နှလုံးသားတွေသေ၊ မေ့ပျောက်ခဲ့ပြီ
Vol. 154 Ch. 2125
ချင်းဟုန်က နောက်လှည့်ကြည့်ရာ မိုးရေစက်အောက်၌ ထီးဆောင်းထားသော အဖြူရောင်ဝတ်စုံဖြင့် သူစိမ်းတယောက်ကို တေ့မြင်သည်။
“အနီရောင်လိပ်ပြာ…ဒီနာမည်က သိပ်လှတာပဲ…” ချင်းဟုန်က အဖြူရောင်ဝတ်စုံဖြင့်လူငယ်ကို ကြည့်ကာ ပြုံး၏။
“နင် သဘောကျမယ်ဆိုရင် နင်က အနီရောင်လိပ်ပြာ ဖြစ်လာလိမ့်မယ်…” ဝမ်လင်းက ထိုမိန်းမလှကို ကြည့်၏။ သူ့မျက်လုံးထဲတွင် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သမျှ ပြန်ပေါ်လာသည်။
ထိုအမျိုးသမီးက အနည်းငယ် ပြုံး၏။ သို့သော် သူမက စကားမဆိုပေ။ သူမက ဝမ်လင်းကို ကြည့်၏။ သူတို့၏အကြည့်က မိုးရေထဲ၌ ဆုံကာ အချိန်အတန်ကြာသည့်အထိ ငြိတွယ်နေသည်။
ချင်းဟုန်က ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ပြော၏။ “ငါ နင့်ကို အိပ်မက်ထဲမှာ တွေ့ခဲ့တယ်။ ငါ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်မှာ ငါ နင့်ကို အိပ်မက်ထဲမှာ တွေ့ခဲ့တယ်…”
“နင် ပြန်လည်မွေးဖွားခြင်းကို ယုံလား…” ဝမ်လင်း၏အကြည့်က ထိုအမျိုးသမီးထံမှ ကောင်းကင်ထက်ကနေ ရွာသွန်းနေသော မိုးရေစက်များထံသို့ ရွှေ့ပြောင်းသွားသည်။
“နင်ကော ယုံလား…” သူမက ပြန်မေးသည်။
“ငါ…” ဝမ်လင်း၏အသံက ရပ်သွား၏။ အချိန်အတန်ကြာပြီးမှ သူက ခေါင်းညိတ်သည်။
“ငါ ယုံတယ်…”
ထိုအမျိုးသမီးက မိုးရေစက်တို့ထံ လှမ်းကြည့်ကာ ပြော၏။ “ဆံဖြူမဟာအင်ပါယာက ဒါကို ယုံမှတော့ ငါလည်း ယုံပါတယ်…”
“ဒီအဖြေကို ပေးမယ့် တစ်ယောက်ယောက်ကို ငါ စောင့်နေတယ်လို့ အမြဲတမ်း ခံစားမိတယ်။ ငါ တတိယအဆင့်ကို ရောက်တဲ့အချိန် ငါ စောင့်နေတဲ့သူဟာ နင်မှန်း သိလိုက်တယ်…”
“ပြန်လည်မွေးဖွားခြင်း။ ငါ့မှာ အရင်အတိတ်ဘဝ ရှိလိမ့်မလားလို့ ငါ အမြဲတမ်း သိချင်ခဲ့တာ။ မဟုတ်ရင် ငါက ဘာကြောင့် အနီရောင်၊ ဒါမှမဟုတ် လိပ်ပြာတွေကို နှစ်သက်မိရတာလဲ…”
“ငါ့အတိတ်ဘဝတုန်းက ငါ့ကို အနီရောင်လိပ်ပြာလို့ ခေါ်ဆိုခဲ့တယ်…မှန်တယ်မလား…”
သူမ၏အသံက တည်ငြိမ်နေ၏။
“ဒါပေမဲ့လည်း ငါ့ပြီးခဲ့တဲ့ဘဝရဲ့ အိပ်မက်ထဲမျာ နောက်ထပ်အတိတ်ဘဝတစ်ခု ထပ်ရှိခဲ့တယ်။ အဲ့ဘဝမှာလည်း ငါ နင့်ကို မြင်ခဲ့တာပဲ…”
ဝမ်လင်းသည် မင်သက်သွား၏။
ချင်းဟုန်က မိုးကုပ်စက်ဝန်းသို့ ကြည့်ကာ ပြောလာသည်။ “အဲ့ဘဝမှာတုန်းက နင် ငါ့ကို မေးခွန်းတစ်ခု မေးခဲ့တာကို ငါ မှတ်မိသေးတယ်။ အဲ့မေးခွန်းရဲ့အဖြေကိုတော့ အခု ငါ သိလိုက်ပြီ။ နင် အဲ့အဖြေကို ကြားချင်လား…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။ “ငါ နင့်ကို မေးခဲ့တဲ့ မေးခွန်းက ဘာများလဲ…”
“နင် ခုလက်ရှိ ဘဝရဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားချင်လား။ ဒါမှမဟုတ် နင့်ပြီးခဲ့တဲ့ဘဝရဲ့ မှတ်ဉာဏ်တွေကို ပြန်ရချင်လား…”
ချင်းဟုန်က တဖက်သို့လှည့်ကာ ဝမ်လင်းကို ကြည့်သည်။ သူမ၏လှပသော မျက်လုံးထဲတွင် ဝမ်လင်း ဖြတ်မမြင်နိုင်သော အလင်းတစ်ခု ရှိနေသည်။
ချင်းဟုန်က ခပ်တိုးတိုး ဆိုလာ၏။ “အတိတ်ဘဝနဲ့ ခုလက်ရှိဘဝဟာ အတူတူယှဉ်တွဲ ရှိနိုင်တယ်။ ဒါပေမဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်ရလာခဲ့ရင် ခုလက်ရှိဘဝအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်။ ပြန်မရရင်တော့ ဘယ်လိုဖြစ်မလဲ ငါ မသိဘူး။ တကယ်လို့ ငါ သိခဲ့ရင်လည်း ငါ ဒါကို မေ့နိုင်မှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ နားလည်သဘောပေါက်မှုပဲ…”
ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပြည့်နေလျက် သူက သူ့ရှေ့မှ အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။ “အဲ့တုန်းက နင် ငါ့ကို ဘယ်လို ဖြေခဲ့တာလဲ…”
ချင်းဟုန်၏အမူအရာက စိတ်ရှုပ်ထွေးသွားပြီး သူမက ခပ်တိုးတိုး ရေရွတ်သည်။ “အတိတ်ကို မေ့ပြီး ခုလက်ရှိကိုပဲ အမှတ်ရတယ်။ တကယ်လို့ ငါသာ ဆက်ကာဆက်ကာ ဘဝနှစ်ခုရဲ့ မှတ်ဉာဏ်တွေနဲ့ ပတ်သတ်ပြီး သိဖို့ ကြိုးစားရင် ဒါက နာကျင်မှုနဲ့ စိတ်ရှုပ်ထွေးမှုကိုပဲ ယူဆောင်လာလိမ့်မယ်…”
“ငါ နားလည်ပြီ…” ဝမ်လင်းက သက်ပြင်းချ၏။ သူက အနီရောင်လိပ်ပြာသည် တခုခုကို မှတ်မိခဲ့သည်ကို သိလိုက်သည်။ သို့သော် သူမက အတိတ်ဘဝ၏ အရင်ဘဝအကြောင်း ပြောလာသည့်အခါ ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်မိသွားသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ သူ့ရှေ့ရှိ မိုးရေစက်များကြား မိန်းကလေးငယ်ပေါက်စလေးကို ချီကာ ပေါ်လာခဲ့ဖူးသော အမျိုးသမီးတစ်ယောက်အကြောင်း မက်ခဲ့သော အိပ်မက်တာအိုနှင့်ပတ်သတ်၍ ပြန်တွေးမိသွားသည်။
ထိုအိပ်မက်ထဲ၌ ယင်းအမျိုးသမီးက သည်ကလေးငယ်လေးကို အမည်ပေးဖို့ စဉ်းစားနေစဉ် သူက အနီရောင်လိပ်ပြာဖြစ်သင့်သည်ဟု ပြောခဲ့ဖူးသည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီး တဖက်သို့ လှည့်ကာ အကွာအဝေးတစ်ခုထံ လျှောက်လှမ်းသည်။
“ငါဟာ အဲ့ဘဝနဲ့ ပတ်သတ်လို့ တော်တော်များများကို မေ့သွားခဲ့ပြီ။ ငါ မှတ်မိတာဆိုလို့ နင်ရယ်၊ အဲ့မေးခွန်းရယ် ပြီးတော့ သူ ပြောခဲ့တဲ့ စကားကိုပဲ…”
“အဲ့စကားကိုတော့ ငါ မှတ်မိနေတုန်းပဲ…” ချင်းဟုန်က မျက်လုံးမှိတ်၏။ သူမ၏အသံက နူးညံ့နေသည်။
“ဘာစကားလဲ…” ဝမ်လင်းက မိုးထဲ လျှောက်လာနေပြီး မရပ်ပေ။
“နှလုံးသားတွေသေပြီ။ မေ့သွားခဲ့ပြီ…”
မိုးရေထဲ၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ရုတ်တရက် လှည့်ကြည့်သည်။ သူ တုန်လှုပ်မိ၏။ ထိုတုန်လှုပ်မှုက သူ့စိတ်ဝိညာဉ်ထဲမှ လာသည်။
“မိုချီ…” ဟင်္သာပြဒါးဂြိုဟ်က ဝမ်လင်း၏မျက်လုံးထဲတွင် ပေါ်လာ၏။ သူ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ချိန်က မိုးရွာသွန်းသောညတညတွင် မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ အပြည့်ဖြင့် ဦးခေါင်းပြောင်လူတစ်ယောက်ကို တွေ့ဆုံခဲ့ဖူး၏။ ထိုသူက ဝမ်လင်းကို ကြည့်ကာ စကားဆိုခဲ့ဖူးသည်။
“မိုးဟာ ကောင်းကင်ကနေ မွေးဖွားလာပြီး မြေပြင်မှာ သေဆုံးတယ်။ ဒီဖြစ်စဉ်ရဲ့ကြားကာလဟာ ဘဝပဲ…”
“နှလုံးသားတွေ သေပြီ၊ မေ့သွားခဲ့ပြီ…”
ထိုစကားများသည် ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။ ထိုဦးခေါင်းပြောင်လူ၏ အကြည့်က ဝမ်လင်း၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာ၏။ သူသည် ဒီစကားများကို အရင်က နားမလည်ခဲ့ပေ။ အခု သူ အတိတ်ကို ပြန်ကြည့်သည့်အခါ သူက နာကျင်မှုနှင့်ဝမ်းနည်းမှုကို ကောင်းစွာ ခံစားမိရ၏။
ဝမ်လင်းသည် စိတ်ရှုပ်ထွေးမှု၊ သူ မစဉ်းစားလိုသော အဖြေတို့နှင့်အတူ ထွက်လာခဲ့သည်။
ချင်းဟုန်က ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်နေလျက် နေရာတွင် အချိန်အကြာကြီး ရပ်နေခဲ့၏။
“နင် ဘယ်အချိန် မေ့ပျောက်သွားမှာလဲ။ ဖြစ်နိုင်တာက နင် ဒီလို မေ့ပျောက်ဖို့ လုံးဝ မရွေးချယ်နိုင်တာပဲ…”
ချင်းဟုန်က ခေါင်းငုံ့ကာ သူမ၏လှိုဏ်ဂူထံ အထီးကျန်စွာ ပြန်လျှောက်လာသည်။
ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေ၏။
“ပြန်လည်မွေးဖွားခြင်း၊ ငါ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်း လူတွေရဲ့ မှတ်ဉာဏ်ကို ဖြေလျှော့ပေးတဲ့အချိန်တုန်းက ငါသာ ပြန်လည်မွေးဖွားခြင်းထဲမှာ ရှိခဲ့ရင်လို့ ငါ မတွေးခဲ့မိဘူး။ ငါသာ တကယ်ပဲ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုထဲမှာ ရှိနေခဲ့ရင် ငါ့မှတ်ဉာဏ်တွေကို ဘယ်သူက ဖြေလျှော့ပေးမှာလဲ…”
ဝမ်လင်းက ထိုသို့ တွေးမိချိန်၌ သူက ရယ်မောလေ၏။ သူသည် မျက်ရည်များ ကျဆင်းလာသည့်အထိ ရယ်မောပစ်သည်။
“ပြန်လည်မွေးဖွားခြင်း၊ ဒါက ပြန်လည်မွေးဖွားခြင်းပဲ။ ဒါပေမဲ့ ငါသာ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်းမှာ ရှိနေခဲ့ရင်တောင် ငါ မေ့ပစ်ဖို့ လုံးဝ ရွေးချယ်မှာ မဟုတ်ဘူး…” ဝမ်လင်းက ရယ်မော၏။ သူက သူ ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်စဉ်က တွေ့မြင်ခဲ့သော ကောင်းကင်ထက်သို့ အော်ဟစ်နေသည့်ပုံရိပ်အကြောင်းကို ရုတ်တရက် တွေးမိသွားသည်။
ထိုပုံရိပ်၏ စကားလုံးတို့က သူ့နားထဲတွင် တဖန် ပဲ့တင်ထပ်သည်။
“ကောင်းကင်နဲ့မြေကြီး…”
“ကောင်းကင်နဲ့မြေကြီးရဲ့ ထိပ်ဆုံး ဖြစ်တည်မှုဟာ ဘာအရေးလဲ…”
“အားလုံးရဲ့ ဦးညွှတ်မှုကို ခံရတာကရော ဘာအရေးလဲ…”
“အဆုံးမရှိတဲ့ ကျမ်းစာတွေကရော ဘာအရေးလဲ..”
“လောကက အဲ့လိုဆိုရင် ဘာကြေင့် မဖျက်စီးပစ်ရမှာလဲ…”
“ကျမ်းစာတွေက အဲ့လိုဆိုရင် ဘာကြောင့် အဆုံးမသပ်ပစ်ရမှာလဲ…”
“အဲ့လိုဆိုမှတော့ ကောင်းကင်ကို မျက်လုံးပိတ်အောင်၊ မြေပြင်ကို အိပ်ပျော်အောင်၊ မြေအောက်လောကမြစ်ကို ပြောင်းပြန်စီးဆင်းအောင်၊ ပြန်လည်မွေးဖွားခြင်းကို ရပ်တန့်အောင်၊ ဒီလောက ဆက်ပြီး မတည်ရှိတော့အောင် ငါဟာ ငါ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုမယ်..”
ယင်းစကားသံများ သူ့နားထဲတွင် ပဲ့တင်ထပ်နေစဉ် သူက ယင်းတို့ကို တဖွဖွ ရေရွတ်သည်။ ထိုအသံက ကျယ်သထက် ကျယ်လောင်လာပြီး ကောင်းကင်တုန်ခါ၊မြေပြင် တုန်ယင်သည့်အထိပင်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် မုန်တိုင်းတစ်ခု ဖြစ်တည်၏။
ကောင်းကင်ဘုံကလန်၏ အရှေ့ပိုင်းကုန်းမြေ၊ လင်းဟွာကုန်းမြေ၏ အနောက်တောင်၌ မြို့ကြီးတမြို့ ရှိ၏။ ထိုမြို့မှာ သားရဲကြီးတစ်ကောင် လှဲလျောင်းနေပုံနှင့်တူကာ ထည်ဝါသောအော်ရာကို ပေးစွမ်းနေသည်။
ထိုမြို့၏ တနေရာတွင် ပန်းပဲဆိုင်တဆိုင် ရှိသည်။ သည်နေရာ၌ စီးပွားရေး လုပ်ခြင်းက မိသားစုတစ်စု ကောင်းကောင်း ရပ်တည်ဖို့အတွက် လုံလောက်သည်။ ထို့ကြောင့်လည်း ထိုပန်းပဲဆိုင်ပိုင်ရှင်က သူ့အလုပ်ကိုယ်သူ အလေးအနက်ထားကာ သည်နှစ်များအတွင်း နာမည်တစ်ခု ရလာခဲ့သည်။
ထိုဆိုင်ပိုင်ရှင်မှာ အသက်သုံးဆယ်ပတ်လည်ခန့် ရှိသော ဗလတောင့်တောင့်လူတစ်ယောက် ဖြစ်၏။ သူက အားသန်ကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်း၍ သံထည်ကို ထုရိုက်နေသည်။
ထိုဆိုင်၏ အနောက်ဘက်ဝန်းတွင် ထိုမိသားစုက နေထိုင်သည်။ ဗလတောင့်တောင့်လူ၌ လှပသောဇနီးနှင့် ရှစ်နှစ်အရွယ်သမီးလေးတစ်ယောက် ရှိသည်။ ထိုကလေးငယ်က ဆိုင်ထဲ၌ ရှိနေပြီး အပူဒဏ်ကို စိတ်ထဲမထားနေပေ။ သူမက ထိုဗလတောင့်တောင့်လူ ချွေးများ သုတ်ဖို့အတွက် သဘက်ကို ယူယူလာပေးတတ်သည်။
ယင်းကလေးမငယ်က ထိုသို့ ပြုမူတိုင်း သည်လူက ပျော်ရွှင်စွာ ပြုံးမိသည်ပင်။
သူက ခုလက်ရှိ ဘဝကို အလွန်ကျေနပ်မိသည်။ သည်ဘဝက ရိုးရှင်းသော်လည်း သူ့ချစ်သမီး၊ချစ်ဇနီးတို့နှင့် ရောင်ရဲစွာ ပျော်ရွှင်မိသည်ပင်။ သူက သူ့မိသားစုအတွက် အကောင်းဆုံး လုပ်ပေးချင်သည်။ သူတို့၏ဘဝကို ပိုကောင်းစေချင်သည်။ သူ့သမီး အနာဂတ်ကို ပိုဖြောင့်ဖြူးစေချင်သည်။
သည်ရည်မှန်းချက်များ ပြည့်မီဖို့ သူက ပန်းပဲသမားတစ်ယောက်အနေဖြင့် အလုပ်ကြိုးစားခဲ့သည်။
သူက သည်မြို့တွင် မွေးဖွားခဲ့ကာ သူ့၌ အတူတူ ကြီးပျင်းခဲ့သော ငယ်ဘဝသူငယ်ချင်းများလည်း ရှိ၏။ သူတို့က ဆိုင်ရာ မိသားစုများနှင့် အသီးသီး ရှိကြသော်လည်း မကြာဆိုသလို အတူဆုံကာ သောက်စား ရယ်မောရင်း ငယ်စဉ်ကအကြောင်းများကို ပြန်ပြောဆိုတတ်သည်။
သည်ည၌ သူ အိပ်ပျော်နေချိန် သူက အိပ်မက်မက်သည်။ ထိုအိပ်မက်ထဲတွင် သူသည် လောက အနှံ့ သိမ်းပိုက်ကာ သူ့လူများကို ဦးဆောင်ကာ ရန်သူများနှင့် တိုက်ခိုက်ခဲ့သော ကောင်းကင်ဘုံအင်ပါယာတစ်ယောက် ဖြစ်သည်ဟု ထင်ရသည်။
ထိုအိပ်မက်ထဲတွင် ခွဲခွာခြင်း၊ သွေးနှင့် ဝမ်းနည်းမှုတို့ ရှိခဲ့၏။ ထိုအိပ်မက်ထဲ၌လည်း ခုလက်ရှိ သူ့သမီးနှင့် အမည်တူ ရှောင်အမည်ရ သမီးတစ်ယောက် ရှိခဲ့သည်။
သို့သော် ထိုအိပ်မက်က အစစ်အမှန် မဟုတ်ပေ။ သူ ထိုအိပ်မက်ကနေ နိုးထချိန်တိုင်း သူက တခုခု ဆုံးရှုံးသွားသလို ဖြစ်မိကာ ညဘက်ကြီး ပြတင်းတံခါးအပြင်သို့ ကြည့်တတ်သည်။ သူ့စိတ်ထဲမှာလည်း အိပ်မက်ထဲရှိ အရာအားလုံးကို လိုချင်ဆန္ဒ ဖြစ်မိ၏။ သို့သော် သူက အိပ်ပျော်နေသော သူ့ဇနီးနှင့် သမီးငယ်တို့ကို ကြည့်မိချိန်တိုင်း သူက ပြုံး၍ ထိုအိပ်မက်နှင့် ပတ်သတ်သမျှကို မေ့ပစ်သည်။
သူ့ထံ၌သာ အိပ်မက်ထဲက ဘဝနှင့် ခုလက်ရှိဘဝကို ရွေးချယ်ခွင့် ရှိပါက သူသည် ခုလို မိသားစုနှင့်ဘဝကိုသာ ရွေးချယ်မည်။ သူ့အိပ်မက်ထဲကလို ဘဝကို ရွေးချယ်မိလိမ့်မည် မဟုတ်ပေ။
သည်ည၌ သူ့မိသားစုကို ကြည့်နေစဉ် သူ့ကို တစုံတစ်ယောက်က ကြည့်နေသည်ကို သူ မသိပေ။
ဝမ်လင်းက သည်ပန်းပဲမိသားစုကို ကြည့်နေ၏။ သူက ချင်းလင်၏ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားမိသည်။ ချင်းလင်သည် လှိုဏ်ဂူလောကမှာတုန်းက ကောင်းကင်အင်ပါယာတစ်ယောက် ဖြစ်ခဲ့၏။ အခု သူက သေမျိုးတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခဲ့သည်။ သို့သော် သူသည် ပျော်ရွှင်မှုနှင့် နွေးထွေးမှုကို ရရှိနေသည်။
ဝမ်လင်းသည် ချင်းလင်ကို ကြည့်ကာ မနာလိုပင် ဖြစ်မိ၏။ အချိန်အတန်ကြာပြီးနောက် သူ ထွက်သွားသည်။
“အနီရောင်လိပ်ပြာလိုပဲ သူ့ရွေးချယ်မှုဟာလည်း မေ့ပစ်ဖို့။ အတိတ်ကို မေ့၊ သူ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို မေ့ပြီး ခုလက်ရှိ ဘဝထဲမှာပဲ နစ်မြုပ်ထားတာပဲ…”
“သူတို့ရဲ့ ရွေးချယ်မှုတွေဟာ မှန်တဲ့ရွေးချယ်မှုတွေ ဖြစ်တယ်။ ငါ့ရွေးချယ်မှုဟာလည် မှန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်တယ်…”
ဝမ်လင်းက တကိုယ်တည်း ရေရွတ်လိုက်၏။