ဝူရှောင်းသောင့်၏ဇာတ်လမ်း (၅) သတင်းပါးခြင်း
Vol. 166 Ch. 2315
သူမသာ ဝမ်အာအတွက် အသက်ပေးရမည်ဆိုလျှင် သူတို့ သဘောမတူ ပေ။
အထူးသဖြင့် မူစစ်ဖြစ်သည်။ သူသည် အတိတ်ကိုမမှတ်မိသော်လည်း ဝူရှောင်းသောင့်နှင့်ပတ်သက်ပြီး နားမလည်နိုင်သည့်ရင်းနှီးမှုနှင့် ချစ်ခြင်းရှိနေ သည်။ သူမ၏အသက်နှင့် ဝမ်အာ၏အသက်ကို လဲခိုင်းပါက သူသည် ဝမ်အာနှင့် အတူ သေလိုက်မည်ဖြစ်သည်။
ဖူမင်ရှောက်သည် သူမကို သေခွင့်မပေးနိုင်ပေ။
ဝူရှောင်းသောင့် ပြောသည့်အဓိပ္ပာယ်ကို မည်သူမှ နားမလည်ကြပေ။ သူမ ရှင်းလင်းအောင် ရှင်းမပြလျှင် မည်သူမှ ခွင့်ပြုမည်မဟုတ်ပေ။
“ကျွန်မက ရှင်တို့နေရာကလူ မဟုတ်ဘူး” သူမ ပြောလိုက်၏။
ဝမ်အာနှင့် သူမ၏ အစေခံမိန်းကလေးသည် မှင်တက်ကုန်၏။ ဖူမင်ရှောက်နှင့် မူစစ်တို့သည် ခန့်မှန်းမိပြီးသားဖြစ်သော်လည်း အံ့ဩနေတုန်း ပင်။
ဖူမင်ရှောက်သည် သူမကို ကြားဝင်တားချင်သည်။ သို့သော် ဘာကြောင့် မှန်း သူမသိပေ။ သူသည် ထိုအတွေးကို အနည်းငယ် ဒေါသထွက်သွားသဖြင့် ဘာမှမပြောလိုက်ပေ။
“ဒီကမ္ဘာမှာ တိုက်တွေအများကြီးရှိတယ် ရှင်တို့က အဲအများကြီးထဲက တစ်ခုသာသာပဲ.. အကြောင်းအရင်းတစ်ခုကြောင့် ဒီကလူတွေက ကျင့်ကြံလို့ မရဘူး.. ဒါပေမဲ့ ကျွန်မတို့နေရာမှာတော့ လူတော်တော်များများက ကျင့်ကြံနိုင် ကြတယ်.. ကျွန်မလည်းကျင့်ကြံနိုင်တယ်၊ နောက်တော့ ကျွန်မက မတော်တဆ တစ်ခုကြောင့် ဒီကိုရောက်လာတယ် ကျွန်မက အက်သွားတဲ့ လေဟာနယ်ထဲ ကျခဲ့ပြီး ကြည့်လိုက်တော့ ဒီကိုရောက်နေပြီ” ဝူရှောင်းသောင့်သည် ဖြည်းဖြည်း ချင်းပြောပြလေသည်။
“ကျင့်ကြံတယ်ဆိုတာက ဘာလဲ” ဝမ်အာသည် သိချင်စိတ်ဖြင့် မေးလေ သည်။
“ဒီကအတွင်းအားနဲ့ အတူတူလောက်ပဲ ဒါပေမဲ့ အတွင်းအားထက် ပိုပြီး အားကောင်းတယ်” ဝူရှောင်းသောင့်ပြောပြီးနောက် မီးလုံးတစ်လုံးထုတ်လွှတ် ပြီး ပြန်သိမ်းလိုက်သည်။
သူမ၏လက်ဖဝါးမှ ရုတ်တရက် မီးတောက်ထွက်လာသည်ကို မြင်သော အခါ အားလုံးထိတ်လန့်ကုန်သည်။ သူတို့ နားမလည်သေးခင်မှာပင် သူမသည် တခြားဝိညာဉ်အရည်အချင်းကို ပြောင်းလိုက်သည်။
သူမသည် ခြံဝင်းတစ်ဖက်ရှိ အပေါက်တစ်ခုထဲသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်ထည့်လိုက်ရုံသာရှိသေးသည် ထိုလူများ ဆွံ့အကုန်ကြသည်။
“အံ့ဩဖို့ကောင်းလိုက်တာ” ဝမ်အာ အော်မိလေသည်။
ကျင့်စဉ်ဆိုသည်ကို သူတို့ကိုသိအောင် ပြပြီးနောက် ဝူရှောင်းသောင့် ဆက်ပြောလေသည် “ကျွန်မ လေဟာနယ်ထဲကိုကျသွားတော့ ဝိညာဉ်စွမ်းအင် ထုတ်မရတော့တာကို တွေ့လိုက်ရတယ်.. နောက်ဆုံး နည်းနည်းထုတ်လို့ရသွား ပေမဲ့ လူတစ်ယောက်နဲ့ မြင်းတစ်ယောက်ကို သေစေခဲ့တယ်”
“မင်းပြောတဲ့ ကောင်းတဲ့အရာဆိုတာ ဒါနဲ့ပတ်သက်နေတာလား” မူစစ် ပြောလိုက်သည်။
“ကျွန်မအမေ…” ဝူရှောင်းသောင့်သည် မူစစ်ကိုကြည့်လိုက်သည် “ကျွန်မ မိသားစုက အရမ်းကောင်းတယ်.. ဒီကမိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရင် အမေတို့က ကျွန်မသတင်းကိုကြားပြီး ဒီကိုလာကယ်မှာပဲ”
“မင်း ပြန်သွားချင်လို့လား” ဖူမင်ရှောက် မေးလိုက်၏။
ဝူရှောင်းသောင့်သည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည် “ကျွန်မ ကမ္ဘာက… ဒီနေရာမဟုတ်ဘူးလေ”
သူမ၏ မီးအရည်အချင်းကိုမြင်ပြီးနောက် သူတို့ ဘာမှထပ်မပြောကြ တော့ပေ။ သူမသည် အိမ်ပြန်မည်ဖြစ်ရာ သူတို့သည် ငြင်းဆန်စရာမရှိတော့ပေ။
“ငါတို့ မင်းကို တစ်ခုခုကူညီစရာရှိလား” ဖူမင်ရှောက် မေးလိုက်၏။
ဝူရှောင်းသောင့်သည် ခေါင်းခါပြီး ပြောလိုက်သည် “ဘယ်သူမှမရှိတဲ့ နေရာတစ်ခုကိုပဲ ကူရှာပေးပါ”
မိုးကြိုးဘေးဒုက္ခအတွင်းတွင် သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်လိမ့်မည် ကို ဖူမင်ရှောက်နှင့် မူစစ်တို့ နားလည်ကြသည်။
မြို့တော်အပြင်က လူဦးရေကျဲပါးသည့် နေရာများကို သူတို့သိသည်။ ဝမ်အာသည် ရထားလုံးသာစီးနိုင်သဖြင့် ထိုတောင်တန်းသို့ရောက်ရန် သုံးရက် ကြာလေသည်။ သူတို့သည် တောင်ထဲမှ မုဆိုးများအားလုံးကို နှင်ထုတ်ပြီး တောင်ထဲတွင် မည်သူမှမရှိတော့သည်ကို သေချာအောင်လုပ်ပြီးမှ အနီးအနား တွင် အစောင့်များချထားလိုက်သည်။
ဝမ်အာ ရထားလုံးပေါ်မှဆင်းသည်နှင့် ဝူရှောင်းသောင့် လက်ဝှေ့ယမ်း လိုက်သည်နှင့် အားလုံးရှေ့တွင် ကျောမှီခုတင်တစ်လုံးနှင့် ရိုးရှင်းသောစားပွဲ တစ်လုံးပေါ်လာသည်။
“ရှင် အဲဒီမှာသွားလှဲနေလိုက်ပါ.. ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် မလုပ်မိအောင်လို့ ဒါနဲ့ချည်ထားပေးမယ်” ဝူရှောင်းသောင့် ပြောလိုက်သည် “ဒီလုပ်ငန်းစဉ်က နည်းနည်းနာလိမ့်မယ် အဲဒါကိုခံနိုင်အောင် သည်းခံရမယ်”
သူမ ရုတ်တရက် ထိုအရာများကို ဘာကြောင့်ထုတ်သည်ကို ဝမ်အာ သိချင်နေကာ ခုတင်ပေါ်တွင်လှဲလိုက်လျှင် သိလိမ့်မည်ဟု ခံစားရသည်။ ဝူရှောင်းသောင့်၏ စကားများကို ကြားပြီးနောက် သူမ ခေါင်းညိတ်ကာ ပြော လိုက်သည် “ချည်လိုက်ပါ”
ဝူရှောင်းသောင့်သည် ကြိုးထုတ်ကာ မူစစ်အား သူမ၏ခြေနှင့်လက်ကို ခုတင်နှင့် ချည်ခိုင်းလိုက်သည်။ ထို့နောက် သူမစားရန် ဆေးထုတ်ပြီး သူမ၏ အတွင်းအင်္ဂါများကို ဝိညာဉ်စွမ်းအားဖြင့် ကာကွယ်လိုက်သည်။
သာမန်လူအတွက်ဆိုလျှင် ထိုလုပ်ရပ်သည် အထိအခိုက်မရှိသော်ငြား ဝမ်အာအတွက်တော့ အလွန်ပင်ညှဉ်းပန်းနှိပ်စက်သလိုဖြစ်သည်။ သူမ၏ ခန္ဓာ ကိုယ်မှာ တစ်စုံတစ်ရာကြောင့် စုတ်ဖြဲသလိုဖြစ်နေသည်ကို ခံစားရသည်။ သူမ ၏ ကိုယ်တွင်းအင်္ဂါများတင်သာမကဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် နာကျင်နေသည်။ သူမ၏ အရေပြားများ ယားကျိကျိဖြစ်လာသဖြင့် ကုတ်လိုက် ချင်သော်လည်း လက်များမှာ ချည်နှောင်ထားသည်ကို ပြန်အမှတ်ရသွားပြန် သည်။
“အာ..” ခန္ဓာကိုယ်မှ နာကျင်မှုနှင့် ယားယံမှုကြောင့် သူမ အော်လိုက်ရာ မူစစ်သည် စိတ်မကောင်းဖြစ်မိလေသည်။
“ဘာလို့အဲလောက်နာရတာလဲ နာကျင်မှုလျော့ဖို့အတွက် နည်းလမ်းရှိ လား” မူစစ်သည် ဝူရှောင်းသောင့်ကို မေးလိုက်သည်။
“ကောင်းကင်ကို ဆန့်ကျင်တာက သာမန်ကိစ္စမဟုတ်ဘူး” ဝူရှောင်းသောင့်သည် မိုးကောင်းကင်ကိုကြည့်လိုက်ရာ တိမ်တိုက်မည်းများ တဖြည်းဖြည်းစုစည်းလာသည်ကိုမြင်လိုက်ရသည်။
မူစစ်သည် ဆွံ့အသွားသည်။ ဟုတ်ပါတယ်လေ.. ဒါက ဘယ်လိုလုပ် သာမန်ကိစ္စဖြစ်ရမှာလဲ။ ဒါက အောင်မြင်ဖို့ ဘယ်လွယ်ကူပါ့မလဲ။
ဖူမင်ရှောက်သည် ကောင်းကင်ကိုကြည့်ပြီး အစောလေးကတင် နေသာ နေသောကောင်းကင်တွင် တိမ်တိုက်များပေါ်လာသည်ကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
အချိန်ပြည့်တော့မည့်အချိန်တွင် သူမသည် ဝမ်အာ၏ သွေးခုန်နှုန်းကို ထပ်မံစစ်ဆေးလိုက်သည်။ ဝမ်အာသည် နာကျင်မှုကြောင့် မေ့လဲတော့မတတ် ဖြစ်နေသည်။ သို့သော် ယခုအခါ နာကျင်မှုလျော့ကျလာသည်ကို ခံစားလိုက်ရ ၏။
“ဟုတ်ပြီ ကောင်းကင်တာအိုက မင်းရဲ့အသက်သွေးကြောစုပ်ယူမှုကို ငါ ပိတ်လိုက်ပြီ.. ဒါပေမဲ့ အရင်ကဆုံးရှုံးခဲ့တာကို ပြန်ပြင်လို့မရဘူး နောက်ကျရင် တော့ အဆင်ပြေသွားမှာပါ” ဝူရှောင်းသောင့် ပြောလိုက်သည် “မူစစ် သူမ ခန္ဓာ ကိုယ်က နာကျင်မှုကရှိသေးတယ်.. နည်းနည်းတော့ကြာလိမ့်မယ် ပြီးတော့ သူမကို ခေါ်သွားခိုင်းလိုက်တော့.. ရှင်တို့နှစ်ယောက်လည်း လိုက်သွားကြ တောင်ထဲကို ဘယ်သူမှ ဝင်မလာစေနဲ့ မဟုတ်ရင် ဒီဘေးဒုက္ခကို အတူရင်ဆိုင်ရ လို့ နောင်တရသွားမယ်.. ရှင်တို့လည်း မိုးကြိုးပစ်လို့သေလိမ့်မယ်”
မူစစ်လက်ဝှေံလိုက်သည်နှင့် တပ်သားများသည် ရှေ့တိုးကာ ဝမ်အာနှင့် ခုတင်ကို တစ်ပါတည်းသယ်သွားလေသည်။
ဖူမင်ရှောက်သည် ဝူရှောင်းသောင့်ကိုကြည့်ပြီး ပြောလိုက်သည် “မင်း တကယ်လုပ်နိုင်မှာလား”
“ဖြစ်နိုင်မှာပါ” ဝူရှောင်းသောင့်သည် မသေချာပေ “ကျွန်မ မသေရင် နောက်ရက်တွေမှာ လာပြီးဂရုစိုက်ပေးရမယ်နော်”
သူမ ပြောပြီးသည်နှင့် ဆေးပုလင်းတချို့ထုတ်ပြီး ဖူမင်ရှောက်၏ လက် ထဲသို့ထည့်ကာ ပြောလိုက်သည် “ကျွန်မ မသေရင် ဒီဆေးတွေအကုန်လုံး ကျွန်မကိုပေးပါ”
သူမသည် ဖူမင်ရှောက်ကိုကြည့်လိုက်ပြီး သူသည် သူမကိုထိခိုက်စေလိမ့် မည်မဟုတ်သည်ကို မသိစိတ်မှယုံကြည်မိသည်။
ဖူမင်ရှောက်သည် ကျောက်စိမ်းပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ပြီး အက်ကွဲသောအသံဖြင့် ပြောလေသည် “ဟုတ်ပြီ”
မူစစ်နှင့် ဖူမင်ရှောက်တို့ ထွက်သွားသည်။ ခြေလှမ်းနှစ်လှမ်းမျှ လျှောက် သွားပြီးနောက် သူလှည့်ပြီးမေးလေသည် “ငါတို့ တစ်ယောက်နဲ့တစ်ယောက်က အရင်ကသိကြတယ်လို့ပြောတယ်နော် ငါတို့ကြားမှာ ဘယ်လိုဆက်ဆံရေးရှိကြ လဲ”
ဝူရှောင်းသောင့် မှင်တက်သွားသည်။ ဤအချိန်တွင် သူ ဤမေးခွန်းမေး လာလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမ သေသွားလျှင် သူ့ကို ပြောမည့်သူ မရှိတော့မည်ကို သူကြောက်နေသည်။
သူ သိချင်နေလိမ့်မည်ဟု သူမ ထင်မထားပေ။
“ရှင်က ကျွန်မအမေရဲ့ တပည့်ပဲ.. ကျွန်မက ရှင့်လက်ထဲမှာကြီးလာတာ” ဝူရှောင်းသောင့် ပြောလိုက်သည်နှင့် ထိုနှစ်ယောက်သည် လေးကန်နေပြီး ထွက် မသွားသေးသလို ဘေးဒုက္ခသည်လည်း ကျော်ဖြတ်မည့်လူကို ပိတ်ထားသည် ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကို အဝေးသို့ပို့ပြီးနောက် သူမ လေထဲ သို့ ခုန်တက်လိုက်သည်။
ဖူမင်ရှောက်နှင့် မူစစ်တို့၏ ကိုယ်ရံတော်များကိုလည်း အသိပေးပြီးဖြစ် သည်။ သို့သော် သူမ လေထဲတွင်ရပ်နေသည်ကို မြင်သောအခါ အံ့ဩတုန်းပင် ဖြစ်သည်။
သူတို့၏ ပေါ့ပေါးသောခြေထောက်များနှင့်ပင် မတူညီဘဲ သူမသည် လေထဲတွင် ပျံနိုင်နေသည်။
သူမက တကယ်ပဲ နတ်သမီးများလား။
ဝူရှောင်းသောင့်၏ ခေါင်းပေါ်မှ တိမ်တိုက်မည်းများသည် ပိုပိုပြီးထူထဲလာ သည်။ မိုးကြိုးဘေးဒုက္ခအကြားတွင် တိမ်တိုက်ဝိညာဉ် ပုန်းအောင်းနေသည်ကို သူမ မြင်သောအခါ ပျော်ရွှင်စွာဖြင့် ပြုံးပြီးပြောလိုက်သည် “တိမ်တိုက်ဝိညာဉ် ငါ့ကို အသာလုပ်နော ပြီးတော့ အမေ့ကိုသတင်းလေးပါးပေးနိုင်မလား.. ဒီကို လာပြီး ငါ့ကိုကယ်ပေးပါလို့.. နောက်မှ ငါ မင်းကို အရသာရှိတဲ့အသီးဝိုင်တွေ ဖိတ်ပြီးတိုက်မယ်လေ”
တိမ်တိုက်ဝိညာဉ်သည် သူမ၏စကားကိုကြားသောအခါ တိမ်တိုက်ပေါ်မှ ကျလုနီးပါးပင်ဖြစ်သွားသည်။ ဒီဝူရှောင်းသောင့်က တကယ်ပဲ သူမအမေနဲ့ တူ တာပဲ။ နေပါဦး.. ဒီကောင်မလေးက သူမအမေကို သတင်းပါးချင်လို့ သူ့ကို ဆင့်ခေါ်လိုက်တာလား။ လူတကာလေးစားရတဲ့ တိမ်တိုက်ဝိညာဉ်က သူတို့ရဲ့ စာပို့သမားလား။