← Chapters

နယ်လှည့် ကျင့်ကြံသူ အထောက်အကူပြု အမှတ် ကျောက်စိမ်းပြား

Vol. 14 Ch. 186

နယ်လှည့် ကျင့်ကြံသူ အထောက်အကူပြု အမှတ် ကျောက်စိမ်းပြား

Vol. 14 Ch. 186

ရှင်းဟန်အင်ပါယာ ဘုရင်၏ စကားများကို ကြားသောအခါ စစ်ထူချင် နဖူးမှ ချွေးစေးများ ချက်ချင်းပင် စီးကျလာလေသည်။ ထိုစဉ် သူက စိတ်ထဲတွင် ကြီးစွာ နောင်တရမိသည်။ နောင်တရသည်က မိုမျိုးနွယ်စု၏ အရိုက်အရာကို လုယူမိ၍ မဟုတ်ဘဲ မိုဝူကျီကို အမြစ်ဖြတ် မသတ်ဖြတ် ခဲ့တာကို ဖြစ်၏။ ကျူပင်ခုတ် ကျူငုတ်ပါ မကျန် ကိစ္စရှင်းပစ်ရမည် ဖြစ်သည်။ သူက မိုမျိုးနွယ်စုမှ ထိုခွေးကောင်သည် ဤမျှ အောင်မြင် လာလိမ့်မည်ဟု ဂရုမစိုက်မိ သလို တွေးလည်း မတွေးခဲ့မိပေ။

သို့သော် ထိုအရာက မဟုတ်သေးပေ။ မိုထင်းချန် မြေးတွင် ဝိညာဉ်ကြော မရှိဘူးလို့ ပြောခဲ့သည် မဟုတ်ပါလော … သူက ဘယ်လိုလုပ် ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ တပည့် ဖြစ်သွားရတာလဲ ...

“ဟားဟား မိုဝူကျီ မင်းက ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့်လေး ဖြစ်ရုံနဲ့ ဒီလိုပြည်နယ် ကိစ္စတွေ ဝင်စွက်ဖက် ရအောင် ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ။ ပြည်နယ်သခင် စစ်ထူချင်က မင်းတို့ မိုမျိုးနွယ်စုကို အရိုက်အရာက ဖယ်ရှားသင့်တဲ့ အကြောင်းပြချက် ရှိလို့ နေမှာပေါ့။ ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အဓိက စည်းမျဉ်းက နိုင်ငံအရေးကို ဝင်မစွက်ဖက်ဖို့ပဲ ... မင်းလို အပြင်စည်း တပည့် မပြောနဲ့ အတွင်းစည်း တပည့် ဖြစ်နေရင်တောင် ပြည်နယ်သခင် တစ်ယောက်ကို ဝေဖန်ပိုင်ခွင့် မရှိဘူး ... ”

မိုဝူကျီက ခန်းမအတွင်း ဝင်လာသည့် သူကို လှည့်ကြည့်လိုက်သည်။ သူ့ယခင်က မကျေမလည် ဖြစ်ခဲ့ဖူးသော၊ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ကောင်းကင်ဖွေရှာ နန်းတော်သို့ ရောက်ရှိနေ‌သော လူဖြစ်သည်။

ချိန်စုယင်က အနည်းငယ် မျက်ခုံးကျုံ့ လိုက်မိ၏။ ကောင်းကင်ဖွေရှာ နန်းတော်တွင် ထိုသို့ ဝင်မစွက်ဖက် ရသည့် စည်းမျဉ်း ရှိသော်လည်း သေးငယ်သော စည်းမျဉ်း စည်းကမ်းတစ်ခုသာ ဖြစ်သည်။ လက်တွေ့တွင် ကောင်းကင်ဖွေရှာ နန်းတော်မှ မည်သူက ထိုစည်းကမ်းကို ဂရုစိုက် နေမည်နည်း။ ကောင်းကင်ဖွေရှာ နန်းတော်ကိုယ်တိုင် ကပင် တပည့်က ထိုပြည်နယ် ကိစ္စများတွင် တရားလွန် မဖြစ်သရွေ့ ထိုစည်းကမ်းနှင့် အကျပ်ကိုင်မည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့် ဖြစ်သည့်အတွက် ဂျူချီဂျန်းသည် မိုဝူကျီ စကားလုံးများကို သိသိသာသာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဂျုချီဂျန်းက မိုဝူကျီ မျက်လုံးထဲမှ လူသတ်ငွေ့ကို ခံစားမိ လိုက်သော်ငြား သူက ပြုံးရင်း ချိန်စုယင်ကို ဦးညွှတ်လိုက်ကာ …

“ဂျုချီဂျန်းက စီနီယာ အစ်မချိန်ကို နှုတ်ဆက်ပါတယ် ... ”

ချိန်စုယင်က သိသာစွာ သူ့အား လျစ်လျူရှု ထားသည်ကို မြင်သောအခါ ဂျုချီဂျန်းက ချက်ချင်းပင် ရှင်းဟန် ဘုရင်ဘက်သို့ လှည့်ကာ နှုတ်ဆက် လိုက်တော့သည်။

“ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ် အတွင်းစည်း တပည့် ဂျုချီဂျန်းက ရှင်းဟန် ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ် ... ”

မိုဝူကျီက ဂျုချီဂျန်းသည် သူ့နာမည် ပြောသည်ကို ကြားသောအခါ ချက်ချင်းပင် တုံ့ပြန် လိုက်တော့သည်။ ယခင် ချိန်စုယင်က သူမသည် မည်သို့ တပည့် ဖြစ်ကြောင်း မပြောခဲ့သည်မှာ သူ့အား မျက်နှာ မပျက်စေရန် ကာကွယ် ပေးခဲ့ခြင်း ဖြစ်လေ၏။ မဟုတ်လျှင် သူက ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့် ဖြစ်ကြောင်း ထုတ်ပြောရလျှင် သူသည် ဂုဏ်သိက္ခာနှင့် အမည်ကို လွှင့်ပစ်သလို ဖြစ်နေလိမ့်မည်။

ကောင်းကင်ဖွေရှာ နန်းတော်သည် အင်ပါယာ ငါးခုထဲတွင် နံပါတ်တစ် ကျင့်ကြံသည့် နယ်မြေ ဖြစ်သော်လည်း အပြင်စည်းတပည့် တစ်ယောက်ကတော့ ထိုသို့ မဟုတ်သေးပေ။

ချွေချန်ကျွင်းက ချက်ချင်း နားလည် သွားလေသည်။ အကယ်၍ မိုဝူကျီက တိုက်ရိုက်တပည့် သို့မဟုတ် အတွင်းစည်း တပည့် ဖြစ်နေလျှင် သူက မိုဝူကျီကို ကူညီဖို့ရန် အတွက် စစ်ထူချင်နှင့် ဖြေရှင်းပေးဖို့ရာ စိတ်ထဲထားမည် မဟုတ်ပေ။ ထို့အပြင် မြောက်ဘက်ပိုင်း ချင်စီရင်စုကို မိုမျိုးနွယ်စုဆီ ပြန်ပေး နိုင်သေးသည်။

သို့သော်လည်း မိုဝူကျီက အပြင်စည်း တပည့်သာ ဖြစ်နေကာ သူက တိုက်ရိုက်တပည့် ဖြစ်သည့် ချိန်စုယင်နှင့် နည်းလမ်း တစ်ခုခုကြောင့် ပတ်သက်နေရ၍ သူမ ဂုဏ်သတင်းနှင့် လိုက်ပါလာခြင်း ဖြစ်သည်။ ချိန်စုယင်ကို သူက လှည့်ဖြားထားဟန် ရှိသည်။ ချိန်စုယင်က မိုဝူကျီကို မကူညီသည်ကို မြင်တော့မှ ချွေချန်ကျွင်းက မိုဝူကျီနှင့် ချိန်စုယင်သည် သူမျှော်လင့် ထားသလို မရင်းနှီးကြောင်း သိလိုက်ရသည်။ ထို့အပြင် အပြင်စည်း တပည့်သည် အတွင်းစည်း တပည့်ကို ထိပ်တိုက် တွေ့ရဲသည်က မိုဝူကျီသည် သေချင် နေတာသာ ဖြစ်ရမည်။

“အမှုထမ်းတွေ ... တာအိုရောင်းရင်း ဂျုအတွက် နေရာပြင်ပေး လိုက်ကြပါဦး ...” ချွေချန်ကျွင်းက အမိန့်ပေး လိုက်သည်။

မိုဝူကျီအတွက် သူက ထိပ်တိုက် ရင်မဆိုင်ချင်ပေ။ သူက မိုဝူကျီ အကြံပြုချက်များကို အမှိုက်သဖွယ် ယူဆလိုက်၍ ရသော်လည်း ဤအပြင်စည်း တပည့်ကိုတော့ ထိပ်တိုက် မတွေ့ရဲပေ။ သူက အပြင်စည်း တပည့် ဖြစ်နေသော်လည်း ကောင်းကင်ဖွေရှာ နန်းတော် တပည့် ဖြစ်နေသေး၏။

မိုဝူကျီက ဂျူချီဂျန်းကို အေးစက်စွာ ကြည့်လိုက်ပြီး …

“ခင်ဗျားမျိုးရိုး နာမည်ကလည်း ဂျုဆိုတော့ ... မြောက်ဘက်ပိုင်း ချင်စီရင်စုကို ခိုးဖို့ စစ်ထူချင်နဲ့ ပေါင်းခဲ့တဲ့ အမှိုက်တွေလည်း ဂျုမျိုးနွယ်ပဲ။ ခင်ဗျားတို့တွေက တစ်သိုက်တည်းက ပေါက်လာတာတော့ မဟုတ်ပါဘူးနော့ ... ”

ဂျုချီဂျန်း မျက်နှာရှည် မျက်ခွက်ကား ချက်ချင်းဆိုသလို မျက်နှာ တည်လာကာ …

“မိုဝူကျီ ... မင်းက မင်းရဲ့ ကောင်းကင်ဖွေရှာ နန်းတော်က စီနီယာ အစ်ကိုကို မြင်တာတောင် မနှုတ်ဆက်ဘဲနဲ့ သောင်းကျန်း နေသေးတယ်။ မင်းကို အမှန်တရား တစ်ခု ပြောပြမယ် ... မြောက်ဘက်ပိုင်း ချင်စီရင်စုက ငါ့ဂျုမျိုးနွယ်က ယူသွားတာပဲ ... မင်းမှာ သတ္တိရှိရင် ငါ့ကို လာရှာလှည့်  ဒါပေမဲ့ အရင်ဆုံး ဒီဘဝမှာ မင်းရဲ့ စိတ်ဝိညာဉ်လေး တည်ဆောက်နိုင်ဖို့ ကြိုးစား လိုက်ပါဦး ...”

လက်တွေ့တွင် ဂျူချီဂျန်းက မိုဝူကျီကို သိလာသည့် အကြောင်းမှာ သူတို့ ဂျူမျိုးနွယ်စု အခွဲမှ မြောက်ဘက်ပိုင်း ချင်စီရင်စုကို သိမ်းပိုက် လိုက်တာကို ရှာတွေ့စဉ်မှ ဖြစ်သည်။ ထိုကိစ္စက သူ့အတွက် အလွန် ကျေနပ်ဖွယ် ကောင်း၍ ထိုဂျုမျိုးနွယ်စု အခွဲကိုပင် ဆုချီးမြှင့် လိုက်သေးသည်။

မိုဝူကျီက အင်အား ကြီးလာသည်နှင့် အမျှ သာမန်နှင့် ပိုတူလာလေ၏။ ထို့အပြင် သူက အပြင်စည်း တပည့် ဖြစ်သည့်အတွက် ဂျုချီဂျန်းအတွက် မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်နေမှန်း သတိထားမိမည် မဟုတ်ပေ။ အဆင့် ၉ ရောက်နေကြောင်းကို ယောင်လို့ပင် တွေးမိမည် မဟုတ်ပေ။

မိုဝူကျီ အဆင့်ကို မဆုံးဖြတ်နိုင်သည်က ဂျူချီဂျန်း တစ်ယောက်တည်း မဟုတ်ပေ။ ဤနေရာရှိ လူအားလုံးက မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ပြီးကြောင်း မသိကြချေ။

ခန်းမကား တိတ်ဆိတ် သွားလေ၏။ ထိုသည်က ကောင်းကင်ဖွေရှာ နန်းတော်အတွင်းမှ အတွင်းပဋိပက္ခ ဖြစ်၍ မည်သူမျှ ဝင်မနှောင့်ယှက် ရဲကြပေ။ တစ်ဖက်တွင် စစ်ထူချင်ကား ပြုံးဖြီး နေလေသည်။ သူက မြောက်ဘက်ပိုင်း ဂျုမျိုးနွယ်စုသည် ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့်နှင့် အဆက်အစပ် ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုသည်က သူဖက်ထားဖို့ လိုအပ်သည့် ခြေသလုံး တုတ်တုတ် ဖြစ်လေသည်။ တစ်ဖက်တွင် မိုဝူကျီက သူ့အား ခြိမ်းခြောက်ရဲသည့် အပြင်စည်း တပည့် တစ်ယောက်ဖြစ်ပြီး အမြဲတမ်း သတိထားရမည့် ရန်သူ ဖြစ်လေသည်။

“စိတ်ချနေကြပါ ... ခင်ဗျားက ချီဂျန်း (ဈေးပေါ/ အဖိုးမတန်) တာပဲ ဖြစ်ဖြစ် ရှားဂျန်း (ကျဆင်း)တာပဲ ဖြစ်ဖြစ် ခင်ဗျားတို့ ဂျုမျိုးနွယ်စု တစ်ခုလုံးကို သေချာပေါက် လာရှာမယ် ... ” မိုဝူကျီက ဂျုချီဂျန်းကို စိုက်ကြည့်ကာ သရော်ပြော လိုက်သည်။

မှတ်ချက် ။      ။ ဤနေရာတွင် စာရေးဆရာက သူတို့ တရုတ် အသံထွက်နှင့် ပြောထားခြင်း ဖြစ်သည်။ မူလနာမည် ဂျုချီဂျန်းသည် ဓားခုနစ်လက် ဖြစ်ကာ တခြား ဂျန်းကား ဈေးပေါသော၊ အဖိုးမတန်သော အဓိပ္ပာယ် ဖြစ်၏။

ယခု သူ့တွင် အနှောင်အဖွဲ့များ မရှိဘဲ တစ်ယောက်တည်း လုပ်နေရသည့် အတွက် ဂျုချီဂျန်းသည် သူ့စိုးရိမ်မှုနှင့် မထိုက်တန်သေးပေ။ သူ့ခန့်မှန်းချက် အရ ဂျူချီဂျန်းသည် ယမ်ဒန်အဆင့်သို့ တက်လှမ်းပြီးခါစ ဖြစ်ရမည်။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ တွင်သာ ရှိနေသေး၏။ သူသာ လူသား အဆင့်လွန်သို့ တက်လှမ်းနိုင်သည့် အခိုက်အတန့်တွင် သူက ဂျုချီဂျန်းကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မည်။ ထိုမတိုင်ခင်အထိ ဂျုချီဂျန်းကို သူ့အား သတ်ခွင့် မပေးနိုင်သေးပေ။

ထိုသို့ပြောပြီး သူက စစ်ထူချင်ကို ကြည့်ကာ ပြောလိုက်သည်။

“မိုမျိုးနွယ်စုရဲ့ မြောက်ဘက်ပိုင်း ချင်စီရင်စုက ဒီလောက် မလွယ်ဘူး။ ခင်ဗျား ဘာမှမလုပ်ခင် သေချာ ကြည့်သင့်တယ် မဟုတ်ရင် ကိုယ့်ဘာသာ ပြန်ထိနေလိမ့်မယ် ... ”

ဂျုချီဂျန်းက ဒေါသကြောင့် တုန်ယင်နေလေ၏။ အကယ်၍ သူတို့က ရှင်းဟန် အင်ပါယာ၏ ယာယီနန်းတော် သို့မဟုတ် ချိန်စုယင်က ဤနေရာတွင် ရှိမနေလျှင် သူက ချက်ချင်းပင် မိုဝူကျီကို သတ်မိလိမ့်မည်။

မိုဝူကျီက ဂျူချီဂျန်းကို စိတ်ထဲ မထားတော့ဘဲ လှည့်ထွက် သွားတော့သည်။ သူက တခြားစကား မပြောတော့ပေ။ ဤနေရာတွင် ဂျူချီဂျန်းလိုမျိုး ရှိနေသည့် အတွက် သူ့အနေဖြင့် နေစရာအကြောင်း မရှိပေ။ မိုမျိုးနွယ်စုသည် ပျောက်ကွယ်သွားပြီ ဖြစ်ကာ သူက ယခုချက်ချင်း လက်စား မချေနိုင်သေးပေ။ အနည်းဆုံးတော့ သူက ခြိမ်းခြောက် နိုင်ခဲ့သည့်အတွက် စစ်ထူချင် တစ်ယောက် စိတ်နည်းနည်း နေနိုင်မည်တော့ မဟုတ်ချေ။

မိုဝူကျီ ထွက်သွားသည်ကို မြင်ပြီး ချွေချန်ကျွင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ …

“အားလုံးကို တာအိုရောင်းရင်း ယင်ခုနဲ့ မိတ်ဆက်ပေးပါ့ရစေ ... တာအိုရောင်းရင်း ယင်ခုက ဂိုဏ်းတစ်ရာ မဟာမိတ် အထောက်အကူပြု အမှတ် ဇယားမှာ အဆင့် ၂၃ ရထားတာပါ ... ”

ချွေချန်ကျွင်း စကားမဆုံးခင် ချိန်စုယင်က ထထွက် သွားတော့သည်။ အပြင်လူများ ရှေ့တွင် ဂျူချီဂျန်းက ကောင်းကင်ဖွေရှာ နန်းတော်မှ တပည့်ကို အယုံကြည် မဲ့အောင် ပြုလုပ်ခြင်းက သူမကို အဆင်မပြေ ဖြစ်စေသည်။

ချွေချန်ကျွင်းက မျက်စိပျက်၊ မျက်နှာပျက် ဖြစ်သွားလေသည်။ အကယ်၍ တခြားသူ ဖြစ်နေပါက သူသည် ထိုသူ့အား သတ်မိလိမ့်မည်။ သို့သော်လည်း ထိုနှစ်ယောက်မှာ ကောင်းကင်ဖွေရှာ နန်းတော် တပည့်များ ဖြစ်နေကာ တစ်ယောက်က တိုက်ရိုက်တပည့် ဖြစ်နေသေး၏။ သူသာ လုပ်ရဲပါက သူ့ရှင်းဟန် အင်ပါယာသည် ပျောက်ဆုံးနယ်မြေမှ ကွယ်ပျောက် သွားလိမ့်မည်။

ဂိုဏ်းတစ်ရာ မဟာမိတ် ယာယီစခန်းကား အန်ယန်း နန်းတော်နှင့် ကပ်လျက် တည်ရှိသော ခြောက်ထပ်မြင့်သော အဆောက်အဦ ဖြစ်လေသည်။ မိုဝူကျီနှင့် ချိန်စုယင်တို့ ရောက်လာသည့်အခါ ထိုနေရာတွင် ကျောက်စိမ်းပြား ရရန် တန်းစီနေသော လူခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိနေသည်။

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ချိန်စုယင်နဲ့ မိုဝူကျီတို့က မဟာမိတ် အမှတ်အသား ကျောက်စိမ်းပြား လာထုတ်တာပါ ... ” ချိန်စုယင်က ပြောရင်း သူမဂိုဏ်းက အမှတ်အသားပြားကို ထုတ်ပေးလိုက်သည်။

ကျောက်စိမ်းပြား ထုတ်ပေးသည့် သူကား အတော်လေး လုပ်ရည်ကိုင်ရည် ရှိသည့် အကြီးအကဲ တစ်ယောက် ဖြစ်လေသည်။ ချိန်စုယင်၏ အမှတ်အသားပြားကို စစ်ဆေးပြီးသည့် အခါ သူက ဆက်ပြောလိုက်သည်။

“မိုဝူကျီရဲ့ ဂိုဏ်းအမှတ် အသားပြားလည်း တစ်ဆိတ်လောက် ပေးပါဦး ... ”

မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ယူကာ ပေးလိုက်လေသည်။ မိုဝူကျီ ကျောက်စိမ်းပြားကို စစ်ဆေးပြီး နောက်တွင် အကြီးအကဲက အားနာစွာ ပြောလိုက်သည်။

“ကျုပ်က ဒီက တာအိုရောင်းရင်း ချိန်စုယင်ကိုပဲ ထုတ်ပေးနိုင်တယ်ဗျာ ... ဒီက တာအို ရောင်းရင်းမိုအတွက် လုပ်မပေးနိုင်ဘူး ... ”

“ဘာလို့လဲ ...” ချိန်စုယင်က မျက်ခုံးကျုံ့ကာ မေးလိုက်သည်။ သူမက ထိုသို့ ရလဒ်မျိုးကို စဉ်းစားမိသော်လည်း မကျေမနပ် ဖြစ်ရသည်။ သူမ အမြင်အရ အင်ပါယာ ငါးခုအတွက် နယ်ခြား ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ကူညီပေးချင် သူတိုင်းကို သူတို့၏ ကိုယ်ပိုင် အမှတ်အသားပြား ထုတ်ပေးသင့်၏။

ကျောက်စိမ်းပြား မရှိလျှင် အထောက်အကူပြု အမှတ်ရမည် မဟုတ်ပေ။ ထို့သို့ဆိုလျှင် သူက နယ်ခြား ကျင့်ကြံသူ မည်မျှပင် သတ်နိုင်ပါစေ အပြန်ပြန် အလှန်လှန်အားဖြင့် ဘာမှ မရရှိနိုင်ပေ။ ထိုသည်က ကျောက်စိမ်းပြား မရှိသည့် လူများအတွက် အမှန်တကယ် မတရားပေ။

အကယ်၍ ထိုသူက သာမန်လူဆိုပါက အကြီးအကဲသည် ထိုသူကို ပစ်လွှတ် လိုက်လေပြီ။ သို့သော် ကောင်းကင်ဖွေရှာ နန်းတော်မှ တိုက်ရိုက် တပည့် ဖြစ်နေသည့်အတွက် သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက် ရသည်။

“အမှတ်တွေ မှတ်ပေးတဲ့ ဒီကျောက်စိမ်းပြားက အတော်လေး အဖိုးတန်ပါတယ်။ တစ်ခုချင်းစီက စစ်မှန်ခြင်း နတ်ဘုရားအဆင့်က အဆင့်မြင့် ကျင့်ကြံသူ ကိုယ်တိုင် ပြုလုပ်ထားတာပါ။ မြေကမ္ဘာအဆင့် ဂိုဏ်းနဲ့ အထက်က အတွင်းစည်း တပည့်နဲ့ တိုက်ရိုက် တပည့်တွေရယ်၊ လူသားအဆင့်လွန် ရောက်နေတဲ့ နယ်လှည့် ကျင့်ကြံသူတွေရယ်ပဲ ရခွင့်ရှိတာပါ။ တာအို ရောင်းရင်းမိုက အပြင်စည်း တပည့် ဖြစ်ပြီးတော့ သူ့ကျင့်ကြံဆင့် ကလည်း လူသား အဆင့်လွန်ထဲ ရောက်ဦးမဲ့ပုံ မပေါ်ဘူး ... ”

ချိန်စုယင်က မိုဝူကျီကို သူ့ကျင့်ကြံဆင့် အကြောင်း မမေးဖူးပေ။ ထို့အပြင် သူမက မိုဝူကျီကို စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေ လိမ့်မည်ကိုပင် တွေးမထားပေ။ လူသား အဆင့်လွန်ဆိုတာ လုံးဝကို မတွေးကြည့်မိပေ။ ယခင် သူမက မိုဝူကျီကို ကျောက်စိမ်းပြား အတွက် ကူညီပေးချင်သည်က မိုဝူကျီတွင် အားကောင်းသော လျှပ်စီး ပညာရပ် ဖြစ်သည့် လျှပ်တစ်ပြက် လျှပ်စီးကို ပိုင်ဆိုင်လေသည်။ ထိုနည်းဖြင့် မိုဝူကျီသည် တိုက်ပွဲအတွင်း အထောက်အကူပြု အမှတ်တချို့တော့ ရရှိနိုင်လိမ့်မည်။

“တခြားနည်းရော မရှိတော့ဘူးလား ....” ချိန်စုယင် တိတ်ဆိတ် နေသည်ကို မြင်ပြီး မိုဝူကျီက ဦးစွာ မေးလိုက်သည်။ သူက ထိုအမှတ်များကို သေချာပေါက် လက်မလျှော့နိုင်ပေ။ ထို့အပြင် ထိုအမှတ်များက အံ့ဩစရာ ကောင်းသည့် ပစ္စည်းများနှင့် လဲလှယ်နိုင်သေး၏။ အပြင်စည်း တပည့်အနေနှင့် သူက နယ်လှည့် ကျင့်ကြံသူနှင့် သိပ်၍ မကွာခြားပေ။ အထောက်အပံ့များနှင့် အခွင့်အရေးများ ရရှိဖို့ရန် သူက အမှတ်များစွာ လိုအပ်လေသည်။

အကြီးအကဲက ချိန်စုယင်ကိုသာ ကြည့်နေ၍ မိုဝူကျီ စကားများကို လျစ်လျူရှု ထားနိုင်သော်လည်း ချိန်စုယင်ကိုတော့ ဂရုပြုရလိမ့်မည်။ မိုဝူကျီသည် ချိန်စုယင်နှင့် အတူတူလာတာ ဖြစ်၍ သူတို့ ဆက်ဆံရေးမှာ အပေါ်ယံမျှ မဟုတ်လောက်ပေ။ အကြီးအကဲက မိုဝူကျီကို တိတ်တဆိတ် ချီးကျူးထောပနာ ပြုလိုက်သည်။ သူ့ကဲ့သို့ ဝိညာဉ်ကြော အဆင့်နိမ့်သည့် သူပင် မိုးကောင်းကင်၏ ကောင်းချီးပေး ခံထားရသည့် ချိန်စုယင်နှင့် အမှန်ပင် ရင်းနှီးနေလေသည်။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ... တခြား ကျောက်စိမ်းပြား အမျိုးအစားတွေတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီ ကျောက်စိမ်းပြားတွေက အမှတ်အသား မပါတော့ ဘယ်သူ ဘယ်ဝါဆိုတာ သိဖို့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်က အမှတ်တွေ တွက်ပေးတာပဲ ပါတယ်။ အဲဒါကြောင့် အမှတ် ကျောက်စိမ်းပြားလို့ သတ်မှတ်လို့ ရတယ် ... ”

“ကိစ္စမရှိဘူး ဒီကျောက်စိမ်းပြားလည်း အဆင်ပြေပါတယ်။ အဲဒီဟာပဲ ယူလိုက်ပါ့မယ် ... ” အကြီးအကဲ စကားမဆုံးခင် မိုဝူကျီက တွန့်ဆုတ် တွန့်ဆုတ် လုပ်မနေဘဲ ပြောလိုက်တော့သည်။ သူက မည်သူ မည်ဝါ မှတ်သားပေး ထားနိုင်ခြင်းကို ဂရုမစိုက်ပေ။ သူက အမှတ်လို နေတာသာ ဖြစ်၏။

အကြီးအကဲက ကူကယ်ရာမဲ့စွာ ပြောလိုက်တော့သည်။

“စကားဆုံးအောင် နားထောင်ပါဦး။ ဒီကျောက်စိမ်းပြားတွေက အမှတ် မှတ်ထားပေးတယ် ဆိုရင်တောင် နည်းနည်း လွဲမှားတာ ရှိနိုင်တယ်။ ပြောရမယ်ဆိုရင် မင်းက နယ်ခြား ကျင့်ကြံသူကို သတ်လိုက်တယ် ဆိုပါတော့ ဒီကျောက်စိမ်းပြားက အဲဒီကျင့်ကြံသူရဲ့ ဝိညာဉ် အမှတ်အသားကို မမှတ်နိုင်တာ ဖြစ်နိုင်တယ်။ အဲဒါဆိုရင် မင်းက အမှတ် တစ်မှတ်မှ ရမှာ မဟုတ်ဘူး ...... ”

မိုဝူကျီ အမူအရာကား ချက်ချင်းပင် ပုံဆိုးပန်းဆိုး ဖြစ်လာလေသည်။ သူက လာနောက်နေတာလား ... အိတ်ပေါက်နဲ့ ဖားကောက်ခိုင်း နေတာလား ...

ချိန်စုယင်ပင် ကြံစည်မရ ဖြစ်သွားလေသည်။ အကြီးအကဲ ကျူယွဲ့ရှန်းက အပြင်စည်း တပည့်တွေ ဝင်ဖို့ရာ ခွင့်မပြုသည့် အကြောင်း ကြေညာခဲ့စဉ် ကတည်းမှ သူမသည် မိုဝူကျီ၏ ကျောက်စိမ်းပြား ရရှိဖို့ရန် အခက်အခဲကို မျှော်လင့်မိပြီးသား ဖြစ်သည်။ ယခုတွင်လည်း ထိုသို့ ဖြစ်ပျက် နေလေသည်။

“ဒီချွတ်ယွင်းချက်ရှိတဲ့ ကျောက်စိမ်းပြားလည်း အရေအတွက် နည်းနည်းပဲ ရှိတာ ... ”

အကြီးအကဲက စကားကို တစ်ဝက်တစ်ပျက် ပြောလိုက်သော်လည်း မိုဝူကျီက စိတ်ဆုံးဖြတ် ပြီးသွားလေပြီ။

“ကျုပ် အဲဒီချွတ်ယွင်းချက် ရှိနေတဲ့ ကျောက်စိမ်းပြားကို ယူမယ် ... ကျုပ်အတွက် တစ်ခုပေးပါ ... ”

“တာအို ရောင်းရင်ချိန်ရဲ့ ကျောက်စိမ်းပြားက အလကား ဖြစ်ပေမဲ့ တာအို ရောင်းရင်းမိုရဲ့ ကျောက်စိမ်းပြားက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၅၀၀၀၀ လိုမယ် ...” အကြီးအကဲက ကျောက်စိမ်းပြား နှစ်ခုကို ထုတ်လိုက်သည်။

မိုဝူကျီက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲ လိုက်တော့သည်။ ပြီးပြည့်စုံသည့် ကျောက်စိမ်းပြားက အလကား ဖြစ်ပြီးတော့ သူ့ချွတ်ယွင်းချက် ရှိတဲ့ ကျောက်စိမ်းပြားက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၅၀၀၀၀ ပေးရသေး၏။

မချင့်မရဲ ဖြစ်သော်လည်း မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံး ၅၀၀၀၀ကို ထုတ်ပေးကာ ကျောက်စိမ်းပြားကို လက်ခံ လိုက်တော့သည်။

ထိုကျောက်စိမ်းပြားပေါ်တွင် စကားလုံး အချို့သာ ရှိလေသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အထောက်အကူပြု အမှတ် သုည (၀ ) ဟု ပါရှိသည်။ နောက်တွင် နာမည်ပင် ရေးမထားပေ။

***

All Chapters