အမှန်တရားက ဘာလဲ
Vol. 154 Ch. 2133
မူပင်းမေ ထွက်ခွာသွား၏။
သူမက လှိုဏ်ဂူထဲကနေ ထွက်သွား၏။ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွား၏။ သို့သော် သူမသည် တကိုယ်တည်း ထွက်သွားခြင်း မဟုတ်။ သူမဘေးတွင် အမျိုးသားတစ်ယောက် ပါသည်။ သူက အဖြူရောင်ဝတ်စုံဖြင့်၊ ဆံပင်ဖြူများဖြင့်ပင်။ သူ့ရုပ်သွင်က သာမန်သာ။ သို့သော် သူ့ထံမှ လူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေသော အသွင်ဟန်ပန်ကို ပေးစွမ်းနေသည်။ သူက မူပင်းမေ၏ လက်ကို အိပ်မက်ထဲကလိုပင် ဆွဲကိုင်ထားကာ မလွှတ်ပေးတော့ပါ။
သူက မူပင်းမေ၏ စကားများကို ခပ်ရေးရေး ကြား၏။
“နင်…နင်က ကိုယ်ပွားလား။ ဒါမှမဟုတ် နင့်ရဲ့ မူလခန္ဓာကိုယ်လား…”
ဝမ်လင်းက မူပင်းမေကို ကြည့်ကာ နူးညံ့စွာ ဆိုသည်။ “ငါဟာ ဝမ်လင်းပဲ။ နင့်ဘေးမှာ ရှိနေမယ့်သူ…”
မူပင်းမေက ဝမ်လင်းကို ကြည့်ကာ ပြုံးလာ၏။ သည်အပြုံးက အလွန်လှ၏။ အလွန်ပျော်ရွှင်နေသော အပြုံးတည်း။
သူတို့သည် ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်လာကာ မည်သည့်နေရာသို့ သွားရောက်သည်ကိုမူ မသိရတော့ပေ။
သူတို့က အလင်းတန်းအဖြစ်သို့ ပြောင်းကာ အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားသည်။ အဝေးရှိ တနေရာကနေ သူတို့သည် သူတို့ကို ပြုံး၍ ကြည့်နေသော ဝမ်လင်းကိုမူ မမြင်နိုင်ကြပါ။
ကိုယ်ပွားလား။ မူလခန္ဓာကိုယ်လား။ သည်အဖြေကို ဝမ်လင်းတစ်ယောက်သာ သိပေမည်။
ထွက်သွားသော သူက ဝမ်လင်း၏ကိုယ်ပွား၊ စောင့်ကြည့်နေသူက သူ၏မူလခန္ဓာကိုယ် ဖြစ်နိုင်သည်။ သို့မဟုတ် သည်လိုဆန့်ကျင်ဘက်လည်း ဖြစ်နိုင်သည်ပင်။
အဖြေမရှိပေ။
ဆယ့်သုံးလည်း ထွက်လာ၏။ သူက ဝမ်လင်း၏ခြေရာတိုင်း သူ့တဘဝလုံးနီးပါး လိုက်ခဲ့ရ၏။ အခု ဝမ်လင်းက သူကို တကိုယ်တည်း ပျံသန်းခိုင်းခဲ့သည်။ ငှက်တစ်ကောင် အရွယ်ရောက်လာသည့်အခါ သူတို့က တကိုယ်တည်း လေပြင်းနှင့်မိုးဒဏ်တို့ကို ရင်ဆိုင်ရမည် မဟုတ်လား။
သူတို့အားလုံး ထွက်သွား၏။ ဝမ်လင်း တစ်ယောက်သာ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျန်ခဲ့သည်။ သူသည် လျှိုမေနှင့် အိပ်မက်ထဲသို့ မဝင်ရောက်မိ သူ့မိဘများကို သွားတွေ့ခဲ့၏။ အခု သူက သူနှင့်လီမူဝမ်တို့ အတူတူ ရှိခဲ့၊နေထိုင်ခဲ့ဖူးသော မူလအိမ်သို့ သွားရောက်လေမည်။
ထိုတောင်ကြားမှာ အချိန်ကာလကြောင့် ပျောက်ရှခဲ့ပေပြီ။ သို့သော် ဝမ်လင်းက ၎င်းကို ပြန် တည်ဆောက်ယူဆောင်ထားသည်။
တောင်ကြားထဲ၌ ဝမ်လင်းက ထိုင်နေ၏။ လီမူဝမ်က အဖော်ပြုပေးနေသည်။ သူက လီမူဝမ်ကို ဆုပ်ကိုင်ထားကာ သူတို့သည် အတူတူ ပြန်လည်မွေးဖွားခြင်းများကို ရေတွက်မည်။
သည်အထီးကျန်မှုအတွင်း သူက သူ့ကိုယ်သူ အတွင်းစိတ်ပိုင်း ငြိမ်းအေးမှု၌ နစ်မြုပ်ထားပြီး နွေးထွေးမှုကို တွေ့ကြုံခံစားသည်။
တနှစ်ပြီးတနှစ် အချိန်ကုန်လာသည်။ နွေဦးတွင် ဝမ်လင်းက သစ်ပင်ပန်းမန်များကို စိုက်ပျိုးထား၏။ သူက ထိုပန်းများ ပွင့်လာသည်ကို စောင့်ကြည့်သည်။
ဝမ်လင်းသည် လီမူဝမ်နှင့်အတူ အဖော်ပြုကာ ဆက်၍ နေထိုင်နေသည်။ ကုချင်းသံက သူ့နားထဲတွင် ကြားယောင်သည်။ သူက ဟိုးလွန်ခဲ့သော အတိတ်က နှစ်ပေါင်းထောင်ချီသို့ ပြန်ရောက်သွားသည့်အလား။
ဆယ်နှစ်၊ ဆယ်နှစ်၊ ဆယ်နှစ်…။ ဝမ်လင်းက သည်တောင်ကြား၌ နေနေသည်မှာ နှစ်ခုနစ်ဆယ် ရှိလာခဲ့ပြီ။ သူက လီမူဝမ်ကို အဖော်ပြုပေးသည်။ သည်နေရာတွင် သူက အရာအားလုံးကို မေ့နေသည်။ သူက သူ့ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ကိုလည်း မတွေးတော့၊ အနှစ်သာရများကိုလည်း မဆင်ခြင်တော့၊ အရာအားလုံးကို မေ့ထား၏။ သူ့အမြင်၌ လီမူဝမ်သာ ရှိ၏။ သူ့စိတ်ထဲ၌လည်း ထိုပုံရိပ်သာ ရှိသည်။ သူ့နားထဲတွင်လည်း အတိတ်တုန်းက သူမ၏ ကုချင်းသံသာ ကြားယောင်သည်။
ဝမ်လင်း လှိုဏ်ဂူလောကသို့ ပြန်ရောက်လာပြီး နှစ်ပေါင်းနှစ်ရာ ရှိလာချိန်တွင် ဝမ်လင်း၏ တောင်ကြားထံ ဧည့်သည်တစ်ယောက် ရောက်လာသည်။ ထိုသူမှာ ဦးခေါင်းပြောင်လူတစ်ယောက် ဖြစ်၏။ သူသည် အတိတ်တုန်းကပုံစံနှင့် အတူတူသာ ဖြစ်ပြီး လုံးဝ ပြောင်းလဲမှု မရှိပေ။
သူက လောကထံမှ ပေါ်လာကာ အချိန်အတန်ကြာ တောင်ကြားအပြင်ဘက်တွင် ရပ်နေသည်။ သူသည် တောင်ကြားထဲရှိ ပန်းပင်လယ်ကို စောင့်ကြည့်သည်။ သူသည် ပန်းပင်လယ်ကြားရှိ အိမ်ငယ်လေးကို ကြည့်သည်။ ထိုအိမ်ငယ်လေး ရှေ့တွင် အထီးကျန်ပုံရိပ်တစ်ခု ထိုင်နေသည်ကို ကြည့်သည်။
ထိုသူက သက်ပြင်းချကာ အတိတ်ကို အောက်မေ့ဟန် လှစ်ဟပေါ်သည်။
သူက လက်ထဲ၌ အရက်အိုးတအိုး ကိုင်ထား၏။ သက်ပြင်းချကာ သူသည် တောင်ကြားထဲ ဝင်လာသည်။ ပန်းပင်လယ်ကို ဖြတ်လာပြီး ဝမ်လင်းဘေးသို့ ရောက်လာသည်။ သူက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ချသည်။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက သူ့ရှေ့မှ ထိုဦးခေါင်းပြောင်လူကို ကြည့်၏။ သူက တဖြည်းဖြည်း ပြုံးလာသည်။
“မင်း ရောက်လာပြီပဲ…”
ထိုသူက တိတ်တဆိတ် ခေါင်းညိတ်သည်။
“ငါ ဘယ်မေ့ရမလဲ…” တအောင့်အကြာတွင် ထိုသူက အရက်အိုးကို ထုတ်ယူကာ ဝမ်လင်းထံ ကမ်းပေးသည်။ သူက နောက်တအိုး ထပ်ထုတ်၏။ သူလည်း တကျိုက်မော့ချ၏။ အရက်များက သူ့ပါးစပ်တလျှောက် စီးကျသွားကာ သူ့ဝတ်စုံပေါ်သို့ စိုစွတ်သည်။
“ငါ လုံးဝ မမေ့ချင်ဘူး။ ဒါက ငါ မေ့နိုင်တဲ့ အရာတွေလည်း မဟုတ်ဘူး…”
ဝမ်လင်းက အရက်အိုးကို လှမ်းယူကာ တငုံသောက်သည်။
“မင်းက မင်းကိုယ်မင်း နှိပ်စက်နေတာပဲ…” ဦးခေါင်းပြောင်နှင့်လူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
“နှိပ်စက်တာလား…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ သူက အရက်သောက်ကာ စကားဆက်၍ မဆိုပေ။
ထိုသူက ခေါင်းယမ်း၍ ခပ်တိုးတိုး ပြော၏။ “ဒါကို မေ့လိုက်တော့။ မင်း အောင်မြင်မှာ မဟုတ်ဘူး။ မင်းသာ ဒီလိုဆက်လုပ်နေရင် မင်းလည်း ပင်ပန်းမယ်။ ဝမ်အာလည်း ပင်ပန်းလိမ့်မယ်…”
ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောသည်။ “ငါ မင်းကို မိုချီလို့ ခေါ်သင့်လား။ ဒါမှမဟုတ် တခြားနာမည် ခေါ်သင့်လား…”
ထိုဦးခေါင်းပြောင်နှင့်လူမှာ အတိတ်တုန်းက မိုးရွာသွန်းသောညတည၌ နှလုံးသားအသေဟာ မေ့နှင့်ခဲ့ပြီး ဖြစ်သည်ဟု ဝမ်လင်းကို ပြောခဲ့သောသူပင်။
“ဝမ်လင်း…မင်းလည်း အဖြေအားလုံးကို ခန့်မှန်းမိပြီးလောက်ပါပြီ။ ငါ မင်းကို ပြောနိုင်တာက…မင်း…”
“မပြောနဲ့။ ငါ့ကိုယ်တိုင် ကိစ္စတချို့ကို စဉ်းစားခွင့်ပေးအုံး…” ဝမ်လင်းက ခေါင်းယမ်း၏။ သူက အရက်အိုးကို ယူကာ အားပါးတရ မော့သည်။
“ငါနဲ့အတူ သောက်ပါအုံး။ ငါတို့ မတွေ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ…”
ဝမ်လင်းက ပြုံး၍ မိုချီကို ကြည့်၏။
ဦးခေါင်းပြောင်နှင့်လူက ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက ဝမ်လင်းနှင့်အတူ ညအထိ သောက်နေပြီး အာရုံတက်ချိန်ပင် ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်က စကားတခွန်းမှ ထပ်၍ မဆိုကြသေးပေ။
နေမင်းသည် မိုးကုပ်စက်ဝန်းစွန်းတွင် ထပ်မံ ပေါ်လာချိန်တွင် မိုချီက ထရပ်၏။ သူက ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချသည်။
“ငါ ထွက်သွားတော့မယ်။ မင်း အောင်မြင်ဖို့ ငါ မျှော်လင့်တယ်…” သူက ဝမ်လင်းကို ဆက်၍ အကြံမပေးတော့ဘဲ လှည့်ထွက်လာသည်။ သူ တောင်ကြားအပြင်သို့ လှမ်းထွက်မည့်အချိန်တွင် ရပ်၏။ သို့သော် နောက်သို့ ပြန်လှည့်မကြည့်ပေ။ သူက ဝမ်လင်းကို နောက်ကျောခိုင်းထားလျက် ပြောလာသည်။
“ဆရာက မင်း ဖိဆန်မြေကမ္ဘာနယ်မြေရဲ့ နယ်နိမိတ်သံလိုက်အိမ်မြှောက်ရှိ ဘယ်အချိန် ပြန်လာမလဲလို့ မေးခိုင်းလိုက်တယ်…” မိုချီ၏အသံက တောင်ကြားထဲတွင် ပဲ့တင်ထပ်သည်။ ထိုသို့ ဆိုပြီးနောက် သူသည် တောင်ကြားထဲမှ လှမ်းထွက်ကာ ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် နေရာတွင် ထိုင်ကာ အရက်ဆက်သောက်နေ၏။ သူက မိုချီ၏ စကားများနှင့် ပတ်သတ်၍ စကားတခွန်းမှ မဆိုခဲ့ပေ။
သူက တချို့အရာများကို နားလည်သဘောပေါက်ခဲ့တာ ကြာခဲ့ပြီ ဖြစ်၏။ သို့သော် သူက သူကိုယ်တိုင်ပင်ဖြစ်ကြောင်း၊ သူ၏အမည်မှာ ဝမ်လင်းဖြစ်ကြောင်းကို သိသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် မွေးဖွားခဲ့ကာ လက်သမားတစ်ယောက်၏ သားဖြစ်ခဲ့၏။ သူက တောင်ခြေရွာငယ်လေးတွင် ကြီးပျင်းခဲ့သည်။
တလှမ်းခြင်း၊ တလှမ်းခြင်းဖြင့် သူက ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကာ ခုလက်ရှိ အဆင့်သို့ ရောက်လာခဲ့တာ ဖြစ်သည်။
လီမူဝမ်ကို ပြန်အသက်သွင်းဖို့က သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်၏။ တခြားအရာတစ်ခုခု၏ လွှမ်းမိုးမှုကြောင့် သို့မဟုတ် တခြားပြန်လည်မွေးဖွားခြင်းထံမှ ကြားဝင်နှောက်ယှက်မှုကြောင့် မဟုတ်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်၏။
“ငါဟာ ငါပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်း လုံးဝ မရှိတော့ပေ။ သူ့မျက်လုံးတို့မှာ လုံးဝ ကြည်လင်နေ၏။
“မိုချီ၊ ဒါမှမဟုတ် အနီရောင်လိပ်ပြာဖြစ်ဖြစ်၊ မိုချီရဲ့ဆရာနဲ့ ရှေ့ဖြစ်ဟောသူပဲ ဖြစ်ဖြစ်…သူတို့ဟာ ဒီလောက၊လိုဏ်ဂူလောက၊ ကောင်းကင်ဘုံနယ်မြေဟာ ငါ့အိပ်မက်တာအိုကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပြီး တကယ်အစစ်အမှန် မဟုတ်ဘူးလို့ ထင်ကြတယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်သည်။ သူက သည်ကိစ္စများကို နားလည်ခဲ့တာ ကြာခဲ့ပြီ ဖြစ်၏။
“ဒါပေမဲ့လည်း ဒါက တကယ်ပဲ အစစ်အမှန် မဟုတ်ဘူးလား…” ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။ သူက ထရပ်ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူ့မျက်လုံးတို့မှာ တောက်ပနေသည်။
“ရှေ့ဖြစ်ဟောသူ..ငါက သင့်ရဲ့ မူလဇစ်မြစ်ကို တကယ်ပဲ မသိဘူးလို့ သင် ထင်နေတာလား…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေသည်။ သူက ကောင်းကင်ထက်သို့ ကြည့်သည်။ သူသည် ကောင်းကင်ကို ကျော်လွန်၍ မြင်သည်။ ကောင်းကင်ဘုံနယ်မြေကို ကျော်လွန်၍ မြင်သည်။ အမှောင်ထုကို ကျော်လွန်ကာ ဆံပင်ရှည်များနှင့် ဝတ်ရုံနက်ဝတ်ထားသော ပုံရိပ်ကို မြင်သည်။ အဝေးမှပင် ထွက်ပေါ်နေသော ဖျက်စီးခြင်းနှင့်သတ်ဖြတ်ခြင်းအော်ရာတစ်ခုကို မြင်သည်။
ထိုပုံရိပ်၏ ခရီးပန်းတိုင်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ဖြစ်၏။
“ရှေ့ဖြစ်ဟောသူ…အရာအားလုံးအတွက် အဖြေဟာ သင် ပြောခဲ့သလို ထာဝရနတ်ဘုရားမှာရှိတဲ့ အမှန်တရား မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က သင့်ကို အမှန်တရားကို ပြောလိုက်မယ်။ တကယ့်အမှန်တရားကို ဘာလဲဆိုတာကို သိခွင့်ပေးမယ်…”
ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ဦးခေါင်းခွံတစ်ခု ပေါ်လာသည်။
ထိုဦးခေါင်းခွံမှာ ကျိချောင်သားရဲ၏ ဦးခေါင်းပင်။ ယင်းဦးခေါင်းက လင်းလက်ကာ ၎င်းပေါ်တွင် စာသားငယ်အချို့ ပေါ်လာ၏။ သို့သော် ၎င်းတို့မှာ မကြာခင် ပျောက်ကွယ်သွားသည်။
“သင်တို့အားလုံး မှားနေကြတယ်…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်၏။ သူက ပြုံး၍ သစ်သားအိမ်လေးထဲ ပြန်ဝင်လာသည်။ သူက အိမ်ထဲ၌ အိပ်ပျော်နေသော လီမူဝမ်ကို ကြည့်ကာ သူမ၏ဘေးတွင် ထိုင်သည်။ သူ့အကြည့်က နူးညံ့နေ၏။
“ဝမ်အာ…ငါ နင့်ကို နိုးထစေတော့မှာပါ။ ငါ အစစ်အမှန်လမ်းကြောင်းကို ရှာတွေ့ခဲ့တာကြောင့်ပဲ။ ပြီးတော့ ငါဟာ ရှေးရှီဘုံကျောင်းမှာထဲက ပြင်ဆင်မှုတွေ စတင်ပြုလုပ်ထားခဲ့တယ်…”
ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုအရိပ်အယောင် ရှိသည်။ သူ တွေးမိသော ထိုနည်းလမ်းမှာ အမှန်ပင် ရူးသွပ်ဖွယ်ကောင်းသည်။
အချိန်ကုန်လွန်လာ၏။ ရာသီများ ပြောင်းလဲသည်။ ဝမ်လင်းက တောင်ကြားထဲ၌ လီမူဝမ်ကို အဖော်ပြုကာ သည်နှစ်များတွင် ရှိနေသည်။ သည်လို ငြိမ်သက်အေးချမ်းသော ဘဝက ဝမ်လင်းအဖို့ ရှားပါးသည်။
သူက လီမူဝမ်နှင့် အတူတူ ရှိနေစဉ် သူက သူ့မှတ်ဉာဏ်များအကြောင်းကို ပြောပြနေပြီး သူ့ကိုယ်ပိုင်ကမ္ဘာတွင် နစ်မြောနေသည်။
ထိုနှစ်များတွင် ဆယ့်သုံးသည် အကြိမ်အနည်းငယ် ပြန်ရောက်လာ၏။ အကြိမ်တိုင်းတွင် သူက ဝမ်လင်းနှင့် လအချို့ အဖော်ပြုနေပေးပြီးနောက် သူ့ကိုယ်ပိုင်ဘဝနှင့်ကျင့်ကြံခြင်းအတွက် ပြန်ထွက်ခွာသည်။
ရှုလီကောနှင့် လျှိုကျင်းပြောင်တို့သည် ကျုံးသဟုန်ကို အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်။ သူတို့သုံးယောက်က အတူတူ လုပ်ဆောင်ကြ၏။ လှိုဏ်ဂူလောကတွင် သူတို့ ဆန္ဒရှိတာ လုပ်နိုင်သဖြင့် သူတို့သည် အတော်လေး ပျော်မြူးနေသည်။
သူတို့၏ခန္ဓာကိုယ်များက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် မွေးဖွားခဲ့ကြသဖြင့် သူတို့က ဝမ်လင်း၏စွမ်းအားကို ငှားယမ်းကာ ဂိတ်တံခါးကို ဖြတ်၍ ဆန္ဒရှိသလို ဝင်နိုင်ထွက်နိုင်ကြသည်။ ခုလက်ရှိ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် ကျုံးသဟုန်မှာလည်း ထိုသို့ လုပ်နိုင်သည်။ လှိုဏ်ဂူလောကတွင် မွှေနှောက်ပြီးနောက် သူတို့သုံးယောက်က ပင်လယ်နဂါးကို ခေါ်ကာ ထွက်လာခဲ့သည်။ ထို့နောက် သူတို့က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင်လည်း သူတို့၏ သမိုင်းတွင်မည့် အတွေ့အကြုံတို့ကို စတင်လေသည်။
သို့သော် သူတို့ ထွက်မသွားခင် ရှုလီကောတို့သုံးယောက်အုပ်စုက ဝမ်လင်းထံ လာရောက်ကာ အမှုထမ်းပြီး သူ့ကို ဖားယားခဲ့ကြသေးသည်။ နောက်ဆုံးတွင်တော့ ဝမ်လင်းက ထိုသုံးယောက်ကြောင့် ရယ်မိလေ၏။ သူက သူ့အော်ရာကို ထိုသုံးယောက် ဘေးကင်းစေဖို့ သူတို့ပေါ်၌ ခပ်နှိပ်ပေးလိုက်သည်။ ထိုသုံးယောက်က စိတ်လှုပ်တရှားဖြင့် ထွက်သွားကြတော့သည်။
ဝမ်လင်း၏အော်ရာ၊ ပင်လယ်နဂါး၏ တိုက်ပွဲဝင်စွမ်းအားတို့ဖြင့် သူတို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်၌ လူတိုင်းကို လှည့်စားနိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။
ရှုလီကောနှင့်ကျန်နှစ်ယောက် ထွက်သွားပြီးနောက် နှစ်ပေါင်းခြောက်ဆယ်မြောက်တွင် ဝမ်လင်းက လီမူဝမ်ကို တောင်ကြားထဲကနေ ခေါ်ယူကာ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်လာသည်။ သူတို့နှစ်ယောက်က လှိုဏ်ဂူလောကကနေ ထွက်ခွာကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံ ဦးတည်သည်။
သူ မထွက်သွားခင် သူ့နတ်ဘုရားအာရုံဖြင့် ကောင်းကင်ဘုံနယ်မြေကို တွေ့သည်။ သူက သူ ချန်ထားခဲ့သော တာအိုကို သင်ယူနေသူများကို မြင်၏။ သူက ဆယ့်သုံးနှင့် သူ့မိတ်ဆွေတော်တော်များများကို မြင်သည်။
သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်၏။ သူက လှိုဏ်ဂူလောကထံ နောက်ဆုံးအနေဖြင့် တချက် ကြည့်သည်။
ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟဖို့ သုံးလကျော်သာ လိုတော့ပေ၏။ ထိုနေရာမှာ ဝမ်လင်း၏ နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မည်။
“ငါ ထာဝရနတ်ဘုရားနယ်မြေကနေ ထွက်လာတဲ့အခါကျရင် ဝမ်အာ…နင်နဲ့ငါ အတူရှိနိုင်ပြီ…”
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ သူက လှိုဏ်ဂူလောက၏ ဂိတ်တံခါးထံ ခြေလှမ်းကာ ပျောက်ကွယ်သွားသည်။