ဂလာဆောင်ကား များစွာအား အလှဆင်ထားပြီးပြီ။
မနက် ၈နာရီကျော်နေပြီဖြစ်၏။
မင်္ဂလာဆောင် ကားတန်းကြီး စတင်ကာ သတို့သမီးအိမ်သို့ ဦးတည်နေကြပြီဖြစ်၏။
ဖူဟို့ ဟိုတယ်။
ဖန်းယွမ်၏ မင်္ဂလာပွဲကို ဒီနေရာတွင် ကျင်းပမည်ဖြစ်သည်။
ကြီးမားသော မင်္ဂလာခန်းမကြီးထဲတွင် ဧည့်သည်များစွာ ရှိနေသည်။ စားပွဲဝိုင်း ၄၀ - ၅၀ နီးပါး ရှိပါသည်။
ဖန်းယွမ်၏ ဧည့်သည်များက များပြားသည်။ ဆွေမျိုးများအပြင် ကောလိပ် အတန်းဖော်များ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းဖော်များပင် ရှိနေသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်များလည်း ရှိနေသည်။
သူက အခု ဌာနအဆင့် ခေါင်းဆောင်ဖြစ်နေပြီး ထို့ကြောင့် လူများစွာ တက်ရောက်လာသည်က မဆန်းပါ။
ထို့အပြင် သူ့ဇနီး ဟွမ်ချီချီ၏ အတန်းဖော်များ၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များလည်း ရှိသည်။
ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်၏။ ဆက်ဆံရေးတစ်ခု၏ အရေးပါပုံဖြစ်ပါသည်။
ဒီမင်္ဂလာအခမ်းအနားကို ကြည့်ခြင်းအားဖြင့် မြင်နိုင်၏။
သူလက်ထပ်သည့်အခါ ဘယ်လိုဖြစ်လာမလဲ သူ မသိပေ။
တက္ကသိုလ်တွေ ကျောင်းသားများစွာရှိသည်။
သူတို့က ကောလိပ်အတန်းဖော်များ ရှိကြသော်လည်း သူတို့နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေပြီး တစ်ခါမှလည်း မဆက်သွယ်ခဲ့ဖူးပါ။
ယဲ့ရှောင်ချန်းက သူတို့ကိုမှတ်မိသေးသော်လည်း နာမည်တွေကိုတော့ ခေါ်နိုင်မည် မဟုတ်ပါ။
"ယဲ့ရှောင်ချန်း ငါ့ကို မှတ်မိသေးလား။ ကျန်းဖုန်လေ။ ဟားဟား ငါတို့အတန်းထဲမှာ မင်းက အတော်ဆုံးပဲလို့ ဖန်းယွမ်ပြောတယ်။ ပြီးတော့ မင်းက ထိပ်တန်း ရုက္ခဗေဒပညာရှင်တဲ့။"
တက္ကသိုလ် အတန်းဖော်များသည် ဆက်ထားသော စားပွဲနှစ်လုံးတွင် စုစည်းနေကြသည်။
ယဲ့ရှောင်ချန်းဘေးတွင် ထိုင်နေသည့် မျက်မှန်ဖြင့် လူငယ်လေး တစ်ယောက်က ပြောလိုက်သည်။
"ဒါပေါ့ မှတ်မိတာပေါ့။ ငါတို့ ကောလိပ်မှာတုန်းက ရန်ဖြစ်ကြမလိုတောင် ဖြစ်ခဲ့သေးတယ်မလား။"
ယဲ့ရှောင်ချန်းက အတန်းဖော်ဟောင်းများစွာကို ကြည့်လိုက်ပြီး လွမ်းဆွေးသလို ခံစားလိုက်ရပါသည်။
သူတို့နှင့် မဆုံခဲ့ရတာ ဘာမှမဖြစ်ပါ။ အခုတော့ ဒီလောက် ရင်းနှီးနေသည့် မျက်နှာများစွာကို မြင်လိုက်ရသောအခါ အတော်လေး နေလို့ကောင်းနေပါသည်။
လေးနှစ်တာလောက် အတူတူ ရှိနေခဲ့ကြသဖြင့် အချင်းချင်း သိပ်ပြီး သဘောမကျခဲ့ကြလျှင်တောင် မေ့ဖို့ခက်ခဲလှသည့် ဘဝ အတွေ့အကြုံ စာမျက်နှာတစ်ခု ဖြစ်ခဲ့ပါသည်။
"အေး မှတ်မိတယ် မှတ်မိတယ်။ ငါမင်းရဲ့ ဖုန်းကို မတော်တဆ လွတ်ကျသွားလို့ ငါ့နောက် လိုက်လာတာလေ။"
ကျန်းဖုန်က ပြုံးလိုက်သည်။
"မင်းတို့ကို ငါဝင်ဆွဲခဲ့တာကွ။ မဟုတ်ရင် ရန်ဖြစ်ကြမှာ သေချာတယ်။"
ရသကြွယ်သော စိတ်မျိုးဖြင့် လူငယ်လေး တစ်ယောက်က ရယ်မောလိုက်သည်။
ဟွားချန်။
ထိုလူက ဂိမ်းရူးတစ်ယောက်ဖြစ်ပြီး ဘွဲ့မရလုနီးပါးပင် ဖြစ်ခဲ့သည်။ ဒီပလိုမာသာ ရပြီး တက္ကသိုလ် ဘွဲ့လက်မှတ်ကိုတော့ မရခဲ့ပါ။
ယဲ့ရှောင်ချန်းက သူ့ကို တော်တော်လေး မှတ်မိနေပါသေးသည်။
"ယဲ့ရှောင်ချန်း နင်စိုက်ပျိုးရေးခြံတစ်ခု ဖွင့်ထားတယ်လို့ ဖန်းယွမ်ပြောတာ ဟုတ်လား။"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မိန်းကလေး အတန်းဖော် တစ်ဦးကမေးလိုက်၏။
လိုင်ချောင်းအာ။
သူမက ပိန်သွယ်သွယ်နှင့် သာမန်ပုံစံ နူးနူးညံ့ညံ့ ကောင်မလေးဖြစ်သည်။ သို့သော် တမူထူးကာ တက်ကြွပြီး ကြင်နာတတ်သည်။
ထို့အပြင် မေးခွန်းများစွာ မေးတတ်သော စကားများတတ်သူလည်း ဖြစ်ပါသည်။
"ဟုတ်တယ်။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။
"တရုတ်သိပ္ပံပညာကျောင်းတော်က ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ ပညာရှင်အသင်းက နင့်ကို တကူးတက လာတွေ့ကြတယ်ဆိုတာ အမှန်ပဲလား။"
လိုင်ချောင်းအာက ထပ်မေးသည်။
"သြော် တရုတ်သိပ္ပံပညာကျောင်းတော်က ပညာရှင်တွေ ဟုတ်လား။ အယောက် ၂၀ ကျော်တယ်လို့တောင် ငါကြားခဲ့တယ်။ ယဲ့ရှောင်ချန်း နင်က အရမ်းတော်တာပဲ။"
နောက်ထပ် ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
"အမ်း..."
ယဲ့ရှောင်ချန်း ရှက်သွား၏။ ဖန်းယွမ်က ပုံကြီးချဲ့ပြီး နေရာတိုင်းတွေ လျှောက်ပြောထားသည့် ပုံပင်။
ပညာရှင်အသင်းတွင် ပညာရှင် အယောက် ၂၀ ကျော်သည်ဟု ပြောခဲ့သည်။