မျက်လုံး ထပ်မံ ဖွင့်ချိန်တွင်
Vol. 154 Ch. 2132
ဆောင်းဦးရာသီ။ သစ်ရွက်များက လေနှင့်အတူ လွင့်ကာ အိပ်ပြန်လိုကျသည့်အလား ကောင်းကင်တွင် ပျံဝဲလျက်။
ကောင်းကင်ယံမှာ ကြည်လင်နေလျက် အလွန်လှပနေ၏။ သည်ဆောင်းနံနက်ခင်းတွင် လယ်သမားအိမ်ဟု ထင်ရသော နေရာမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။
ထိုနေရာသည် ကျောက်နိုင်ငံ ဖြစ်၏။ သည်နေရာတွင် နေထိုင်သော လူအများစုသည် သူတို့၏ စိုက်ပျိုးမြေများကနေ ဝေးဝေးလံလံသို့ မသွားဖူးကြပေ။ သည်နေရာမှာ တောင်ခြေရွာငယ်လေးတစ်ရွာ ဖြစ်၏။
ဆောင်းလေက သစ်ရွက်တို့ကို ဆောင်ယူနေစဉ် ထိုရွာလေးထံမှ ဆူသံညံသံတို့ ထွက်ပေါ်လာသည်။ ကလေးငယ်များက ရယ်မောကာ ဆော့ကစားနေကြခြင်း ဖြစ်၏။
ရွာသူရွာသားများ ဝန်းရံနေသော အနီရောင်ရထားလှည်းတစ်ခု ရှိနေ၏။ ၎င်းက ခြံဝန်းတစ်ခုရှေ့တွင် ရပ်သွားသည်။ ဆူသံတို့မှာ ပိုအားကောင်းလာသည်။ ထိုမိသားစုက သတိုးသမီးတစ်ယောက်ကို ကြိုဆိုနေကြတာပင်။
သည်မိသားစု၏ ဘိုးဘေးက လက်သမားတစ်ယောက် ဖြစ်သည်ဟု ဆိုကြ၏။ သို့သော် သည်မျိုးဆက်တွင်မူ ပညာတတ်တစ်ယောက် ရှိလာသည်။ သူက နိုင်ငံစာမေးပွဲကို အောင်မြင်ခဲ့ပေသည်။ သို့ပေမည့် မည်သည့်အတွက်ကြောင့်မှန်းမသိ သူက မြို့တော်သို့ မသွားဘဲ ရွာသို့သာ ပြန်လာခဲ့သည်။
အခုဆို နှစ်နှစ်ဆယ်ကျော် ရှိလာခဲ့ပေပြီ။ ထိုပညာတတ်လူငယ်မှာ သက်လတ်ပိုင်းအရွယ် ရောက်နေပြီ။ သူ့သားပင် အရွယ်ရောက်လာခဲ့ပြီ ဖြစ်၏။ ယနေ့သည် ထိုကလေးငယ်ဝမ်လင်းအတွက် ပျော်မြူးရသောနေ့ပင်။
ဝမ်လင်းက သည်နေရာတွင် ကြီးပျင်းခဲ့သူပင်။ သို့အတွက် အနီးအနားရွာသားများက သူ့ကို ကောင်းကောင်းသိကြသည်။ သည်ကလေးက အတော်လေး ကံမကောင်းဘဲ ငအတစ်ယောက် ဖြစ်ခဲ့သည်။ သူက အမြဲတမ်း တိတ်တဆိတ် အကွာအဝေးတစ်ခုထံ ကြည့်ကာ သူ မည်သည်ကို ကြည့်နေမှန်း အဘယ်သူမျှ မသိကြပါ။
သက်ဝင်လှုပ်ရှားသံများက အထွတ်အထိပ်သို့ ရောက်လာချိန်တွင် မြင်းလှည်းလိုက်ကာစ ပွင့်လာပြီး အနီရောင်ဇာပုဝါဖြင့် အမျိုးသမီးတစ်ယောက် လှမ်းဆင်းလာသည်။ ဝမ်လင်းက သူမလက်ကို ကိုင်ထား၏။ သူတို့နှစ်ယောက်က ခြံဝန်းထဲ လျှောက်လာသည်။
သည်အမျိုးသမီးကိုမူ ရွာရှိ ကာလသားအားလုံးက ပိုးပန်းကာ ချစ်မြတ်နိုးကြသည်ဟု ဆိုလျှင် လွန်မည်မထင်။ သူမက လျှိုမိသားစု၏ ဒုတိယသမီးကြီး ဖြစ်ကာ သည်ဒေသတွင် ချမ်းသာသော မိသားစုဟု ဆိုနိုင်သည်။ သူမ ကလေးဘဝတည်းက သူမသည် ဝမ်လင်းနှင့် အတူရှိရသည်ကို နှစ်သက်ခဲ့၏။ သူတို့နှစ်ယောက်သည် ကလေးတည်းက တတွဲတွဲရှိကာ အကွာအဝေးတစ်ခုသို့ မကြာဆိုသလို ငေးနေတတ်သူများပင်။
အခု သူတို့ အရွယ်ရောက်လာသည့်အခါ သူတို့ လက်ထပ်လိုက်သည့်အပေါ် မည်သူကမျှ အံ့အားမသင့်ကြပေ။ ကာလသားတော်တော်များများကတော့ မနာလိုဖြစ်ကြရုံသာ။
ရွာလေးရှိ ထိုရွှင်မြူးဖွယ်အဖြစ်အပျက်က မြို့များနှင့်ယှဉ်လျှင်တော့ မကြီးကျယ်ပါ။ သူတို့က ရိုးရှင်းလှသည်။ အိမ်ရှင်က စားပွဲသောက်ပွဲ စီစဉ်ပြီး တရွာလုံးက သူတို့ကို လာရောက်ဂုဏ်ပြုစကား ဆိုကြလိမ့်မည်။ နေဝင်သည့်အခါ သည်လက်ထပ်ပွဲက ပြီးသွားလေမည်။
အိမ်အသစ်ထဲ၌ ရိုးရှင်းရိုးသားသော ဝမ်လင်းက သူ့ဇနီးဖြစ်သူ၏ မျက်နှာပေါ်မှာ ဇာပုဝါကို ဖယ်လိုက်ကာ သူမ၏ အသက်ရှုမှားလောက်မည့် လှပသောမျက်နှာကို မြင်သည်။ ထိုအမျိုးသမီးကို လျှိုမေဟု ခေါ်သည်။
သူမက ဝမ်လင်းကို ကြည့်ကာ ရယ်မောသည်။
သူတို့၏အကြည့်များက အချိန်ကို ထွင်းဖောက်သွားပုံ ရသည်။ သူတို့၏အကြည့်များက ပြန်လည်မွေးဖွားခြင်း တခုပြီးတစ်ခုကြာမြင့်ကာ ထာဝရ ဖြစ်တည်လေမည့်အလား။
သူတို့ လက်ထပ်ပြီးနောက် လျှိုမေက ခြံဝန်းထဲ၌ ထိုင်နေ၏။ သူမ၏မျက်နှာချင်းဆိုင်တွင် ဝမ်လင်း ရှိနေသည်။ ဝမ်လင်းက ပန်းပုထုနေသည်။ သူက သူ့ဇနီး၏ လှပသော အခိုက်အတန့်လေးများကို သစ်သားပေါ်တွင် ရေးထွင်းနေခြင်းပင်။
သူတို့၏ ရိုးစင်းသော ဘဝက နွေးထွေးမှုအငွေ့အသက်ကို ပေးသည်။ နှစ်နှစ်ကြာပြီးနောက် သူတို့မှာ ကလေးတစ်ယောက် ရှိလာသည်။ သူ၏အမည်က ဝမ်ပိုင်ပင်။
ထိုကလေးက သိပ်တော်သည်။ စကားလည်း တတ်၏။ သူ ကြီးပြင်းလာသည့်အခါ ဒီမိသားစုက နွေးထွေးစွာ ရှင်သန်နေကြသည်။ ပြီးပြည့်စုံသော မိသားစုတစ်ခု။
ဝမ်လင်းက သူ့အဖေနှင့်အတူ စာလေ့လာဖို့ မရွေးချယ်ခဲ့ဘဲ လက်သမားတစ်ယောက်သာ ဖြစ်လာခဲ့၏။ သူက သည်ရွာငယ်လေးတွင် နေထိုင်ဖို့သာ ဆုံးဖြတ်ခဲ့သည်။
သူ့ဇနီး၊လျှိုမေက ကလေးအပေါ် လေးနက်လှသော ခံစားချက် ရှိသည်။ သူမက ဝမ်ပိုင်နှင့်အတူ အချိန်အများစု ကုန်ဆုံးစေသည်။ သူ့သားအတွက် နံနက်စာ ချက်ပြုတ်ပေးသည်။ နေ့ပိုင်းတွင် ဆော့ကစားပေးသည်။ အိပ်ခါနီး ပုံပြင်များ ပြောပြကာ ချော့သိပ်သည်။
ဆယ်နှစ်ကြာပြီးနောက် ဝမ်ပိုင် ဆယ့်ငါးနှစ်အရွယ် ရောက်လာချိန်တွင် သူက ပညာသင်ဖို့ ဆုံးဖြတ်သည်။ သူက ရွာငယ်လေးကနေ ထွက်လာကာ နိုင်ငံစာမေးပွဲကို ဖြေဆိုဖို့ အပြင်လောကသို့ ထွက်သွားလေ၏။
သူ ထွက်သွားချိန်၌ သူက သူ့အမေက ခြံဝန်းထဲတွင် ထိုင်ကာ သူ့အဖေဖြစ်သူက သူ့အမေ၏ ဒုတိယမြောက်ပန်းပုရုပ်တုကို ထွင်းပေးနေတာကို မြင်ခဲ့သည်။ ယင်းရုပ်တုမှာလည်း အတော်လေး လှပနေဆဲသာ။
ဝမ်ပိုင်က စာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် နောက်နှစ်အနည်းငယ်အကြာတွင် မြို့တော်သို့ သွားရောက်ခဲ့သည်။ ဝမ်လင်းနှင့် လျှိုမေတို့က သူနှင့်အတူ လိုက်သွားကာ မြို့တော်တွင် နေထိုင်ကြသည်။
အချိန် ကုန်လာခဲ့သည်။ ဝမ်လင်းနှင့်လျှိုမေတို့၏ ခေါင်းထက်တွင် ဆံဖြူများ ရှိလာခဲ့ပြီ။ ဝမ်ပိုင်က မြို့တော်တွင် နာမည်တစ်ခုရခဲ့ကာ သူ့ကိုယ်ပိုင်လမ်းကြောင်းကို တွေ့ရှိခဲ့သည်။
ထိုအချိန်၌ ဝမ်ပိုင်က လက်ထပ်ခဲ့သည်။ သူ့ဇနီး၏အမည်မှာ နှစ်သက်ဖွယ်ပင်။ သူမ၏အမည်မှာ ချင်းရီပင်။ သူမက မြို့တော်ရှိ ကြွယ်ဝသောမိသားစုတစ်စုမှ မိန်းမလှလေး ဖြစ်သည်။
သူမက ဝမ်လင်းနှင့်လျှိုမေတို့အပေါ်၌လည်း တာဝန်ကျေပွန်လှသည်။ သူတို့၏ ချွေးမက သူတို့ကို စိတ်ကျေနပ်စေခဲ့သည်။ တကယ်တော့ ဝမ်ပိုင်တွင်လည်း ကိုယ်ပိုင်မိသားစုတစ်စု ရှိလာတော့ပေမည်။ သူက အရွယ်ရောက်ပြီး ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ မြင့်မြင့်ပျံအုံးမည်။ သူ အချိန်အတန်ကြာသည့်အထိ အိမ်ပြန်မလာတော့မှာ ဖြစ်နိုင်သည်။
ဝမ်လင်းနှင့်လျှိုမေတို့က ထွက်လာဖို့ ရွေးချကြ၏။ သူတို့က မြို့တော်ကနေ ထွက်လာကာ တောင်ခြေရွာလေးထံ ပြန်လာကြသည်။
သူတို့၏ ရွာရှိ အိမ်သို့ ပြန်ရောက်လာသည့်နောက် ဝမ်လင်းက လျှိုမေအတွက် တတိယမြောက်ရုပ်တုကို ထွင်းထုပေးသည်။ ထိုရုပ်တုတွင် အချိန်ကာလ ပါဝင်လာသည်။ သို့သော် ၎င်းမှာ လှပနေဆဲပင်။
ဘဝက တည်တည်ငြိမ်ငြိမ်ပင်။ ထူးထူးထွေထွေ ဖြစ်ပွားခဲ့တာ မရှိပါ။ ဝမ်လင်းက သည်နေ့ရက်များကို အတော်လေး ကျေနပ်မိ၏။ သူက သူမကို ဒီဘဝ၌ စကားတခွန်းမျှ မပြောခဲ့သော်လည်း သူတို့က နေထွက်ချိန်၊နေဝင်ချိန်များကို အတူကြည့်ခဲ့သည်။ နွေးထွေးမှု ရှိခဲ့၏။ သူတို့၏ ခေါင်းထက်တွင်လည်း ဆံပင်ဖြူများက ပိုတိုးလာခဲ့ပေပြီ။
နွေးနွေးထွေးထွေးနေထိုင်ကြရင်း အချိန်ကုန်လာခဲ့သည်။ သည်နှစ်တွင် ဆောင်းဦးရာသီ သစ်ရွက်များက ကောင်းကင်ထက်တွင် ပျံဝဲကာ ဝမ်လင်းနှင့်လျှိုမေတို့က အသက်ကြီးလာခဲ့ပြီ။ အိုမင်းလာခဲ့ကြပြီ။ သူတို့၏ ကလေးဝမ်ပိုင်က သည်နှစ်များအတွင်း ပေါက်ချလာတတ်၏။ သို့သော် သူက အိမ်တွင် ကြာကြာမနေ၊ ခပ်မြန်မြန်သာ ပြန်သွားတတ်သည်။
အဘွားအိုလျှိုမေက အဘိုးအိုဝမ်လင်းကို ပြုံး၍ ကြည့်နေ၏။ တဖက်တွင် ဝမ်လင်းလက်ထဲ၌ သစ်သားပန်းပုတခုကို ကိုင်ထားသည်။ သူက လျှိုမေကို ကြည့်ကာ သူ့ဘဝ၏ နောက်ဆုံးသော ပန်းပုကို ရေးထွင်းနေတာ ဖြစ်ကောင်းဖြစ်မည်။
ထိုသစ်သားပန်းပုက ဝမ်လင်း၏ လက်ထဲတွင်တ ဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ လျှိုမေ၏ အသွင် ဖြည်းဖြည်းချင်း ပေါ်လာ၏။ သို့ပေမည့် ဤသည်မှာ ခုလက်ရှိ ဆံပင်များ ဖြူဖွေးနေသော လျှိုမေမဟုတ်၊ သူတို့ လက်ထက်ပြီး နောက်နေ့မှ လျှိုမေဖြစ်၏။ သည်ရုပ်တုက အလွန်လှသည်။
“နင် တဘဝလုံး ငါ့ကို စကားမပြောခဲ့ပေမယ့် နင်ဟာ ငအတစ်ယောက် မဟုတ်တာ ငါ သိပါတယ်…” လျှိုမေက ဝမ်လင်းကို ကြည့်၏။ သူက ဖြည်းဖြည်းချင်း ပန်းပုထွင်းနေသည်။ လျှိုမေ၏ မျက်လုံးထဲတွင် ကြင်နာနူးညံ့မှုတို့ ပြည့်နေသည်။
ဝမ်လင်းက လျှိုမေကို မော့ကြည့်ကာ ပြုံးသည်။ သူက ခေါင်းယမ်းသည်။ စကားမဆိုသေးပေ။
သူ ပန်းပုထွင်းပြီး တတိယမြောက်နေ့တွင် လျှိုမေက ဖျားနာလာ၏။ သူမက အိပ်ယာထက်တွင် လှဲလျောင်းနေသည်။ သူမ၏ အိုမင်းသော မျက်နှာ၌ ငယ်ရွယ်နုပျိုစဉ်က အလှတရား ရှိနေတုန်းပင်။ သူမက ဝမ်လင်း၏ လက်ကို ဆုပ်ကိုင်ထားကာ မလွှတ်ပေးပေ။
“နင်က အအ တစ်ယောက်မဟုတ်တာ ငါ သိပါတယ်…”
“ငါ ငါတို့ ကလေးတုန်းက တွေ့ခဲ့တဲ့အချိန်ကို မှတ်မိနေတုန်းပဲ။ နင်က ကောင်းကင်ထက်ကို ကြည့်နေတာလေ။ နင် ကောင်းကင်ထက်မှာ ဘာကို ကြည့်နေတာလဲ ငါ သိပ်သိချင်ခဲ့တယ်။ ဒါ့ကြောင့် ငါလည်း နင့်နား လာထိုင်ပြီး ကောင်းကင်ထက်ကို ကြည့်ခဲ့တာပေါ့…”
“ဒါပေမယ့်လည်း ငါ ဘာမှ မတွေ့ခဲ့ပါဘူး။ ငါ ထွက်သွားတဲ့အချိန်မှာ နင်က ရုတ်တရက် ပြောလာခဲ့တယ်။ ဒါက နင် ငါ့ကို ပထမဆုံးပြောခဲ့တဲ့အရာပဲ။ နင် မှတ်မိမှာပါ။ ငါလည်း မှတ်မိတယ်…”
လျှိုမေက ဝမ်လင်းကို ကြည့်၏။ သူမ၏အကြည့်မှာ နူးညံ့နေသည်။
“နင်က ငါဟာ နင့်ရဲ့ ဇနီး၊ နင်က ငါ့ရဲ့ ခင်ပွန်းလို့ ပြောခဲ့တယ်။ ဒါက ငါတို့ရဲ့ သတ်မှတ်ထားတဲ့ ကံကြမ္မာပဲတဲ့…”
လျှိုမေက ခပ်တိုးတိုး ဆိုသည်။ သူမ၏အပြုံးက ပိုနူးညံ့လာသည်။ သူမက ဝမ်လင်းကို ကြည့်နေသည်။ သူမသည် မှတ်ဉာဏ်များထဲ၌ နစ်မြောသွားသည့်အလား။
ဝမ်လင်းကလည်း ရယ်မော၏။ သူက လျှိုမေ၏ လက်ကို ကိုင်ထားကာ လွှတ်မပေးခဲ့ပေ။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ထိုသို့ ကြည့်နေ၏။ လျှိုမေက စကားဆက်တိုက် ပြောနေသည်။
“ပိုင်အာက လူတော်လေးပဲ။ ဒါပေမဲ့ သူ ကြီးပျင်းလာခဲ့ပြီး သူ့လမ်းကြောင်းနဲ့သူ ရှိနေခဲ့ပြီ။ ငါတို့ သူ့ကို သူ့ဘဝလက်ကျန်ကို ဒီမှာ နေခိုင်းလို့ မရဘူး။ ငါ ထွက်သွားတဲ့အခါကျရင် နင် တစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ်။ ဒါ့ကြောင့် နင် သူ့ကို ဂရုစိုက်နော်…”
လျှိုမေက ခပ်တိုးတိုး ဆိုသည်။
ဝမ်လင်းက ခေါင်းယမ်းသည်။ သူက လျှိုမေကို ကြည့်၏။
လျှိုမေက ဆက်တိုက်ပြောနေ၏။ ညခင်းအချိန် ကုန်လာကာ မနက်ပိုင်း ရောက်လာသည်။ ဆောင်းဦးလေးက တိုက်ခတ်၏။ သစ်ရွက်ဝါတို့က ကောင်းကင်ထက်တွင် ကခုန်သည်။ လျှိုမေ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပြည့်လာကာ ဝမ်လင်း၏ လက်ကို ပို၍ တင်းတင်း ဆုပ်ကိုင်သည်။
သူ၏ ပါးရည်နားရေ တွန့်နေသော မျက်နှာက နီရဲလာ၏။
“ငါ ဒါကို မြင်ပြီ။ ဝမ်လင်း…ငါ ဒါကို တွေ့တယ်…” သူမက ထရပ်ဖို့ ကြိုးစားသည်။ သူမ၏မျက်နှာတွင် ပျော်ရွှင်မှု ရှိလာ၏။ သူမက ပြတင်းပေါက်ထံ လက်ညှိုးထိုးကာ ဝမ်လင်းကို ခပ်သွက်သွက် ပြောသည်။
“ငါတို့ ကလေးဘဝတုန်းက ကောင်းကင်ကို ကြည့်ခဲ့တဲ့အရာ အတိအကျကို ငါ မြင်ပြီ။ ငါ အဲ့တာကို တကယ်ပဲ မြင်ရပြီ။ ကောင်းကင်အောက်မှာ နင်နဲ့ ငါဟာ…”
“ငါ မြင်တယ်။ ငါတို့ဟာ ကျင့်ကြံသူတွေပဲ…။ ငါ…ငါ…” လျှိုမေ၏ စကားက ရုတ်တရက် ရပ်သွားသည်။ သူမ၏မျက်လုံးထဲမှ မျက်ရည်များ ကျလာသည်။ သူမက သူမ၏စိတ်နှလုံးကို နာကျင်ကိုက်ခဲစေသော မြင်ကွင်းကို တွေ့မြင်ရသည်။
“ငါ…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…” လျှိုမေ၏ မျက်လုံးထံမှ မျက်ရည်များ ပိုကျလာသည်။
ဝမ်လင်းက လျှိုမေကို လှမ်းဖက်ကာ သူတို့ လက်ထပ်ပြီးနောက် ပထမဆုံးစကားဆိုလာသည်။ “ဒါတွေအားလုံးက အတိတ်မှာပဲ…”
သူ၏အသံက ရှတတ ဖြစ်နေသော်လည်း နူးညံ့သည်။
ထိုညတွင် ဝမ်ပိုင်သည် သူ့ရာထူးကနေ နှုတ်ထွက်၍ သူ့ဇနီးနှင့်အတူ ပြန်လာခဲ့၏။ ထိုမှသာ သူက သူ့အိမ်ကို ပြန်လာနိုင်မည် ဖြစ်ပြီး သူ့မိဘများနှင့် ရှိနိုင်ပေမည်။ အခန်းထဲ၌ သူ့မိဘတို့သည် ပြုံး၍ အိပ်ပျော်နေသည်ကို သူ တွေ့မြင်သည်။ သူတို့က ကွယ်လွန်သွားကြလေပြီ။
သူသည် မိဘနှစ်ပါးရှေ့တွင် အချိန်အတန်ကြာ ရပ်နေ၏။ ထို့နောက် သူ့မျက်နှာထက်သို့ မျက်ရည်များ စီးကျလာသည်။ သူ့မိဘနှစ်ပါး၏ မျက်နှာနှင့် သူ့ကလေးဘဝ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။
သူက သူ့မိဘနှစ်ပါးကို မြှုပ်နှံ့ပေးခဲ့သည်။ ဝမ်ပိုင်နှင့်ချင်းရီတို့က နှစ်များစွာ ကုန်လွန်ကာ အသက်အရွယ်ကြီးပျင်း၍ ရိုးမြေကျသည့်အထိ သည်ရွာရှိ အိမ်ဟောင်းလေးတွင် နေထိုင်သွားကြတော့သည်။
လှိုဏ်ဂူလောကတွင် ဆယ့်သုံးက မျက်လုံးမှိတ်ကာ ထိုင်နေသော ဝမ်လင်းနှင့်မူပင်းမေတို့ကို စောင့်ကြပ်နေ၏။ သူတို့၏ကြားတွင် ပုတီးစေ့တစ်ခု လှည့်ပတ်နေသည်။ ထိုပုတီးစေ့က အလင်းတစ်ခုကို ပေးစွမ်းကာ ဝမ်လင်းနှင့်မူပင်းမေတို့ကြား ချိတ်ဆက်သွားပုံ ရသည်။
ယနေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက သူ့ဘေးရှိ အမျိုးသမီးကို အချိန်အတန်ကြာ ကြည့်နေသည်။
ထိုအမျိုးသမီး၏မျက်လုံးတို့မှာ တုန်ယင်လျက် မျက်ရည်များ ကျသည်။ သူမက မျက်လုံးဖွင့်ကာ ဝမ်လင်းကို ကြည့်သည်။ သူတို့၏အကြည့်က အိပ်မက်တာအိုထဲမှာတုန်းကကဲ့သို့ အကြည့်မျိုးပင်။ ထိုအကြည့်က ထာဝရ ကြာမြင့်လေမည်။
“ပြီးသွားပါပြီ…” မူပင်းမေက ခပ်တိုးတိုး ဆိုသည်။
“ပြီးသွားပါပြီ။ နင် မျက်လုံးမှိတ်လိုက်တယ်။ နင် မျက်လုံးပြန်ဖွင့်တဲ့အခါ အရာအားလုံးဟာ အသစ်က စတော့မှာ…” ဝမ်လင်းက ခပ်တိုးတိုး ဆိုသည်။ သူက သူ့ရှေ့ရှိအမျိုးသမီးသည် သူ့အပေါ်၌ အလွန်ရှုပ်ထွေးသော ခံစားချက်ရှိမှန်းကို သိသည်။ သို့ပေမည့် ထိုခံစားချက်များက မည်မျှပင် ရှုပ်ထွေးနေပါစေ သူမက ယင်းတို့ကို လက်မလွှတ်နိုင်ခဲ့ပေ။
မူပင်းမေက ဝမ်လင်းကို စိုက်ကြည့်၏။ သူမက ဝမ်လင်း ဆိုလိုသည်ကို မသိပေ။ သို့သော် သူမက နာနာခံခံ မျက်လုံး မှိတ်၏။ သည်အခါ သူမ၏မျက်ရည်များ ကျဆင်းနေခြင်း ရပ်တန့်သွားသည်။
“နင် မျက်လုံး ပြန်ဖွင့်လိုက်ပါ…” ရင်းနှီးသောအသံက သူမရှေ့မှ ထွက်ပေါ်လာသည်။
သူမက မျက်လုံး ပြန်ဖွင့်သည့်အခါ သူမက ၎င်းကို တွေ့မြင်သည်။