ရန်သူနေရာသို့ ဝင်ရောက်ခြင်း
Vol. 14 Ch. 187
ချိန်စုယင်က မိုဝူကျီကို အားနာစွာ ပြောလိုက်လေသည်။
“ရှင့်ကို အမှတ်အသားပြား ရအောင် လုပ်မပေးနိုင်တာ ကျွန်မ စိတ်မကောင်းပါဘူး … ”
သို့သော် မိုဝူကျီက ရယ်မောလိုက်ကာ …
“တကယ်လို့ အခုသာ စီနီယာ အစ်မချိန်သာ မကူညီရင် ကျွန်တော်က ဒီအမှတ် ကျောက်စိမ်းပြားတောင် ရနိုင်မှာ မဟုတ်ပါဘူးဗျာ .. ဒါဆို လုံလောက်ပါပြီ။ စီနီယာ အစ်မကို ကျေးဇူး တင်ရမှာပါ … ”
ထိုသို့ကြားပြီး ချိန်စုယင်က အပြုံးချိုချိုလေး ပြုံးလိုက်မိသည်။ သူမက မိုဝူကျီနှင့် အချိန်အတော်ကြာ သိလာသည့် အတွက် သူ့ကို လူကောင်းမှန်း သိ၏။ သူမဆီက မိုဝူကျီ တစ်ယောက် ကားပျံယူဖို့ ကြိုးစားစဉ်က ကလေးဆန်ပုံလည်း ပေါ်သေးသည်။ မှတ်ထားရမည့် တစ်ချက်ကား သူ့ကို ဦးစွာ ရန်သွား မစမိဖို့ ဖြစ်သည်။
အင်ပါယာ ငါးခုထဲတွင် အလှပဆုံး မိန်းမပျိုလေး များထဲမှ တစ်ယောက် ဖြစ်သည့်အတွက် ချိန်စုယင်သည် သူမကိုယ်တိုင် သူမ၏ ပြိုင်ဘက်ကင်း အလှကို သတိထားမိ၏။ အမျိုးသား ကျင့်ကြံသူ အများစုက သူမနှင့် အချိန်အတူတူ ကုန်ဆုံးချင်ကြကာ သူမဆီမှ အမြင်ကောင်း ရဖို့ရာလည်း မကြာခဏ ကြိုးစားကြသည်။ သို့သော်လည်း မိုဝူကျီက သူမနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးခွင့် ရတာပင် သူက တံခါးပိတ် ကျင့်ကြံဖို့သာ ရွေးချယ်လေသည်။ ထိုသည်က ချိန်စုယင်အတွက် မိုဝူကျီကို အခြားရှုထောင့်မှ နားလည် သွားစေသည်။ သူ့မျက်လုံးထဲတွင် ကျင့်ကြံခြင်းသာ ရှိ၍ ကျန်သည့် အခြားအရာများက အရေးမကြီးပေ။
“ကျွန်မက မိုးကြိုးမြူတော တိုက်ပွဲကို သွားမှာ ရှင်ရော လိုက်မလား …” ချိန်စုယင်က နောက်တစ်ကြိမ် ထပ်ဖိတ်ခေါ် လိုက်သည်။
သူမက မိုဝူကျီနှင့် ရှိနေစဉ်တွင် သတိကြီးစွာ ထားစရာမလိုဘဲ စိတ်အေးလက်အေး ရှိလှသည်။ ထိုသည်က သူမကို ပျော်ရွှင် ကြည်နူးစေသည်။
မိုဝူကျီက ရိုးရိုးတမ်းတမ်း ရယ်မောကာ …
“စီနီယာ အစ်မချိန် ဒီမှာပဲ ကျွန်တော်တို့ နှုတ်ဆက် ကြတာပေါ့ဗျာ … နောက်မှ ထပ်တွေ့ ကြတာပေါ့ … ”
သူမ ကျင့်ကြံဆင့်က သူ့ထက် များစွာ မြင့်နေသောကြောင့် သူမနှင့် အတူတူ သွားဖို့ ရွေးချယ်မည် မဟုတ်ပေ။ နှစ်ယောက်လုံးက အချင်းချင်း များစွာ ကူညီဖူးကြ သော်လည်း တစ်ယောက်ကမျှ အကြွေး တင်နေခြင်း မရှိပေ။ သူက ချိန်စုယင် နောက်ကို လိုက်သွားပါက သူမ၏ ကာကွယ်ပေးမှုကို လိုအပ် လာလိမ့်မည်။ ထိုသည်က သူ့အကျင့် စရိုက်နှင့် မကိုက်ညီလှပေ။
ပို၍ အရေးကြီးသည်က ချိန်စုယင် တိုက်ပွဲကို ရောက်သည်နှင့် သူမက အားကောင်းသည့် ကျင့်ကြံသူများနှင့် အဖွဲ့ ဖွဲ့ကောင်း ဖွဲ့လိမ့်မည်။ သူကဲ့သို့ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုအဖွဲ့ထဲတွင် ဘာလိုက်လုပ် ရမည်နည်း။
အမှတ်အတွက် တောင်းခံရမည်လား …
“ဒီလိုဆိုမှတော့ နောင်မှ ထပ်တွေ့ ကြတာပေါ့ …” ချိန်စုယင်က မိုဝူကျီကို နှုတ်ဆက်လိုက်ပြီး မဟာမိတ် အဆောက်အဦမှ ထွက်သွားလေသည်။ ထို့နောက် မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ ရွေးချယ်လိုက်သည့် ဦးတည်ရာက လုံးဝပင် ခြားနားလှသည်။ သူက တိတ်ဆိတ်နေသည့် လမ်းတစ်ခု အတွင်းသို့ ဝင်သွား လိုက်တော့သည်။ ပထမဆုံး သူ လုပ်သည့်အရာက အဝတ်အစားများကို လဲလှယ်ကာ ရန်ထျန်းရှင်း ပေးထားသည့် အယောင်ဆောင် မျက်နှာဖုံးကို ဝတ်ဆင်လိုက်ခြင်း ဖြစ်သည်။
သူက ချိန်စုယင်နှင့် ရှိနေစဉ်က တစ်ယောက်မျှ သူ့အား ရန်လာမစရဲပေ။ သို့သော် ယခု တစ်ယောက်တည်း သွားရမှာ ဖြစ်သည့်အတွက် တစ်ယောက်ယောက်သာ သူ့ခြေရာလက်ရာ ခံမိသွားပါက သူ့ကို တိုက်ခိုက်မည့်သူ အရေအတွက်ကား များပြား လာလိမ့်မည်။
ကောင်းကင်ဖွေရှာ နန်းတော် အကြီးအကဲ ဂျင်ယွီ၊ ဂျုချီဂျန်း သို့မဟုတ် အထွတ်အထိပ်ဓားမြို့မှ တုန့်မင်ကျီ တို့လည်း ဖြစ်နိုင်သည်။ ထိုလူများက သူ့ကို သတ်ဖို့ရာ ပြင်နေသော်လည်း သူက သူတို့ တစ်ယောက်နှင့်မျှ လက်ရည်တူ မဟုတ်သေးပေ။
တစ်နာရီ အကြာတွင် သူက အန်ယန်းမြို့မှ ထွက်လာ လိုက်တော့သည်။ ရန်ထျန်းရှင်း ပေးထားသည့် မျက်နှာဖုံးကား အမှန်ပင် ကောင်းလှသည်။ မိုဝူကျီကို မျက်နှာတွင် ဓားဒဏ်ရာ ကန့်လန်ဖြင့် မျက်နှာမည်း ဘုန်းကြီးသဖွယ် ဖြစ်သွားစေသည်။ သူက မျက်နှာကို ရှုံ့လိုက်သည်နှင့် ထိုအမာရွတ်က ကြောက်ခမန်းလိလိ အငွေ့အသက်များ ပေးစေ၍ လူအများအား သူ့ကို ကြာကြာ မကြည့်ချင် လောက်အောင် ဖြစ်စေသည်။
အန်ယန်းမြို့မှ ကီလိုမီတာ အနည်းငယ် အကွာတွင် မိုဝူကျီက နောက်တစ်ယောက်ကို မြင်လိုက်ရသည်။ နယ်ခြား ကျင့်ကြံသူများက အင်ပါယာ ငါးခုတွင် မည်မျှ သက်ရောက်မှု ရှိသွားစေကြောင်း သိသာလှသည်။ သေမျိုး အများစုမှာ တိုက်ပွဲကြောင့် ရှောင်ပြေး နိုင်သူများ ရှိသော်လည်း တချို့မှာ သူတို့အသက်များကို စွန့်လွှတ် လိုက်ကြရသည်။
ဘေးကင်းမည့် နေရာတစ်ခုကို ရှာပြီးနောက်တွင် မိုဝူကျီက ကားပျံကို မွမ်းမံလိုက်ကာ နေ့ဝက် အကြာတွင် အောင်မြင် သွားလေသည်။ ကားပျံကို ပစ်လွှတ် လိုက်သည့်အခါ ချက်ချင်းဆိုသလို မူလ အရွယ်အစားကို ရောက်ရှိသွားသည်။ သူက ထိုကားပျံကို အတော်လေး ကျေနပ်ပီတိ ဖြစ်နေသည်။ ကားချစ်သူ တစ်ယောက်က သူ့အိပ်မက်ထဲမှ ကားကို လက်ဝယ် ရရှိလိုက်သည့် ခံစားချက်မျိုး ဖြစ်သည်။
ကားပျံထဲ ရောက်သည်နှင့် မိုဝူကျီက ဦးစွာ ပထမဆုံး ချိန်စုယင် ပြင်ဆင်ထားသည့် အလှဆင် ထားမှုများ အားလုံးကို ဖယ်ရှားကာ သူ့သိုလှောင်အိတ်ထဲ ပစ်ထည့် လိုက်တော့သည်။ ယောက်ျားသား တစ်ယောက် အနေနှင့် သူက ကားပျံထဲတွင် ရှိနေသည့် မိန်းမဆန်သည့် အငွေ့ အသက်များနှင့် နေသား မကျချေ။
ချိန်စုယင်က အခြား မိန်းကလေးများ ကဲ့သို့ မဟုတ်သည့် အတွက် မိန်းမဆန်သည့် အလှဆင် ထားမှုလေးသာ ရှိနေ၍ မိုဝူကျီ၏ အချိန်ကို များစွာ သက်သာ သွားစေသည်။
မိုဝူကျီက ကားပျံရှေ့ပိုင်းတွင် ထိုင်ကာ အရှိန်ဖြင့် တိမ်တွေကို ဖြတ်သန်း၍ မောင်းနှင် လိုက်တော့သည်။ တိမ်များက ကျန်နေခဲ့သည်ကို မြင်၍ သူ့စိတ်ထဲတွင် ကျေနပ်မှုက ပြောမပြ တတ်တော့ပေ။
ကမ္ဘာမြေတွင် လေယာဉ်ပျံ များထက် ပိုမြန်ကာ ဘေးကင်းနိုင်သော ထိုသို့ ကားပျံမျိုးကို ဖန်တီး နိုင်ခြေကိုပင် စဉ်းစားမိ လိုက်သည်။ သို့သော်လည်း သူလိုအပ်နေသည့် ဗဟုသုတများ အကြောင်းနှင့် ကားပျံ အများအပြားက ကောင်းကင်တွင် ရှိနေမည့် အကျိုးဆက်ကို စဉ်းစားမိ လိုက်သောအခါ ထိုအတွေးကို လက်လျှော့ လိုက်တော့သည်။
ကမ္ဘာမြေတွင် လက်တွေ့ မဆန်သည့် အရာက ပျောက်ဆုံးနယ်မြေတွင် ပေါ်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။ ထို့အပြင် သူက ကားပျံကို ဤနေရာတွင်ပင် မတီထွင် နိုင်သေးပေ။ ထို့အပြင် လေထဲတွင်ပင် အပြည့်အဝ မထိန်းချုပ် နိုင်သေးပေ။
ကားပျံသည် သားရဲပျံများ၊ သင်္ဘောပျံများထက် များစွာ မြန်လေသည်။ ထို့အပြင် တည်ငြိမ် နိုင်စွမ်းလည်း ပိုသာလေ၏။
မိုဝူကျီက ချင်ယွီပြည်နယ် အပြင်ဘက်မှ မိုးကြိုးမြူတောကို တစ်ကြိမ် ရောက်ဖူး၍ ယေဘုယျ ဦးတည်ချက်ကား အကြမ်းဖျင်း တူညီပေလိမ့်မည်။
သုံးရက်အတွင်း မြူများက မိုဝူကျီ ရှေ့တွင် ပေါ်လာလေသည်။ ထို့ကြောင့် သူက ကားပျံကို ရပ်တန့် လိုက်ရတော့သည်။ သို့သော်လည်း ကားပျံကား အရမ်း မြန်လွန်း၍ ထိုသည်က သူ့အတွက် ပထမဆုံး အကြိမ် သေချာမသိဘဲ မောင်းနှင်ခြင်း ဖြစ်ကာ သူက မိုးကြိုးမြူတော၏ လက်ယာဘက် အထက်ပိုင်းသို့ ရောက်ရှိ နေလေပြီ။
အဆင့်နိမ့် ဝိညာဉ်ပစ္စည်း ဖြစ်သည့် ကားပျံတွင် ဦးတည်ချက် ထိန်းချုပ်ရမည့် ကိရိယာများလည်း မပါဝင်ပေ။ ယေဘုယျ တည်နေရာ တစ်ခုသာ ညွန်ပြ နိုင်လေသည်။ ချိန်စုယင်သည် ထိုအရာဖြင့် အန်ယန်းမြို့သို့ ရောက်လာခြင်းမှာ အလွန်အံ့ဖွယ် ဖြစ်လေသည်။
ကားပျံကို ဆင်းသက်ခါနီးတွင် မိုဝူကျီက သူ့စိတ်စွမ်းအားကို ဖြန့်ကြက် လိုက်တော့သည်။ ထိုသည်က မိုးကြိုးမြူတော ဖြစ်သည့်အတွက် နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ပွဲ ဖြစ်နေသည့် နေရာနှင့် အလွန် နီးကပ်နေ လိမ့်မည်။ ထို့ကြောင့် သူက အလွန် ဂရုစိုက်ရန် လိုအပ်လေသည်။
သို့သော်လည်း မကြာခင်တွင် သူက သတိကြီးစွာ မထားမိသေးကြောင်း သတိပြုမိ လိုက်တော့သည်။ သူ့နောက် ဆယ်မီတာ အကွာလောက်တွင် ကျောက်တုံးများ နောက်မှ ပုန်းကွယ်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ နှစ်ယောက်ကား သူ့ကားပျံကို မြင်၍ သူ ဆင်းသက်လာမည့် အချိန်ကို စောင့်နေခြင်းမှာ သိသာလှသည်။
အကယ်၍ သူသာ လုပ်နိုင်ပါက ကားပျံကို စတင်၍ မောင်းပျံပြေးချင် နေတော့သည်။ သို့သော် ထိုသို့ မလုပ်ရဲပေ။ အကြောင်းမှာ သူ့ကို မှတ်ထားပြီး၍ ဖြစ်သည်။ နောက်ကွယ်မှ အကြောင်းရင်းကား အလွန် ရိုးရှင်းလှသည်။ သူက အရမ်း ထင်ရှားနေ၍ ဖြစ်သည်။ ကားပျံရှိခြင်းက ကောင်းသော အရာတော့ ဟုတ်ပုံမပေါ်ပေ။
စိတ်စွမ်းအားမှ တစ်ဆင့် လေ့လာချက်များ အရ သူ့နောက် လိုက်နေသော လူနှစ်ယောက်က သူ့ထက် ကျင့်ကြံဆင့် အနည်းငယ် မြင့်လေသည်။ အကယ်၍ သူသာ နောက်တစ်ကြိမ် ပျံသန်းလိုက်ပါက တကယ့် အားကောင်းသည့် ကျင့်ကြံသူများနှင့် တွေ့နိုင်ကာ သူ့အရိုးပင် ကျန်မည် မဟုတ်ပေ။ ထို့အပြင် သူက နယ်ခြား ကျင့်ကြံသူများ၏ နေရာသို့ ရောက်ရှိနေပြီ ဖြစ်၍ ဆင်းသက်ဖို့ရာ အန္တရာယ် များပြားလှသည်။
ကားပျံကို သူ့ အနောက်ဘက်မှ ကျောက်တုံးနားမှ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူကားပျံကို သိမ်းလိုက်သည့် အခိုက်အတန့် လက်နှစ်ဖက်က ရှုပ်ထွေးလှသည့် လက်ဟန် ပညာရပ်များကို ထုတ်ဖော်ကာ သူ့နောက်မှ ကျောက်တုံးကို ရိုက်ချ လိုက်တော့သည်။
ချောင်းမြောင်း တိုက်ခိုက်ခြင်းက မိုဝူကျီနှင့် အရင်းနှီးဆုံးသော အရာဟုပင် ဆိုလို့ရလေ၏။ သူတို့ နှစ်ယောက်က သူ့အား သူကားပျံကို သိမ်းလိုက်သည့် အချိန်ကောင်းကို စောင့်၍ တိုက်ခိုက်ခြင်း ဖြစ်၏။ အတိအကျ ပြောရလျှင် သူက ကားပျံကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည့် အချိန်ဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်း မိုဝူကျီက ဝိညာဉ်ပစ္စည်းကို သိမ်းလိုက်သည့် အခိုက်အတန့် ကျောက်တုံးနောက်မှ ကျင့်ကြံသူ နှစ်ယောက်က လှုပ်ရှား လိုက်တော့သည်။ သူ့ဆီ အလင်းနှစ်တန်း ပြေးဝင်လာပြီး လူနှစ်ယောက်က ထွက်လာကြသည်။
“ဘမ်း … ဘမ်း … ”
လျှပ်စီးအလုံး နှစ်လုံးက ပေါက်ကွဲ သွားသောကြောင့် ကျင့်ကြံသူ နှစ်ယောက်လုံးက နေရာတွင် ရပ်တန့်လိုက်ရ၏။
“အား … ”
အော်သံ နှစ်ခု ထွက်ပေါ် လာလေ၏။ မိုဝူကျီက ပထမ လျှပ်စီး အလင်းတန်းကို ရှောင်လိုက်သည့် အခိုက်အတန့် ဒုတိယ တစ်ခုက သူ့ပခုံးကို ဖောက်သွားလေသည်။ သို့သော် သူက သူ့ဒဏ်ရာ ရနေသည့် အနေအထားကို လျစ်လျူရှုရင်း ကျောက်တုံးထိပ်ကို ခုန်တက်ကာ ထျန်းဂျီတုတ်ကို လွှဲချလိုက်တော့သည်။ သူ့နောက် လိုက်နေသော လူနှစ်ယောက်သည် သူ့ကို ချောင်းမြောင်း တိုက်ခိုက်မှန်း သိသိရက်ဖြင့် လျှပ်စီးတစ်ချက် မိသွားသေး၏။ အဓိပ္ပာယ်ကား သူ့ထက် ထိုလူ နှစ်ယောက်က များစွာ အားကောင်း ကြလေသည်။ အားနည်းသည့် သူက သူဖြစ်နေသောကြောင့် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ချလိုက်တော့သည်။
ကျင့်ကြံသူ တစ်ယောက်ကား တခြား တစ်ယောက်ထက် ပို၍ ကံဆိုး သွားလေသည်။ လည်ပင်းကွက်တိကို အရိုက်ခံ လိုက်ရသည်။ သူ့လည်ပင်းက မည်မျှပင် သန်မာစေကာမူ လျှပ်စီး တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်တော့ မဟုတ်ပေ။ သူက မြေပြင်ပေါ် လဲကျသွားပြီး ခန္ဓာကိုယ်ကား ဆန့်ငင် ဆန့်ငင် ဖြစ်နေလေသည်။ ထိုသူက မကြာခင်တွင် သေဆုံးလိမ့်မည်။
ကျင့်ကြံသူ နောက်တစ်ယောက်ကား သူ့ခါးပိုင်းကို ထိသွားလေသည်။ သူလည်း မချိမတင် ခံစားနေရ၍ ခန္ဓာကိုယ်ကား အနည်းငယ် တုန်ယင် နေလေသည်။
သို့သော်လည်း တခြား ကျင့်ကြံသူ တစ်ယောက်က တိုက်ပွဲ အတွေ့အကြုံရှိဟန် ရသည်။ သူက လေထဲတွင် ရှိနေစဉ် သူတို့၏ ချောင်းမြောင်း တိုက်ခိုက်မှုက ကျရှုံးသွားကာ တစ်ဖက်လူက ပြန်လည် တိုက်ခိုက်ဖို့ရာ ကြိုးစားနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက မြွေခေါင်း ဆူးတင်းပုတ်ဖြင့် မိုဝူကျီကို ဝှေ့ယမ်း လိုက်တော့သည်။
မိုဝူကျီလည်း လေထဲတွင် ဖြစ်ကာ သူ့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိသည်။ ထျန်းဂျီတုတ်ဖြင့် ထိုမြွေခေါင်း ဆူးတင်းပုတ်ကို တားဆီးဖို့ရန် ဖြစ်သည်။
လက်တွေ့တွင် ထိုကျင့်ကြံသူက မိုဝူကျီ ထွက်ပြေး နိုင်ကြောင်းကို တွေးထားသောကြောင့် သူက အသက်ရှူကာ ဆက်ထိန်းထား လိုက်သည်။
သို့သော်လည်း သူတွေ့သည့်သူက မိုဝူကျီ ဖြစ်နေလေသည်။ မိုဝူကျီသည် ရန်သူ နယ်မြေထဲ ရောက်သည်နှင့် ထွက်ပြေးမည့် အတွေးကား လုံးဝကို မတွေးမိသော အရာဖြစ်သည်။ သူက တိုက်ပွဲကို အချိန်ဆွဲ ထားဖို့လည်း တွေးမထားပေ။ ထို့အပြင် သူက သူ့ရန်သူသည် ထိုလဲလှယ်ခွင့်ကို ဆုံးရှုံး သွားလေပြီဟု သေချာ သွားလေသည်။
မိုဝူကျီက မြွေခေါင်းဆူး တင်းပုတ်ပေါ်ကို တည့်တည့် ရိုက်ချလိုက်ရုံ သာမက သူ့ထျန်းဂျီတုတ်ကို ယခင်ကထက် ပိုများသော သဘာဝ စွမ်းအားများ စုစည်းကာ လွဲရိုက်ချ လိုက်တော့သည်။
ကျင့်ကြံသူ အမူအရာကား ချက်ချင်းပင် ပြောင်းလဲ သွားလေသည်။ သူက မိုဝူကျီကို အရူးဟု တွေးမထားဖူးပေ။ သူက မိုဝူကျီ နှလုံးနှင့် အဓိက အစိတ်အပိုင်းများကို ချိန်ရွယ် ထားသောကြောင့် သူ့တင်းပုတ်ကို ရှောင်နိုင်မည့် အချက်က အရေးကြီး လှသည်။
သို့သော် သူ့ရန်သူက ထိုရိုက်ခိုက်မှုကို မရှောင်ရှားရုံ သာမက သူနှင့် အသက်ချင်း လဲလှယ်ချင် နေသေးသည်။ သူ့တိုက်ခိုက်မှု ပုံစံကို ပြောင်းလဲဖို့ အချိန်မရှိပေ။ ထို့ကြောင့် ကျင့်ကြံသူ အကြည့်ကား အေးစက် သွားလေသည်။
တကယ်လို့ မင်းက သေတာကို မကြောက်မှတော့ ငါက ဘာလို့ ကြောက်နေရမှာလဲ … ငါ့အသက်ကို ပုံလောင်းပြီးတော့ မင်းအသက်ကို ယူပြမယ် …
ထို့အပြင် ထိုတုတ်၏ ရိုက်ခတ်မှုက သူ့အား မသေစေ နိုင်သော်လည်း သူ့ဆူးတင်းပုတ် ရိုက်ချက်က မိုဝူကျီကို သေချာပေါက် သေစေလိမ့်မည်။
တင်းပုတ်က မိုဝူကျီ ခန္ဓာကိုယ်ကို ဖောက်မသွားခင် သူက သူ့အနားတွင် ဝန်းရံလာသည့် သေမင်း အငွေ့အသက်များကို ခံစားမိ လိုက်သည်။ တင်းပုတ်ပေါ်မှ မြွေပါးစပ်မှ အလင်းတန်း များစွာ ထွက်ပေါ်လာကာ မိုဝူကျီ၏ သဘာဝစွမ်းအား အကာအကွယ် အတားအဆီးကို ထိုးဖောက်၍ သူ့ခန္ဓာဆီ တိုက်ရိုက်ရောက်ရှိ သွားတော့သည်။
“ဘမ်း … ဘမ်း …” အသံနှစ်ခုက ဆက်တိုက် ထွက်ပေါ်လာသည်။
မိုဝူကျီ၏ ထျန်းဂျီတုတ်က ကျင့်ကြံသူ တင်ပါးဆုံရိုးကို ခြေမွှသွားသောကြောင့် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကား တစ်ချိန်တည်းတွင် ပျံ့နှံ့လာလေသည်။၊ မိုဝူကျီက သူ့အားအင်များက ခန္ဓာကိုယ်မှ အလျင်အမြန် ထွက်သွားနေကြောင်း ခံစားမိလိုက်သည်။
ဆက်တိုက် ဆိုသလို ထျန်းဂျီတုတ် အောက်မှ အရိုးကျိုးသံနှင့် အသားများ ပွင့်ထွက်သွားသည့် အသံကိုပင် ကြားနေရသည်။ ကျင့်ကြံသူက သူမှားယွင်း တွက်ချက်မိကြောင်း သတိပြုမိ၍ စိတ်ကား လေးလံ သွားတော့သည်။ သူ့ရန်သူကား သူ့အား အရင် တိုက်ခိုက်ခဲ့ပြီး သူက နောက်မှ စတင်ခဲ့မိသည်။ ထိုအလောင်းအစားတွင် သူက အကျိုးမသာ နိုင်တော့ပေ။
သူက ထိုထိသာ တွေးမိပြီး သူ့ခန္ဓာ အောက်ပိုင်းကို မြင်လိုက်ရသည်။ မိုဝူကျီ၏ လျှပ်စီးကို ထိရိုက်ထား ခံရသော သူ့တင်ပါးသည် ယခု ထျန်းဂျီတုတ်ကြောင့် လုံးဝကို ကြေမွ သွားလေပြီ။
မိုဝူကျီက မြေပြင်ပေါ် ကျသွားသောအခါ သူ့ရင်ဘတ်ထဲ စိုက်ဝင်နေသော မြွေခေါင်းကို ဆွဲနုတ် လိုက်တော့သည်။ သူ့စိတ်ထဲတွင်လည်း အကြောက်တရားများ ခံစားမိသွားသည်။ ထိုသည်က အလောင်းအစား တစ်ခုဖြစ်ကာ သူက အနိုင်ရရှိခဲ့သည်။ သူ့ထျန်းဂျီတုတ်က သူ့ရန်သူကို အရင်သတ်နိုင် လိမ့်မည်ကို မှန်မှန်ကန်ကန် တွက်ချက် နိုင်ခဲ့သည်။ ထိုသို့ ဖြစ်လာသည်နှင့် ထိုတင်းပုတ်ထဲတွင် ကျန်ရှိနေသော အားများက ပျောက်ကွယ် သွားတော့သည်။
သူဝတ်ဆင် ထားသည့် ချပ်ဝတ်အပြင် တချို့သော သဘာဝ စွမ်းအားများကို ခုခံရေးအဖြစ် ကာကွယ်ထားခဲ့ သောကြောင့်သာ အသက်ရှင်ခဲ့ခြင်း ဖြစ်၏။ ထိုသို့ ဝတ်ဆင်ကာကွယ် ထားလျက်နှင့်ပင် သူ့နှလုံးကို ဖျက်ဆီးခံရလု နီးပါးအထိ ဖြစ်ခဲ့သေးသည်။ သူ့ချပ်ဝတ်တွင် အပေါက် ပေါက်သွားလေသည်။ ထိုသည်က ဤတိုက်ပွဲသည် မည်မျှ အန္တရာယ်များကြောင်း သိသာလှသည်။
***