Chapters

ကျေးဇူးတင်လွှာ

Vol. 115 Ch. 1618-extra-4

ကျေးဇူးတင်လွှာ

Vol. 115 Ch. 1618-extra-4

ဇွန်လ ၃၀ ရက်နေ့၊ ၂၀၂၃...

ကောင်းကင်တံခါးကို ငါပိတ်မယ် (I shall seal the heaven) စာစဉ် ပြီးဆုံးသွားခဲ့ပါပြီ။

စုစုပေါင်းအတွဲဆယ်တွဲ၊ အခန်းဆက်သုံးခန်း၊ အပိုင်း ၁၆၁၄ ပိုင်း (အလယ်မှာဗလာတစ်ပိုင်းပါတော့ ၁၆၁၃ပိုင်း)။

အားကန်းရဲ့ ဖန်တီးမှုတွေဟာ တကယ်လှခဲ့ပါတယ်။ ကြိုးစားရုန်းကန်ရမှုတွေ၊ သစ္စာဖောက်မှုတွေ၊ မိဘတွေရဲ့မေတ္တာ၊ သူငယ်ချင်းသံယောဇဉ်၊ အားကြီးသူက အားနည်းသူကို အနိုင်ယူမှုတွေ .... အစရှိသဖြင့်။ ကြက်တူရွေးနဲ့ အသားဂျယ်လီရဲ့ ဟာသတွေကြောင့်လည်း ဒီဇာတ်လမ်းက ပိုအသက်ဝင်နေတာလို့ ပြောရင် မမှားပါဘူး။

‘သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်’ တဲ့လေ။

မှတ်မှတ်ရရ ဒီစာစဉ်ကို ဆရာချိုဆီကနေ ၂၀၂၀ ဒီဇင်ဘာကနေ စပြီး ယူရေးခဲ့တာပါ။ သုံးနှစ်ဆက်တိုက် အားပေးလာခဲ့ကြတဲ့ စာဖတ်သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆရာချိုကိုရော၊ ရိုးရာအဖွဲ့ကိုရော ကျေးဇူးတင်ပါတယ်။

ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးရရင်ကတော့ ရိပ်လွန်ပါ။ အရင်တုန်းက ပိုင်ရှောင်ချန်းစာစဉ်ကို အဆုံးအထိ IMMORTAL TEAM နဲ့အတူ ပြန်ခဲ့ဖူးပါတယ်။ ကောင်းကင်တံခါးကို ငါပိတ်မယ်(မန်ဟို) ကတော့ ကိုယ်တိုင်တစ်ယောက်တည်း ပြန်ရတဲ့ ပထမဆုံးစာစဉ်ပေါ့လေ။ ဘာသာပြန်အရေးအသားပိုင်းရဲ့ လိုအပ်ချက်တွေကို ထောက်ပြပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေရော၊ စီနီယာအစ်ကိုအမတွေကိုရော ကျေးဇူးတင်ချင်ပါတယ်။ နောက်ဆက်ပြန်မယ့် နွားကျောင်းသားလေးရဲ့ ဒဏ္ဍာရီစာစဉ်မှာ အမှားတွေကနေ သင်ယူရင်း အကောင်းဆုံးကြိုးစားပေးသွားပါ့မယ်။ ဒါကြောင့် ချင်မူကိုလည်း အားပေးကြပါဦး။

စာဖတ်သူတွေကို တစ်ခုတောင်းပန်ချင်တာရှိပါတယ်။ အကယ်လို့များ ဒီစာစဉ်ဟာ animation ထွက်လာခဲ့ရင် နာမည်တချို့ လွဲနေပါလိမ့်မယ်။ အထူးသဖြင့် မန်ဟို (မုန့်ဟောက်/မုန်ဟောက်)၊ ကျိုးပြည်(ကျောက်ပြည်) အစရှိတာတွေပေါ့။ အဓိကနာမည်တွေဖြစ်နေတော့ ကျွန်တော် ဆက်ရေးတုန်းက ပြောင်းပေးဖို့ အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် အရှေ့တုန်းကအတိုင်းပဲ ဆက်ပြန်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော် အရှေ့အပိုင်းတွေကို ပြန်ဖတ်ပြီး အရေးအသားတွေညှိပေးပါ့မယ်... ဖြည်းဖြည်းချင်းပေါ့။ နောက်ကျမှ တင်နိုင်တဲ့အကြောင်းရင်းကတော့ ဒီလိုပါ... ဆင်ခြေပေးတယ်မထင်ပါနဲ့။ ကျွန်တော့်နယ်မှာ မီးတအားပျက်ပါတယ်။ အာဏာသိမ်းကတည်းက မမှန်တာပါ။ ဒါကြောင့် နောက်ပိုင်းအဆင်မပြေတော့တဲ့နောက်ဆုံး အင်ဗာတာဝယ်ခဲ့ပါတယ်။ နှစ်နာရီလောက်တော့ အများဆုံးသုံးနိုင်တာပေါ့လေ။ အားကုန်သွားရင်တော့ ငုတ်တုတ်ပေါ့။ ပြီးတော့ ကျွန်တော်က ကျောင်းနားပြီး အလုပ်တစ်ဖက်လုပ်နေတာပါ။ အဲ့အလုပ်ကိုလည်း အချိန်ပေးရတော့ ညမိုးချုပ်မှ စာစရေးဖြစ်ပါတယ်။ ပိတ်ရက်ကျ သင်တန်းတချို့လည်း တက်တာမလို့ပါ။ စာရေးတာက ပိုက်ဆံရလို့မဟုတ်ဘဲ ဝါသနာပါလို့ရေးတာပါ။ ရောင်ရင်းတို့လည်းသိပါတယ်.... စျေးတွေတက်နေပေမယ့် စာအုပ်စျေးတွေကတော့ မပြောင်းဘူးဆိုတာ။ အရင်တုန်းက ရတဲ့ဘာသာပြန်ကြေးနဲ့ယှဉ်ရင် အခုပမာဏက တစ်ဝက်ပဲ တန်ဖိုးရှိပါတော့တယ်။ ဒါကြောင့် ရေရှည်အတွက် တခြားအလုပ်ရှာရတာ နားလည်ပေးနိုင်မယ်လို့ထင်ပါတယ်။ ဒါ့အပြင် တချို့တော့ သတိထားမိလားမသိဘူး။ ကျွန်‌တော် အာရုံကြောအားနည်းလို့ ဆေးသောက်ရပါတယ်။ မျက်လုံးသိပ်မကောင်းတာကြောင့် အရင်ကလို တစ်နေ့သုံးပိုင်းလေးပိုင်းလောက် မရေးတော့တာပါ။ ဒါပေမဲ့ စာစဉ်တစ်ခုယူပြီးရင် အသက်ရှင်နေသရွေ့ အမြဲအဆုံးသတ်ပေးမှာပါ။ နှေးတာနဲ့ စာစဉ်တင်နောက်ကျတာတော့ နားလည်ပေးကြပါ။

လောလောဆယ်တော့ စာစဉ်တစ်ခုပြန်ပြီးရင် အဲဒီစာစဉ်ထဲက ဇာတ်ကောင်တွေကို သံယောဇဉ်တွယ်နေတတ်လို့ တစ်ပတ်၊ နှစ်ပတ်လောက် နားပါဦးမယ်။ ပြီးရင်တော့ နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီကို ရောက်တဲ့နေရာကနေ ဆက်ပြန်ပေးပါ့မယ်။

ဆိုတော့ တာအိုရောင်ရင်းတို့ ကောင်းကင်တံခါးကို ငါပိတ်မယ် (မန်ဟို) စာစဉ် ဖတ်လာခဲ့တဲ့တစ်လျှောက် မှတ်မှတ်ရရဖြစ်တဲ့အပိုင်းတွေ၊ အားမရတဲ့နေရာတွေစသဖြင့်ပေါ့.. တစ်ခုခုများရှိရင် comment ရေးသွားခဲ့ပါဦး... အမှတ်တရအဖြစ်ပေါ့လေ။ မှတ်ချက် _ ချူယွီယန်နဲ့ပတ်သက်ပြီးကတော့ ကျွန်တော်ကိုယ်တိုင်လည်း အားကန်းကို မကျေနပ်ပါဘူး။ ဒါပေမဲ့ တမင်ဒရာမာထည့်ချင်လို့ ချူယွီယန်ကို နှိပ်စက်ထားတာလို့မြင်တယ်။ သူတို့ဘယ်လိုဆက်ဖြစ်မလဲဆိုတာက‌တော့.... ကိုယ်ဆန္ဒရှိသလို ဖြည့်တွေးလိုက်ကြပါဗျာ။ ကျွန်တော်လည်း ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်း တွေးထားတယ်။ အကယ်လို့များ နောက်စာစဉ်တွေမှာ မန်ဟိုပါလာခဲ့ရင်လည်း လာလက်တို့ကြပါဦး.... ပိုင်ရှောင်ချန်းနောက်ပိုင်းတွေ ဆက်မဖတ်ဖြစ်လို့ပါ။ ကဲ ... အားလုံးကို ကျေးဇူးတင်ပါတယ်။