← Chapters

မိုးရေထဲ

Vol. 154 Ch. 2124

မိုးရေထဲ

Vol. 154 Ch. 2124

“ပြန်လည်မွေးဖွားခြင်း…ပြန်လည်မွေးဖွားခြင်းဆိုတာ ဘာလဲ။

ပြန်လည်မွေးဖွားခြင်းဟာ ကောင်းကင်နဲ့မြေကြီးလို့ ငါ တွေးထင်ထားတာ။ ဒါပေမဲ့ အမှန်တော့ ပြန်လည်မွေးဖွားခြင်းဟာ ကောင်းကင်နဲ့မြေကြီးထက် ပိုတယ်…”

ဝမ်လင်းက ကောင်းကင်ထင်တွင် လျှောက်လှမ်းနေရင်း ကျိုးယု၊ စစ်ထူနန်နှင့် အရူးတို့ ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာသည်။

“အရူးရဲ့ ရွေးချယ်မှုဟာ ပြန်လည်မွေးဖွားမှု မဟုတ်ဘူး။ ဒါပေမဲ့ ကျိုးယု၊စစ်ထူတို့က ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့က ရှင်သန်ဖို့ မရွေးချယ်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဒီမှာရှိတဲ့ ဘဝကို အသားကျဖို့ ရွေးချယ်လိုက်ကြလို့ပဲ။ သူတို့အနေနဲ့ လက်မလွှတ်ချင်တော့တဲ့ ပတ်သတ်မှုအများကြီး ရှိနေကြတယ်…”

“ကျိုးယုဟာ သူမရဲ့ မိဘတွေကို လက်မလွှတ်နိုင်ခဲ့ဘူး။ ဒါက ဒီဘဝအပေါ် သူမရဲ့ စွဲလမ်းမျှုပဲ။ စစ်ထူဟာလည်း သူ့နောက်လိုက် တပ်သားတွေရဲ့ အသက်ကို လက်မလွှတ်နိုင်ဘူး။ ပြန်လည်မွေးဖွားခြင်းတစ်ခုဟာ ဘဝသက်တမ်းတစ်ခုပဲ။ လူတစ်ယောက်ဟာ ဘဝမှာ ချည်နှောင်မှု အများကြီး ရှိကြတာပဲ။ ဒါတွေအားလုံးကို လွယ်လင့်တကူ ဘယ်လိုလုပ် ဖြတ်တောက်နိုင်ပါ့မလဲ….”

“ဒါဟာ ပြန်လည်မွေးဖွားခြင်းရဲ့ စွမ်းအားပဲ။ ဒါက လူတစ်ယောက်ကို သူတို့ကိုယ်သူတို့ မလွတ်မြောက်စေချင်အောင်၊ မလွတ်လပ်စေချင်အောင် လုပ်နိုင်စွမ်း ရှိတယ်…”

ဝမ်လင်းမျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။ သူသည် သည်စိတ်ရှုပ်ထွေးမှုအတွင်းကနေ ဉာဏ်အလင်း ပိုရလာသလို ထင်ရသည်။

“ပြန်လည်မွေးဖွားခြင်းဟာ ကောင်းကင်နဲ့မြေကြီးပဲ။ ဒါဟာ မှန်တချပ်လည်း ဟုတ်တယ်။ ဒီမှန်ထဲမှာ ကိုယ်ကိုယ်တိုင်ဟာ ပြန်လည်မွေးဖွားခြင်းပဲ…”

ဝမ်လင်းမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက တဖြည်းဖြည်း ကွယ်ပျောက်လာကာ ကြည်လင်မှု အစားထိုးလာသည်။ သူ့ ပြန်လည်မွေးဖွားမှုအပေါ် နားလည်သဘောပေါက်မှုက ကျိုးယုနှင့်စစ်ထူနန်တို့ကို တွေ့ဆုံပြီးနောက် ပြီးပြည့်စုံမှုဆီ တဖြည်းဖြည်း ဦးတည်လာခဲ့သည်။

“တခြားသူတွေရဲ့ ရွေးချယ်မှုကရော ဘယ်လိုဖြစ်မလဲ ငါ သိချင်မိတယ်…” ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ သက်ပြင်းချ၍ ဆက်လျှောက်လာသည်။

ကောင်းကင်ဘုံကလန်၊ မြောက်ပိုင်းကုန်းမြေ၌ အုံ့အုံ့ဆိုင်းဆိုင်း သစ်တောတအုပ် ရှိသည်။ ၎င်းက အလွန်အန္တရာယ်များသော နေရာတစ်ခုပင်။

ထိုတောထဲ၌ လှိုဏ်ဂူတစ်ခုအုပ်ရှိကာ ဘေးပတ်လည်တွင် လူသူတဦးတယောက်မျှ မရှိလေဘဲ ကျေးငှက်၊သားရဲများသာ ရှိသည်။ သို့ပေမည့် လွန်ခဲ့သော နှစ်များက သည်နေရာတွင် ထိုင်လှိုဏ်ဂူ ပေါ်လာခဲ့ချိန်တွင် မည်သည့်သားရဲမျှကမျှ အနားမလာဝံ့ကြပေ။

ထိုလှိုဏ်ဂူသည် အတော်လေး ခမ်းနားသေးကာ ညပုလဲများစွာကြောင့် သည်နေရာကို လင်းထင်းနေစေသည်။ သို့ပေမည့် ထိုမျှတိတ်ဆိတ်နေသည့်အတွက်ကြောင့် ဒီနေရာတစ်ခုလုံးမှာ အေးစက်မှုကို ခံစားရစေသည်။ သည်လှိုဏ်ဂူအတွင်းရှိ အိပ်ခန်းထဲတွင် ကျင့်ကြံသူတစ်ယောက် ထိုင်နေသည်။

ထိုကျင့်ကြံသူက အသက်ကြီးရင့်သေးပုံ မပေါ်ပေ။ သူ့ခန္ဓာကိုယ်ကမူ လူပုလေးတစ်ယောက်နှင့်တူကာ သူ့ဦးခေါင်းမှာ ကြီးမားလှသဖြင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်သည် သေးငယ်လှသည်။ သည့်အတွက် သူသည် ခေါင်းကြီးကိုယ်သေး ဖြစ်နေသည်ဟု ဆိုနိုင်သည်။

ထိုခေါင်းကြီးကြီး ကျင့်ကြံသူက သုန်မှုန်စွာ ကျင့်ကြံနေသည်။ လှိုဏ်ဂူတခုလုံးသည် အေးစက်နေသည်။

“ခေါင်းကြီး…”  ထိုကျင့်ကြံသူက ကျင့်ကြံနေစဉ် အသံတသံ ရုတ်တရက် ပေါ်လာပြီး လှိုဏ်ဂူထဲ၌ ပဲ့တင်ထပ်သည်။

ထိုကျင့်ကြံသူက တုန်ယင်သွားကာ ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ အစိမ်းရောင်အလင်းတန်းတစ်ခုကို  လှိုဏ်ဂူထဲ၌ ပေါ်လာသော အဖြူရောင်ပုံရိပ်ထံ ထွေးထုတ်လိုက်သည်။

ဝမ်လင်းက ထူးခြားသောအမူအရာ ဖြစ်ပေါ်သွားသည်။ အစိမ်းရောင်အလင်းက ကင်းမြှီးကောက်တစ်ကောင် ဖြစ်ကာ ၎င်းက ဝမ်လင်းထံ ပါးစပ်ဟလျက် အရှိန်အဟုန်နှင့် ဝင်လာသည်။ ဝမ်လင်းက ကင်းမြှီးကောက်ထံ လက်ညွှန်လိုက်သဖြင့် ၎င်းသည် လေထဲတွင် တောင့်တင်းအေးခဲသွားသည်။

ခေါင်းကြီးကျင့်ကြံသူက တုန်လှုပ်သွားသည်။ ထိုကင်းမြှီးကောက်ကို သူ့ မူလစိတ်ဝိညာဉ်တွင်း၌ သန့်စင်ထားခဲ့သဖြင့် သူ့ကို သူ့ထက် ပိုသန်မာသော တစုံတယောက်ကိုပါ ယှဉ်၍ တိုက်ခိုက်စေနိုင်သည်။ ၎င်းကင်းမြှီးကောက်က သူ့ကို ထွက်ပြေးနိုင်ဖို့အချိန်၊ သို့မဟုတ် ပြန်တိုက်ခိုက်နိုင်ဖို့အချိန်ကို ရစေသည်။

သို့ပေမည့် ၎င်းမှာ သူ့ရှေ့ရှိလူကြောင့် လွယ်လင့်တကူ အေးခဲတောင့်တင်းသွားသည်။ သူက ထိုသူ အသုံးပြုလိုက်သော မန္တာန်ကိုပင် မပြောနိုင်ပေ။

“ မန်တောက်…မင်း ငါ့ကို သတ်မလို့လား…” ထိုခေါင်းကြီးကျင့်ကြံသူက အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ဟိန်းကာ မြူမျာားစွာ ပျံ့လာသည်။ သူက ထွက်ပြေးရန် ကြိုးစားသည်။

“မန်တောက်လား…”  ဝမ်လင်းက မင်သက်သွား၏။ အလင်းတန်းတစ်ခုသည် မြူကြားကနေ ထိုးထွက်ကာ ထွက်ပြေးရန် ကြိုးစားနေသော ခေါ်ငးကြီးကျင့်ကြံသူ

မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။

ခေါင်းကြီး၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။ သူ့စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ပေါ်၏။  တချိန်တည်းမှာ ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်သည်။ သည်တောင်ပတ်လည်ရှိ လောက၏စွမ်းအားသည် သူ့လက်ထံ သိပ်သည်းကာ ဓားငယ်အသွင် ဖွဲ့စည်းသည်။

ထိုဓားက လောက၏စွမ်းအားနှင့် ဖွဲ့စည်းထားတာ ဖြစ်ပြီး ဝမ်လင်း၏ ယုံကြည်မှုမန္တန်ဖြင့် ဖန်တီးထားခြင်းပင်။ ထို့ကြောင့် ၎င်းမှာ အကြွင်းမဲ့ရတနာတစ်ခုပင်။

တဝီဝီမြည်ကာ ထိုဓားသည် မြူထံ ပျံသန်းကာ တဖက်တောင်နံရံထံ ထိုးစိုက်သည်။ မြူအတွင်း၌ ခေါင်းကြီးရှိနေပြီး သူ့မှတ်ဉာဏ်များက ပြန်နိုးထနေသည်။ ဝမ်လင်းက ညင်သာစွာ ပြုံး၍ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ထိုအခါ လောက၏ စွမ်းအားသည် စုဝေးပြီး ဆေးလုံးများစွာအဖြစ် ပြောင်းလဲကာ ဘူးသီးခြောက်အသွင် ဖြစ်ပေါ်လာသည်။ ဝမ်လင်းက ၎င်းကို အောက်ဘက်သို့ ချကာ ထို့နောက် ထွက်သွားသည်။

အချိန်အတန်ကြာပြီးနောက် မြူသည် ပျံ့ကြဲသွားပြီး ခေါင်းကြီးသည် စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းထွက်လာသည်။ သူက နေရာတွင် ထိုင်ကာ ဗလာကင်းမဲ့နေသော လှိုဏ်ဂူကို အချိန်အတန်ကြာ စိုက်ကြည့်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ခပ်တိုးတိုးရေရွတ်သည်။

“သခင်…”  သူက သူ့အား ထိတ်လန့်စေသော ဓားနှင့် ဆေးလုံးများ ပြည့်နေသော ဘူးသီးခြောက်ကို တွေ့မြင်သည်။ သူ့မျက်လုံးထံမှ မျက်ရည်များ ကျဆင်းလာ၏။

မြောက်ပိုင်းကုန်းမြေရှိ နောက်ထပ်နေရာတစ်ခုတွင် အလင်းတန်းများက ကောင်းကင်ထက်တွင် ပျံသန်းနေစဉ် သလင်းရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ ဝင်ရောက်လာ၏။ ထိုအလင်းတန်းက သူတို့ကြား ပျောက်ကွယ်သွားချိန်တွင် ယင်းကျင့်ကြံသူများသည် သတိအနေအထား ဖြစ်ကုန်သည်။

သို့သော် မည်သူကမျှ ထိုအလင်းတန်းသည် လူတစ်ယောက်၏ မျက်ခုံးကြားသို့ ဝင်ရောက်သွားတာကိုမူ သတိမပြုမိကြပါ။

ထိုကျင့်ကြံသူများက သံသယဝင်ကုန်ကာ သည်အကြောင်းကို ဆွေးနွေး၏။ ထို့နောက်တွင် သူတို့က ထပ်မံ၍ ခရီးနှင်သည်။ ထိုအုပ်စုထဲမှ အနီရောင်ဝတ်စုံဖြင့် ကောင်ငယ်လေး၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်သွားသည်။ နောက်နာရီအနည်းငယ် ကြာပြီးနောက် ထိုအုပ်စုက တောင်၏တခြားဘက်တွင် ခြေချသည်။ ထိုအခါ ထိုအနီရောင်ဝတ်စုံဖြင့် ကောင်ငယ်လေး၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပျောက်သွားကာ စိတ်လှုပ်ရှားမှုက အစားထိုးသည်။

“ငါဟာ အရှင်ဟုန်ရှန်ပဲ…” ထိုအနီရောင်ဝတ်စုံဖြင့် ကောင်ငယ်လေးက ကောင်းကင်ထက်သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြုံး၏။ သူက အသက်ဝဝရှိုက်သွင်းကာ သူ့ရှေ့ရှိ ကုန်းမြေကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လှမ်းကြည့်သည်။

အရှေ့ပိုင်းကုန်းမြေရှိ နန်နီကုန်းမြေ၌ ဝမ်လင်းက ကလန်ငယ်တစ်ခုကို ဖြတ်သန်းသွား၏။ သည်ကလန်တွင် ကျင့်ကြံသူများများစားစား ရှိမနေ၊ လူတစ်ထောင်လောက်သာ ရှိလိမ့်မည်။ ထိုကလန်၏ နေရာအထားကလည်း သိပ်အကောင်းကြီး မဟုတ်ဘဲ သည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း သိပ်သည်းခြင်း မရှိပေ။

ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာမည်နှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင်ကြရန် ဆော်ဪသော အမိန့်ပြန်တမ်း စေလွှတ်ချိန်၌ သည်ကုန်းမြေအနှံ့တွင် ပြောင်းလဲမှုများ စတင်နေ၏။ ထိုသည်က သည်ကလန်ငယ်လေးများကို ငြိမ်းငြိမ်းချမ်းချမ်း မရှိစေတော့၊ သူတို့ ရှင်သန်ရဖို့အတွက် ကလန်ကြီးများကို မှီခိုရတော့သည်။

စစ်ပွဲက စတင်တော့မည် ဖြစ်၏။ သည်လိုကလန်ငယ်လေးများအဖို့ ရှေးနှင့် ကောင်းကင်ဘုံသားများကြားရှိ စစ်ပွဲတွင် ပါဝင်တွေ့ရှိဖို့ ခက်ခဲလွန်းပေမည်။

ရှန်ပြောင်က သည်ကလန်၏ ကလန်ခေါင်းဆောင် ဖြစ်၏။ သူ၏ ကျင့်ကြံမှုက သာမန်မဟုတ်ပါ။ သူက အတော့်ကို ပူပန်နေ၏။ သူသည် အနာဂတ် မည်သို့ဖြစ်လာမည်၊ သူ့ကလန်က သည်စစ်ပွဲပြီးနောက် တည်ရှိနိုင်အုံးမည်လားတို့ကို မသိနိုင် ဖြစ်နေသည်။

သူက ခုလက်ရှိအဆင့်သို့ ခက်ခက်ခဲခဲ ကြိုးစား၍ ရောက်လာခဲ့တာ ဖြစ်၏။ သူက အလွယ်တကူ လက်မလျှော့ချင်ပေ။ သို့သော် ခုချိန်၌ သူ့ရှေ့တွင် ရှိနေသော တစ်ခုတည်းသော လမ်းကြောင်းမှာ အစွမ်းထက်အင်အားစုတစ်ခုထံ နာခံရန်သာ ရှိ၏။

သို့ပေမည့် သူရွေးချယ်သော အင်အားစုများက မတူညီသော အကျိုးဆက်များကို ဖြစ်စေလိမ့်မည်။ ကလန်၏အကြီးအကဲများသည် သည်ကိစ္စတွင် မတူညီသောအမြင်များ ရှိနေ၏။

ရှန်းပြောင်က စိတ်ပူပန်နေစဉ် အဖြူရောင်ဝတ်စုံဖြင့်လူငယ်တစ်ယောက်သည် ထိုကလန်ငယ်အပြင်ဘက်သို့ ရောက်လာ၏။ သူက ကလန်ထဲသို့ လှမ်းဝင်လာသည်။ ဝမ်လင်းက ရှန်းပြောင်ကို တွေ့ပြီး နာရီအနည်းငယ်ကြာပြီးနောက် ပြန်ထွက်သွားသည်။

သူ ထွက်သွားသည့်နောက် ရှန်းပြောင်သည် ခန်းမအပြင်ဘက်တွင် ရပ်ကာ ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် ထိုစိတ်ရှုပ်ထွေးမှုက ပျောက်ကွယ်သွားပြီး ပြတ်သားမှုအဖြစ်သို့ ပြောင်းသည်။

သည်အတောအတွင်း ဝမ်လင်းက လှိုဏ်ဂူလောကမှ သူ့အသိအားလုံးနီးပါးကို တွေ့ခဲ့ပြီး ဖြစ်၏။ သူက တချို့သူများ၏ မှတ်ဉာဏ်များကို ဖြေလျှော့ပေးခဲ့၏။ တချို့သူများကိုမူ သူက ဆုံးဖြတ်ခွင့် ပေးခဲ့သည်။

သို့သော် မည်သို့ပင် ရလဒ်က အဆုံးသပ်ပါစေ ဝမ်လင်းသည် သူတို့ကို ကာကွယ်ပေးနိုင်ဖို့ တစုံတစ်ခုကို ချန်ထားခဲ့ပေးသည်။ အကြောင်းမှာ သူတို့က တူညီသောလှိုဏ်ဂူလောကမှ လာခဲ့သောကြောင့် ဖြစ်၏။

နေနှင့်လကလန်သည် ထျန်ဖန်ကုန်းမြေ၏ အသန်မာဆုံးကလန် ဖြစ်၏။ သူတို့၏ကလန်တွင် ကလန်ဝင်ပေါင်း တစ်သိန်းကျော် ရှိကာ အရှေ့ပိုင်းကုန်းမြေ၏ အင်အားစုဆယ့်သုံးခု၊ ကလန်ကိုးခုထဲမှ တစ်ခုလည်း ဖြစ်သည်။

နေနှင့်လကလန်တွင် ပါရမီရှင်များစွာ ရှိသည်။ သို့ပေမည့် မည်သူကမျှ ချင်းဟုန်ဟူသော အမျိုးသမီးကို မယှဉ်နိုင်ကြပေ။ သူမ၏ပါရမီသည် နှစ်ပေါင်းတစ်သောင်းတွင်ပင် တွေ့ဖို့ ခက်ခဲမည်။

လွန်ခဲ့သောနှစ်ရာချီက သူမသည် နေနှင့်လကလန်၏ တပည့်တစ်ယောက် ဖြစ်လာ၏။ နှစ်ပေါင်းတစ်ထောင် မပြည့်ခင်မှာပင် သူမက တတိယအဆင့်သို့ ရောက်လာပြီး နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်သည်။ သူမက စိတ်ဝိညာဉ်လေဟာနယ်အဆင့်နှင့် ခြေတလှမ်းသာ လိုတော့၏။

ဤသည်မှာ နေနှင့်လကလန်က သူမ တိုးတက်လာဖို့ အပြည့်အဝ ထောက်ပိုးပေးခဲ့တာနှင့်လည်း သက်ဆိုင်သည်။ သို့ပေမည့် ဤသည်က သူမသည် သည်ကလန်၌ မည်မျှ အရေးပါသည်ကို ပြသနေသည်။

ထိုကလန်၏ ရွှေအဆင့်ထိပ်သီးအကြီးအကဲချုပ်က တနှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေ၏။ ပြောကြသည်မှာ ထိုအကြီးအကဲက အင်ပါယာအတုအဆင့် ရှိသော်လည်း သူမသည် အင်ပါယာစမ်းသပ်ကွင်းသို့ လုံးဝ မသွားခဲ့ဖူး ဟူ၏။

ထိုသို့သော အကြီးအကဲချုပ်က သည်အမျိုးသမီးကို ကိုယ်တိုင်ကိုယ်ကျ တပည့်အဖြစ် လက်ခံခဲ့ကာ နှစ်အနည်းတိုင်း သူမက ထိုအမျိုးသမီးကို ညွှန်ကြားပြသဖို့ ထွက်လာတတ်သည်။ တခါတရံ သူမက ထိုအမျိုးသမီးကို သူမ တံခါးပိတ်ကျင့်ကြံရာသို့ပင် ခေါ်သွားတတ်သည်။

ထိုအမျိုးသမီးကို နေနှင့်လကလန်၏ သခင်မဟု ခေါ်ဆိုကြ၏။လူအများက သူမကို မော်ကြည့်ရပေသ်။ သူမ၏ အလှကြောင့်လည်း တပည့်များစွာက သူမကို ချစ်ခင်ကြသေးသည်။

သို့ပေမည့် ထိုအမျိုးသမီးက ထူးချွန်လွန်းသလို သူ့စိတ်နေစရိုက်မှာလည်း အေးစက်လျ၏။ လွန်ခဲသောနှစ်ပေါင်းရာချီတည်းက သူမသည် တာအိုလက်တွဲဖော် တစ်ယောက်မျှ မရွေးချယ်ခဲ့ပေ။

ယနေ့တွင် ထိုအမျိုးသမီးချင်းဟုန်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာ၏။ အပြင်ဘက်ရှိ တိမ်စိုင်တို့မှာ နက်မှောင်နေကာ မိုးချိန်းသံများကို ကြားရ၏။

သူမသည် သူမ၏လှိုဏ်ဂူအပြင်ဘက်ရှိ တိမ်စိုက်နက်များကို ကြည့်နေ၏။ ထိုစဉ် နေမင်းထံမှ ခရမ်းနီရောင်အလင်း လင်းလက်သွား၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်သည်။

လေများ အပြင်းအထန် တိုက်ခိုက်နေစဉ် လိပ်ပြာလေးတစ်ကောင်က အကွာအဝေးတစ်ခုမှ ပျံသန်းလာ၏။ ၎င်းက သူမရှေ့တွင် လွင့်ဝဲပျံသန်းကာ သူမကို အာရုံစိုက်မိသွားစေသည်။

သူမက အနီရောင်နှင့် လိပ်ပြာများကို နှစ်သက်ပေ၏။ သို့သော် ဒီကလန်ရှိ လူများက သူမ အနီရောင်ကို သဘောကျသည်ကို သိသော်လည်း လိပ်ပြာများကို နှစ်သက်တာအား မည်သူမျှ မသိကြပေ။

လိပ်ပြာလေးကို ကြည့်ကာ သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက အားကောင်းလာ၏။

သူမသည် သည်လောကမှ မဟုတ်သလို အမြဲတမ်း ခံစားမိနေတတ်၏။ ထိုခံစားချက်က သူမကို သာမန်ထက်ထူးကဲကာ မထူးခြားနားဟန် ပေါက်စေခြင်းပင်။

မိုးကြိုးလျှပ်စီးများ လင်းလက်ကာ မိုးများက မြေပြင်ထက်သို့ ရွာသွန်းလာသည်။

သူမသည် သူမရှေ့ရှိ လိပ်ပြာကို နေရာတွင် ရပ်ကြည့်နေရင်း သူမက လေနှင့်မိုးနှင့်အတူ အမည်မသိနေရာတစ်ခုနောက်သို့ လိုက်ပါသွားသည့်အလား ခံစားမိသည်။

“အနီရောင်လိပ်ပြာ…”  ထိုအမျိုးသမီး၏နောက်မှ ခပ်တိုးတိုး အသံတစ်သံ ထွက်ပေါ်လာ၏။

All Chapters