← Chapters

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၄) တခြားသူကို ကယ်ခြင်း၊ သူမကိုယ်သူမ ကယ်ခြင်း

Vol. 166 Ch. 2314

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၄) တခြားသူကို ကယ်ခြင်း၊ သူမကိုယ်သူမ ကယ်ခြင်း

Vol. 166 Ch. 2314

“အတင့်ရဲလိုက်တာ” ထိုအချိန်တွင် ဒေါသထွက်နေသော အသံတစ်သံ သည် တော်ဝင်စာကြည့်ဆောင်ထဲရှိ ဝန်ကြီးတစ်ဦးဆီမှထွက်လာသည်။ ပုလ္လင် ပေါ်မှ ဘုရင်သည်လည်း အလွန်ဒေါသထွက်နေသည်။

“ဒီလောက်အတင့်ရဲနေတာ လာကြစမ်း သူမကို အချက် ၂၀ ရိုက်ပြီး အပြစ်ပေးလိုက်” သူမတွင် ဂုဏ်ထူးဆောင်လုပ်ရပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ အရင်ဆုံးအရိုက်ခံရမည်။

“ကျွတ်.. ရှင်တို့နဲ့ ဒီလိုကစားဖို့ကို ပျင်းနေပြီ” ဝူရှောင်းသောင့်သည် ခေါင်းခါကာ မူစစ်အားပြောလိုက်သည် “ရှင့်ကို အပြင်မှာစောင့်နေမယ်”

ပြောပြီးနောက် သူမသည် အားလုံး၏မျက်စိရှေ့၌ပင် ထိုနေရာမှ ပျောက် ကွယ်သွားလေသည်။

“ဘာဖြစ်သွားတာလဲ” တော်ဝင်စာကြည့်ဆောင်မှလူများအားလုံးသည် ကြောင်စီစီဖြစ်ကုန်သည်။

သူမက ရုတ်တရက်ကြီး ပျောက်သွားတာ၊ သူမက မသေမျိုးလား။ အခု လေးတင် သူမကို အချက် ၂၀ ရိုက်ပြီးအပြစ်ပေးဖို့ ပြောလိုက်တာ၊ သူ့ကို လက်စားချေဖို့ပြန်လာတော့မှာလား။

“ခမည်းတော် အရမ်းကြီးပျာမသွားပါနဲ့ ရှောင်းသောင့်က လူဆိုးမဟုတ်ပါ ဘူး” ဖူမင်ရှောက်သည် လျင်မြန်စွာပင် သူ့ကိုအားပေးပြီး ဝူရှောင်းသောင့် အကြောင်းကို အသေးစိတ်ရှင်းပြလေသည် “ရှောင်းသောင့်က ဆူဆူညံညံ လုပ် တတ်ပေမဲ့ အဆိုးကြီးတော့မဟုတ်ပါဘူး.. သူမကိုသာ ရန်သွားမစရင် ကောင်း ကောင်းပြန်ပြောပါတယ်”

….

ဝူရှောင်းသောင့်သည် နန်းတော်တစ်လျှောက် လျှောက်သွားရာ အရာများ စွာကို တွေ့ရလေသည်။ ကျွတ် ကျွတ် ကျွတ်… သူမ သက်ပြင်းချမိသည်။ ဤနေရာတွင် ကျင့်ကြံ၍မရသဖြင့် သူမ သွေးမုန်တိုင်းအတွင်း ပါသွားလေချေပြီ ဟု စိတ်ထဲမှ ညည်းညူမိသည်။ သူမ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ။

“ကံကောင်းလို့ ဒီလေဟာနယ်သိုင်းက ဝိညာဉ်စွမ်းအား အများကြီးမလို လို့။ ငါ့အဆင့်က ဒီသေမျိုးတွေကို ခြောက်ဖို့တော့ လုံလောက်သားပဲ” ဝူရှောင်းသောင့်သည် ခံစားချက်ပါပါ သက်ပြင်းချလိုက်သည်။

သူမ၏ အရည်အချင်းသည် ဝူချီယောင်ထက် အမြဲတစေနိမ့်ပါးခဲ့သည်။ ထိုသေမျိုးများကို လှည့်ဖျားရန် ဤကဲ့သို့လုပ်ခဲ့သည်ကို သူတို့သိလျှင် လပေါင်း များစွာ ရယ်မောကြလိမ့်မည်။

တစ်နာရီကြာပြီးနောက် ဖူမင်ရှောက်နှင့် မူစစ်တို့သည် တော်ဝင်စာကြည့် ဆောင်မှထွက်လာပြီး နန်းတော်တံခါးဝသို့ရောက်သောအခါ ဝူရှောင်းသောင့် သည် တံတိုင်းအပေါ်တွင် အေးအေးလူလူထိုင်နေပြီး တော်ဝင်ကိုယ်ရံတော်များ သည် နန်းတော်တံတိုင်းကိုဝိုင်းထားကြပြီး တိုက်ခိုက်ရန်အသင့်အနေအထား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ကိုမြင်သည်နှင့် ဝူရှောင်းသောင့်သည် လက်ဝှေ့ယမ်းပြကာ ပြော လိုက်သည် “ရှင်တို့နှစ်ယောက်က ဘာလို့ဒီလောက်တောင် နှေးနေတာလဲ”

“သွားကြမယ်” ဖူမင်ရှောက် သူမကို လက်ယက်ခေါ်လိုက်သည်နှင့် သူမ သည် ချက်ချင်းပင် နန်းတော်တံတိုင်းမှဆင်းလာပြီး ဝိုင်းထားသောလူများကို လျစ်လျူရှုကာ သူတို့နောက်လိုက်ပြီး နန်းတော်မှထွက်ခဲ့လိုက်သည်။

“အခု ရှင့်ရဲ့ချစ်သူကို သွားတွေ့တော့မှာလား” ဝူရှောင်းသောင့်သည် မူစစ် ကိုမေးလိုက်၏။

မူစစ် “…”

လူတစ်စုသည် အိမ်တော်သို့ရောက်လာပြီး သူတို့ဝင်သွားလိုက်သည်နှင့် မည်သူကိုမှ မတွေ့ရပေ။ သူတို့သည်ခြံဝင်းအနောက်သို့ သွားသောအခါ အဖြူ ရောင်ဝတ်ထားသော မိန်းကလေးတစ်ဦးတည် နေပူဆာလှုံပြီး အစေခံ မိန်းကလေးနှစ်ယောက်သည် သူမနှင့် စကားပြောပေးနေသည်။

မိန်းကလေးသည် ထူးထူးခြားခြားလှပလှသည်မဟုတ်သော်ငြား အလွန် ပင် နူးညံ့သည့်အနေအထားရှိသည်။ သူမသည် အစေခံများကို နူးညံ့စွာစကား ပြောနေသည်မှာ ပျော့ညံ့ပြီး ကာကွယ်ရန် လိုနေသူတစ်ယောက်ကဲ့သို့ပင်။

“ဝမ်အာ ဘာလို့အပြင်ထွက်လာပြန်တာလဲ.. သမားတော်က အိပ်ရာထဲ မှာ နားနေဖို့ပြောထားတာမဟုတ်ဘူးလား” မူစစ် လျှောက်လာပြီး သူမကို ဘေး မှစောင်ယူပြီး နူးညံ့စွာလွှမ်းပေးလေသည်။

“မူစစ် ရောက်လာပြီလား” ထိုမိန်းကလေးသည် မူစစ်ကိုမြင်သည်နှင့် သူမ၏ နှုတ်ခမ်းထောင့်ကလေးများ  တွန့်တက်သွားပြီး မျက်လုံးများမှာလည်း ခံစားချက်အပြည့်နှင့် အပြုံးပန်းများပွင့်သွားလေသည်။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုခပ်ပါးပါးလည်းရှိသည်။ သူမ လက်ဆန့်ထုတ်ပြီး သူ့အင်္ကျီများကို ဖြန့်ခါပေးကာ မေးလေသည် “နန်းတော်ကိုသွားပြီး အရှင့်ကိုတွေ့ပြီးပြီလား ဘာလို့ ဒီလောက်မြန်မြန်ကြီးထွက်လာတာလဲ.. အိမ်တော်ကို မပြန်ရသေးဘူး လား”

“မပြန်ရသေးဘူး.. ငါ မင်းနဲ့ တွေ့ပေးဖို့ လူတစ်ယောက်ခေါ်လာတယ်” မူစစ်သည် ဝူရှောင်းသောင့်ကို ကြည့်လိုက်သည်။

တခြားသူများရှေ့တွင် အေးစက်ပုံပေါက်သော မူစစ်သည် ထိုမိန်းကလေး အပေါ်တွင် နူးညံ့လိမ့်မည်ဟု ဝူရှောင်းသောင့် ထင်မထားပေ။ သို့သော် သူမကို ပထမဆုံးအကြိမ်ကြည့်လိုက်သည်နှင့် ဘေးမှလူများကို သက်တောင့်သက်သာ ခံစားချက်နှင့် ကောင်းမွန်သည့် ထင်မြင်ချက်ကိုပေးစွမ်းသည်။

ဝမ်အာကြည့်လိုက်ရာ ဝူရှောင်းသောင့်နှင့် ဖူမင်ရှောက်တို့ကို တွေ့လိုက်ရ ၏။ သူမသည် မတ်တတ်ထကာ အရိုအသေပေးချင်သော်လည်း မူစစ်မှ ဆွဲထား လိုက်သည်။ သို့သော် သူမ ထရပ်လိုက်၏။

“မင်းသား ၆ ကိုတွေ့ပါတယ်”

“ဝမ်အာ သူက အခု မင်းသားကြီးတင်းဖြစ်နေပြီ” မူစစ် ပြောလေသည်။

ဝမ်အာ၏မျက်နှာတွင် ပျော်ရွှင်သောအကြည့် တောက်ပလာကာ ပြော လေ၏ “မင်းသားကို ဂုဏ်ပြုပါတယ်”

“မင်းက ကျန်းမာရေးမှမကောင်းတာ ဒီလောက်ယဉ်ကျေးဖို့မလိုပါဘူး” ဖူမင်ရှောက်သည် လက်ကိုဝှေ့ယမ်းပြီးနောက် ဝူရှောင်းသောင့်ကို ပြောလိုက် သည် “ရှောင်းသောင့် ဝမ်အာရဲ့ခန္ဓာကိုယ်ကို ကြည့်ပေးပါဦး”

ဝူရှောင်းသောင့် ခေါင်းညိတ်ကာ လျှောက်သွားလိုက်သည်။ ဝမ်အာကို ထိုင်ခိုင်းပြီးနောက် သူမ၏ သွေးခုန်နှုန်းကို စစ်ကြည့်လေသည်။

ဝမ်အာသည် စိတ်ထဲတွင် သံသယများဖြစ်မိသော်လည်း သူမ၏ နူးညံ့လှ သည့် လက်ကောက်ဝတ်လေးကို ဆန့်ထုတ်လိုက်သည်။

ဝူရှောင်းသောင့်သည် သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ဝိညာဉ်စွမ်းအားဝင်သွားကာ စမ်းသပ်သည်နှင့် မျက်ခုံးများမှာ တဖြည်းဖြည်း ကြုတ်ပြီးရင်းကြုတ်သွားသည်။

“ရှောင်းသောင့် ဘယ်လိုနေလဲ” မူစစ်သည် သူမကို စိုးရိမ်တကြီး ကြည့် လေသည် “သူမ ဘာလို့အားနည်းနေလဲဆိုတာ အကြောင်းအရင်းရှာတွေ့လား”

ဝူရှောင်းသောင့်သည် လက်ပြန်ရုတ်ကာ ပြောလိုက်သည် “သမားတော် အရင်က ဘာပြောထားလဲ”

“သူတို့က အကြောင်းအရင်းကိုရှာမတွေ့ဘူး.. ဒီအတိုင်း သူမစိတ်ကဖြစ် တာတဲ့.. ဆေးတွေသောက်ပြီးတော့ ဝမ်အာရဲ့ ကျန်းမာရေးက ပိုပိုဆိုးလာတယ်” မူစစ် ပြန်ဖြေလိုက်သည်။

“ရှင် ပြန်လာတာနဲ့တင် ကျွန်မ ကျေနပ်နေပါပြီ” ဝမ်အာသည် သူ့လက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်အပြုံးပြုံးလိုက်သည်။

သူမ၏ဘဝတွင် သူနှင့်တွေ့ဆုံရသည်ကပင် လုံလောက်နေချေပြီ။

မူစစ်သည် အလွန်ပင်စိတ်မကောင်းဖြစ်မိသည်။ ဝူရှောင်းသောင့်လည်း ထိုပုံစံကိုမြင်ရသည်ကို စိတ်မကောင်းဖြစ်မိသည်။

ရှောင်းယောင်ယောင် သူမကိုတစ်ခါကပြောဖူးသည်။ သူတို့မိခင်ဖြစ်သူ၏ တပည့်တွင် အလွန်ခါးသီးသည့်ဘဝရှိခဲ့ပြီး မရဏာလောကကဲ့သို့သော ငရဲခန်း လေ့ကျင့်ရေးနေရာတွင် အသက်ရှင်ကျန်နိုင်ရန် စမ်းသပ်မှုများနှင့် ဒုက္ခအတိကို ကျော်ဖြတ်ရန်လည်း တောင်းဆိုခဲ့သည်။

ရှောင်းယောင်ယောင်သည် ရှင်းရှင်းလင်းလင်းမပြောပြသော်လည်း သူမ ခန့်မှန်းမိသည်။ သူတို့၏မိခင်မှာ ဤတပည့်ဖြစ်သူကို လွန်စွာချစ်ခဲ့သည်။ ယခု သူသဘောကျသည့်လူရှိလာရာ သူမ ဘာကြောင့် မကူညီရမည်နည်း။ ပြီးနောက် ကူညီလိုက်လျှင် သူမအတွက်လည်း ကောင်းနိုင်သည်။

ထို့ကြေင့် မူစစ် သူမကိုထပ်မေးချိန်တွင် အမှန်အတိုင်းပြောလိုက်သည်။

“တကယ်တော့ မျှော်လင့်ချက်ရှိပါတယ်” ဝူရှောင်းသောင့် ပြောလိုက်၏။

“သူမကိုကယ်ဖို့ နည်းလမ်းရှိတယ်ပေါ့” မူစစ်သည် သူမကို ပျော်ရွှင်စွာ ဖြင့် စိုက်ကြည့်လေသည်။

ဝူရှောင်းသောင့်သည် လက်ကိုဖြန့်ထုတ်လိုက်သည် “သူမရဲ့ခန္ဓာကိုယ်က ဘာမှမဖြစ်ဘူး..”

သူမ စကားမဆုံးခင်မှာပင် မူစစ်သည် ပူပန်လာသည် “ဘာမှမဖြစ်ဘဲနဲ့ ဘာလို့ ဒီလောက်အားနည်းနေတာလဲ”

“ဘာလို့လဲဆိုတော့ သူမရဲ့ကြမ္မာက အကန့်အသက်ရှိလို့ပဲ” ဝူရှောင်းသောင့် ပြောလိုက်သည်။

“ကြမ္မာက အကန့်အသက်ရှိတယ်ဟုတ်လား ဘာအဓိပ္ပာယ်လဲ” သည် တစ်ခါမေးလာသူမှာ ဖူမင်ရှောက်ဖြစ်သည်။

“ကောင်းကင်တာအို.. ကောင်းကင်ကပဲ သူမကို အသက်ရှည်ရှည်နေဖို့ ခွင့်ပြုနိုင်မှာ.. အချိန်ပြည့်သွားရင်တော့ သူမရဲ့ခန္ဓာကိုယ်က စပြီးအားနည်းလာ မှာ” ဝူရှောင်းသောင့်သည် ရှင်းအောင် ပြောပြရသည်။

ဖူမင်ရှောက်နှင့် မူစစ်တို့သည် နားလည်လွယ်သူများဖြစ်ကြသည်။ သူတို့ သည် ထိုအရာကို တစ်ခါမှမတွေ့ဖူးသော်လည်း သူမ၏ ဆိုလိုရင်းကို လျင်မြန် စွာပင် နားလည်သွားသည်။

“ကြမ္မာဆိုမှတော့ သူမကို ဘယ်လိုကယ်လို့ရမလဲ” မူစစ် မေးလိုက်သည်။

“တကယ်တော့ ရိုးရှင်းပါတယ် ဒါပေမဲ့ တန်ရာတန်ကြေးမြင့်တယ်” ဝူရှောင်းသောင့် ပြောလိုက်သည် “ရှင်တို့… ထားလိုက်ပါတော့.. အခု ရှင်တို့ လုပ်နိုင်တာဘာမှမရှိဘူး.. သူမ ကံကြမ္မာကို ပြောင်းဖို့ ကျွန်မကူညီပြီးတော့ ကောင်းကင်ကိုဆန့်ကျင်ပေးနိုင်တယ် ဒါပေမဲ့ ကောင်းကင်ရဲ့အပြစ်ပေးတာကို ခံရမှာ”

“ကောင်းကင်က ဘာအပြစ်ပေးမှာလဲ”

“မိုးကြိုးဘေးဒုက္ခလေ.. မိုးကြိုးဘေးဒုက္ခ အဆင့်ကတော့ ကောင်းကင် တာအိုအပေါ်မှာမူတည်မှာပဲ” ဝူရှောင်းသောင့် ပြောလိုက်သည်။

“အရမ်းအန္တရာယ်များလား” ဖူမင်ရှောက်၏ အသံမှာ အနည်းငယ် မသာ မယာပင်။

ဝူရှောင်းသောင့်သည် ကောင်းကင်ကိုမော့ကြည့်ပြီး သူမ၏ အကြည့်မှာ အနည်းငယ် မပြတ်မသားဖြစ်နေသေးသည် “အန္တရာယ်တော့ရှိတယ် ဒါပေမဲ့ အဲဒါက ကျွန်မအတွက် ကောင်းလည်းကောင်းသွားနိုင်တယ်”

ကောင်းတဲ့အရာဟုတ်လား။ သူမ၏ စကားများသည် သူတို့ကို ရှုပ်ထွေး သွားစေသည်။ အဲဒါကဘယ်လိုလုပ် ကောင်းတဲ့အရာဖြစ်နိုင်မှာလဲ။

ဖူမင်ရှောက်သည် သူမကိုကြည့်ပြီး နှုတ်ခမ်းကိုသဲ့သဲ့တွန့်ကာ မသိစိတ်မှ မျက်မှောင်ကြုတ်လေသည်။

“အရင်က မိုးကြိုးဘေးဒုက္ခကိုမမြင်ဖူးပေမဲ့ ကြားရတာနဲ့တင် ကြောက်ဖို့ ကောင်းမယ့်ပုံပဲ.. ကျွန်မကိုသာ မိုးကြိုပစ်ရင် အသက်ရှင်နိုင်ပါဦးမလား” ဝမ်အာသည် ဝူရှောင်းသောင့်၏လက်ကို ဆွဲကာ ပြောလိုက်သည် “ကောင်းကင် က ကျွန်မကို ဒီလောက်အသက်ရှည်အောင် နေခွင့်ပေးထားတာ ဘယ်လိုလုပ် ထင်တောင်းရမလဲ ပြီးတော့ ရှင့်ကိုပါ ဆွဲသွင်းမိပြီ”

ဝူရှောင်းသောင့်၏လက်ကို ဆုပ်ကိုင်ထားသော သူမ၏လက်မှာ အလွန် နူးညံ့နေသဖြင့် သက်တောင့်သက်သာဖြစ်စေသည်။

ပြီးနောက် သူမသည် မူစစ်ကိုပြန်ကြည့်ကာ ပြောလိုက်သည် “မူစစ် ဒီအတိုင်းပဲထားလိုက်ပါ”

သူမဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် သူနှင့်အတူရှိနေသရွေ့ လုံလောက်ပြီဖြစ်သည်။

မူစစ်သည် တုံ့ဆိုင်းနေသည်။ သူသည် ဝမ်အာကို ကယ်ချင်သည်။ သို့သော် ဝူရှောင်းသောင့်ကိုလည်း အန္တရာယ်ထဲဆွဲမသွင်းနိုင်ပေ။

“တကယ်တော့ ကျွန်မကိုယ်ကျွန်မ ကယ်ချင်လို့ ရှင့်ကိုအသုံးချလိုက်တာ ပါ” ဝူရှောင်းသောင့်သည် စကားကိုရှင်းလင်းအောင်ပြောသည် “ကျွန်မပြောတဲ့ ကောင်းတဲ့အရာဆိုတာ ကျွန်မကိုယ်ကျွန်မ ကယ်လို့ရမယ့်နည်းလမ်းကိုပြော တာပါ”

All Chapters