သင်က စစ်ထူနန်ပဲ
Vol. 154 Ch. 2123
ညနက်ပိုင်းတွင် တပ်ဝန်းထဲ၌ မီးတိုင်အလင်း တဖြတ်ဖြတ် လင်းလက်နေပြီး တပ်သားစုတစ်စုက ကင်းလှည့်နေသည်။
တပ်ဝန်းတဲစုတို့၏အလင်းရောင်မှာ ငြှိမ်းသေနေပြီ ဖြစ်၏။ အလင်းအနည်းငယ်သာ ကျန်သည်။ သိသိသာသာ လင်းထင်းနေသော ဗိုလ်ချုပ်၏ တဲပတ်လည်တွင်တော့ အစောင့်အကြပ်များစွာ ရှိနေသည်။
ဗိုလ်ချုပ်အိုစစ်နန်က မြေပုံတစ်ခုဘေးတွင် ရပ်နေကာ မျက်မှောင်ကြုတ်နေ၏။ သည်နေရာတွင် သူတစ်ယောက်သာ ရှိပေသည်။ ဖယောင်းတိုင်မီး လောင်ကျွမ်းသံကလွဲ၍ သည်တဲတခုလုံး တိတ်ဆိတ်နေလေသည်။
“ဘုရင်နန်…ဟက်…ဒီလိုလူမျိုးက ဘုရင်နန်လို့ ခေါ်ဖို့ မထိုက်တန်ဘူး…” ဗိုလ်ချုပ်အိုက မြေပုံကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ တချို့အကြောင်းရင်းများကြောင့် သူသည် ဘုရင်နန်ဟူသော အမည်အပေါ် ထူးခြားသောခံစားမှုတစ်ခု ရှိနေသည်။
၎င်းခံစားချက်မှာ သည်လောကရှိ မည်သူကမျှ ဘုရင်နန်ဟု ခေါ်ဖို့ မထိုက်တန်သည့်အလား။
“အို…ဒါဆိုရင် ဘုရင်နန်လို့ ဘယ်သူ့ကို ခေါ်ဖို့ ထိုက်တန်သလဲ…” ဗိုလ်ချုပ်အို၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ဗိုလ်ချုပ်အို၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သို့သော် မကြာမီ သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက နောက်လှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် ရပ်နေသော အဖြူရောင်ဝတ်စုံဖြင့်လူငယ်တစ်ယောက်ကို မြင်၏။ ထိုလူငယ်က သူ့ကို ပြုံး၍ စိုက်ကြည့်နေပေသည်။
“ဒီအဘိုးအို ဘုရင်တစ်ပါး မဖြစ်လာခင် ဘယ်သူကမျှ ဘုရင်နန်လို့ အခေါ်ခံရဖို့ အရည်အချင်း မရှိဘူး…” ဗိုလ်ချုပ်အိုက ထိပ်ပြားသွားခြင်းမရှိဘဲ နေရာတွင် တည်ငြိမ်စွာ ထိုင်ချ၏။
“ထိုင်ပါ…” ဗိုလ်ချုပ်အိုက ရှေ့သို့ လက်ညွှန်လိုက်သည်။
ဝမ်လင်းက သူ့ကို ကြည့်ကာ အသိအမှတ်ပြုဟန်ဖြင့် သက်ပြင်းချ၏။ သူစိမ်းတယောက် ခုလို ရုတ်တရက် ပေါ်လာချိန်တွင် တည်ငြိမ်စွာ ဆက်ရှိနိုင်သူသည် နည်းပါးလှ၏။
အထူးသဖြင့် သည်တည်ငြိမ်မှုက အတုအယောင်မဟုတ်၊ စစ်မှန်သော တည်ငြိမ်မှု ဖြစ်နေခြင်းပင်။
ဝမ်လင်းက ခပ်ရေးရေး ပြုံး၍ သည်ဗိုလ်ချုပ်၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်၏။
“ခင်ဗျားမှာ အရက်ရှိလား…” ဝမ်လင်းက ရယ်မောလိုက်၏။
“စစ်တပ်ထဲမှ အရက်မရှိဘဲ ဘယ်နေပါ့မလဲ…” ဗိုလ်ချုပ်အိုက ရယ်မောကာ အပြင်ဘက်မှ အစောင့်များကို အမိန့်ပေးလိုက်၏။
“တယောက်ယောက်…အရက်ယူလာခဲ့စမ်း…”
ထို့နောက် တပ်သားအနည်းငယ်သည် အထဲသို့ ဝင်လာကြ၏။ ဝမ်လင်းကို မြင်သည့်အခါ သူတို့သည် မင်သက်ကုန်၏။ အထူးသဖြင့် အပြင်ဘက်မှ အစောင့်များပင်။ သူတို့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့က မည်သူမျှ ဝင်လာသည်ကို မတွေ့ခဲ့ရသည် မဟုတ်လား။
ဗိုလ်ချုပ်အို၏ အမူအရာက မပြောင်းလဲသွားပေ။ သူက လက်ဝေ့ယမ်းကာ ပြောလိုက်၏။ “အရက် ထားခဲ့ပြီး ထွက်သွားကြတော့…”
ထိုအစောင့်က အရက်အိုးအနည်းငယ်ကို ဝမ်လင်းနှင့် ဗိုလ်ချုပ်အိုတို့ဘေးတွင် ချထားပေး၍ ပြန်ထွက်သွားကြ၏။
“ဗိုလ်ချုပ်စစ်နန်က ဟိတ်ဟန်ကောင်းလှသားပဲ…” ဝမ်လင်းက အရက်အိုးကို ကောက်ယူကာ တကျိုက်မော့ချလိုက်၏။
“အသင် ဒီကို တိတ်တဆိတ် ရောက်လာခဲ့ပြီး တပ်သားတွေလည်း သင့်ကို မတားနိုင်ခဲ့ဘူး။ ဒီကို ဘာအတွက်များ ရောက်လာခဲ့တာလဲ…”
ဗိုလ်ချုပ်အိုက အရက်တအိုး ကောက်ယူကာ အားပါးတရ မော့၏။
ဝမ်လင်း၏မျက်နှာထက်ရှိ အပြုံးက ပိုပီပြင်လာသည်။ သူက အမှန်ပင် ပျော်ရွှင်နေ၏။ သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့သည့် အချိန်မှစ၍ သူ ခုလိုမျိုး ပျော်ရသည်မှာ ရှားလှသည်။ ဤသည်မှာ လီမူဝမ်၏ စိတ်ဝိညာဉ်ကို ရှာတွေ့ခြင်း၊ သို့မဟုတ် ရွှမ်လောနှင့် အတူရှိခဲ့ရခြင်းတို့နှင့်လည်း ခံစားမှုမျိုး မတူနေပေ။ ဤသည်မှာ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ရသည့် ဖော်ပြ၍ မရသော ခံစားမှုမျိုး ဖြစ်၏။
သည်လိုခံစားမှုမျိုးက ဝမ်လင်းကို အတော်လေး သက်တောင့်သက်သာ ဖြစ်စေကာ ပျော်ရွှင်စေသည်။
တဲစုအပြင်ဘက်တွင် ပုံရိပ်များ ရှုပ်ယှက်ခတ်ကာ ခြေသံများကို ကြားရ၏။ စကားအနည်းငယ်အတွင်း တပ်သားများစွာသည် တဲစုကို ဝန်းရံထားလိုက်ကြပြီး ဗိုလ်ချုပ်အားလုံးလည်း ဒီနေရာတွင် ရောက်နေကြလေပြီ။ သူတို့အားလုံးက အစွမ်းထက်ရန်သူတစ်ယောက်ကို ရင်ဆိုင်ရတော့မည့်ပုံမျိုး ရှိနေ၏။ သို့သော် မည်သူကမျှ တဲစုထဲသို့ မဝင်ဝံ့ကြပေ။ သူတို့က တဲကိုသာ ဝန်းရံထား၏။
သူတို့အားလုံး စိတ်ပူပန်နေကြ၏။ သို့သော် သူတို့၏ သတ်ဖြတ်လိုစိတ်ကမူ နည်းနည်းမျှ လျှော့ကျမသွားပေ။
အချိန်ကုန်လွန်လာ၏။ ဖြတ်ခနဲအတွင်း အာရုံတက်ချိန် ရောက်လာ၏။ အပြင်ဘက်မှ တပ်သားများသည် တညလုံးနီးပါး ရှိနေကြ၏။ အတွင်းဘက်မှ ရယ်မောသံများ ထွက်ပေါ်လာခြင်းကြောင့်သာ မဟုတ်ပါက သူတို့သည် အထဲသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာကြမည်သာ။ သို့ပေမည့် ထိုရယ်မောသံက သူတို့ကို ပို၍ပင် စိတ်ရှုပ်ထွေးစေကုန်သည်။
“စိတ်ဝင်စားစရာပဲ။ မိတ်ဆွေကြီးဝမ်က နေရာမျိုးစုံကို ရောက်ဖူးခဲ့တာကို။ ဒီအဘိုးအိုက တောင်တန်းပင်လယ်နဲ့ ပတ်သတ်လို့ ကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့နေရာဟာ ဝေးလွန်းလှတယ်။ သေမျိုးတစ်ယောက်အနေနဲ့ ကျုပ်က အဲ့ကို မသွားနိုင်ပါဘူး…”
ဗိုလ်ချုပ်အိုက အရက်အိုးအလွတ်ကို ချကာ နောက်တအိုး ထပ်လှမ်းယူသည်။
“ခင်ဗျားသွားချင်ရင် သွားနိုင်ပါတယ်…” ဝမ်လင်းက ခပ်ပြင်းပြင်းအရက်ကို မော့ကာ သူ၏ မိတ်ဆွေဟောင်းကို ကြည့်၍ ပြုံး၏။
“အို…မိတ်ဆွေကြီးဝမ်က ကျင့်ကြံသူတစ်ယောက်လား…” ဗိုလ်ချုပ်အို၏ မျက်လုံးက အရောင်တောက်သွားသည်။ ဝမ်လင်းက ခေါင်းညိတ်၏။ သို့သော် စကားတော့ မဆိုပေ။ သူက အရက်သာ ဆက်သောက်သည်။
အချိန်ကုန်လွန်လာသည်။ အမှောင်ထု လွင့်ပါးကာ နေမင်း ထွက်ပေါ်လာသည်။ ဝမ်လင်းနှင့် ဗိုလ်ချုပ်အိုတို့သည် တညလုံး ထိုင်သောက်နေကြ၏။ ဝမ်လင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်၌ သူ့အတွေ့အကြုံများကို ပြောပြနေသည်။ သူက ကောင်းကင်ဘုံနွားထီးကုန်းမြေ၊ အစိမ်းရောင်မိစ္ဆာကုန်းမြေ၊ ရှေးမြို့တို့အကြောင်း ပြောပြ၏။ သူက ရှေးကလန်တွင် ဖြစ်ပျက်ခဲ့သမျှကိုလည်း ပြောပြနေ၏။
သူသည် လီမူဝမ်၏ စိတ်ဝိညာဉ်ကို မည်သို့ ပြန်ရယူခဲ့ပုံ၊ မျက်ရည်များ ကျခဲ့ရပုံ၊ ရှေးတောက်အင်ပါယာကို သတ်ကာ သူ့ဆရာ၏ ဂုဏ်သိက္ခာအတွက် အသက်တစ်ကြိမ် စတေးခဲ့ပုံတို့ကိုပါ ပြောပြသည်။
သူသည် အရာအားလုံးကို ပြောပြနေခဲ့သည်။
ဗိုလ်ချုပ်အိုကလည်း နားထောင်ပေးနေ၏။ သူသည် သူ့ရှေ့မှ ကျင့်ကြံသူက မည်သည့်အဆင့်အတန်းရှိသည်ကို စိတ်မကူးကြည့်နိုင်ပေ။ ထိုသူ ပြောသည်ကသာ အမှန်ဖြစ်ပါက သည်ပုဂ္ဂိုလ်သည် ကောင်းကင်ဘုံကလန်၌ တုန်လှုပ်ဖွယ်အဆင့်အတန်း ရှိသူ ဖြစ်ပေမည်။
သို့ပေမည့် သည်လူက ညကြီးမင်းကြီး သူ့တဲတွင် မည်သည့်အတွက်ကြောင့် ပေါ်လာခဲ့ရသနည်း။ သူနှင့် မည်သည့်အတွက်စကားစမြည် လာပြောနေရသနည်း။ ဗိုလ်ချုပ်အို၏စိတ်ထဲ၌ သူ့ရှေ့မှ လူကို တဖြည်းဖြည်း ရင်းနှီးလာ၏။ ထိုရင်းနှီးမှုက သူ့မှတ်ဉာဏ်အတွင်းနက်ပိုင်း၌ ကွယ်ဖုံးနေကာ အခု ဖြည်းဖြည်းချင်း ပြန်ပေါ်လာနေသလိုမျိုးပင်။
သူက ဝမ်လင်း၏ မျက်ရည်နှင့်ဝမ်းနည်းမှကို မြင်သည့်အခါ သူလည်း လိုက်ပါ ခံစားမိ၏။ သူသည် ဝမ်လင်းနှင့် လီမူဝမ်တို့ကြားရှိ ဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ခဲ့ဖူးသည့်အလား။
“ကျုပ် လီချန်မေကို မရှာနိုင်ခဲ့ဘူး။ စစ်ထူ…ကျုပ် အချိန်အကြာကြီး ရှာခဲ့ပြီးပြီ။ ဒါပေမဲ့ သူမကိုတော့ မရှာနိုင်ခဲ့ဘူး…” ဝမ်လင်းက အရက်အိုးကို မော့ကာ ခါးသီးစွာ တဖွဖွ ဆို၏။ သူ တခြားသူများကို မပြောပြနိုင်သော အရာအချို့ ရှိပေ၏။ သို့သော် သူ စစ်ထူကိုမူ ပြောပြနိုင်ပေသည်။
“စစ်ထူက ဘယ်သူလဲ…” ဗိုလ်ချုပ်အိုက ထိုအမည်ကို ကြားသည့်အခါ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ သူက ဝမ်လင်းသည် ဒီအမည်ကို အကြိမ်များစွာ ပြောနေခဲ့သည်ကို ကြားခဲ့ရ၏။
ဝမ်လင်းက အရက်အိုးလွတ်ကိုချကာ နောက်တအိုး ကောက်ယူ၏။ သည်ညတလျှောက် သူတို့သည် အရက်အိုးများစွာကို အပြင်ဘက်မှ လူများအား ထပ်ယူခိုင်းထား၏။
“ငါ့မှာ စစ်ထူလို့ခေါ်တဲ့ မိတ်ဆွေကောင်းတစ်ယောက် ရှိတယ်…” ဝမ်လင်းက ဗိုလ်ချုပ်အိုကို ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။
ဗိုလ်ချုပ်အိုသည် စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “သင့်ရဲ့ မိတ်ဆွေကောင်း ဖြစ်လာဖို့ စစ်ထူဆိုတဲ့သူကလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်…”
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “သူက ကျင့်ကြံသူတစ်ယောက်ပဲ။ သူက ဘုရင် ဖြစ်လာချင်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ မင်း သူ့ဇာတ်လမ်းကို ကြားချင်ရင် ဟင်္သာပြဒါဂြိုလ်လို့ ခေါ်တဲ့ နေရာနဲ့ ကျောက်နိုင်ငံဆိုတဲ့ အဆင့်သုံးနိုင်ငံငယ်တစ်ခုက စပြောရလိမ့်မယ်…”
ဝမ်လင်း၏အသံက တဲထဲ၌ ပဲ့တင်ထပ်နေ၏။ ဗိုလ်ချုပ်အိုက နားထောင်နေသည်။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာသည်။
အချိန်ကုန်လွန်လာသည်။ နံနက်ခင်းသို့ ရောက်ကာ အပြင်ဘက်တွင် နေမင်း ထိန်ထိန်သာချိန်တွင် ဝမ်လင်း၏အသံက ဆက်၍ ထွက်ပေါ်နေဆဲပင်။
“လီချန်မေ၊ စစ်ထူနန်၊ ချင်းရွှေ…။ သူတို့အားလုံးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်လည်မွေးဖွားခဲ့ကြတယ်။ ငါက သူတို့ပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး ဒီနည်းနဲ့ သူတို့ကို ရှာနိုင်မှာ ဖြစ်တယ်…”
ဝမ်လင်းက အရက်အိုးကို မော့ကာ ဗိုလ်ချုပ်အိုကို ကြည့်၍ ပြုံး၏။
ဗိုလ်ချုပ်အိုသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။
“ငါက စစ်ထူနန်လား…” သူက ဝမ်လင်းကို စိုက်ကြည့်၏။ သူ့အသံက ဝေခွဲမရ ဖြစ်နေပုံ ပေါက်သည်။ ဝမ်လင်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
“သင်က စစ်ထူနန်ပဲ။ ကျုပ်ကတော့ ဝမ်လင်းပဲ…”
“ဝမ်လင်း…” ဗိုလ်ချုပ်အိုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက စတင်ရယ်မောသည်။ သူ ရယ်မောနေလျက် မျက်ရည်များ ကျလာသည်။ ပုံမှန်ဆို သူသည် ဤသည်ကို မယုံပေ။ သို့သော် သည်ရင်းနှီးသော ခံစားမှုက သူ့စိတ်ဝိညာဉ်ထဲကနေ လာခြင်း ဖြစ်၏။ လှိုဏ်ဂူလောကနှင့် ပတ်သတ်၍ သူ ကြားသိခဲ့သမျှက သူ့အဖို့ မယုံကြည်ဖို့ မဖြစ်နိုင်အောင် လုပ်ဆောင်နေ၏။
သူသည် ကောင်းကင်ဘုံသားကျင့်ကြံသူတစ်ယောက်က သူ့လို သေမျိုးတစ်ယောက်ကို လှည့်စားဖို့ သပ်သပ် ရောက်လာလိမ့်မည်ဟု မယုံကြည်ပေ။
“ဒီတော့ ငါလည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ အကြိမ်ကြိမ် ပြန်လည်မွေးဖွားပြီးခဲ့ပြီပေါ။ ဒီတစ်ကြိမ် ငါစစ်ထူနန်ဟာ ဝူရွှမ်နိုင်ငံရဲ့ မဟာဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့တာပေါ့…”
ဗိုလ်ချုပ်အိုသည် ရယ်မောပြောဆိုနေရင်း မျက်ရည်များ ပိုကျဆင်းလာသည်။ သူသည် ဒီအရာအားလုံးကို ယုံကြည်သည်။ သို့သော် ထိုယုံကြည်မှုမှာ လက်သင့်ခံဖို့ ခက်ခဲသော ယုံကြည်မှု ဖြစ်၏။
“အပြင်ဘက်မှာ တပ်သားငါးသိန်းရှိတယ်။ အများစုဟာ သူတို့ရဲ့ အဘိုးလက်ထပ်ထဲက ငါ့နောက်ကို လိုက်ခဲ့ကြတာ။ သူတို့ရဲ့ အဘိုးတွေကတော့ သေသွားခဲ့ပြီ။ အဲ့ဒီနောက် သူတို့ရဲ့ အဖေတွေဟာ ငါ့နောက် လိုက်ခဲ့ကြတယ်။ သူတို့အဖေအများစုဟာ သေသွားခဲ့တောင်တောင်မှ ဒါပေမဲ့ သူတို့က ငါ့နောက်ကို လိုက်နေကြတုန်းပဲ…”
“အခု မင်းက ငါဟာ စစ်ထူနန်လို့ ပြောခဲ့တယ်။ ငါဟာ ဘုရင်တပါး ဖြစ်ချင်တဲ့ စစ်ထူနန်တဲ့။ ငါသာ ဝူရွှမ်ရဲ့ စစ်နန် မဟုတ်တော့ရင် ဒီတပ်သားတွေအားလုံးက ဘာဆက်လုပ်ကြမလဲ…”
ဗိုလ်ချုပ်အို၏ အသံကြောင့် တဲအကာ ပွင့်ဟကာ တပ်သားများ အသည်းအသန် ဝင်လာ၏။ သို့သော် ထိုဗိုလ်ချုပ်က အော်ဟစ်ကာ သူတို့ကို ပြန်မောင်းထုတ်လိုက်သည်။
“ပြန်လည်မွေးဖွားခြင်း…ပြန်လည်မွေးဖွားခြင်း…။ ပြန်လည်မွေးဖွားခြင်းတစ်ခုမှာ အတားအဆီးအများအပြား ရှိတယ်။ ငါဟာ အကြိမ်ကြိမ် ပြန်မွေးဖွားခဲ့ပြီးပြီ…”
ထိုဗိုလ်ချုပ်အိုက ထိုင်ခုံပေါ်တွင် ထိုင်ကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သူ၏ ရယ်သံတွင် ခါးသီးချက်တို့ ပြည့်နေသည်။
“ငါ တောင်းပန်ပါတယ်။ ဒါက အတိတ်တုန်းက ငါ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်မွေးဖွားဖို့ ရွေးချယ်ခဲ့တယ်။ ပြီးတော့ အဲ့တာက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေလျက် အရက်ဆက်သောက်နေသည်။
“ငါ့အရင်ဘဝက မှတ်ဉာဏ်တွေ ပြန်ရဖို့ ငါ့ကို ကူညီပေးပါ…” ဗိုလ်ချုပ်အိုက အရက်အိုး သုံးလုံးကို ပြောင်သလင်းခါသည့်အထိ ဆက်တိုက် မော့ချလိုက်၏။ သူ၏မျက်လုံးတို့မှာ နီရဲနေသည်။ သူက အရက်သောက်ရင်း ဝမ်လင်းကို စိုက်ကြည့်နေသည်။
နောက်ထပ် ညနက်လာခဲ့ချိန်တွင်တော့ ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် အမူအရာဖြင့် သည်တပ်ဝန်းထဲမှ ထွက်လာခဲ့၏။ သူက လေထဲတွင် ရပ်ကာ သည်တပ်ဝန်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်၏။ သူ နောက်ပြန်လှည့်ကြည့်ချိန်တွင် ဗိုလ်ချုပ်အိုက တဲအကာကို ဖွင့်ဟကာ သူ့ထံ မော့ကြည့်သည်။
“ဝမ်လင်း…ဒီအဘိုးအိုက ဘာနောင်တရမှုမှ မရှိဘဲ ဘုရင်နန် ဖြစ်လာတဲ့အထိ ဒီပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်စေတဲ့အခါကျရင် ငါ မင်းကို လာရှာမယ်…”
ဗိုလ်ချုပ်အိုက ထိုသို့ ပြော၏။ သူ၏အသံထဲတွင် မောက်မာမှုတို့ တက်ကြွမှုတို့ ရှိနေ၏။
ဝမ်လင်းသည် ပြုံး၍ ရယ်မောလေတော့၏။ သူ၏ ရယ်သံက ပိုပိုကျယ်လောင်လာသည်။
“စစ်ထူ…မင်း ဘုရင်တပါးအနေနဲ့ လုံလုံလောက်လောက် နေထိုင်ပြီးရင် ငါတို့ ထပ်သောက်ကြတာပေါ့…” ဝမ်လင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
“ကောင်လေးတွေ၊ စစ်တပ်ကို စုဖွဲ့လိုက်စမ်း။ ပြီးရင် ဟိုဘုရင်နန်ဆိုတဲ့ ငပေါကို သွားခေါ်ခဲ့။ ဒီအဘိုးအိုက သူနဲ့ အချိန်ကြာကြာ ရှိနေရတာ မပျော်မရွင် ဖြစ်ရတယ်။ သူက သူ့ကိုယ်သူ ဘုရင်နန်လို့ ခေါ်ဝံ့တယ်လား…”
“ဒီအဘိုးအိုက ခုလို အတွေး ရှိလာပြီဖြစ်တဲ့အတွက် ဘုရင်နန် ဖြစ်လာအောင် ငါ ကိုယ်တိုင်ပဲ လုပ်ဆောင်တော့မယ်…” ထိုဗိုလ်ချုပ်အိုက အတော်လေး နုပျိုသွားပုံရကာ သူက ရယ်မောလိုက်လေသည်။