မိုဝူကျီ၏ မာနသိက္ခာ
Vol. 14 Ch. 183
“အာ … ဂျူနီယာ မောင်လေးမို …” ချိန်စုယင်က တံခါးတွင် မိုဝူကျီကို မြင်လိုက်ရသည့် အတွက် သူမ မျက်နှာတွင် ကသိကအောက် အမူအရာ ပေါ်လာလေသည်။
မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် …
“စီနီယာ အစ်မချိန်အတွက် ဂုဏ်ယူပါတယ်။ စီနီယာအစ်မ လျှပ်တစ်ပြက် လျှပ်စီးကို သင်ယူ တတ်မြောက်ခဲ့ပြီ မလား … ”
ချိန်စုယင်က ပို၍ ရှက်ရွံ့ လာလေသည်။ သူမက အမှန်ပင် လျှပ်တစ်ပြက် လျှပ်စီးကို သင်ယူ တတ်မြောက် ခဲ့လေ၏။ သူမက မိုဝူကျီကို မရှာနိုင်ခဲ့သည့် ပြီးပြည့်စုံသော အကြောင်းအရင်း တချို့ ရှိလေသည်။ ထိုအကြောင်းမှာ မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေ၍ မဟုတ်သလို သူမဘက်က ပျံသန်းရေး ရတနာကို လက်မလွတ်ချင်၍လည်း မဟုတ်ပေ။ ထို့အစား သူမက လျပ်တပြက် လျှပ်စီးကို ကျင့်ကြံနေရာ၌ စိတ်နှစ်သွားလို့ ဖြစ်လေသည်။ သူမက လျှပ်တစ်ပြက် လျှပ်စီးကို ပထမဆုံး သင်ယူ တတ်မြောက်စဉ်က သူမက ချက်ချင်းပင် အခြခံ လျှပ်စီး အခန်းဆီ သွားခဲ့သည်။ မိုဝူကျီ ပြောထားသည့် အတိုင်း လျှပ်တစ်ပြက် လျှပ်စီးသည် လျှပ်စီး တိုက်ခိုက်ခြင်းကို အခြေခံထားတာ မဟုတ်ဘဲ လျှပ်စီးသဘာဝ ဓာတ်များကို စုပ်ယူနိုင်စွမ်း ရှိသည့် ပညာရပ် တစ်ခု ဖြစ်လေသည်။
လဝက်အတွင်း သူမက အခြေခံ လျှပ်စီးအခန်းမှ အလယ်အလတ် လျှပ်စီးအခန်းသို့ အဆင့်တက် သွားနိုင်ခဲ့သည်။ သူမက အလယ်အလတ် လျှပ်စီးအခန်းနှင့် အပြည့်အဝ လိုက်လျောညီထွေ မဖြစ်သေးသော်ငြား သူမက ထူးခြားရေခဲ သဘာဝ ဝိညာဉ်ကြောကြောင့် သူမက လေ့ကျင့်ရာ၌ အခက်အခဲများစွာ မကြုံခဲ့ရပေ။
စိတ်နှစ်မှုတွင် သူမက သူမနာမည်ပင် မေ့လျော့ သွားခဲ့သည်။ ပုံမှန်အားဖြင့် မိုဝူကျီနှင့် အပေးအယူကား သူမ စိတ်ထောင့် တစ်နေရာသို့ လွှင့်ပစ် သွားမိလိုက်သည်။ သူမက မိုဝူကျီသည် တံခါးတွင် စောင့်နေသည်ကို မြင်သောအခါ သူမက မိုဝူကျီသည် ပျံသန်းရေး ရတနာ လာတောင်းကြောင်း တွေးမိလိုက်သည်။
ချိန်စုယင်က ပျံသန်းရေး ရတနာကို အလျင်အမြန် ထုတ်ယူလိုက်သည်။ သူမက အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော်လည်း သူမက မိုဝူကျီကို ပျံသန်းရေး ရတနာအား လှမ်းပေးလိုက်သည်။
“ဂျူနီယာ မောင်လေးမို ဒါက အတော်လေး ကောင်းတဲ့ ဝိညာဉ်ပစ္စည်းပါ။ ငါတောင် ငါ့ဆရာ အကူအညီကြောင့် ဒီလိုပစ္စည်းကို ပြုလုပ်နိုင်ခဲ့တာ ... တကယ်လို့ ရှင်က အသုံးမပြု သေးနိုင်ဘူး ဆိုရင် ယွမ်ဒန်အဆင့် ရောက်တဲ့အထိ စောင့်သင့်တယ် ... ”
ချိန်စုယင်က ပြောလိုက်ပြီး မသိမသာ လက်က ရပ်တန့်သွားပြီး သူမဘက်ကို ပြန်ဆွဲယူ လိုက်သည်။ မိုဝူကျီက အရည်အချင်း နိမ့်သည့် သူ တစ်ယောက်ဖြစ်ကာ သူ့ဘဝ တစ်လျှောက်လုံး ယွမ်ဒန်အဆင့် တက်လှမ်း နိုင်ပါ့မလား ... ယွမ်ဒန်အဆင့်သို့ မတက်လှမ်းနိုင်သည့် ကျင့်ကြံသူ အနေနှင့် ပျံသန်းရေး ရတနာ ပိုင်ဆိုင်ခြင်းက …ဖြုန်းတီးနေ သလို ဖြစ်နေလိမ့်မည်။
ချိန်စုယင် ရှင်းပြစရာ မလိုဘဲ မိုဝူကျီက ပျံသန်းရေး ရတနာ အကြောင်းကို သိ၏။ ယခင်က ရန်ထျန်းရှင်းနှင့် အတူ ပြန်လာသည့် သင်္ဘောပျံသည် ရန်ထျန်းရှင်း အသက် သွင်းထားသည့် ပျံသန်းရေး ရတနာ ဖြစ်သည်။ လွန်ခဲ့သည့် တစ်လက သူသည် ရန်ထျန်းရှင်းက ပျံသန်းရေး ရတနာကို အသုံးပြုတာ မြင်ဖူးလေသည်။
ချိန်စုယင်၏ ကားပျံသည် သေးငယ်ပြီး လက်ရာမြောက်သည့် အတွက် အထင်တော့ မသေးသင့်ပေ။ အသက်သွင်း လိုက်သည်နှင့် လင်းကိုးလောက် ကောင်းပေသည်။
မှတ်ချက် ။ ။ လင်းကိုးသည် ကားတံဆိပ် တစ်မျိုး ဖြစ်သည်။
သို့သော်လည်း ချိန်စုယင်က ကားပျံကို ပြန်ယူသွားသောကြောင့် မိုဝူကျီက သူမလက်မှ လုယူ၍ မဖြစ်ပေ။
“ဟုတ်သားပဲ … ဂျူနီယာ မောင်လေးမိုကို ကျေးဇူး တင်ရဦးမယ်။ တကယ်လို့ ရှင်သာ ကျွန်မကို လျှပ်တစ်ပြက် လျှပ်စီးကို ကျင့်ကြံဖို့ အဆင့်မြင့် ရေခဲအခန်းဆီ သွားဖို့ မပြောရင် ကျွန်မ သေနေလောက်ပြီ။ ဂျူနီယာ မောင်လေးမို ဒီလို ကျင့်စဉ်မျိုးကို ပြုလုပ်နိုင်တာ အမှန်တကယ် အံ့ဩဖို့ ကောင်းတာပဲ …” ချိန်စုယင်က လျှပ်တစ်ပြက် လျှပ်စီးကို ပထမအကြိမ် လေ့ကျင့်စဉ်က အန္တရာယ်ကို ပြန်တွေးမိ၍ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
မိုဝူကျီက အန္တရာယ် ရှိလိမ့်မည်ဟု ပြောသည့်အတိုင်း အမှန်ပင် အန္တရာယ် ရှိခဲ့သည်။ အဆင့်မြင့် ရေခဲ အခန်းမှာပင် ကြောက်ခမန်းလိလိ မီးတောက်က သူမခန္ဓာထဲမှ အစိတ်အပိုင်းများကို လောင်မြိုက်လု နီးပါး ဖြစ်သွားသည်။
သူမက မိုဝူကျီသည် ထိုကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သည့် အပြင် ထိုကျင့်စဉ်ကို ထပ်မွမ်းမံ ထားနိုင်ခြင်းကို တွေးမိ၍ အမှန်ပင် လေးစားမိ သွားသည်။ သူမသည် လူသား အဆင့်လွန် အဆင့် ၇သို့ ကျော်၍ လူသားအဆင့်လွန် အဆင့် ၈သို့ ရောက်ရှိသွားကာ အဆင့် ၉ရောက်ဖို့ပင် ခြေလှမ်း အနည်းငယ်သာ လိုတော့သည်။ တစ်ဖက်တွင် မိုဝူကျီ ကျင့်ကြံဆင့်က အရမ်းကို နိမ့်၍ သူခန္ဓာ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအား အရိပ်အယောင်များပင် မတွေ့ရပေ။ သူမက မိုဝူကျီသည် စိတ်ဝိညာဉ် မတည်ဆောက် ရသေးလောက်ကြောင်း ခန့်မှန်းမိသည်။ သို့သော် သူက လျှပ်တစ်ပြက် လျှပ်စီးကို ကျင့်ကြံနိုင်ရုံ တင်မက ပြင်ဆင်မှုပါ ပြုလုပ်ခဲ့ သေးသည်။
ထိုကိစ္စ တစ်ခုတည်းဖြင့် သူသည် ကျင့်ကြံခြင်း သမိုင်းတွင် နာမည်တစ်ခု ချန်ထား နိုင်လေသည်။
မိုဝူကျီက လက်ခါပြ လိုက်ပြီး …
“ဘာမှ မဟုတ်ပါဘူး ... ကျွန်တော်က ကံကောင်းလို့ပါ ... ”
သူ့ပါးစပ်က ပြောရင်း စိတ်ထဲတွင် တွေးတော နေလေသည်။ သူက ချီးကျူးမှု ခံရအောင် လာခဲ့ခြင်း မဟုတ်ပေ။ သူက ချိန်စုယင် လက်ထဲမှ ကားပျံကိုသာ ကြည့်နေလေသည်။ ဝှေ့ဝိုက်မနေဘဲ ကျွန်တော့်ဆီ ကားပျံ မြန်မြန် ပေးပါတော့လား …
သူမက မိုဝူကျီ အကြည့်ကို သတိပြုမိသောကြောင့် ချိန်စုယင်က မိုဝူကျီ ရည်ရွယ်ချက်ကို နားလည်သွားလေသည်။ သူမက အားနာစွာ ပြောလိုက်သည် “ဂျူနီယာမောင်လေးမို ငါလည်း တိုက်ပွဲကို သွားကြည့်ချင်တယ် … ငါလည်း ... ”
“သေချာတာပေါ့ သေချာတာပေါ့ …” မိုဝူကျီက ချိန်စုယင် ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး …
“စီနီယာ အစ်မကို ကျွန်တော် ခေါ်သွားပေးမယ်လေ ... ”
သူက စကားဆုံးအောင် ပြောလိုက်ပြီး မိုဝူကျီက ကားပျံကို ယူရန် ရှေ့တိုးလာဖို့ ပြင်လိုက်သည်။
မိုဝူကျီက ခြေလှမ်း မလှမ်းခင် ချိန်စုယင်က အားရတက်ကြွစွာ ပြောလိုက်သည်။
“ဂျူနီယာ မောင်လေးမိုကို ကျေးဇူး တင်ပါတယ်။ ကျွန်မက အရင်ပြန်ပြီး ဆေးကြောသန့်စင် လိုက်ဦးမယ်။ စိတ်ချနေပါ ကျွန်မတို့တွေ နယ်ခြားတိုက်ပွဲ ရောက်တာနဲ့ ရှင့်ကို ပျံသန်းရေး ရတနာ ချက်ချင်း ပေးပါ့မယ် …”
ထိုသို့ပြောပြီး ချိန်စုယင်က လှည့်ထွက်လိုက်ကာ ချက်ချင်းဆိုသလို နောက်ထပ် ရောက်သွားလေသည်။
မိုဝူကျီက သူ့ခြေထောက် ကြွနေသည်ကို သတိထားမိ၍ အမှန်ပင် ရယ်ချင်မိသွားသည်။ သူက ချိန်စုယင် စကားများကို နားလည်သည်။ ချိန်စုယင်က သူတို့ တိုက်ပွဲ ရောက်သည့်အခါ သူက ကားပျံကို မွမ်းမံ၍ မပြင်ဆင်နိုင်ကြောင်း ယုံကြည်ထားသည်။ လက်တွေ့တွင် သူ့အတွက် ထိုကားပျံကို ပြန်လည် မွမ်းမံဖို့ရာက ရိုးရှင်းသည့် ကိစ္စရပ် ဖြစ်သည်။
ကံဆိုးလှစွာ မိုဝူကျီက ချိန်စုယင်နောက်ကို လိုက်သွား၍ သူမကို ဆွဲကာ သူ့တွင် စိတ်စွမ်းအား ရှိသောကြောင့် ကားပျံကို ပေးဖို့ရာ မပြောနိုင်ချေ။ စိတ်စွမ်းအားသည် သူ့အတွက် သေရေးရှင်ရေး ကတ်ဖြစ်ပြီး တခြား သူများဆီ ပေါက်ကြား မခံနိုင်ပေ။
မိုဝူကျီက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင် ပထမထပ်သို့ စိတ်ဓာတ်ကျစွာ သွားလိုက်တော့သည်။ သူက တိုက်ပွဲမြေသည် သိပ်မဝေးလှရန် မျှော်လင့် ထားမိသည်။ ထို့နောက် သူက မြန်မြန်ရောက်ပြီး ချိန်စုယင်ဆီမှ ကားပျံကို ယူကာ သူမကို “တာ့တာ” ပြောနိုင်မှာ ဖြစ်သည်။
နယ်ခြား သင်္ဘောပျံကြောင့် ကောင်းကင်ဖွေရှာ နန်းတော် အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်တွင် အနည်းငယ် ခြောက်ကပ် နေလေသည်။ မိုဝူကျီက အဝင်ဝတွင် စောင့်နေသော်လည်း တစ်ယောက်မှ မမြင်မိသေးပေ။
မိုဝူကျီက ချိန်စုယင် ပြန်လာမည့် အချိန်ကို မှန်းဆကာ ထိုစဉ်အတွင်း အရပ်ရှည်ရှည် အမျိုးသား တစ်ဦးက မျှော်စင် အတွင်းမှ ထွက်လာလေသည်။
သူ့မျက်လုံးတွင် ခက်ထန်သည့် အရိပ်အယောင်များ ရှိနေပြီး သူ့ခန္ဓာ တစ်ကိုယ်လုံးတွင် သိပ်သည်းသော ဝိညာဉ် စွမ်းအားများ ရစ်ပတ် ထားလေသည်။ ကြည့်ရသည်မှာ လူသား အဆင့်လွန်သို့ တက်လှမ်းလာဟန် ရှိသည်။
တုန့်မင်ကျီ ... ထိုသူကို မြင်မြင်ချင်း သူ့စိတ်ထဲတွင် လူသတ်ချင် စိတ်များဖြင့် ပြည့်သွားလေသည်။ ထိုလူကို ဒုတိယ အကြိမ်မြောက် မြင်ခြင်း ဖြစ်ကာ သူက တုန့်လွန်၏ အစ်ကို ဖြစ်သော တုန့်မင်ကျီပင် ဖြစ်သည်။ သူက အထွတ်အထိပ် ဓားမြို့တော်မှ လာခြင်းဖြစ်ရာ မိုဝူကျီ စိတ်ထဲ အသည်းထဲမှ မုန်းတီးနေသော မိသားစုမျိုးနွယ် ဖြစ်လေသည်။
တုန့်မင်ကျီလည်း မိုဝူကျီကို မြင်လေသည်။ မူလတွင် သူက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်မှ ထွက်သွားရန် ရည်ရွယ် ထားသော်လည်း မိုဝူကျီရှေ့ ရပ်လိုက်ကာ …
“မင်းက ဘယ်သူလဲ … ”
မိုဝူကျီက လေးတွဲ့စွာ ပြန်ပြောလိုက်သည်။
“ခင်ဗျားကိစ္စ ပါလို့လား ... ”
တုန့်မင်ကျီ ခက်ထန်သည့် မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး အေးစက်စက် ပြောလိုက်သည်။
“အစကတော့ ငါ့ကိစ္စ မဟုတ်ဘူး ဒါပေမဲ့ အခုတော့ ရှိသွားပြီ ... မင်း ငါ့ကို မြင်တုန်းက မင်းမျက်လုံးထဲမှာ လူသတ်ငွေ့ ဖြတ်ပြေးသွားတယ် ... ”
မိုဝူကျီ နှလုံးသားက စတင် ကဆုန်ပေါက် လာလေ၏။ ထိုကောင်က သေချာကို မြင်ခဲ့တာပဲ …
သူက လူသတ်ငွေ့ ခဏတာ ဖြတ်ပြေးသွားသော်လည်း ထိုလူက ချက်ချင်း ဖမ်းမိခဲ့သေးသည်။
“ဟားဟား …” မိုဝူကျီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး …
“ခင်ဗျားကို ကျုပ်မှ မသိတာ … တကယ်လို့ ရန်လာစ ချင်ရင်လည်း အရင်က နည်းတွေ သုံးမနေ စမ်းပါနဲ့ဗျာ … ”
တုန့်မင်ကျီ အကြည့်များက မိုဝူကျီ ခန္ဓာတစ်ခုလုံးကို ဖောက်ဝင် သွားတော့မတတ် ကြည့်လိုက်ပြီး …
“မင်းက ဘယ်ကလဲ ပြောစမ်း ... မဟုတ်ရင် မင်း ကောင်းကင်ဖွေရှာ နန်းတော်ကနေ ထွက်သွားတာနဲ့ အပြင်မှာ ခဏလေးတောင် အသက်မရှင် ဖြစ်သွားမယ် … ”
မိုဝူကျီက ဒေါသ ထွက်မိသွားသည်။ သူက အထွတ်အထိပ် ဓားမြို့တော်ကို လိုက်ရှာမတွေ့ သေးသော်လည်း ထိုမှ ကောင်လေးက သူ့ကို တွေ့ရှိ သွားလေသည်။
မိုဝူကျီက ထိုလူသည် ယွမ်ဒန်အဆင့်သို့ တက်လှမ်းထားမှန်း ခန့်မှန်းမိ သော်လည်း သူက ယွမ်ဒန်အဆင့်မှ ကျင့်ကြံသူကို မသတ်ဖူးသော်လည်း အံ့အားသင့်စရာ ကောင်းသော အရာတော့ မဟုတ်ပေ။
“ငါတို့က ခဏလေးထက် ပိုပြီး အသက် ရှင်တော့ရော ဘာဖြစ်လဲ ...” ကြည်လင် ပြတ်သားသည့် အသံကို ကြားလိုက်ရသည်။ မိုဝူကျီက ထိုအသံသည် ချိန်စုယင် အသံဖြစ်ကြောင်း မှတ်မိလိုက်သည်။ ချိန်စုယင်က တုန့်မင်ကျီကို ပြောသံအရ သူမသည် သူနှင့်စကား ပြောရာတွင် မည်မျှ ညင်သာကြောင်း ပြောနိုင်သည်။
ချိန်စုယင်က သူမ၏ ပြီးပြည့်စုံသည့် အလှတရားကို ပြန်ရပြီးလေပြီ။ သူမ အသားရေတွင် ဒဏ်ရာတချို့ ရှိနေသေး သော်လည်း ယခင်ကလောက် မဆိုးတော့ပေ။
“ဂျူနီယာ ညီမလေးချိန် ...” တုန့်မင်ကျီက ချိန်စုယင်ကို မြင်၍ အလျင်အမြန် လက်နှစ်ဖက် ယှက်လျက် နှုတ်ဆက်လိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော်တွင် ချိန်စုယင်ကို မသိသည့်သူ မရှိပေ။ သူမက အရမ်းကို ကြော့ရှင်းကာ လှပလွန်း၏။
သူက တာအိုဂိတ်မှ အတွင်းစည်း တစ်ယောက်လေးသာ ဖြစ်သည်။ အဆင့်အတန်းအရ သူ့အဆင့်မှာ ချိန်စုယင်ထက် ရိုးရိုးလေး နိမ့်နေခြင်း မဟုတ်ပေ။ သူမက တိုက်ရိုက်တပည့် ဖြစ်ကာ ကောင်းကင်ဖွေရှာ နန်းတော် သို့မဟုတ် ဓားရေကန်တွင် ဖြစ်စေ သူမ တည်ရှိမှုကား အလွန် မြင့်မားပေသည်။
သူက ယွမ်ဒန်အဆင့်သို့ ရောက်နေသည့် အချက်ကြောင့် မဟုတ်လျှင် သူသည် ချိန်စုယင်ရှေ့တွင် ရပ်ဖို့ရာပင် အရည်အချင်း မပြည့်မီပေ။ တာအိုဂိတ်တွင် သူ့ကဲ့သို့ အခြားသော တပည့်များစွာ ရှိသေးသည်။ တစ်ဖက်တွင် ချိန်စုယင်က တိုက်ရိုက်တပည့် ဖြစ်ရုံသာမက သူမက ကောင်းကင် လှေကားထစ် ဇယားတွင် အဆင့်ငါးဆယ်ထဲ ဝင်ထားသူ ဖြစ်လေသည်။
“စီနီယာ အစ်မချိန် သွားကြစို့ … အကြောင်းပြချက် မရှိဘဲ အပြစ်ပြော ခံနေရတာကို ပြန်ပြောလို့မှ မဖြစ်တာ .… ဒီမှာ နေတာက ကျွန်တော့်ကို တကယ် မပျော်စေတော့ဘူး … ” ချိန်စုယင် စကားများက တုန့်မင်ကျီကို ခြိမ်းခြောက် နိုင်သည်ကို တွေ့လျှင် မိုဝူကျီက နောက်တစ်ချက် တွန်းပို့ဖို့ရာ တွေဝေမနေပေ။
တုန့်မင်ကျီက မိုဝူကျီ စကားလုံးများကို မသိဘဲ ဘယ်နေမည်နည်း။ မိုဝူကျီက သူ့အား မြင်မြင်သမျှ လိုက်ကိုက်သည့် ခွေးရူးလို ဆက်ဆံနေသည် မဟုတ်ပါလော …
သို့သော်လည်း သူက ချိန်စုယင်ကို ပြုံးပြလိုက်ကာ …
“ဂျူနီယာ ညီမလေး စုယင် … ကျုပ်က ဂျူနီယာ ညီလေးနဲ့ စနောက် နေတာပါ ... ”
ချိန်စုယင်က ဘာမှ ပြန်မပြောဘဲ မိုဝူကျီကို ခေါင်းညိတ်ပြ လိုက်သည်။ ထို့နောက် သူမ ကားပျံကို အသက်သွင်းကာ …
“ဂျူနီယာ မောင်လေးမို ဝင်လေ ... ”
ပုံမှန်အားဖြင့် မိုဝူကျီက တုန့်မင်ကျီကို ဆက်ပြောစရာ မရှိတော့ပေ။ တုန့်မင်ကျီ၏ ယွမ်ဒန်အဆင့် တိုးတက်မှုသည် သူ့အတွက် ကျင့်ကြံခြင်းတွင် တိုးတက်ရန် အားဖြစ်စေသည်။ သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး မည်သို့ သုံးလိုက်သည်ကို တွေးမိသောအခါ မိုဝူကျီက အလွန်အမင်း ဦးနှောက်ခြောက် လာလေသည်။ အနာဂတ်တွင် သူက မည်သည့် အရာအပေါ် မှီခိုရမည်နည်း။
ချိန်စုယင်၏ ကားပျံက ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်သွားသည်ကို မြင်သောအခါ တုန့်မင်ကျီ အမူအရာက ခက်ထန် အေးစက်လာလေသည်။ သူက ချိန်စုယင်နှင့် ရင်ဆိုင်ဖို့ရာ ကူကယ်ရာ မဲ့သော်ငြား သူက မိုဝူကျီ ထိုပမွှားကိုတော့ အမှတ် ရနေလိမ့်မည်။
“ဂျူနီယာ မောင်လေးမို ... ရှင်က လျှပ်တစ်ပြက် လျှပ်စီးကို ရှင့်ကျင့်ကြံစဉ်ပေါ် မူတည်ပြီး ပြင်ဆင်ခဲ့တာ မလား ... အမ်း … ရှင့်ရဲ့ ကျင့်ကြံစဉ်က ဘာလဲဆိုတာ မေးလို့ ရမလား …” သူတို့က ကားကို မောင်းနှင်လာရင်း ချိန်စုယင်က ထိုမေးခွန်းကို မေးဖို့ရာ အောင့်မထား နိုင်တော့ပေ။
သူမက မိုဝူကျီသည် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးကို မွမ်းမံနိုင် လောက်သည့်အထိ သူ လေ့ကျင့်ထားသည့် ထူးကဲသော ကျင့်စဉ်အကြောင်း အမှန်ပင် သိချင်နေမိသည်။ ပထမပုံစံကို လေ့ကျင့်ရာကား အမှန်ပင် ကြောက်စရာ ကောင်းသော်လည်း အောင်မြင်ခဲ့ လေသည်။
အစပိုင်းတွင် သူမက ထိုသို့ မေးခွန်းမျိုး မေးဖို့ရာ ရိုင်းဆိုင်းမှန်း သိ၏။ ထို့အပြင် ကျင့်စဉ်များက တစ်ယောက်ချင်းစီ၏ လျှို့ဝှက်ချက်ပင် မဟုတ်ပါလော … သို့သော် သူမက မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးကို ဆက်လေ့ကျင့်ရင်းဖြင့် သူမက မိုဝူကျီ၏ ကျင့်စဉ်အကြောင်း ပို၍ သိချင်လာမိသည်။
သူက ချိန်စုယင်သည် သူ့ကျင့်စဉ် အကြောင်း မေးသည်ကို ကြားသောအခါ မိုဝူကျီက ချက်ချင်းပင် သက်ဝင်လှုပ်ရှား လာလေသည်။ သူ အမှန်တကယ် ဂုဏ်အယူဆုံး အရာကား သူ့ချီသွေးကြောများ လှည့်ပတ်ခြင်း မဟုတ်ဘဲ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်းကြောင့် ဖြစ်လေသည်။
“ကျွန်တော်က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လေ့ကျင့်တာပါ ...” မိုဝူကျီက ဂုဏ်ယူနေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ သူက အမှန်ပင် ဂုဏ်ယူမိသည်။ အခြားသော လူများက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို မကျင့်ကြံနိုင်ကြပေ။ သို့သော် သူ့ချီသွေးကြောများနှင့် အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် သူက ကျင့်ကြံခြင်း လမ်းသစ်ပေါ်တွင် ခြေချနိုင်လိမ့်မည်။
“အာ ...” ချိန်စုယင်၏ ကြီးမား လှပသော မျက်ဝန်းများက မိုဝူကျီကို ငေးကြည့် နေလေသည်။ အချိန်တစ်ခဏ အကြာတွင် သူမက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“အင်မော်တယ် မော်တယ် ကျင့်စဉ်လား ...”
***