အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်
Vol. 154 Ch. 2127
အရှင်တောင်ပိုင်းတိမ်သည်လည်း မူလစိတ်ဝိညာဉ်အဖြစ်သာ ကျန်တော့၏။ သူက သွေးရောင်ထဲရှိ လူငယ်ကို စိုက်ကြည့်နေသည်။ သူသည် ထိုလူငယ် ပြောစကားကို နားထောင်နေရင်း ဝမ်းနည်းမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
“နှစ်ရက်။ ကောင်းကင်ဘုံနယ်မြေသစ်ကို ဝမ်လင်း ဖန်တီးခဲ့တဲ့အချိန်တည်းက ပြင်ပနယ်မြေနဲ့ စစ်ပွဲမှာ ရှင်သန်ခဲ့တဲ့သူတွေအားလုံးဟာ ဒီမှာ နေကြတယ်။ အတွင်းနယ်မြေမှာ ဆိုရိုးစကားတစ်ခု ရှိတယ်။ ဒါကို မင်း ကြားဖူးလား…”
အရှင်တောင်ပိုင်းတိမ်က မာန်သွင်းကာ အော်ဟစ်လိုက်၏။ ကျင့်ကြံသူအားလုံးသည် ရုတ်တရက် မော့ကြည့်လိုက်ကြသည်။
“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာ ဘယ်တော့မှ နောက်မတွံ့ဘူး…”
ကျင့်ကြံသူများ၏အသံက အသံလှိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ လေထဲတွင် ဟိန်းခနဲ ထါက်ပေါ်လာ၏။ ထိုအသံက သွေးအလင်းအချို့ကိုပါ လွင့်ထွက်သွားစေရာ သွေးရောင်ဝတ်ရုံဖြင့် ပုံရိပ်ထောင်ချီကို ပေါ်ဟသွားစေသည်။
ထိုပုံရိပ်များ၏ နောက်တွင် သိပ်သည်းသောသွေးမြူတစ်ခု ရှိနေ၏။ ထိုသွေးမြူက လှည့်ပတ်နေသည်။ လူတစ်ယောက်က ၎င်းအတွင်း၌ ထိုင်နေလျက် ရှိသည်။
“လူအိုကြီး…မင်းက သေချင်နေတာပဲ။ ဒီအစီအရင် နောက်နှစ်ရက်ကြာလို့ ပျက်စီးတဲ့အချိန်ကျရင် ဒီလူငယ်အရှင်က မင်းရဲ့ မူလစိတ်ဝိညာဉ်ကို ယူဖို့ ဆရာ့ကို တောင်းဆိုမယ်။ တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်က ဘယ်လို အရသာ ရှိမလဲ ငါ တွေ့ကြုံကြည့်ချင်သေးတယ်…”
ထိုလူငယ်၏ အမူအရာက ပြောင်းလဲသွားကာ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာသည်။
အရှင်တောင်ပိုင်းတိမ်က အော်ဟစ်လိုက်၏။ “သေရမှာကို ဘာအတွက် ကြောက်နေရမှာလဲ…”
“ကောင်းကင်ဘုံနယ်မြေကို ဖန်တီးခဲ့သူ၊ ဝမ်လင်းဟာ တနေ့ကျ ပြန်လာလိမ့်မယ်။ သူ ပြန်ရောက်လာတဲ့အခါကျရင် ကြက်သွေးရောင်စိတ်ဝိညာဉ်ကလန်လေးနဲ့ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်တို့က ဘယ်လိုမျိုး ခုခံနိုင်မလဲ ငါ မြင်ချင်မိသေးတယ်…”
အရှင်တောင်ပိုင်းတိမ်နောက်တွင် တာအိုသခင် အိပ်မက်ပြာ ထိုင်နေ၏။ သူ့မျက်နှာက ဖြူရောနေသည်။ သူက ပြန်သက်သာဖို့ ကျင့်ကြံနေ၏။
“ဝမ်လင်းလား။ ဒီလူက ကံကောင်းပြီး ပျောက်သွားလို့ပေါ့။ မဟုတ်ရင် သူလည်း ငါ့ဆရာ့ရှေ့မှာဆို ပုရွတ်ဆိတ်သာသာပဲ။ ဒီကောင်းကင်ဘုံနယ်မြေသစ်ရဲ့ ပတ်ပတ်လည် အစီအရင်ဟာ ဝမ်လင်း ချမှတ်ခဲ့တာမလား။ ငါ့ဆရာက ဒါကို အချိန်မရွေး ဖျက်စီးပစ်နိုင်တယ်။ ဒီနယ်မြေကို အကောင်းတိုင်း ရှိနေစေချင်လို့ကြောင့်သာ မဟုတ်ရင် ဆရာက ဒီနယ်မြေကို အစိတ်စိတ်အမွှာမွှာ ဖျက်စီးပြီးနေလောက်ပြီ…”
လူငယ်က နှာခေါင်းရှုံ့လိုက်၏။
ကောင်းကင်ဘုံနယ်မြေ ပတ်လည်တွင် ဝမ်လင်း ချမှတ်ခဲ့သော အစီအရင်မှာ သွေးအလင်းနှင့် ဖုံးလွှမ်းနေကာ တိုက်စားလျက် ရှိ၏။ အများစုမှာ ပျက်စီးနေလေပြီ။ နောက်နှစ်ရက်ဆို ဒီအစီအရင်သည် လုံးဝ ပျက်စီးတော့မည် ဖြစ်၏။
သွေးအလင်းပုံရိပ်ထောင်ချီက သည်နယ်မြေအပြင်ဘက်တွင် ရုပ်သေများကဲ့သို့ ရှိနေကြ၏။ သူတို့က အနီရောင်မြူများကို ထုတ်လွှကာ သွေးရောင်အလင်းအတွင်းသို့ ဝင်ရောက်စေနေခြင်းပင်။
သည်ပုံရိပ်များ၏နောက်တွင် သွေးရောင်မြူထုတစ်ခု ရှိနေ၏။ ၎င်းအတွင်း၌ အနီရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ၏ဆံပင်သည်ပင် အနီရောင် ရှိလေ၏။
သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေကာ အဆက်မပြတ် စာလုံးများကို စေလွှတ်ပြီး ကောင်းကင်ဘုံနယ်မြေ ပတ်လည်ရှိ အစီအရင်ကို ပိုမြန်မြန် ချိုးဖျက်နိုင်အောင် လုပ်ဆောင်သည်။
“ဒီဝမ်လင်းဟာ တကယ်ပဲ အရည်အချင်းအချို့တော့ ရှိသွားပဲ။ သူ ချမှတ်ထားခဲ့တဲ့ အစီအရင်တွေက ငါ့ကို ချိုးဖျက်နိုင်ဖို့ ရက်အနည်းငယ် ကြာစေတယ်။ ဒီအတားအဆီးဟာ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်အော်ရာတစ်ခုလည်း ပါဝင်တယ်။ ငါ့ခွန်အားအပြည့်နဲ့ ဒါကို ချိုးဖျက်မယ်ဆိုရင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားမိတယ်…”
“ဒါပေမဲ့လည်း ဒါကို ငါ အတင်းအကြပ် မချိုးဖျက်ဘဲ အဲ့အစား သွေးမြူတွေကို ကျူးကျော်စေရင်တော့ ဘေးကင်းလိမ့်မယ်။ ကံကောင်းစွာနဲ့ ဒီအော်ရာက များများစားစား ရှိမနေတာ။ မဟုတ်ရင် ငါ့အတွက် ဒီအစီအရင်ကို ချိုးဖျက်ဖို့ ပိုခက်စေလိမ့်မယ်…”
ထိုဆံပင်အနီရောင်ဖြင့် အဘိုးအိုမှာ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ပင်။
အတိတ်တုန်းက ဝမ်လင်းသည် အုပ်စိုးသူ၏ အသက်ဘေးထောင်ချောက်၌ ပိတ်မိနေခဲ့စဉ် ဝမ်လင်းသည် ယဲ့မို ချိပ်ပိတ်ထားခဲ့သော စိတ်ဝိညာဉ်တစ်ခုကို ထုတ်လွှတ်ခဲ့၏။ ၎င်းက ထိုထောင်ချောက်ကို ချိုးဖျက်ကာ လွတ်မြောက်သွားခဲ့တာ ဖြစ်သည်။
အခု သူက သူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရရှိလာပြီး ခန္ဓာကိုယ်တစ်ခုကိုလည်း ရလာခဲ့၏။ ဝမ်လင်း ပျောက်ကွယ်သွားပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက ကြက်သွေးရောင်စိတ်ဝိညာဉ်ကလန်ကို ဖန်တီးခဲ့သည်။ သူက သူ၏အစွမ်းထက် ကျင့်ကြံမှုဖြင့် တာအိုသခင်အိပ်မက်ပြာကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပြီး အရှင်တောင်ပိုင်းတိမ်ကိုလည်း ခန္ဓာကိုယ် ဆုံးရှုံးစေခဲ့သည်။
သူက ကောင်းကင်ဘုံနယ်မြေထံသို့ စိုက်ကြည့်ကာ ရက်စက်လိုဟန် ထုတ်ဖော်၏။
“အတွင်းနယ်မြေရဲ့ အစွမ်းထက်ကျင့်ကြံသူအားလုံးဟာ ဒီကောင်းကင်ဘုံနယ်မြေမှာပဲ စုဝေးနေကြတာ။ ငါ့ကျင့်ကြံမှုအဆင့် ပြန်မကောင်းလာခင်တုန်းကတော့ ဒီအစီအရင်ကို ချိုးဖျက်ဖို့ ယုံကြည်မှု မရှိခဲ့ဘူး။ အခုတော့ ဒီအစီအရင်က နောက်နှစ်ရက်ဆို ကျိုးပျက်တော့မယ်။ အဲ့လူတွေအားလုံးဟာ ငါ့အစာ ဖြစ်လာလိမ့်မယ်။ သူတို့ရဲ့ သွေးအနှစ်သာရကို ဝါးမြိုပြီးရင် ငါ့ကျင့်ကြံမှုဟာ ရွှေအဆင့်ထိပ်သီးထိ တိုးတက်သွားနိုင်တယ်…”
“ငါသာ ရွှေအဆင့်ထိပ်သီးအနေနဲ့ ဖြစ်လာတာနဲ့ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ပြန်တဲ့အခါကျရင်တောင် ငါဟာ ကလန်တစ်ခုရဲ့ အကြီးအကဲချုပ်တစ်ယောက် ဖြစ်လာနိုင်ပြီး အင်ပါယာအတု ဖြစ်လာနိုင်ချေတောင် ရှိတယ်…”
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။ သူက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ပင် အင်ပါယာအတုများမှာ နည်းပါးလှသည်ကို သိ၏။ အများဆုံးမှ ရာဂဏန်းလောက်သာ ရှိပေမည်။ သူသာ အင်ပါယာအတု ဖြစ်လာသည်နှင့် မဟာအင်ပါယာတပါးနောက် လိုက်လံ၍ ရမည် ဖြစ်၏။
ထိုအခါကျလျှင် မဟာအင်ပါယာတစ်ယောက်၏ နောက်လိုက် ကျင့်ကြံသူတစ်ယောက်အဖြစ် သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခွင် ကျော်ကြားပေလိမ့်မည်။
“ငါသာ မဟာအင်ပါယာငါးပါးထဲက တစ်ပါးကိုသာ ရနိုင်ခဲ့ရင် ငါဟာ ကောင်းကင်ဘုံအင်ပါယာကို ကျိန်းသေပေါက် ရွေးချယ်မှာပဲ။ ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံအင်ပါယာအောက်မှာ အစွမ်းထက်ကျင့်ကြံသူ များနေတာပဲ။ သူက ငါ့ကို လိုချင်မှ လိုလိမ့်မယ်။ ဒါပေမဲ့ ငါသာ ကောင်းကင်ဘုံအင်ပါယာနောက် မလိုက်ရရင်လည်း ငါ မဟာအင်ပါယာတောက်ရီရဲ့ နောက်လိုက်လုပ်လို့ရတာပဲ…”
“မဟာအင်ပါယာတောက်ရီက အင်ပါယာအတုတွေနဲ့ ပတ်သတ်လို့ အတော်လေး အရေးထားတယ်။ ငါသာ ဆန္ဒရှိရင် ကျိန်းသေပေါက် သူ ငါ့ကို လက်ခံမှာပဲ။ မဟာအင်ပါယာတောက်ရီရဲ့ အကာအကွယ်နဲ့ဆို ဝမ်လင်းဟာ ခုကိစ္စကို သိရှိခဲ့ရင်တောင် ငါ လန့်နေစရာ မလိုတော့ဘူး…”
“တကယ်လို့ သူ့ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်နေရင်တောင် မဟာအင်ပါယာတောက်ရီရဲ့ အကွာအကွယ် ငါ့မှာ ရှိနေသေးတာပဲ…”
“သူက မဟာအင်ပါယာတောက်ရီရှေ့မှာ မနာခံဘဲ နေဝံ့မှာ မဟုတ်ဘူး။ မဟာအင်ပါယာတောက်ရီကို မြင်တာနဲ့ သူဟာ စိတ်နှလုံး တုန်လှုပ်ပြီး ဒူးထောက်မိသွားလိမ့်မယ်…”
“တကယ်တော့ မဟာအင်ပါယာတွေ ရှေ့မှာ ကျင့်ကြံသူအားလုံးဟာ ပုရွတ်ဆိတ်သာသာပဲ…”
သည်အရှင် ကြက်သွေးရောင်စိတ်ဝိညာဉ်သည် အနာဂတ်ကိစ္စများကို သေချာ စဉ်းစားထားပေ၏။ မည်သည့်အရာမျှ မမှားယွင်းတာ သေချာစေပြီးမှ သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဆရာ…” သူ ရယ်မောနေစဉ် သူ့ဘေးရှိ သွေးမြူထဲ၌ လူငယ်တစ်ယောက် ထိုင်နေ၏။ ထိုလူငယ်က မျက်လုံးဖွင့်လာကာ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ထံ တလေးတစား ဦးညွှတ်ကာ ပြော၏။ ထိုလူငယ်မှာ အစောပိုင်းတုန်းက ကောင်းကင်ဘုံနယ်မြေထံ စကားဆိုခဲ့သောသူ ဖြစ်၏။
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က သူ့ဘေးမှ လူငယ်ကို လှမ်းကြည့်သည်။ ထိုလူငယ်သည် သူ လှိုဏ်ဂူလောက၌ ဆုံခဲ့ပြီး သူ့ တပည့်ဖြစ်ဖို့ အသင့်တော်ဆုံးသူ ဖြစ်၏။ ထိုလူငယ်၏ ပါရမီက ကောင်းလှပြီး သူက သူ့ကို ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ တွေ့ရှိခဲ့တာ ဖြစ်၏။ သည်လူငယ်ကို ဝမ်လင်း၏ မျိုးဆက်တယောက်ဟု ပြောချင် ပြောနိုင်သည်။
ထိုလူငယ်က ရက်စက်လိုဟန် ပြုံး၍ တလေးတစား ပြော၏။ “ဆရာ။ သူတို့က ခုထိ လက်မလျှော့သေးဘူး။ အထူးသဖြင့် အရှင်တောင်ပိုင်းတိမ်ဟာ ခေါင်းမာနေတယ်။ ဆရာ၊ ဒီအစီအရင်ကို ချိုးဖျက်ပြီးရင် အဲ့လူရဲ့ စိတ်ဝိညာဉ်ကို နှှိပ်စက်ဖို့အတွက် တပည့်အနေနဲ့ ယူဆောင်လို့ ရနိုင်မလား…”
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြောလာသည်။ “ဒါပေမဲ့ ဟို မူပင်းမေကတော့…”
ထိုလူငယ်က တလေးတစား ပြော၏။ “ဆရာသာ ဒီမိန်းမကို လိုချင်ရင် တပည့်က လက်နှစ်ဖက်နဲ့ သူမကို ဆရာထံ ကမ်းလှမ်းပါ့မယ်…”
“သူမက ဘိုးဘေးရဲ့ ချစ်သူ မဟုတ်လား..” အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က လှောင်ပြုံး ပြုံး၏။ သူက သည်မူပင်းမေကို စိတ်ဝင်စားမိနေသည်။ သူသည် ဝမ်လင်းကသာ အနာဂတ်၌ ထိုအကြောင်းကို သိသွားပါက မည်သို့သော အမူအရာ ဖြစ်သွားလိမ့်မည်ကိုပင် သိချင်မိသည်။
လူငယ်က တလေးတစား ပြောလာ၏။ “အဲ့တော ဘာဖြစ်လဲ။ တပည့်ရဲ့ အမည်မှာ ဝမ် ပါပေမဲ့ ဝမ်လင်းက ဒီလှိုဏ်ဂူလောကကနေ ထွက်သွားခဲ့ပြီး သူ သေလား၊ ရှင်လားတောင် မသိရတော့ဘူး။ သူက သူ့ချစ်သူကို ချန်ထားခဲ့တာဆိုတော့ ကျုပ်ရဲ့ အထီးကျန်မှုအတွက် သူမနဲ့ ပျော်ရွှင်စေချင်တာလည်း ဖြစ်နိုင်တာပဲ။ ဒါက ဆရာ ကျုပ်ကို အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား…”
“ယဲ့မို သေပြီ။ ဒါပေမဲ့ မင်းက သူ့အမွေအနှစ်ကို ရခဲ့တဲ့အတွက် ဝမ်လင်း မင်းဟာ ငါ့ရဲ့ အမုန်းတရားကိုလည်း အမွေဆက်ခံရလိမ့်မယ်…” အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ရယ်မောလိုက်၏။ သူ၏မျက်လုံးထဲတွင် ရက်စက်မှု ဖြတ်ပြေးသွားပေသည်။
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ပြုံး၍ ပြောလိုက်သည်။ “မလိုပါဘူး။ ဒီမူပင်းမေက ဆရာ မင်းအတွက် ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့သူပဲ။ ဒါ့ကြောင့် ဆရာက မင်းရှိကနေ သူမကို ဘာကြောင့် ဓားပြတိုက်ရမှာလဲ။ ဒါပေမဲ့ ဆရာက သူမနဲ့ နည်းနည်းတော့ ကစားလိုက်အုံးမယ်။ ငါ ပင်ပန်းသွားတာနဲ့ သူမကို ငါ မင်းရှိ ပေးလိုက်မှာပေါ့…”
“ဖြစ်သင့်ပါတယ်။ ကျေးဇူးပါ…ဆရာ…” လူငယ်က ပြုံး၍ ခေါင်းညိတ်၏။
“ကောင်းပြီ။ နောက်နှစ်ရက်လောက် စောင့်ကြတာပေါ့…” အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ မျက်လုံးသည် အရောင်တောက်သွား၏။
သည်အခိုက်တွင် သူက သွေးအလင်းကို အသုံးပြုကာ ကောင်းကင်ဘုံနယ်မြေ ပတ်လည်ရှိ အစီအရင်ကို တိုက်စားပျက်စီးနေစဉ် မြင့်မားသော တောင်ထိပ်၌ အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ရှိနေသည်။
ထိုအမျိုးသမီးက အကြွင်းမဲ့လှ၏။ လှိုဏ်ဂူလောက မဆိုနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ လူများသည်ပင် သူမနှင့် အလှချင်း ယှဉ်နိုင်ကြလိမ့်မည် မဟုတ်ပါ။
သူမ၏ အလှက သည်လောကမှ မဟုတ်လေသည့်အလား။
လေများ တိုက်ခတ်ကာ သွေးနံ့တို့ကို သယ်ဆောင်၏။ ထိုလေတို့က သူမ၏ ဆံနွယ်ကို ပင့်သက်သွားကာ သူမ၏ အသက်ရှုမှားလောက်သော အလှကို လှစ်ဟပေါ်စေသည်။ သည်အခိုက်တွင် သူမသည် တည်ငြိမ်နေသည်။
သို့ပေမည့် သည်တည်ငြိမ်အတွင်း၌ တခြားသူများ မမြင်နိုင်သော စိတ်ရှုပ်ထွေးခြင်းနှင့် ခါးသီးမှု အရိပ်အမြွက် ရှိ၏။ သူမက ပြတ်သားသော ဆုံးဖြတ်ချက်ကို အသုံးပြုကာ သည်ခါးသီးမှုနှင့်စိတ်ရှုပ်ထွေးမှုတို့ကို သူမ၏စိတ်နှလုံးထဲ၌ ခပ်နက်နက် မြှုပ်နှံ့ထားခဲ့သည်။
“သခင်မ…” သူမ၏နောက်တွင် အဘိုးအို တစ်ယောက် ရပ်နေ၏။ သူက သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ စိတ်ပူပန်တကြီး ပြောသည်။
“အစီအရင်က အများဆုံးမှ နောက်ထပ်နှစ်ရက်ပဲ တောင့်ခံနိုင်တော့မှာပါ…”
မူပင်းမေက ကောင်းကင်ထက်သို့ ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “ငါ သိတယ်။ ငါ့ကို တယောက်တည်းနေဖို့ အချိန်တချို့ ပေးပါ…”
ထိုအဘိုးအိုသည် ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက် သူက သက်ပြင်းချကာ နောက်ဆုတ်သွားသည်။
မူပင်းမေ တစ်ယောက်သာ တောင်ပေါ်တွင် ကျန်ခဲ့၏။ သူမသည် နေရာတွင် ငြိမ်သက်စွာ ရပ်၍ ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူမ၏လက်ထဲတွင် သလင်းဓားတစ်ခု ပေါ်လာသည်။
ဤသည်မှာ ဝမ်လင်း သူမကို ပေးခဲ့သော ဓားပင်။ ၎င်းကို သူ၏ အနှစ်သာရများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ သူ၏ အော်ရာလည်း ပါဝင်သည်။
“ငါသာ အသက်ရှင်နေအုံးမယ်ဆိုရင် နင့်ကို လာနှုတ်ဆက်မှာပါ…” မူပင်းမေက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤသည်မှာ ဝမ်လင်း ထွက်သွားခဲ့ချိန်က သူမပြောခဲ့သော စကားပင်။
“ငါ မသက်မရှင်တော့ရင်တော့…” မူပင်းမေ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု ပြည့်လာသည်။ သူမက သူမလက်ထဲရှိ ဓားကို ကြည့်ကာ မျက်ရည်များ ရစ်သီလာသည်။
“ဝမ်လင်း…နင် ဘယ်မှာလဲ…” မူပင်းမေ၏ မျက်ရည်တို့သည် သလင်းဓားပေါ်သို့ ကျဆင်းသွား၏။
မူပင်းမေက ထိုသို့ ခပ်တိုးတိုး ရေရွတ်နေစဉ် အလုံးစုံကောင်းကင်ထံ ဦးတည်သည့် နက်မှောင်သော ဟင်းလင်းပြင်တွင် အလင်းတစ်ခု လင်းလက်သွားသည်။ ထိုအလင်းက ဂိတ်တံခါးအဖြစ်သို့ ပြောင်းလဲကာ လူတစ်ယောက် လှမ်းထွက်လာသည်။ သူကား အဖြူရောင်ဝတ်ရုံ၊ အဖြူရောင်ဆံပင်တို့နှင့် ဝမ်လင်း ဖြစ်၏။
“ဒီနေရာဟာ…” ဝမ်လင်းက ဘေးပတ်လည်သို့ ကြည့်ကာ ပြုံး၏။
“အလုံးစုံကောင်းကင်…” သူ့အပြုံးမှ စိတ်နှလုံးသားထဲမှ လာသော ပျော်ရွှင်မှုကို လှစ်ဟပြနေ၏။ သည်နေရာရှိ ရင်းနှီးသော အော်ရာက သူ့ မွေးရပ်မြေမှန်း သူ့ကို သိစေသည်။
သူ့နတ်ဘုရားအာရုံကို အဘက်ဘက်သို့ ဖြန့်ကျက်လိုက်သည်။
“ကောင်းကင်ဘုံနယ်မြေကလည်း ခုလိုပဲလား ငါ သိချင်မိတယ်။ ငါ ထွက်သွားခဲ့တဲ့ အချိန်ကစလို့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်ခဲ့သေးလား။ ငါ့ မိတ်ဆွေဟောင်းတွေရော….” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော် သူ့စကားတို့မှာ ရုတ်တရက် ရပ်သွားသည်။ သူသည် ကောင်းကင်ဘုံနယ်မြေ ရှိနေသော အရပ်သို့ လှမ်းကြည့်ကာ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ အေးစက်မှုနှင့် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တို့ အစားထိုးသွားသည်။
ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အသန်မာဆုံးသူ ဖြစ်လာပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာတာ ပထမဆုံးအကြိမ်ပင်။