← Chapters

အိပ်မက်

Vol. 154 Ch. 2129

အိပ်မက်

Vol. 154 Ch. 2129

အရှင်တောင်ပိုင်းတိမ်က ဝမ်လင်းကို မြင်၏။ တာအိုသခင်အိပ်မက်ပြာကလည်း ဝမ်လင်းကို မြင်သည်။

ကောင်းကင်ဘုံနယ်မြေ၌ ဝမ်လင်းကို မြင်ခဲ့ဖူးသော လူတိုင်းက သည်ဆံဖြူဆံပင်၊ ဆံဖြူဝတ်ရုံတို့ဖြင့် သူ၏ ပုံရိပ်ကို မြင်၏။ ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်ဝမ်လင်း။

တချို့ကျင့်ကြံသူများသည် နောက်ပိုင်းမှ ရောက်လာခဲ့ကာ ဝမ်လင်းကို မမြင်ဖူးကြသော်လည်း သူတို့က ဝမ်လင်းနှင့် ပတ်သတ်သည့် သတင်းစကားများကို ကြားဖူးကြသည်။

သူတို့က ခုခါ၌ သူ့ကို မြင်သည့်အခါ သည်ကောင်းကင်ဘုံနယ်မြေတခုလုံး ဆူပွက်သွားသလား မှတ်ထင်ရသည်။

အရှင်တောင်ပိုင်းတိမ်ထံ၌ မူလစိတ်ဝိညာဉ်သာ ရှိတော့၏။ သို့သော် ခု ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက လောက၏ စွမ်းအားကို စုစည်းကာ သူ့အတွက် ခန္ဓာကိုယ်သစ်တစ်ခုကို ပြုလုပ်ပေးနိုင်ပေသည်။ အရှင်တောင်ပိုင်းတိမ်က ထိုခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ မည်သည့်မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။

တာအိုသခင်အိပ်မက်ပြာက ချီတုံချတုံ ဖြစ်ကာ ဝမ်လင်းကို ကြည့်နေ၏။ သို့သော် သူက စကားမဆိုပေ။ သူသည် ဝမ်လင်းက အရှင်တောင်ပိုင်းတိမ်အတွက် ခန္ဓာကိုယ်သစ်တစ်ခုကို ဖွဲ့စည်းပေးတာကို စောင့်နေခဲ့သည်။ ထို့နောက်မှ သူသည် စကားပြောရန် ကြိုးစားသည်။ သို့သော် အဆုံးသပ်တွင်မူ သူက သက်ပြင်းသာ ချမိ၏။

ဝမ်လင်းက ပြုံး၍ သူ သိသောလူတိုင်းကို နှုတ်ဆက်၏။ သူက ရှုလီကောနှင့်လျှိုကျင်းပြောင်တို့သည် ကျင့်ကြံသူအချို့ကို ခေါ်ကာ တစုံတစ်ခုကို ပြောနေသည်လည်း မြင်သည်။ လျှိုကျင်းပြောင် ပုခုံးထက်ရှိ ပင်လယ်နဂါးက အတော်လေး ပျင်းရိနေပုံ ရ၏။ ကျင့်ကြံသူတစ်ယောက်ကို ၎င်းကို ထိဖို့ကြိုးစားလာသည့်အခါ ၎င်းက သွားဖြဲပြ၏။ ထိုအခါ ယင်းကျင့်ကြံသူက ရယ်မောသွားသည်။

ဆယ့်သုံးကမူ တကိုယ်တည်းသာ ရှိနေ၏။ သူက မလှမ်းမကမ်းတွင် တယောက်တည်း ရပ်နေကာ ရံဖန်ရံခါ ဝမ်လင်းထံ တလေးတစား လှမ်းကြည့်သည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်၏။ ထို့နောက် သူက တာအိုသခင်အိပ်မက်ပြာထံ လှမ်းလာသည်။

တာအိုသခင်အိပ်မက်ပြာ၏ မျက်နှာက ဖြူရောနေတုန်းပင်။ သူ၏ အစောပိုင်းတုန်းက ဒဏ်ရာများက အလွန်ပြင်းထန်ခဲ့မည်မှာ ထင်ရှား၏။

ဝမ်လင်းက တာအိုသခင်အိပ်မက်ပြာထံ လက်ညွှန်လိုက်၏။ လောက၏ စွမ်းအားက စုဝေးကာ တာအိုသခင်၏ ခန္ဓာကိုယ်ထံ အရှိန်ဟုန်နှင့် ဝင်ရောက်ပြီး သူ့ဒဏ်ရာများကို အလျင်အမြန် ပြန်ကောင်းမွန်သွားစေသည်။

တအောင့်အကြာတွင် တာအိုသခင်အိပ်မက်ပြာ၏မျက်နှာက ဆက်၍ မဖြူရောတော့ပါ။ သူက အသက်ဝဝရှိုက်သွင်းကာ ဝမ်လင်းကို ခေါင်းညိတ်ပြ၏။ ထို့နောက် သူက ဖြည်းဖြည်ချင်း မေးလာသည်။ “ငါ့သမီးရော အဆင်ပြေရဲ့လား…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားလျက် တာအိုသခင်အိပ်မက်ပြာရှေ့၌ ထိုင်ချလိုက်၏။

ဝမ်လင်း၏ အမူအရာကို ကြည့်ကာ တာအိုသခင်အိပ်မက်ပြာ၏ စိတ်နှလုံးမှာ ချောက်ခြားမိသွား၏။ သူ့မျက်နှာက ထပ်မံ ဖြူရောသွားသည်။

“ဘာတွေဖြစ်ခဲ့တာလဲ။ ဝမ်လင်း ငါ့ကို ပြောပါ…”

“ကျုပ်  သူမ ပြန်လည်မွေးဖွားပြီးတဲ့နောက် သူမကို မရှာနိုင်ခဲ့ဘူး…”  ဝမ်လင်းက ခါးသီးစွာ ဆို၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် အစွမ်းထက်ဆုံးသူ ဖြစ်နေသော်လည်း တာအိုသခင်အိပ်မက်ပြာကိုမူ လေးစားမှု ထားတုန်းပင်။ အကြောင်းမှာ ထိုသူသည် အတိတ်တုန်းက သူ့ကို ကူညီပေးခဲ့ဖူးသည့်အပြင် လီချန်မေ၏ ဖခင်လည်း ဟုတ်၏။

တာအိုသခင်အိပ်မက်ပြာက မျက်လုံးမှိတ်ကာ တကိုယ်တည်း ရေရွတ်လိုက်၏။ “သူမကို ရှာမတွေ့ဘူးလား…”

“သူမက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားခဲ့တာ မင်းကြောင့်ပဲ။ မင်းက သူမကို မရှာနိုင်ဘူး။ မင်းက သူမကို မရှာတွေ့ဘူးတဲ့လား…”

တာအိုသခင်အိပ်မက်ပြာက မျက်လုံး ပြန်ဖွင့်လာ၏။ သူက စတင်ရယ်မောသည်။ သူ၏ ရယ်သံတွင် စိတ်ပျက်မှု၊ဒေါသတို့ ပြည့်နေ၏။

ထိုအခိုက်တွင် သွေးရောင်ကောင်းကင်ထံမှ တုန်ဟည်းမြည်သံ ထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် အက်ကြောင်းများစွာ ပေါ်လာကာ ပြိုပျက်မည့် အရိပ်အယောင် ပြလာ၏။ သည့်နောက် အထက်မှ မောက်မာသော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“မင်းတို့ လှိုဏ်ဂူလောကက ကျင့်ကြံသူတွေက ခေါင်းမာမာနဲ့ ခုခံခဲ့ပြီး ဒီအစီအရင်က ဒီအဘိုးအိုကို တားဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား။ အခု ဒီအစီအရင် ပျက်စီးတော့မယ်။ ခဏပဲစောင့်၊ မင်းတို့က ဒီအဘိုးအိုရဲ့ အစာတွေ ဖြစ်လာတော့မယ်…”

ကောင်းကင်ဘုံနယ်မြေရှိ မည်သူကမျှ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို မသိကြပေ။ သို့သော် ဝမ်လင်းက သည်နေရာသို့ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် မသိဘဲ ပေါ်လာနိုင်ပုံထောက်၍ သူ၏ကျင့်ကြံမှုမှာ သာမန်မဖြစ်နိုင်ပေ။ သို့ပေမည့် မည်သူကမျှ ဝမ်လင်းသည် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်မည်လား၊ မယူနိုင်မည်လားကိုမူ မသိကြပေ။

အရှင်တောင်ပိုင်းတိမ်၏ အမူအရာမှာ စိတ်အေးလက်အေး ရှိနေ၏။ သူက လုံးဝ စိတ်မပူပေ။ ဝမ်လင်းက လက်တဝေ့ဖြင့် သူ့အတွက် ခန္ဓာကိုယ်သစ်တစ်ခုကို ဖန်တီးပေးနိုင်မှတော့ ဝမ်လင်း မည်မျှ အစွမ်းထက်သည်ကို သူ သိသည်။

အထူးသဖြင့် သူက ရှုလီကောနှင့်လျှိုကျင်းပြောင်တို့၏ မျက်လုံးထဲရှိ အထင်သေးမှုကို တွေ့မြင်ရချိန်၊ လျှိုကျင်းပြောင်၏ ပုခုံးထက်ရှိ မြွေငယ်လေး၌ပင် ထိုသို့သော အမူအရာရှိနေသည်ကို မြင်ရချိန်တွင် သူ၏ ထင်မြင်ချက်ကို သေချာစေတော့သည်။

“သူမရဲ့ အမှတ်အသားဟာ ကွယ်ပျောက်သွားခဲ့တယ်။ ဒါ့ကြောင့် သူမက သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်ရသွားခဲ့လောက်ပြီ။ ကျုပ် သူမကို အချိန်အကြာကြီး ရှာခဲ့တယ်။ ဒါပေမဲ့ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူမဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ တနေရာရာမှာ ရှိနေလိမ့်မယ်လို့ ကျုပ် ခံစားမိတယ်။ အခုလည်း ကျုပ် သူမကို ရှာနေတုန်းပဲ…”

ဝမ်လင်းသည် ကောင်းကင်ထက်မှ တုန်ဟည်းမှုကို လစ်လျူရှုကာ တာအိုသခင်အိပ်မက်ပြာကို ကြည့်၍ ခါးသီးစွာ ပြောနေမိ၏။

“သူမရဲ့ အော်ရာ တစွန်းတစ ထုတ်ဖော်တာနဲ့ ကျုပ် သူမကို ထောက်လှမ်းနိုင်မှာ။ ကျုပ် လှိုဏ်ဂူလောကကို ပြန်လာခဲ့တာတောင် ကျုပ်က သူမရဲ့ အော်ရာကို အာရုံခံနိုင်တုန်းပဲ…”

ဝမ်လင်းက ခပ်တိုးတိုး ဆို၏။ လီချန်မေမှာ သူ့အတွက် ထူးခြားပေ၏။ သူမက လီမူဝမ်လနှင့် မတူသော်လည်း ဝမ်လင်း၏ ရင်ထဲ ဒုတိယမြောက် လျှောက်လှမ်းဝင်ရောက်လာခဲ့သူ မဟုတ်လား။

“ဒါပေမဲ့လည်း သူမက ကျုပ်ကို တမင် ရှောင်နေတာလို့ ခံစားမိတယ်။ သူမ ကျုပ်ကို ရှာမတွေ့စေချင်နေတာပဲ ဖြစ်မယ်…”  ဝမ်လင်းက မျက်လုံးမှိတ်၏။ သူ့စိတ်နှလုံးမှာ နာကျင်ရသည်။ ထိုနာကျင်မှုက လီမူဝမ် ပျောက်ကွယ်နေချိန်ကလောက် မပြင်းထန်သော်လည်း အမှန်တကယ် နှလုံးသားနာကျင်ရသည်သာ ဖြစ်၏။

သူသည် လီချန်မေ သူ့ကို ပြောခဲ့သော စကားများကို မှတ်မိပါသေးသည်။

“ဝမ်လင်း…ခံစားချက်တွေကို နားမလည်ဘူးလား…”

ဝမ်လင်း၏မျက်နှာကို ကြည့်နေပြီး သူ့စကားတို့ကို နားထောင်နေလျက် တာအိုသခင်အိပ်မက်ပြာသည် စဉ်းစားနေသည်။ သူက ဝမ်လင်း မည်သို့ခံစားနေရတာကို သိ၏။ သူက သူ့သမီးအကြောင်းကိုလည်း နားလည်သည်။

ကောင်းကင်သည် တုန်ဟည်းလာကာ စတင် ပျက်စီး၍ အပေါက်တစ်ခု ပေါ်လာ၏။ သွေးရောင်အလင်း ပျံ့နှံ့လာကာ အပေါက်များ ပိုပေါ်လာပြီး ရယ်သံတစ်သံသည် ကောင်းကင်ဘုံနယ်မြေတခွင် ပဲ့တင်ထပ်သည်။

ထိုရယ်သံ၌ မောက်မာမှုတို့ အပြည့်အနှက်ပါသည်။

သွေးပုံရိပ်များက ထိုအပေါက်များထံမှ ပျံသန်းထွက်ကာ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ထိုပုံရိပ်တို့မှာ ရုပ်သေးများ ဖြစ်၏။ သူတို့သည် ကောင်းကင်ထက်တွင် ပေါ်လာပြီး အောက်ဘက်မှ သူများကို မထူးခြားနားဟန်ဖြင့် စိုက်ကြည့်နေသည်။

ထိုပုံရိပ်များ ပေါ်လာနေစဉ် လူငယ်တစ်ယောက်သည် အပေါက်တစ်ခုထံမှ လှမ်းထွက်လာသည်။ သူက မောက်မာမော်ကြွားပုံ ပေါ်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ပင်။ သူ ပေါ်လာသည့်နောက် သူ၏အသံက လောကတခွင် ပဲ့တင်ထပ်သည်။

“မင်းတို့ရဲ့ အားနည်းတဲ့ အစီအရင်ကို ငါ့ဆရာက ဖျက်စီးပြီးသွားပြီ။ မင်းတို့ နိမ့်ကျတဲ့သူတွေက ဒီတခါ ဘယ်လိုများ ခုခံမလဲ ငါ မြင်ချင်သေးတယ်။ မူပင်းမေ၊ ငါ့ဆရာက နင်နဲ့ ပျော်ပါးပြီးတာနဲ့ ငါနဲ့ ဝမ်လင်းကြားက ကွာခြားမှုဟာ ဘာလဲဆိုတာ နင့်ကို သိစေမယ်…”

ထိုလူငယ်က ယုတ်မာဟန်ဖြင့် ရယ်မောကာ လှမ်းထွက်လာသည်။ သူက အောက်သို့ ငုံ့ကြည့်၏။ သို့သော် သူ့စကားလုံးမှာ ရုတ်တရက် တန့်သွားသည်။

သူက သူ့ကို အေးစက်စက် စိုက်ကြည့်နေသော အရှင်တောင်ပိုင်းတိမ်ကို မြင်၏။ အရှင်တောင်ပိုင်းတိမ်တွင် ခန္ဓာကိုယ်တစ်ခု ရှိနေသည်။ သူက မူပင်းမေကိုလည်း မြင်သည်။ သူမကလည်း သူ့ကို အေးတိအေးစက် ကြည့်နေသည်။ သူ့ကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေသည့်အလား။

သူ့စိတ်နှလုံးကို ပို၍ တုန်လှုပ်စေသည်မှာ တာအိုသခင်အိပ်မက်ပြာရှေ့တွင် ထိုင်နေသော လူငယ်ကြောင့်ပင်။ ထိုလူငယ်က သူ့ကို ကြည့်ပင် မကြည့်နေပေ။ သို့သော် သူက ထိုလူငယ်ကို မြင်သည့်အခါ သူ၏ခန္ဓာကိုယ် တုန်ယင်သွား၏။ သည်လူ့ကို သူ သိသလို ထင်မိသည်။

“သူ…သူက…”  ထိုလူငယ်သည် သူ့စိတ်ထဲ၌ မိုးကြိုးပစ်ချခဲ့ရသည့်အလား တုန်ခါသွား၏။ သူသည် သူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေသည်။

“ဘိုးဘေး…”  သူက ရူးသွပ်လုမတတ် ဖြစ်သွား၏။ သူသည် သူ့ရှေ့မှ လူမှာ သူ၏ဘိုးဘေးဝမ်လင်းဖြစ်သည်ကို ယုံကြည်ဖို့ ငြင်းဆန်နေမိသည်။

သို့ရာတွင် တုန်လှုပ်နေသော သူ့စိတ်ဝိညာဉ်က သူ့ကို ဒီဆံဖြူလူငယ်က ဟင်္သာပြဒါးဂြိုဟ်၏ ဘိုးဘေးဖြစ်ကြောင်းကို ပြောနေသည်။ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေ၏ အရှင်ဝမ်လင်းဖြစ်ကြောင်းကို ပြောနေသည်။

“တကယ်ပဲ သူဖြစ်တော့ရော ဘာဖြစ်သေးသလဲ။ သူက ငါ့ဆရာရဲ့ ပြိုင်ဘက် မဟုတ်ဘူး…”

ထိုလူငယ်၏ အမူအရာက ပြောင်းလဲသွား၏။ သူက အလိုလိုနောက်ဆုတ်မိကာ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။

“စိတ်ဝင်စားစရာ၌ဲ မင်းက တစုံတစ်ယောက်နဲ့ တကယ်ပဲ တူနေတာကို။ မင်းကိုမင်း သူလို ထင်နေတာလား…”  သူ့စကားမဆုံးခင်မှာပင် ဆံဖြူလူငယ်က သူ့ကို မော့ကြည့်လာ၏။ ထိုဆံဖြူလူငယ်၏ မျက်လုံးတို့မှာ လုံးဝ တည်ငြိမ်နေသည်။ သို့သော် ထိုအကြည့်က သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်ကာ တည်ငြိမ်စွာ ပြော၏။ “ဆယ့်သုံး…သူ့ကို သတ်လိုက်…”

မလှမ်းမကမ်းတွင် ရှိနေသော ဆယ့်သုံး၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက ချက်ခြင်း လှုပ်ရှားသည်။ သူ ကောင်းကင်ထက်သို့ တက်လှမ်းကာ ညာလက်ကို ဝေ့ယမ်း၏။ အခိုးအငွေ့များ ပေါ်လာသည်။ ၎င်းမှာ အဆုံးစွန်ရှစ်ပါးတာအို၏ အဆုံးစွန်မီးတာအို ဖြစ်၏။

သူ့တပည့်ဖြစ်သူ ဆယ့်သုံးအတွက် ဝမ်လင်းက သူနှင့် သင့်တော်သော မန္တာန်များကို ရွေးချယ်ပေးထားခဲ့၏။ သူက လောက၏ စွမ်းအားကို ထုတ်နှုတ်ကာ ဆယ့်သုံး၏ ကျင့်ကြံမှုအဆင့် များစွာ တိုးတက်အောင်လည်း လုပ်ပေးထားသည်။

တခြားသူများသည် ထိုသို့ မလုပ်နိုင်ပေ။ သို့သော် ဝမ်လင်းကဲ့သို့ ကောင်းကင်ဘုံနင်းခြေခြင်းအဆင့်ကို ခြေတဝက် နင်းထားသူ၊ ရှေးဘိုးဘေး၊ ကောင်းကင်ဘုံဘိုးဘေးတို့နှင့် ယှဉ်နိုင်သူကတော့ သည်ကိစ္စမှာ မခက်ပေ။

ကောင်းကင်ဘုံနယ်မြေ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် ဆယ့်သုံးက မထူးခြားနားဟန်ဖြင့် ပျံသန်းတက်လာ၏။ အခိုးအငွေ့တို့က သူ့ကို ဝန်းရံလျက် စက်ဝန်းများ ဖြစ်ပေါ်ကာ ကောင်းကင်ထက်တွင် အကြမ်းပတမ်းမီးကို ဖန်တီးသည်။

ထိုဒေါသပုန်ထနေသော မီးအောက်တွင် သွေးရုပ်သေးအားလုံးသည် ခုခံစွမ်းမဲ့ကာ ပျက်စီးသည်။ ဆယ့်သုံးရှေ့ရှိ မီးပင်လယ်ထံမှ နာကျင်စူးရှစွာ အော်ဟစ်သံ ပဲ့တင်ထပ်ပြီး နောက် သူက မျှော်လင့်ချက်မဲ့နေသော ခေါင်းတလုံးကို ယူ၍ လှမ်းထွက်လာသည်။

ကောင်းကင်ထက်ရှိ မီးများသည် ဆယ့်သုံး လှမ်းထွက်လာသည့်နောက် ချက်ခြင်း‌ ပျောက်ကွယ်သွား၏။  အစီအရင်ကို အပေါက်ဖြစ်စေခဲ့သော အဘိုးအိုက ဝမ်လင်းကို မင်သက်စွာ စိုက်ကြည့်မိနေသည်။

“ဝမ်လင်း…” ထိုအဘိုးအိုသည် မယုံကြည်နိုင်မှုနှင့် ပြည့်နေ၏။ သို့သော် မကြာမီ သူ့မျက်နှာက ကြမ်းကြုတ်လာ၏။ သူ၏ လေဟာနယ်အတိဒုက္ခကျင့်ကြံမှုအဆင့်သည် ရုတ်တရက် ပေါက်ကွဲထွက်ကာ ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါတုန်ယင်သွားစေသည်။

“မင်းက တကယ်ပဲ လှိုဏ်ဂူလောကကို ပြန်လာတာပဲ။ ဒါပေမဲ့ မင်း ပြန်လာခဲ့ရင်လည်း ဒီအဘိုးအိုရှေ့မှာတော့ မင်းဟာ ပမွှားကောင်ပဲ…” ထိုအဘိုးအိုသည် အရှင်ကြက်သွေးရောင် စိတ်ဝိညာဉ် ဖြစ်၏။ သူ ထိုသို့ ဆိုပြီးနောက် အလင်းတန်းအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။

သူ့အမြင်အရ ဝမ်လင်း၏ ကျင့်ကြံမှုမှ ဝေဝါးနေ၏။ သို့သော် သူက ဝမ်လင်းသည် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသော ရတနာတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု ယုံကြည်ထား၏။ သည်လိုအရာမျိုးမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် မရှားပေ။ သူသည် သူ၏ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံမှုကို ယုံကြည်မှု အပြည့် ရှိထားသည်။

ဝမ်လင်းက သူ့ထံတိုးဝင်လာသော ထိုသူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။

ဝမ်လင်း မည်သို့မျှ မလုပ်ခင်မှာပင် လျှိုကျင်းပြောင် ပုခုံးထက်မှ မြွေငယ်သည် ရုတ်တရက် တောက်ပလာကာ ကောင်းကင်တုန်လှုပ်ဖွယ်ကောင်းသော ဟိန်းသံကို ထုတ်ဖော်၏။

ထိုအော်ဟိန်းသံက လောကကို တုန်ခါကာ ကောင်းကင်ဘုံနယ်မြေ၏ ကျင့်ကြံသူများအားလုံး၏ နားထဲတွင် တုန်ဟည်းထွက်သွားစေသည်။ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူက ရပ်တန့်ကာ အောက်ဘက်သို့ စိုက်ကြည့်မိသည်။

ထိုမြွေက အထက်သို့ မြန်ဆန်စွာ ပျံတက်ရင်း လူတိုင်း၏ မင်သက်နေသော အကြည့်အောက်မှာပင် အလျင်အမြန် ချဲ့ကားကြီးမားလသည်။ ၎င်း၏ မူလအရွယ်အစားဖြစ်သည့် ပင်လယ်နဂါးခန္ဓာကိုယ်သို့ အမြန် ပြန်ရောက်ရှိကာ ၎င်းသည် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို မာန်ဖီသည်။

“ရွှေ…ရွှေအဆင့် ထိပ်သီး ပင်လယ်နဂါး…” အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် သူ အိပ်မက်မက်နေသကဲ့သို့ ခံစားမိသွား၏။

All Chapters