တုန်လှုပ်ဖွယ် ပြောင်းလဲမှု
Vol. 154 Ch. 2135
ကောင်းကင်ဘုံကလန်တွင် ကလန်များစွာဖြင့် ဖွဲ့စည်းထားသော စစ်တပ်များသည် အသုံးပြုခဲသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ သည်ကျယ်ပြောသော ချိုင့်ဝှမ်းထံ ရောက်လာသည်။
ရှေးကလန်တွင်လည်း ရှေးအင်ပါယာသုံးယောက် ဦးဆောင်သော မရေမတွက်နိုင်သော တပ်သားများက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ဖြတ်၍ ရောက်လာသည်။
ထိုစစ်ပွဲ စတင်မည်လော၊ မစတင်မည်လောကိုမူ မည်သူမျှ မသိကြပေ။ ၎င်းက မည်သည့်ဘက်ခြမ်းက မဟာအင်ပါယာအသစ် ရှိလာမည် သို့မဟုတ် ရှိနှင့်ပြီးသား မဟာအင်ပါယာတွေထဲမှ မည်သူက ပိုမြင့်သော အဆင့်သို့ ရောက်ရှိမည် အပေါ် မူတည်သည်။
ဤသည်မှာ စစ်ပွဲတစ်ခု စတင်မည့် အခြေအနေ သော့ချက်များ ဖြစ်၏။
မျှခြေကို ထိန်းသိမ်းထားနိုင်ပါက အဆင်ပြေလိမ့်မည်။ သို့သော် မျှခြေ ကျိုးပျက်သွားပါက ထိုစစ်ပွဲသည် မမျှမတ ဖြစ်သွားလိမ့်မည်။
ထာဝရနတ်ဘုရားနယ်မြေသည် မည်သည့်အချိန်က တည်ရှိမှုမျိုးမှန်း မည်သူကမျှ မသိကြပေ။ ၎င်းနယ်မြေက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထက်ပင် ပို၍ သက်တမ်းရင့်နိုင်၏။ လေဟာနယ်အတွင်းမှ မွေးဖွားခဲ့သော ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့ပင် ထာဝရနတ်ဘုရားနယ်မြေနှင့် ပတ်သတ်၍ များများစားစား မသိခဲ့ကြပေ။
ဝမ်လင်းသည် ပင်လယ်မုန်တိုင်း၏ တဖက်တွင် ထိုင်ကာ တိုင်လုံးကြီးများကြောင့် ဖြစ်ပေါ်နေသော ဂိတ်တံခါးကို ကြည့်နေ၏။ ထိုတံခါးက တင်းတင်းကြပ်ကြပ် ပိတ်နေပြီး မကြာမီ ပွင့်ဟလာတော့မည်ဟု ထင်ရသည်။
ဝမ်လင်းက အလျင်မလိုပေ။ သူသည် နှစ်ပေါင်းထောင်ချီ စောင့်ခဲ့ပြီး ဖြစ်၍ သည်လအနည်းငယ် ထပ်စောင့်ရမည်ကို ပူပန်မနေပါ။
သို့သော် သူ့စိတ်ထဲ၌ မေးခွန်းတစ်ခု ရှိနေ၏။
“ထာဝရနတ်ဘုရားနယ်မြေဟာ ငါသာ ရှေးရှီဘုံးကျောင်းထဲမှာ ရူးသွပ်ဖွယ်အစီအစဉ်ကို အစမပျိုးခဲ့ရင် ဘယ်လိုဖြစ်မလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် ထိုကိစ္စကို စဉ်းစားနေခဲ့တာ ကြာပြီ ဖြစ်၏။ သို့သော် ထိုမေးခွန်းအတွက် သူ့ထံ၌ အဖြေမရှိပေ။
ဝမ်လင်းက ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာမည်ကို စောင့်နေ၏။ အခု ၎င်း ပွင့်ဟဖို့မှာ တစ်လသာ လိုတော့သည်။ သည်အချိန်၌ အကွာအဝေးတစ်ခုရှိ ရှေးကလန်ဘက်မှ အလင်းတန်းသုံးခု ထွက်ပေါ်လာ၏။ ယင်းတို့မှာ ရှေးကလန်၏ မဟာအင်ပါယာသုံးယောက်ပင်။
စုန့်ထျန်၊ ရွှမ်လောနှင့် ရှေးဂျီမှ ဆန်းကြယ်သော မဟာအင်ပါယာ။
ထိုအလင်းတန်းသုံးခုက သည်နေရာသို့ ချက်ခြင်း နီးကပ်လာပြီး ဝမ်လင်းရှေ့တွင် ပုံရိပ်သုံးခုအဖြစ်သို့ ပြောင်း၏။ စုန့်ထျန်က ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ လေးစားလွန်းဖြင့် ဆိုလာ၏။
“စုန့်ထျန်က အရှင်ဝမ်ကို နှုတ်ဆက်ပါတယ်…”
ရှေးဂျီ၏ မဟာအင်ပါယာမှာလည်း ဝမ်လင်းထံ တလေးတစား လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာတည်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ဆုံးသူမှာ ကူးတောက်မဟုတ်တော့ဘဲ အခု သူတို့ရှေ့ရှိ ဝမ်လင်းဆိုသူမှန်း သိနှင့်ခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သော နှစ်သုံးရာက တိုက်ပွဲကို တွေ့မြင်ခဲ့ရပြီးနောက် သူတို့က မဟာအင်ပါယာကူးတောက်ကို ကိုယ်တိုင်ကိုယ်ကျ သွားမေးခဲ့ကြသည်။ သူတို့က သူတို့ တွေ့မြင်ခဲ့ရသော အခြင်းအရာနှင့် အဖြေအတူတူကိုသာ ရခဲ့၏။
ရွှမ်လောက အရင်ထက် အိုစာသွား၏။ သို့သော် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။ သူက သူ့တပည့်ဟောင်း ဖြစ်ခဲ့သူကို ကြည့်နေ၏။ သူ၏တပည့်ဖြစ်ဖူးသူက အခုအဆင့်ထိ ရောက်လာသည့်အပေါ် သူက ပျော်ရွှင်မိသည်။
သူက စုန့်ထျန်တို့နှင့်အတူ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရန် ဟန်ပြင်၏။ တကယ်တော့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် သန်မာမှုက လေးစားခံရမည်သာ။
သို့သော် သူတို့ ရောက်လာသည်နှင့် ဝမ်လင်းက ထရပ်၏။ စုန့်ထျန်နှင့် ရှေးဂျီမဟာအင်ပါယာတို့သာ ရောက်လာခဲ့ပါက ဝမ်လင်းသည် ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ သို့သော် ရွှမ်လောကပါ သည်နေရာတွင် ရှိနေ၍ ဝမ်လင်းသည် ရွှမ်လောအရင် သူက ဦးအောင် အရိုအသေ ပေးလိုက်၏။
“ဝမ်လင်းက ဆရာ့ကို နှုတ်ဆက်ပါတယ်…”
စုန့်ထျန်နှင့် ရှေးဂျီမဟာအင်ပါယာတို့က ထိုသည်ကို မြင်သည့်အခါ တုန်လှုပ်မိ၏။ သူတို့သည် တပည့်က ဆရာကို သစ္စာဖောက်ခဲ့သော ဆက်ဆံရေးများစွာကို မြင်ခဲ့ဖူးသည်။ တပည့်က သန်မာလာသည့်အခါ သူတို့၏ ဆရာကို လေးစားမှု မထားကြတော့တာ များပေ၏။ တချို့က လေးစားမှု ထားသည်ဆိုလျှင်ပင် ဤသည်မှာ အပေါ်ယံသာ။
သို့ပေမည့် ဝမ်လင်း၏ ရွှမ်လောအပေါ် စိတ်ရင်းနှင့်လေးစားမှုကို သူတို့ ရှင်းလင်းစွာ ခံစားမိ၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ အစွမ်းထက်ဆုံးပုဂ္ဂိလ်ဖြစ်သော ဝမ်လင်းကို ရွှမ်လောက ဦးညွှတ်ရမှာ ပုံမှန်ပင် ဖြစ်၏။ သူတို့က သူတို့၏ ဆရာတပည့်ပတ်သတ်မှုကို အတိတ်တုန်းက ရှေးတောက်နန်းတော်တွင် ဖြတ်တောက်ပြီးသားလည်း ဖြစ်၏။
ဝမ်လင်းက သူ့ဆရာ၊ရွှမ်လောကို ကြည့်၏။ သူက သူ့ဆရာကို မည်သို့ အရိုအသေ ပေးခိုင်းနိုင်ပါ့မည်နည်း။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ဆုံးသူ ဖြစ်နေလျင်ပင်၊ အနာဂတ်တွင် သည့်ထက်ပိုသန်မာလာခဲ့လျှင်ပင် သူသည် ရွှမ်လော သူ့ကို အရိုအသေပေးတာကို လက်သင့်ခံမည် မဟုတ်ပေ။
ရွှမ်လောက တခုခု ပြောချင်ဟန်ဖြင့် ပါးစပ်ဟ၏။ သို့သော် သူက ပြုံး၍ စကားမဆိုတော့ဘဲ ဝမ်လင်းကိုသာ ခေါင်းညိတ်ပြလိုက်သည်။
ရွှမ်လောအပေါ် ဝမ်လင်း၏ လေးစားမှုကြောင့် စုန့်ထျန်နှင့်ရှေးဂျီမဟာအင်ပါယာတို့၏ ရွှမ်လောကို ဆက်ဆံပုံမှာ ကွဲပြားသွားတော့မည် ဖြစ်၏။
ကူးတောက်ကို အနိုင်ယူကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ဝမ်လင်း၏ ဆရာဟု ခေါ်ခံရခြင်းသည် အရာအားလုံးကို ပြောင်းလဲဖို့ လုံလောက်သည်။
ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟလာပြီး ဆယ့်ငါးရက်မြောက်နေ့တွင် ပင်လယ်မုန်တိုင်း၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်၏။ ထိုပင်လယ်မုန်တိုင်းသည် အဆများစွာ ချဲ့ကားလာကာ ကျယ်လောင်သော တုန်ဟည်းသံများက ပိုပြင်းထန်လာ၏။ ထိုအသံဖြင့်ပင် သေမျိုးများကို သတ်ပစ်ဖို့ လုံလောက်၏။ အားနည်းသော ကျင့်ကြံသူများပင် သည်အသံကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ။
ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာချိန်တိုင်း အားနည်းသောကျင့်ကြံသူများက ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေစဉ် ကိုးရောင်စုံအလင်းက ပင်လယ်မုန်တိုင်းကို ထွင်းဖောက်ကာ ကောင်းကင်ထက်သို့ ထိုးတက်ပြီး မြေပြင်ကို ခြုံလွှမ်း၏။ ကိုးရောင်စုံအလင်းသည် ဓားသွားကဲ့သို့ အော်ရာသို့ ပြောင်းကာ ပင်လယ်တခွင် ရိုက်ခတ်သည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေလျက်ပင်။
ရွှမ်လောက ပင်လယ်မုန်တိုင်းကို ကြည့်ကာ ဝမ်လင်းထံ ဖြည်းဖြည်းချင်း လှမ်းပြော၏။ “တခုခုတော့ မှားနေပြီ…”
“ထာဝရနတ်ဘုရားနယ်မြေ နောက်ဆုံးအကြိမ် ပွင့်ခဲ့တုန်းက ပွင့်ခါနီးစဦးပိုင်းချိန်မှာ အင်အားရိုက်ခတ်မှုက ဒီလောက် မပြင်းထန်ခဲ့ဘူး…” ရွှမ်လောက မျက်မှောင်ကြုတ်၏။
“ထာဝရနတ်ဘုရားနယ်မြေရဲ့ ဟိန်းအော်မြည်သံတွေဟာ အရင်ထက် ပိုကြာပြီး ပိုပြင်းထန်လိမ့်မ်။ ကြယ်နှစ်ဆယ့်ခုနစ်လုံးရှိပြီး စွမ်းအားသုံးခုနဲ့ အပြည့်အဝ ပေါင်းစည်းပြီးတဲ့ ကလန်ဝင်တွေတောင် ဒီဂိတ်တံခါးနား လာနိုင်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်းက ပင်လယ်မုန်တိုင်းကို ကြည့်၏။ သူသည် ရှေးကလန်၌ အချိန်ကြာကြာ နေထိုင်ခဲ့ဖူး၍ စွမ်းအားသုံးခုအပြည့်အဝ ပေါင်းစည်းကာ ကြယ်နှစ်ဆယ့်ခုနစ်လုံးအဆင့်သို့ ရောက်သော ကလန်ဝင်သည် ရွှေအဆင့်ထိပ်သီးနှင့် ယှဉ်နိုင်သည်ကို သိ၏။
အတိတ်တုန်းက ထာဝရနတ်ဘုရားနယ်မြေ ပွင့်ခဲ့ချိန်က နှစ်ဘက်လုံးသည် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူ အများအပြားကို ကံစမ်းရန် စေလွှတ်ခဲ့ကြ၏။
သို့သော် ထိုသူများက အရေးတော့ မပါပေ။ ပို၍ အရေးကြီးသည်မှာ ရွှေအဆင့်ထိပ်သီး၊ အင်ပါယာအတုများနှင့် အရေးကြီးဆုံးကတော့ ဩဇာအင်ပါယာများ ဖြစ်၏။
သို့ပေမည့် ခု ကျယ်လောင်စွာ မြည်ဟိန်းသံများက တပတ်စော၍ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ခုကစ၍ နောက်တပတ်တွင် မတော်တဆမှုတစ်ခု ဖြစ်လာနိုင်သည်ဟူ၍ပင်။ ရွှမ်လောက တခုခုကို ချီတုံချတုံ ဖြစ်နေ၏။
ဝမ်လင်းက ပင်လယ်မုန်တိုင်းထံမှ သူ့အကြည့်ကို ပြန်ရုတ်၏။ သူက နောက်သို့ လှည့်ကြည့်ရာ အကွာအဝေးတခုမှ ရှေးကလန်ဝင်များ အရှိန်အဟုန်နှင့် လာနေသည်ကို ခံစားမိသည်။ သူတို့၏ အမြန်နှုန်းအရ သူတို့သည် ဒီနေရာကို နောက်သုံးရက်ဆို ရောက်လာပေလိမ့်မည်။
တနေ့ကုန်လာ၏။ ဒုတိယမြောက်နေ့တွင် ဟိန်းမြည်သံများက ပိုပြင်းထန်လာသည်။ တတိယမြောက်နေ့တွင်လည်း သာ၍ ပြင်းထန်လာသည်။
သည်တုန်ဟည်းမြည်သံတို့က လောကကိုပါ မတည်မငြိမ် ဖြစ်လာစေ၏။ စုန့်ထျန်နှင့် ရှေးဂျီမဟာအင်ပါယာတို့သည် သုန်မှုန်ကာ ပူပန်လာ၏။
တတိယမြောက်နေ့၏ နေ့လယ်ပိုင်းတွင် သည်ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟဖို့ ဆယ့်နှစ်ရက်စောသည့် အချိန်၌ ဝမ်လင်း၏ တည်ငြိမ်သော အသံက စုန့်ထျန်နှင့် ကျန်သည့်သူများ၏ နားထဲသို့ ဒီကျယ်လောင်ဆူညံသော တုန်ဟည်းသံများကြားထဲကနေပင် ဝင်ရောက်လာ၏။
“ကောင်းကင်ဘုံကလန်ရဲ့ မဟာအင်ပါယာတွေ ရောက်လာပြီ…”
တအောင့်အကြာတွင် ပင်လယ်မုန်တိုင်း၏ တခြားတဖက်တွင် အလင်းတန်းသုံးခု ရောက်လာ၏။ သူတို့မှာ ကျိုးသဲ၊ ဝူဖန်နှင့် တောက်ရီတို့ပင်။ ကန်းနီကမူ မရောက်လာခဲ့ပေ။ သူမက ကောင်းကင်ဘုံကလန်တွင် နေနေရန်သာ ရွေးချယ်ခဲ့၏။
ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟခြင်း၏ စွဲဆောင်မှုက ကန်းနီအပေါ် များများစားစား မသက်ရောက်ပေ။
ကောင်းကင်ဘုံအင်ပါယာ ဖြစ်လာသော လျန်တောက်ဖေကလည်း မလာရန် ရွေးချယ်ခဲ့၏။
ကျိုးသဲနှင့် ကျန်နှစ်ယောက် ရောက်လာသည့်နောက် သူတို့က ယနေ့ ဟိန်းမြည်သံများသည် အတိတ်ကနှင့် ကွာခြားနေသည်ကို သတိပြုမိ၏။ သူတို့က ခဏတွေးကြည့်ပြီးနောက် သူတို့၏အမူအရာများ သုန်မှုန်ကုန်သည်။ ရွှမ်လောနှင့် တခြားသူများကဲ့သို့ပင် သူတို့သည်လည်း တခုခုမှားယွင်းနေသည်ဟု ခံစားမိ၏။
သူတို့သုံးယောက်က တယောက်နှင့်တယောက် ကြည့်မိ၏။ ထို့နောက် သူတို့က ပင်လယ်မုန်တိုင်းကို ဖြတ်၍ ရွှမ်လောနှင့်တခြားသူများကို လှမ်းမြင်သည်။ သူတို့က တည်ငြိမ်စွာ ရှိနေသော ဝမ်လင်းကိုလည်း မြင်၏။
“တောက်ရီက အရှင်ဝမ်ကို နှုတ်ဆက်ပါတယ်…” တောက်ရီက တလေးတစားဟန်ဖြင့် ချက်ခြင်း နှုတ်ဆက်၏။
“အရှင်ဝမ်ကို နှုတ်ဆက်ပါတယ်…” ဝူဖန်က တည်ငြိမ်နေ၏။ သည်နှစ်သုံးရာက သူ့ကို အမှန်တရားအား လက်သင့်ခံနိုင်စေခဲ့ပုံပင်။
ကျိုးသဲက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သက်ပြင်းချ၏။ သူလည်း ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၏။ သို့သော် သူက စကားတခွန်းမျှ မဆိုပေ။ ဝမ်လင်းက ခေါင်းညိတ်ကာ ဝူဖန်ကို ပြုံးပြသည်။
“မတွေ့ရတာ ကြာပြီ…”
“နှစ်ပေါင်းရာချီ ရှိခဲ့ပြီပဲ။ အရှင်ဝမ်ရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက်အဆင့်ထိ မြင့်မားလာလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိဘူး…”
ဝူဖန်က ဝမ်လင်း၏ အပြုအမူကို မြင်သည့်အခါ သူ့စိတ်ထဲ၌ အနည်းငယ် နွေးထွေးသွားမိ၏။
သူတို့နှစ်ယောက် စကားပြောဆိုနေစဉ် ရွှမ်လော၏ နောက်ရှိ ကောင်းကင်ထက်တွင် အလင်းတန်းရာချီ ပေါ်လာ၏။ ထိုအလင်းတန်းများက အလွန်လျင်မြန်စွာ ရွှေ့လျားလာ၏။ သူတို့က ထာဝရနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ဖို့ ရွေးချယ်ခံထားရသူများပင်။
တချိန်တည်းမှာ ကျိုးသဲ၏နောက်မှ ဧရာမတည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပေါ်လာကာ ပုံရိပ်ရာချီ လှမ်းထွက်လာ၏။ ဝမ်လင်းသည် ထိုသူတို့ထဲမှ အများစုကို အင်ပါယာစမ်းသပ်ကွင်းတွင် မြင်ဖူးသည်။
သူတို့ ပေါ်လာပြီး မကြာမီမှာပင် သူတို့၏ အော်ရာများက သည်နေရာကို မတည်မငြိမ် ဖြစ်စေလိုက်သည့်အလား ထင်ရ၏။ ပင်လယ်ထံမှ တုန်ဟည်းမြည်သံက ပို၍ ပြင်းထန်လာ၏။ လောကသည် တုန်ခါကာ ပျက်စီးဖို့ အသင့်ဖြစ်နေသည့်အလား ထင်ရ၏။ ဟင်းလင်းပြင်အက်ကြောင်းများပင် ဒီဧရိယာတွင် ပေါ်လိုက်ပျောက်လိုက် ရှိလာသည်။
ထိုမြင်ကွင်းက မဟာအင်ပါယာခြောက်ယောက်၏ အမူအရာကို ပြောင်းလဲသွားစေသည်။