လှိုဏ်ဂူလောက
Vol. 154 Ch. 2126
ဝမ်လင်းသည် လီချန်မေနှင့် ချင်းရွှေတို့ကလွဲ၍ ကျန်သည့် သူ့အသိဟောင်းများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်၏။ သူက သူတို့၏ မှတ်ဉာဏ်များကို ဖြေလွှတ်ပေးခြင်း၊ သို့တည်းမဟုတ် မေ့ပစ်ရန် ရွေးချယ်ခွင့် ပေးခဲ့သည်။ ဝမ်လင်းသည် သူနှင့်အတူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ချီနှောင်နေမည့်သူ မည်သူမျှ မရှိစေတော့ပေ။
သူ ကောင်းကင်ဘုံနွားထီးကုန်းမြေသို့ မသွားခင် ကျောက်ရီနှင့် ချင်းရှောင်တို့ကို တခါ ထပ်ကြည့်ဖို့ သွားခဲ့သေး၏။ အဝေးကနေ သူသည် ကျောက်ရီ၏ ပျော်ရွှင်နေသော အပြုံးကို မြင်သည်။ ဝမ်လင်းသည်လည်း ပြုံးမိ၏။ သူသည် ကျောက်ရီအတွက် ပျော်ရွှင်ရပေသည်။
နှစ်ပေါင်းထောင်ချီ ခါးသီးလှသော တဖက်သက် အချစ်က ခုတော့ ပြီးပြည့်စုံသွားခဲ့လေပြီ။ ဝမ်လင်းက ကျောက်ရီ၏ အပြုံးကို မြင်သည့်အခါ သူသည် အရက်အိုးတအိုးကို ထုတ်ကာ တကျိုက်မော့ချ၏။ ထိုအရက်သည် သူ စစ်ထူနန်ထံမှ ကျောက်ရီနှင့် ချင်းရှောင်တို့၏ မင်္ဂလာအရက်အဖြစ် ရခဲ့သော အရက်ပင်။
သူ ရှေးမြို့သို့လည်း သွားရောက်ခဲ့ကာ ဟိုင်းဇီကို တွေ့ခဲ့၏။ သို့သော် သူသည် အဝေးကနေသာ ကြည့်ရှုပြီး ပြန်ထွက်လာခဲ့သည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၊ သည်နေရာမှာ သူ လှိုဏ်ဂူလောကကနေ ထွက်လာခဲ့ချိန်က ပထမဆုံး ပေါ်လာခဲ့သော နေရာပင်။ နှစ်များစွာ ကြာခဲ့ပြီးနောက် သူ ထပ်ရောက်လာခဲ့ပြန်ပြီ။ သူသည် ဒီကုန်းမြေပေါ်တွင် လျှောက်ကာ မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့ကို ဖြတ်ကျော်လာသည်။
သည်ရင်းနှီးသော မြင်ကွင်းများက သူ့ကို အတိတ်အား ပြန်အောက်မေ့စေ၏။ သည်ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ ဗဟိုခကျ်၌ အဆုံးမရှိတောင်တန်းတစ်ခု ရှိနေသည်။ ဝမ်လင်းက သူ့အောက်မှ မြေပြင်ထုကို ငြိမ်သက်စွာ ကြည့်နေ၏။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းကင်ဘုံနွားထီး၊ အတိတ်တုန်းက ငါ ဘေးကြပ်နံကြပ် ဖြစ်တဲ့အချိန်တွေမှာ သင့်ရဲ့ စိတ်ဝိညာဉ်ချပ်ဝတ်က ငါ့အတွက် အကူအညီ ဖြစ်စေခဲ့တယ်။ ငါ ဝမ်လင်းဟာ ငါ့ကို ကူညီပေးခဲ့တဲ့သူတိုင်းကို အမြဲပြန်ပေးဆပ်တဲ့သူမျိုး ဖြစ်တယ်။ ယနေ့…ငါ ကောင်းကင်ဘဲ့ဘိုးဘေးရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ပေးပြီး မင်းကို လွတ်လပ်မှုရအောင် လုပ်ပေးမယ်…”
“ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ မြေကြီး ဖြစ်တာ ကြာမြင့်လွန်းသွားခဲ့ပြီး ပြန်ကောင်းမွန်နိုင်တော့မှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်ဝိညာဉ်ပေါ်က ချိပ်ပိတ်မှုကိုပဲ ငါ ဖြေပေးနိုင်မယ်။ ဒါဆိုရင် မင်းအနေနဲ့ မူလစိတ်ဝိညာဉ်အသွင်နဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ ထွက်သွားနိုင်လိမ့်မယ်။ မင်း ဆန္ဒရှိလား…”
သူ၏အသံက မကျယ်ပေ။ အဘက်ဘက်သို့လည်း ပျံ့နှံ့သွားခြင်း မရှိပေ။ သို့သော် သူ၏ စကားသံ ပဲ့တင်ထပ်သည့်အခါ မြေပြင်ထုက စတင် တုန်ခါသည်။ ထို့နောက်တွင် အော်ရာတစ်ခု ထိုးထွက်လာကာ ဧရာမအရိပ်တစ်ခုသည် သည်တောင်တန်း၏ အထက်တွင် ပေါ်လာ၏။
ထိုအရိပ်သည် ကောင်းကင်ဘုံနွားထီးပင်။ ၎င်း၏ခန္ဓာကိုယ်က ကြီးမားလှ၏။ ဝမ်လင်းသည် ၎င်းရှေ့တွင် သေးငယ်နေပုံ ရသည်။ သို့သော် ထိုကြီးမားလှသော ကောင်းကင်ဘုံနွားထီးက တလေးတစားအသွင်ဖြင့် ဝမ်လင်းရှေ့တွင် ဒူးထောက်လိုက်၏။
“ကျေးဇူးတင်ပါတယ်…ငါ ဆန္ဒရှိပါတယ်…” ထိုအသံ ထွက်ပေါ်လာ၏။ သည်အသံတွင် စိတ်လှုပ်ရှားမှုနှင့် ဖြစ်ချင်စိတ်တို့ ပြည့်နေ၏။ ၎င်းမှာ ချိပ်ပိတ်ခံထားရတာ ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။ အခု ၎င်းက လွတ်လပ်တော့မည် ဖြစ်ရာ ဝမ်လင်းကို ကျေးဇူးတင်မိနေသည်။
ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ အရင်တုန်းက မင်းက ငါ့ကို ကူညီပေးခဲ့ဖူးတယ်။ ငါ မင်းကို ပြန်ပေးဆပ်ရုံသာ ဖြစ်တယ်…” ဝမ်လင်းက ကောင်းကင်ဘုံနွားထီးကို ကြည့်ကာ ၎င်းထံ လက်ညွှန်လိုက်သည်။ ကောင်းကင်ဘုံနွားထီးသည် တုန်ယင်သွားကာ နာကျင်ဟန်အမူအရာ ဖြစ်ပေါ်သည်။ ၎င်းခန္ဓာကိုယ်ပတ်လည်တွင် စာလုံးများစွာ ပေါ်လာ၏။ ယင်းစာလုံးတို့၏ အစင်းအကြောင်းတို့က ၎င်း၏ခန္ဓာကိုယ်ထဲ၌ အမြစ်တွယ်နေသလို ထင်ရသည်။ ထိုစာလုံးအစင်းကြောင်းများသည် ချိတ်ဆက်ကာ နှလုံးကဲ့သို့ အရာဝတ္ထုတစ်ခုအသွင် ဖြစ်ပေါ်နေသည်။
၎င်းက အဆက်မပြတ် ခုန်နေ၏။
ဤသည်မျာ ကောင်းကင်ဘုံနွားထီး၏ ချိပ်ပိတ်မှု၏ အမြုတေပင်။
ထိုအစင်းကြောင်းများနှင့် ပြုလုပ်ထားသော နှလုံးကဲ့သို့ အရာကို ကြည့်ကာ ဝမ်လင်းက ၎င်းထံ လက်ညွှန်သည်။ ကောင်းကင်ဘုံနွားထီး ပတ်လည်ရှိ စာလုံးအားလုံးသည် ပျက်စီးသွား၏။ ယင်းတို့ ပျက်စီးသွားသည့်နောက် ကောင်းကင်ဘုံနွားထီးအတွင်းရှိ ထိုနှလုံးကဲ့သို့ အရာသည် ရုတ်တရက် ကြုံ့သွားသည်။
တအောင့်အကြာတွင် ၎င်းက လက်သည်းခွံအရွယ်လောက်သာ ရှိတော့၏။ ထို့နောက် ၎င်းက တစ္ဆေအလင်းတန်းတစ်ခုအသွင် ပြောင်းကာ ကောင်းကင်ဘုံနွားထီးထံမှ ပျံသန်းထွက်သည်။ ၎င်းက ဝမ်လင်း၏ လက်ထဲ ကျရောက်လာ၏။ သူက ၎င်းကို ခြေမွပစ်လိုက်သည်။
ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်က ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်ကာ လှိုင်းဂယက်များအဖြစ် ပြောင်း၍ ကောင်းကင်အနှံ့ ပျံ့သွားသည်။ ၎င်း၏စိတ်ဝိညာဉ်သည် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ၎င်းသည် လောက၏ အစွန်းသို့ ရောက်သည့်အခါ နောက်လှည့်ကြည့်ပြီး ဝမ်လင်းထံ ဒူးထောက်လိုက်၏။ ထို့နောက်တွင် ၎င်းသည် ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ် ထွက်ခွာသွားသည့်နောက် ဒီကောင်းကင်ဘုံနွားထီးကုန်းမြေသည် ကွဲပြားသွားပုံရသည်။ သို့သော် ဤသည်ကို ထောက်လှမ်းမိဖို့ ခက်ပေမည်။ ဝမ်လင်းက ကောင်းကင်ဘုံနွားထီး ပျောက်ကွယ်သွားသော နေရာကို ကြည့်၏။ ထို့နောက် သူသည် တာအိုခုနစ်ခုကလန်ထံ လျှောက်လှမ်းလာသည်။
ထိုတောင်ကို မြူများက ခြုံလွှမ်းထားပြီး အပြင်လူများကို အဝေးမှ တွေ့မြင်ဖို့ ခက်ခဲစေနေသေည်။ ၎င်းသည် လုံးဝ လူသူကင်းမဲ့ကာ အချိန်အတန်ကြာသည့်အထိ လူသူတဦးတလေကိုမျှ မတွေ့ရပေ။ သို့ပေမည့် သည်တောင်၏ အောက်ဘက်တွင် ပုံရိပ်တစ်ခု ရှိနေ၏။ သူက မော့ကြည့်နေသည်။
ထိုသူသည် အပြာရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူက မြူထံသို့ ကြည့်နေလျက် ၎င်းနောက်ကွယ်မှ အပျက်အစီးတို့ကို ဝိုးတဝါး မြင်ရပုံ ပေါ်သည်။
ထိုသူသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ထုတ်ဖော်ကာ တကိုယ်တည်း ရေရွတ်လိုက်၏။ “တာအိုခုနစ်ခုကလန်…”
“နောက်ဆုံးတော့ ငါ ဒီကို ရောက်လာနိုင်ခဲ့ပြီ…” ထိုသက်လတ်ပိုင်းလူက ခေါင်းယမ်းလိုက်၏။ သူသည် ပျက်စီးနေသောလမ်းပေါ်သို့ လျှောက်သည်။ သူ ဖြည်းဖြည်းချင်း လျှောက်လာ၏။
သူက မြူထဲ တိုးဝင်လာပြီး တောင်ထိပ်ပေါ်သို့ ရောက်လာသည့်နောက် တာအိုခုနစ်ခုကလန်၏ အဆောက်အဦတို့ကို မြင်လိုက်ရ၏။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ပြည့်သွားသည်။
သူသည် သူ့ရှေ့ရှိ အရာအားလုံးကို အချိန်အတန်ကြာ ကြည့်နေ၏။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။ သူသည် ပျက်စီးနေသောလမ်းအတိုင်း လျှောက်လာပြီး နောက်ဆုံးတွင် တောင်အနောက်ဘက်ရှိ ကျောက်တံခါးချပ်ကြီးတချပ်နား ရောက်လာ၏။ သည်တံခါးက တောင်နှင့် ချိတ်ဆက်ထားပုံရကာ လုံးဝ ချိပ်ပိတ်ထားသည်။
သက်လတ်ပိုင်းလူက ထိုကျောက်တံခါးရှေ့တွင် မျက်လုံးမှိတ်လိုက်၏။
သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူသည် ထိုတံခါးကို ကြည့်ကာ ခါးသီးစွာဖြင့် သူ့ကိုယ်သူ ပြောမိသည်။ “လှိုဏ်ဂူလောကရဲ့ ဂိတ်တံခါး…”
“ဒီတံခါးရဲ့ နောက်မှာ လှိုဏ်ဂူလောကရှိနေတယ်။ ငါက အဲ့နေရာကနေ ပြန်လည်မွေးဖွားခဲ့တာပဲ…” ထိုသူက သက်ပြင်းချလိုက်သည်။ သူ့အတိတ်ဘဝက မှတ်ဉာဏ်များကို ပြန်ရရှိပြီးနောက် သူက ကလန်ကနေ ထွက်ခွာလာခဲ့ပြီး သူ့ ခံစားချက်အတိုင်း သည်နေရာသို့ ရောက်ရှိလာခဲ့တာ ဖြစ်သည်။
သူသည် တာအိုခုနစ်ခုကလန်သို့ ရောက်လာခဲ့၏။ လှိုဏ်ဂူလောကထံ ဦးတည်သည့် ဒီဂိတ်တံခါးရှေ့ ရောက်လာခဲ့လေပြီ။
သူသည် ထိုတံခါးနှင့် နီးကပ်လာကာ ၎င်းကို ညင်သာစွာ ထိကြည့်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ တဖက်သို့ လှည့်သည်။
နောက်လှည့်ရုံရှိသေး သူက ရုတ်တရက် ရပ်လိုက်၏။ သူ၏နောက်တွင် သူ့အား ပြုံး၍ ကြည့်နေသော ဝမ်လင်းကို တွေ့မြင်သည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စီနီယာအစ်ကို…”
“ဝမ်လင်း…” ထိုသက်လတ်ပိုင်းလူမှာ ချင်းရွှေ ဖြစ်၏။ သူက သူ့မှတ်ဉာဏ်များကို ပြန်ရလာပြီးနောက် သူ့အပေါ်ရှိ အမှတ်အသားသည် အလွန်မှိန်ဖျော့သွားခဲ့သည်။ အချိန်ထပ်ပိုကြာလာပါက ၎င်းသည် လုံးဝ ကွယ်ပျောက်သွားလိမ့်မည် ဖြစ်၏။
ချင်းရွှေက ဝမ်လင်းကို ကြည့်ကာ စတင် ရယ်မောသည်။ သူ၏ ရယ်သံက ကျယ်သထက် ကျယ်လာသည်။ သူ့စိတ်နှလုံးထဲတွင် ပျော်ရွှင်မှုတို့ ပြည့်လာ၏။ သူသည် ဝမ်လင်းထံ လှမ်းလာကာ ပွေ့ဖက်လိုက်၏။ ဝမ်လင်းသည်လည်း အားပါးတရ ရယ်မောသည်။
သူတို့က ဂိတ်တံခါးရှေ့တွင် ထိုင်ချသည်။ဝမ်လင်းသည် အရက်အိုးကို ထုတ်ကာ ချင်းရွှေနှင့် သောက်လေသည်။
သူတို့က အချိန်ကိုပါ မေ့ကုန်သည်။ သူတို့သည် တစ်ယောက်အတွေ့အကြုံများကို တစ်ယောက် ပြောနေရင်း သောက်နေ၏။ သူတို့က ပြုံးပျော်နေ၏။ သို့သော် မျက်ရည်များနှင့်ပင်။ လှိုဏ်ဂူလောကမှာ သူတို့ညီကိုသည် ခု ပြန်ဆုံစည်းရပြီ မဟုတ်ပါလား။
ဝမ်လင်းက အနီရောင်လိပ်ပြာအကြောင်းကို ပြောသည့်အခါ ချင်းရွှေသည် မင်သက်သွားသည်။ သူက ခါးသီးစွာ အရက်ကို အားပါးတရ မော့ချလိုက်သည်။
“အတိတ်တုန်းက ကိစ္စရပ်တွေ။ သူတို့က မေ့ချင်ရင်လည်း မေ့ပါစေလေ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို လာခဲ့တဲ့အချိန်ကစလို့ လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ကြမှာပဲ။ ဒါပေမဲ့ ငါ့ရွေးချယ်မှုကတော့ မမေ့ပစ်ဖို့ပဲ…”
“ဒီနေရာမှာ ငါ ဟန်ယန်ကို ပြန်အသက်သွင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှိချင်ရှိနိုင်တာပဲ။ ရှိကို ရှိမှာပါ…”
ချင်းရွှေက ခပ်တိုးတိုး ဆိုသည်။
ဝမ်လင်းသည်ပင် သေသွားခဲ့တာ ကြာလှပြီး စိတ်ဝိညာဉ် ဆုံးရှုံးသွားသော တစုံတစ်ယောက်ကို ပြန်အသက်မသွင်းနိုင်ပေ။ သို့သော် ဝမ်လင်းက ချင်းရွှေကို ထိုသို့ မပြောပြပေ။ မျှော်လင့်ချက်မရှိပါက စိတ်ပျက်လက်ပျက် ဖြစ်နေနိုင်သည် မဟုတ်ပါလား။
နံနက်ခင်းအစောပိုင်းအချိန် ရောက်လာသည့်အခါ ချင်းရွှေသည် ထွက်သွား၏။ သူသည် မမေ့ဖို့ ရွေးချယ်မှတော့ သူသည် လှိုဏ်ဂူလောကသို့ မပြန်ချင်သေးတာ သဘာဝကျသည်။ သူက လှိုဏ်ဂူလောကနှင့် ချိတ်ဆက်နေသော တာအိုခုနစ်ခုကလန်ကို လာကြည့်ချင်ရုံမျှသာ ဖြစ်သည်။
အခု သူ့ဆန္ဒလည်း ပြည့်သွားပြီး ဝမ်လင်းနှင့်လည်း တွေ့ရသည့်အတွက် သူသည် အတော်ပျော်ရွှင်ရပေသည်။ သည့်နောက် သူက သူ့အိပ်မက်နောက်သို့ လိုက်လံတော့မည် ဖြစ်သည်။ ထိုသည်က သူ့တဘဝလုံး ကြာခဲ့လျှင်ပင်၊ အကြိမ်ကြိမ် ပြန်လည်မွေးဖွားရလျှင်ပင် သူသည် စူးစူးနစ်နစ် လုပ်ဆောင်မည်သာ။
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ လျှောက်ကာ ပျောက်ကွယ်သွားသော ချင်းရွှေကို စောင့်ကြည့်နေ၏။ ထို့နောက် သူသည် ဂိတ်တံခါးရှေ့တွင် ရပ်ကာ စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်သည်။
မိတ်ဆွေဟောင်းများထဲ၌ ဆယ့်သုံးတစ်ယောက်သာ ဝမ်လင်းနှင့် လှိုဏ်ဂူလောကသို့ ပြန်လိုက်ခဲ့ဖို့ ရွေးချယ်ခဲ့၏။ ဆယ့်သုံးအတွက်တော့ သူ့ဆရာနောက် လိုက်ခြင်းသည် သူ လိုချင်သော တခုတည်းသောအရာ မဟုတ်လား။
တခြားသူများကလည်း သူတို့၏ ကိုယ်ပိုင်တာဝန်ယူမှုများ ရှိနေကြသည်။ အများစုသည် သူတို့၏ အတိတ်ဘဝကို မေ့ပစ်ဖို့ ရွေးချယ်ကာ ဘဝသစ်စကြသည်။
ဝမ်လင်းသည် လှိုဏ်ဂူလောကထံ ဦးတည်သည့် တံခါးချပ်ကို ဖွင့်လိုက်၏။ ထိုတံခါး ပွင့်သည့်အခါ အားကောင်းသောအလင်း တောက်ပကာ သူသည် ထိုအလင်းထဲ ပျောက်ကွယ်သွားသည်။
တံခါးက ထပ်မံ ပိတ်သွား၏။
တာအိုခုနစ်ခုကလန်သည် မြူများ ဝန်းရံထားဆဲပင်။ မည်သူမျှ အရေးမထားတော့သော အပျက်အစီးနေရာ ဖြစ်နေဆဲပင်။
လှိုဏ်ဂူလောက။
လှိုဏ်ဂူလောက၌ အတွင်းနှင့်အပြင်နယ်မြေများကြား အရံအတားက အားကောင်းလှ၏။ သည်နှစ်ရာချီတွင် အပြင်နယ်မြေသည် တုန်လှုပ်ဖွယ်ကောင်းအောင် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ချိုးဖျက်ဝင်ရောက်နိုင်စွမ်း မရှိခဲ့ပေ။
ဝမ်လင်း၏ အမည်က လှိုဏ်ဂူလောကတွင် ဒဏ္ဌာရီလာ တည်ရှိမှုတစ်ခု၊ အစစ်အမှန်မဟုတ်လေသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပေပြီ။ လူအများအပြားက သူ့ကို မှတ်မိကြ၏။ သို့သော် ပိုများသော သူများက သူ့ကို မေ့သွားကြပြီပင်။
အတွင်းနယ်မြေမှ ကျင့်ကြံသူများသည်ပင် ထိုနည်းတူသာ ဖြစ်၏။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဝမ်လင်း၏ရုပ်တု၊ တော်ဝင်မြေအဖြစ်သာ ကျန်ခဲ့၏။ သူ၏ဒဏ္ဌာရီများကိုတော့ ရံဖန်ရံခါ ပြောကြသေးသည်။
သည်နေရာကလွဲ၍ ဝမ်လင်း၏ ဇာတ်လမ်း တည်ရာ နောက်ထပ်တနေရာ ရှိသေးသည်။ ယင်းမှာ ကောင်းကင်ဘုံနယ်မြေသစ်ပင်။
အဓိကကြယ်အဖွဲ့အစည်းလေးခုမှ ကျင့်ကြံသူများစွာသည် ဝမ်လင်း ဖန်တီးခဲ့သော ကောင်းကင်ဘုံနယ်မြေသစ်သို့ ပြောင်းလာခဲ့ကြ၏။ အများစုက အပြင်ဘက်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သော စစ်ပွဲ၌ အသက်ရှင်ကျန်ခဲ့သူများပင်။ အများစုက ဝမ်လင်းကို မြင်ဖူးကြသည်။ အချို့သည် ဝမ်လင်း ထိုစစ်ပွဲ၌ ပုဆိန်ကိုင်ကာ တိုက်ခိုက်ခဲ့တာကိုပင် မြင်ခဲ့ဖူးသည်။
မူပင်းမေက ထွက်မသွားခဲ့ပေ။ သူမက လှိုဏ်ဂူလောက၊ ကောင်းကင်ဘုံနယ်မြေသစ်တွင် နေခဲ့ဖို့ ရွေးချယ်ခဲ့သည်။ သူမသည် တနေ့၌ တစုံတယောက် ပြန်လာမည်ကို စောင့်နေခဲ့ပေသည်။
တာအိုသခင်အိပ်မက်ပြာမှာလည်း ထွက်မသွားခဲ့ပေ။ ကောင်းကင်ဘုံနယ်မြေသစ်၏ အစွမ်းထက်ဆုံးသူအဖြစ် သူသည် ၎င်းကို ကာကွယ်ပေးဖို့ ကျန်ခဲ့သည်။ အရှင်တောင်ပိုင်းတိမ်ကဲ့သို့ ထွက်မသွားဖို့ ရွေးချယ်ခဲ့သူများလည်း ရှိသည်။
သို့ပေမည့် ဤအခိုက်တွင် ကောင်းကင်ဘုံနယ်မြေသစ်သည် အလွန်သုန်မှုန်အုံ့ဆိုင်းနေ၏။ တိမ်တိုက်နက်တစ်ခုက ယင်းနယ်မြေအပေါ် ခြုံလွှမ်းကာ သည်နယ်မြေမှ ကျင့်ကြံသူများကို ငြိမ်သက်စေနေသည့်အလား။ တာအိုသခင်အိပ်မက်ပြာမှာ ဒဏ်ရာ အပြင်းအထန် ရထားပေ၏။
အရှင်တောက်ပိုင်းတိမ်၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး သူ၏ မူလစိတ်ဝိညာဉ်သာ ကျန်ခဲ့ပေသည်။
ကောင်းကင်ဘံနယ်မြေသစ်၏ ကောင်းကင်မှာ သွေးဖြင့် နီရဲနေလျက် ကြမ်းကြုတ်သော အမူအရာဖြင့် အရိပ်များ ရှိနေသည်။
“ဆရာက မင်းတို့အားလုံးကို ရွေးချယ်ဖို့ ငါးရက် အချိန်ပေးထားတယ်။ အခု သုံးရက် ရှိပြီ။ နှစ်ရက်ပဲ ကျန်တော့တယ်။ မင်းတို့အားလုံး ဉာဏ်ရှိရှိ ရွေးချယ်ကြဖို့၊ ငါတို့ ကြက်သွေးရောင်စိတ်ဝိညာဉ်ကလန်နဲ့ ပူးပေါင်းဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် သေရမယ်…”
သွေးနီရောင်ကောင်းကင်ထက်တွင် အနီရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက် ရှိနေ၏။ သူသည် အောက်ဘက်မှ ကျင့်ကြံသူများကို သုန်မှုန်စွာ ထိုသို့ လှမ်းပြောသည်။
“မူပင်းမေ…နင့်မှာ နှစ်ရက်ပဲ ကျန်တော့တယ်။ ဒီနှစ်ရက်ပြီးရင် ကောင်းကင်ဘုံနယ်မြေသစ်ကို ဝန်းရံထားတဲ့ အစီအရင်က ပျက်စီးသွားလိမ့်မယ်။ နင် ငါ့ရဲ့ တာအိုလက်တွဲဖော် လုပ်ချင်လုပ်၊ မဟုတ်ရင် ငါက ဟင်္သာပြဒါးဂြိုဟ်ကို မျိုးတုန်းပစ်ပြီး ဝမ်လင်းဆိုတဲ့သူရဲ့ ရုပ်တုကို ဖျက်စီးလိုက်မယ်…”