ဝူရှောင်းသောင့်ဇာတ်လမ်း (၂) စစ်သူကြီးမူ
Vol. 166 Ch. 2312
ဝူရှောင်းသောင့်သည် ဖူမင်ရှောက်ကို ကြည့်လိုက်သည်။ သူသည် အဖြူ ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားလှသော်လည်း ထွက်ပေါ်နေသောရောင်ဝါကြောင့် တက်မြက်ပြတ်သားပုံရှိသည်။ သူသည် လူသတ်ချင်သည့်အကြည့်ကို ဖုံးဖိမထားဘဲ သူမကို စူးရှသောအကြည့်ဖြင့် ကြည့်လေသည်။ သူသည် အကြည့်ဖြင့် သူမကိုကြောက်ရန်ခြောက်ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာကို ဖိနှိပ်ထားချင်ပုံပေါ်သည်။
ဒါပေမဲ့ ဝူရှောင်းသောင့်က ဘယ်သူလဲ။ သူမသည် ရှေးဟောင်းတိုက်ကြီး၊ နတ်ဘုံနှင့် မရဏာလောကများနှင့် နှစ်ပေါင်းများစွာကစားလာသူဖြစ်ရာ ဤ အကြည့်လောက်ကို ကြောက်စရာအကြောင်းမရှိပေ။ ထို့ကြောင့် သူမ၏ အကြည့်ကို တည်ငြိမ်စွာပင် ပြန်ရုတ်သိမ်းလိုက်ပြီး ဒဏ်ရာရထားသော ခန္ဓာ ကိုယ်ကိုထိလိုက်ရာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။
ဝူရှောင်းသောင့် သူ့ကိုစိုက်ကြည့်နေတုန်းမှာပင် မူမင်ရှောက်လည်း သူမ ကိုအကဲခတ်နေသည်။ ဝတ်ပုံစားပုံမှာ သူတို့နှင့်မရင်းနှီးသလို အနည်းငယ် ရှေးကျသလိုရှိသည်။ သူမသည် အသက်ကြီးပုံမပေါ်သော်လည်း လွန်စွာသတ္တိ ရှိသည်။ စစ်မြေပြင်တွင် အလောင်းများမှာ နေရာအနှံ့ကျဲပြန့်နေသော်လည်း သူမသည် တည်ငြိမ်စွာပင် ဒဏ်ရာများကို စစ်ဆေးနေပြီး သူ့ရောင်ဝါကိုလည်း နည်းနည်းမှ ကြောက်မနေပေ။
အရေးအကြီးဆုံးမှာ… သူမလိုလူမျိုးက စစ်မြေပြင်မှာ ဘယ်လိုလုပ် ပေါ် လာတာလဲ။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမပေါ်ထွက်လာမှုသည် ရန်သူ စစ်သူကြီးကို သတ်လိုက်နိုင်ရာ ရှေ့ဆက်ဖြစ်မည့် စစ်ပွဲမှာရပ်တန်းကရပ်သွား လေပြီ။
“မင်းနာမည်ဘယ်သူလဲ” သူ မေးလိုက်သည်။
“ဝူရှောင်းသောင့် ရှင်ကရော” သူမ ပြန်မေးလိုက်သည်။
“ဖူမင်ရှောက်” ဖူမင်ရှောက်သည် သူ့အမည်ကို ပြန်ပြောပြလိုက်သည်။ သူမ ဘာမှပြန်မတုံ့ပြန်သည်ကို မြင်ပြီးနောက် သူ့စိတ်ထဲတွင် တချို့ကိစ္စများ ကို ခန့်မှန်းမိလိုက်သည်။
သူ့နာမည်ကို ရှေ့ချီတိုင်းပြည်တွင် မသိသည့်သူမရှိပေ။ သို့သော် သူမ သည် လုံးဝတုံ့ပြန်လာခြင်းမရှိပေ။ ထို့ကြောင့် သူမ အရင်ကမကြားခဲ့ဖူးသည်ကို ညွှန်ပြနေသည်။
“ဒီမှာ ဘာလို့ပေါ်လာတာလဲ” သူ ထပ်မေးပြန်သည်။
“မိုးကြိုးအပစ်ခံရပြီးတော့ ဒီကိုရောက်လာတာပဲ” ဝူရှောင်းသောင့်သည် အမှန်အတိုင်းပြောလိုက်သော်လည်း သူတို့သည် ယုံကြည်သည့်ပုံမပေါ်ပေ။
“သတင်းပို့ပါတယ်.. မင်းသား ၆ စစ်သူကြီးမူဦးဆောင်တဲ့ စစ်တပ်က လေတောင်ရိုးမှာ ရန်သူတွေ ချုံခိုတိုက်ခိုက်တာခံလိုက်ရပါတယ်” တပ်သား တစ်ယောက်သည် ပြေးလာပြီး ကျယ်လောင်စွာ သတင်းပို့လေသည်။
“ဒီတစ်ခါ သူတို့တွေ အများကြီးအားထုတ်ထားပုံပဲ” ဖူမင်ရှောက် နှာမှုတ် လိုက်သည် “ဒီအကျဉ်းသားတွေကို ချုပ်ထားပြီး သိမ်းငှက်တွေက ငါ့နောက် လိုက်ခဲ့ကြ”
“မင်းသား ၆ ဒီမိန်းကလေးကို ဘယ်လိုလုပ်လိုက်ရမလဲ” စစ် လက်ထောက် တစ်ယောက်မေးလေသည်။
ဖူမင်ရှောက်သည် ဝူရှောင်းသောင့်ကို ကြည့်လိုက်သည်။ အစက သူမကို ပါ တခြားရန်သူစစ်သားများနှင့် အကျဉ်းချချင်သည်။ သို့သော် သူမ၏ တောက်ပသောမျက်လုံးများကို မြင်သောအခါ စိတ်ပြောင်းသွားကာ သူမကို သူနှင့်အပါခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူမကို သူနဲ့အတူခေါ်သွားမှာလား။ အားလုံးသည် မှင်တက်ကုန်ကြ၏။ ဒီအချိန်မှာ ဇစ်မြစ်မသိရတဲ့မိန်းကလေးကို သူတို့နဲ့အတူခေါ်လာခဲ့မှာလား။
“ဇစ်မြစ်မသိရသေးလို့ သူမကို ခေါ်လာတာပိုစိတ်ချရမယ်” ဖူမင်ရှောက် ရှင်းပြလေသည် “ဒီအကျဉ်းသားတွေကို မင်းတိုသင့်တော်သလိုသာ စီရင်လိုက်”
အကျဉ်းသားမှာ များပြားလှသည်။ မတော်တဆတစ်စုံတစ်ရာဖြစ်လာ လျှင် သူတို့အတွက် ပြဿနာဖြစ်လာနိုင်သည်။ သူမကို သူနှင့်အတူခေါ်လာပြီး အချိန်မရွေး ရှင်းပစ်သည်က ပိုကောင်းလိမ့်မည်။
သူပြောပြီးနောက် မြင်းစီးသွားကာ ဝူရှောင်းသောင့်အား ဂုတ်မှဆွဲကာ အားအနည်းငယ်ထည့်ပြီး သူမကို မြင်းပေါ်ဆွဲတင်ကာ သူ့ရှေ့တွင်နေရာချပေး လိုက်သည်။
ဝူရှောင်းသောင့်လည်း မငြင်းဆန်ပေ။ သူမသည် ဤနေရာတွင် မည်သို့ ဖြစ်နေသည်၊ သူမ၏ခန္ဓာကိုယ် မည်သို့ဖြစ်သွားသည်ကို မသိသေးပေ။ သူတို့ သဘောအတိုင်း လိုက်သွားသည်က ပိုကောင်းမည်။ ထိုလူများသည် မည်သည့် နေရာကလာသည်၊ သူမကို မည်သည့်နေရာသို့ခေါ်သွားမည်ကို သူမ ကြည့်ချင် သေးသည်။
ယခုအချိန်တွင် အရေးအကြီးဆုံးမှာ မည်သည့်ဝိညာဉ်စွမ်းအားကိုမှ ရွှေ့လျား၍မရခြင်းဖြစ်သည်။
နောက်ဆုံးအခိုက်အတန့်အတွင် သူမကိုယ်သူမ ကာကွယ်ရန် ဝိညာဉ် စွမ်းအားတချို့ကို စုစည်းလိုက်သော်လည်း ထိုဝိညာဉ်စွမ်းအားသည် သူမ အတွက်အသုံးမကျလှပေ။ အကောင်းဆုံးမှာ သူမသည် စံတင်အဆင့်ကျွမ်းကျင် သူဖြစ်ကာ အံ့ဖွယ်အဆင့်ကိုပင် မရောက်သေးပေ။ သူမ ဆယ်ကျော်သက် အရွယ်ကတည်းကပင် ဤမျှအားမနည်းခဲ့ပေ။
သူမ၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာမပြင်းထန်လှပေ။ မဟုတ်လျှင် သူမ ဘာသာထနိုင်မည်မဟုတ်ပေ။ သို့သော် ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအားသုံးမရ တော့ပေ။ လေထဲမှဝိညာဉ်စွမ်းအားမှာလည်း အလွန်နည်းပါးသည်ကို အာရုံခံမိ သည်။ ဝိညာဉ်စွမ်းအားမှာ သူမ အရင်ကရောက်ဖူးသည့် အဆိုးဆုံးတိုင်းပြည် ထက်ပင် ပိုဆိုးနေသည်။ ထိုသို့နည်းပါးခြင်းကြောင့် သူမ၏ ဝိညာဉ်စွမ်းအား အပြည့်အဝသုံးရသည် မရသည်နှင့် ပတ်သက်နေသည်လား သူမ မသိပေ။
“မင်းက ဘယ်သူလဲ” သူမခေါင်းအထက်မှ အသံသည် သူမ၏အတွေးများ ကို နှောင့်ယှက်လိုက်သည်။
“ကျွန်မ ဘယ်သူလဲဆိုတာ မေးဖို့နောက်ကျမနေဘူးလား” ဝူရှောင်းသောင့် ပြန်မေးလလေသည် “ကျွန်မတို့ ဒီလောက်နီးကပ်နေတာ ရှင့် ကိုသာ သတ်ချင်လို့ကတော့ ရှင်သေနေတာကြာပြီ”
“မင်းက ငါ့အသက်ကိုမလိုချင်ဘူးလား” ဖူမင်ရှောက်သည် အခိုင်အမာပင် မေးလေသည်။
“ဘာလို့အဲလောက် သေချာနေတာလဲ”
“အချိန်၊ နေရာ၊ အံကိုက်ဖြစ်နေတာ ပြီးတော့.. မင်းက ရန်သူစစ်သူကြီး ကို သေအောင်လုပ်ခဲ့တာလေ”
သူမသာ ရန်သူဘက်မှဖြစ်ပါက သူတို့တွေ နောင်တရသွားနိုင်သည်။
“ကျွန်မကဒီနေရာကို မရည်ရွယ်ဘဲ ပစ်ချခံလိုက်ရသူပါ” ဝူရှောင်းသောင့် ပြောလေသည် “ကျွန်မကြောင့် သေသွားတဲ့လူက ရာထူးမြင့်တာလား”
“သူက အနောက်တောင်ရိုးတိုင်းပြည်က အားအကောင်းဆုံးစစ်သူကြီးပဲ ပြီးတော့ သူက ငါတို့အရှေ့ချီတိုင်းပြည်ရဲ့ စိုးရိမ်မှုကြီးတစ်ခုပဲ” ဖူမင်ရှောက် သည် ဤကဲ့သို့တန်ခိုးကြီးစစ်သူကြီး သေဆုံးသွားပုံကိုတွေးကာ သက်ပြင်း တစ် ချက်ချပြီး ကမ္ဘာကြီးသည် အမှန်တကယ်ပင် ခန့်မှန်း၍မရနိုင်သည်ဟု ညည်းညူမိသည်။
“အဲတော့ ရှင်ကျွန်မကို ကျေးဇူးတင်ရမှာပေါ့” ဝူရှောင်းသောင့်သည် မျက်ခုံးများကို ပင့်လိုက်သည်။
“မင်းက အန္တရာယ်မပေးဘူးဆိုရင် ကျေးဇူးတင်သင့်ပါတယ်.. မင်းကို စုံစမ်းရလို့ကတော့ ခွင့်လွှတ်မှာမဟုတ်ဘူး” ဖူမင်ရှောက်၏အသံမှာ အေးစက် နေပြီး ဝူရှောင်းသောင့်သည် အနောက်မှရေခဲတုံးကြီးကို ခံစားမိလိုက်သည်။
သူတို့နှစ်ယောက်ကို တင်ခေါ်လာသောစစ်မြင်းသည် ပြေးရာ ရုတ်တရက် ဟန်ချက်ပျက်ပြီး လဲကျလေသည်။ ကျသွားသည့်အခိုက်အတန့်တွင် ဖူမင်ရှောက်သည် သူမ၏ပခုံးကိုကိုင်ပြီး ပျံသန်းကာ နောက်ဆုံးတွင် မြေပေါ်သို့ တည်ငြိမ်စွာပင် ဆင်းသက်လိုက်သည်။
စစ်မြင်းသည် နှင်းဖုံးနေသော တွင်းထဲသို့ကျသွားခြင်းဖြစ်သည်။ မြင်းသာ ရိုးရိုးကျသွားလျှင် ဆွဲတင်၍ရသည်။ သို့သော် မြင်းမှာ ကံမကောင်းလှပေ။ သူ ကျသွားချိန်တွင် တွင်းထဲရှိသစ်ကိုင်းကြောင့် ထိုးစိုက်ပြီး သေဆုံးသွားလေ၏။
ဝူရှောင်းသောင့်ကဲ့သို့ လူပြိန်းပင်လျှင် စစ်မြင်းသည် စစ်သူကြီး တစ်ယောက်အတွက် မည်မျှအရေးကြီးသည်ကိုသိသည်။ သူမ ကြည့်လိုက်ရာ ဖူမင်ရှောက်၏ တည်ငြိမ်သောမျက်နှာကိုမြင်သောအခါ သူမ၏နှာခေါင်းကိုတို့ ပြီးပြောလိုက်သည် “ကျွန်မကို ရှေ့ဆက်ပြီး ခေါ်မသွားတာကောင်းမယ်ထင် တယ် ကျွန်မက ကံဆိုးမှုတွေနဲ့ မွေးဖွားလာတာ ကျွန်မနဲ့အတူရှိတဲ့လူက ကံဆိုး လိမ့်မယ်.. မင်းလား ကျွန်မက ရှင့်ရဲ့အဖိုးတန်မြင်းကိုတောင် ဆွဲသွင်းမိသွားပြီ”
ဖူမင်ရှောက်သည် သူမကိုကြည့်ပြီး သူမစကားများ မှန်၏၊ မမှန်၏ကို စဉ်းစားနေသည်။
သူမ ပြောစကားများသည် မှန်သည်လား၊ သို့မဟုတ် ထွက်ပြေးချင်၍ ဆင်ခြေပေးနေသည်လား။
“ငါက ကံဆိုးမှုတွေနဲ့မွေးလာတာ အဲဒါကြောင့် မင်းပဲ ကံဆိုးသွားမလား ကံကောင်းလာမလားဆိုတာ ကြည့်ကြတာပေါ့” ထိုသို့ပြောပြီးနောက် သူ့ဘေး မှလူကို တစ်ချက်ကြည့်လိုက်ရာ ထိုလူသည် ဆင်းပေးသဖြင့် သူ ဝူရှောင်းသောင့်နှင့်အတူ တက်ပြီးဆက်သွားလေသည်။
သည်တစ်ကြိမ်တွင် တောင်ကြားရောက်သည်အထိ အချိန်ကြာမြင့်စွာ ခရီးနှင်သည်။ တောင်ကြားထဲမှ တိုက်ခိုက်သံများကြားနေရသည်။ စကားတစ် ခွန်းမှမပြောနိုင်ခင်မှာပင် မြှားရှည်တစ်ချောင်းသည် အောက်မှပျံလာပြီး စစ်မြင်း၏ခြေထောက်ကို လာမှန်လေသည်။ စစ်မြင်းသည် နာကျင်သွားသည် နှင့် ထမ်းမထားနိုင်တော့ဘဲ လူနှစ်ယောက်ကိုခါချကာ ထွက်ပြေးသွားလေ၏။
ဖူမင်ရှောက်သည် ဝူရှောင်းသောင့်ကိုဆွဲပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
“သခင် စစ်သူကြီးမူပဲ” လူတစ်ယောက်သည် တောင်ပေါ်တွင်ရပ်ကာ ငုံ့ ကြည့်နေသည်။ သူ့လူများ အလယ်တွင် ပိတ်မိနေသည်ကိုမြင်သောအခါ သူ လှည့်ပြီးပြောလေသည်။
ဝူရှောင်းသောင့်သည် ဖူမင်ရှောက်နောက်လိုက်ရာ လူတစ်စု၏ဝိုင်းခြင်း ကိုခံရပြီး ရန်သူများကိုသတ်နေသည့်လူကို မြင်သောအခါ တိုးညင်းသောအသံ ဖြင့် ပြောမိလေသည် “မူစစ်လား သူကဘာလို့ဒီရောက်နေတာလဲ”
မြှားတစ်ချောင်းသည် မူစစ်၏ကျောပြင်အကာဆီသို့ စိုက်ဝင်လာကာ ရန်သူနှစ်ယောက်သည် အနောက်မှသူ့ကိုတိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ပြီးနောက် သူသည် ရှေ့မှရန်သူကို မျက်နှာချင်းဆိုင်နေရာ အနောက်မှအခြေ အနေကို မသိခဲ့ပေ။ သို့မဟုတ် သိသော်လည်း ဖြေရှင်းရန် အင်အားမရှိတော့ သည်ဟု ပြောရမလားပင်။
အခြေအနေသည် အလွန်အန္တရာယ်များနေသည်။
ဖူမင်ရှောက်သည် တအံ့တဩဖြင့် ခေါင်းလှည့်ပြီး သူမကိုကြည့်လေ သည်။ သို့သော် သူမသည် လက်ကိုပစ်ချပြီး မျက်နှာချင်းဆိုင်ကမ်းပါးမှ မြှားပစ် နေသည့်သူကိုပင် လျစ်လျူရှုကာ မူစစ်ရှိရာဘက်သို့ ပျံသွားသည်ကို မြင်လိုက်ရ သည်။