← Chapters

ထိုအမျိုးသမီး၊တန်မေ

Vol. 154 Ch. 2137

ထိုအမျိုးသမီး၊တန်မေ

Vol. 154 Ch. 2137

ကျိုးသဲသည် အကူအညီမဲ့စွာ ထွက်သွားရ၏။ သူ့ပုံရိပ် ပျောက်ကွယ်သွားချိန်တွင် ပင်လယ်မုန်တိုင်း၏ အပြင်ဘက်၌ ငါးယောက်သာ ကျန်တော့သည်။

ကူးတောက်က ပင်လယ်မုန်တိုင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “မင်းတို့သုံးယောက်လည်း ထွက်သွားကြတော့။ နောက်ဆုံးနေ့ တုန်ဟည်းမှုဟာ ငါ့ခွန်အားပြည့်ခုခံဖို့ လိုအပ်လိမ့်မယ်။ ဒါက နောက်ဆုံးပွင့်တဲ့အခါကျရင် မင်းတို့အားလုံး ထာဝရနတ်ဘုရားနယ်မြေကို ဝင်နိုင်စွမ်းမရှိမှာ ငါ စိုးမိတယ်…”

“ငါ ဒါကို လွန်ခဲ့တဲ့ ရက်အတော်အတန်ထဲက သတိပြုမိခဲ့တယ်..”

ရွှမ်လောနှင့် တခြားနှစ်ယောက်က ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူတို့က ကူးတောက်ကို အရိုအသေ ပေး၏။ ကျိုးသဲနှင့် တခြားသူများ ထွက်သွားသည့်နောက် သည်တကြိမ် ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟခြင်းသည် သူတို့ ပါဝင်၍မရသောအရာ ဖြစ်သည်ကို သဘောပေါက်လိုက်ကြ၏။

သူတို့ ထွက်သွားမည့်အချိန်တွင် ဝမ်လင်းက ထရပ်ကာ ရွှမ်လောထံ လှမ်းလာ၏။

“ဆရာ…”

ရွှမ်လောက ဝမ်လင်းကို မော့ကြည့်ကာ ပြုံး၏။

“ဆရာက မကြာခင် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် ကြုံရတော့မှာ။ တပည့်အနေနဲ့က ထာဝရနတ်ဘုရားနယ်မြေကို ဝင်တော့မှာ ဖြစ်တယ်။ ကျုပ် ဘေးကင်းကင်း ပြန်ထွက်လာခဲ့ရင် ဆရာ့ရဲ့ ပြန်လည်မွေးဖွားခြင်းကို ကာကွယ်ပေးပါ့မယ်။ ထွက်မလာနိုင်ခဲ့ရင်တော့ ဆရာဟာ ဒီအရာနဲ့ ဘေးကင်းကင်း ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို လုပ်ဆောင်နိုင်မှာပါ…”

ဝမ်လင်းက ရွှမ်လောကို ကြည့်၍ လေဟာနယ်ထံ လက်ဆန့်ထုတ်၏။ ကျောက်စိမ်းပြားတစ်ခု ပေါ်လာကာ သူက ၎င်းကို ရွှမ်လောထံ တလေးတစား ပေးလိုက်သည်။

ရွှမ်လောက ကျောက်စိမ်းပြားကို ယူ၏။ သူက ၎င်းကို ချက်ခြင်း မစစ်ဆေးကြည့်ပေ။ သူက ဝမ်လင်းကိုသာ ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ညင်သာစွာ ပြော၏။

“မင်းကိုယ်မင်း ကာကွယ်ပါ…”

ဝမ်လင်းက ခေါင်းညိတ်၏။

ရွှမ်လောက မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ စုန့်ထျန်နှင့် ရှေးဂျီမဟာအင်ပါယာတို့နှင့်အတူ အလင်းတန်းအဖြစ် ပြောင်းကာ သူတို့သည် သဲလွန်စမရှိ ဒီနေရာကနေ ပျောက်ကွယ်သွားကြသည်။

ထိုအခိုက်တွင် မုန်တိုင်းအပြင်ဘက်၌ ဝမ်လင်းနှင့် ကူးတောက်တို့သာ ကျန်ခဲ့တော့၏။

အချိန် ဖြည်းဖြည်းချင်း ကုန်လာ၏။ ဖြတ်ခနဲအတွင်း ညနေခင်းအချိန် ရောက်လာ၏။ ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟဖို့ နာရီဝက်သာ လိုတော့၏။ ပင်လယ်မုန်တိုင်းထံမှ တုန်ဟည်းသံများသည် အထွတ်အထိပ်သို့ ရောက်လာ၏။

ဝဲကတော့သည် လှည့်ပတ်နေစဉ် ပင်လယ်ရေများကို ဝဲကတော့က စုပ်ယူသည်ဟု ထင်ရ၏။ ပင်လယ်ရေများသည် ပင်လယ်မုန်တိုင်းထဲမှ ထွက်ပေါ်ကာ ဝဲကတော့ထံ ဆွဲငင်ခြင်း ခံရသည်။

ထိုဝဲကတော့က အရာအားလုံးကို ဝါးမြိုမည့် တွင်းနက်တစ်ခု  ဖြစ်လာသည့်အလား။ ၎င်းက ပင်လယ်ရေများစွာကို အဆက်မပြတ် ဆုတ်ယူ၍ ပင်လယ်မုန်တိုင်းကို ကြုံ့သွားစေသည်။

ကူးတောက်က ပင်လယ်မုန်တိုင်းကို ကြည့်ကာ ပြော၏။ “ပင်လယ်ရေအားလုံး စုပ်ယူခံရရင် ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟလိမ့်မယ်…”

သူ၏အသံက ဝမ်လင်း၏ နားထဲသို့ တုန်ခါဟိန်းမှုများကို ဖြတ်၍ ရှင်းလင်းစွာ ဝင်လာ၏။

“ငါ ထာဝရနတ်ဘုရားနယ်မြေထဲ ဝင်ရောက်တာဟာ ငါ့ဇနီးကို ပြန်အသက်သွင်းနိုင်ဖို့ပဲ။ သင်ကရော၊ ဘာအတွက် ဝင်ရောက်ချင်တာလဲ…”  ဝမ်လင်းက ပင်လယ်ရေကို အလျင်အမြန် ဝါးမြိုနေသော ဝဲကတော့ကို စောင့်ကြည့်နေသည်။ ပင်လယ်မုန်တိုင်း လုံးဝ ကွယ်ပျောက်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။

“အဖြေတစ်ခုအတွက်ပဲ…”  ကူးတောက်က ဝမ်လင်းဘက် လှမ်းကြည့်သည်။

“ကျုပ်က ရှေးဘိုးဘေးရဲ့ မှတ်ဉာဏ်တွေကို ပြန်ရရှိပြီးနောက် သူ့ကို အဖြေရဖို့ ကူညီပေးဖို့ ငါ လိုတဲ့ မေးခွန်းတစ်ခု ရှိတယ်…။ ငါ အဲ့နေ့ကို အချိန်အတန်ကြာ စောင့်နေခဲ့တယ်။ မင်း ရောက်ရှိခဲ့တာဟာ ငါ့အတွက် ဒီအဖြေကို ရှာဖို့အတွက် အခွင့်အရေးပဲ…”

“အဖြေလား…”   ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။

“ငါ ဒီအဖြေကိုသာ ရမယ်ဆိုရင် ငါလည်း ရှေးကလန်ကနေ ထွက်သွားနိုင်ပြီး ငါ သွားချင်တဲ့နေရာ သွားနိုင်ပြီ…”   ကူးတောက်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ခနဲ ပေါ်သည်။

“မင်းက ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ရခဲ့တယ်။ ဒါ့ကြောင့် မင်းအနေနဲ့ ကောင်းကင်ဘုံဘိုးဘေးဟာ ငြိမ်းငြိမ်းချမ်းချမ်း သေသွားခဲ့တာကို မြင်ပြီးလောက်ပြီ။ ရှေးဘိုးဘေးလည်း သေသွားခဲ့ပြီ ဖြစ်တယ်…”

“သူ့မှတ်ဉာဏ်ထဲမှာ ဒီသေဆုံးမှုကို ငါ ခံစားနိုင်တယ်။ သူက တွေဝေခြင်းမရှိ၊ ယုံကြည်ချက်၊ခိုင်မာပြတ်သားမှုအပြည့်နဲ့ သေခြင်းတရားရှိ လျှောက်သွားခဲ့တာပဲ…”

“သူတို့နှစ်ယောက်ဟာ အဲ့အဖြေနောက်ကို လိုက်ဖို့ အသက်ကိုပါ တန်ကြေးအနေနဲ့ ပေးခဲ့ကြတယ်။ တချိန်တည်းမှာ အမွေအနှစ်ရင်းမြစ်တွေကို လက်ဆင့်ကမ်းခဲ့တယ်။ ဒါက သူတို့ကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်လောက်တယ်…”

ကူးတောက်က ခပ်တိုးတိုး ရေရွတ်၏။

သူတို့နှစ်ယောက်၏ ဝန်းကျင်တွင် အဆုံးမရှိသည့်အလား တုန်ဟည်းနေကာ ဝဲကတော့က ဆက်လက် ဝါးမြိုနေ၏။ ပင်လယ်မုန်တိုင်း၏ တဝက်ပင် မကျန်တော့ပေ။ ပင်လယ်ရေသည် ဝဲကတော့ထဲ လုံးဝ ပျောက်ကွယ်ကာ မည်သည့်နေရာသို့‌ ရောက်သွားလေသည် မသိရပါ။

ပင်လယ်ရေအားလုံး ပျောက်ကွယ်သွားဖို့ သိပ်မကြာပါ။

ကူးတောက်က ဝမ်လင်းထံမှ သူ့အကြည့်ကို ပြန်ရုတ်ကာ ကြုံ့နေသော ပင်လယ်မုန်တိုင်းကို ကြည့်၍ ရှတတအသံဖြင့် ပြောလာသည်။ “ရှေးဘိုးဘေးနဲ့ ကောင်းကင်ဘုံဘိုးဘေးတို့ဟာ အံ့မခန်းလျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့ကြတယ်။ သူတို့က ချီတုံချတုံ ဖြစ်ခဲ့ကြတယ်။ သံသယ ရှိခဲ့တယ်။ အဆုံးသပ်မှာတော့ အမှန်တရားနောက်ကို လိုက်လံဖို့ သူတို့ဟာ သေခြင်းတရားရှိ လျှောက်လှမ်းခဲ့တယ်…”

“အခု ငါလည်း အဲ့အဖြေကို သွားရှာဖွေတော့မယ်…”

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။

နာရီဝက်သည် တဖြည်းဖြည်း ကုန်လာ၏။ ပင်လယ်ရေအားလုံး ဝဲကတော့၏ ဝါးမြိုခြင်းကို ခံရသည့်အချိန်တွင် ကျယ်လောင်စွာ တုန်ဟည်းသံများ ဆက်တိုက်ပဲ့တင်ထပ်သည်။ တိုင်ကိုးလုံးက ပင်လယ်၏ ဝန်းရံခံရခြင်း မရှိတော့ပေ။ ထိုတိုင်ကိုးလုံးက ဝန်းရံထားသော ထာဝရနတ်ဘုရားနယ်မြေသို့ ဂိတ်တံခါးသည် တဖြည်းဖြည်း ပွင့်ဟလာသည်။

၎င်း ပေါ်လာသည့်အခါ၌ ဂိတ်တံခါးထံမှ လှိုင်းဂယက်တစ်ခု ပျံ့လာ၏။ ၎င်း၏အမြန်နှုန်းက အံ့မခန်းပင်။ ၎င်းသည် ချက်ခြင်းပင် ကျယ်ပြောသောချိုင့်ဝှမ်းတခွင်ကနေ ရှေးကလန်နှင့်ကောင်းကင်ဘုံကလန်တို့ထိ ချက်ခြင်း ဝေ့ခတ်သွားသည်။

ရှေးကလန်တွင် သေမျိုး သို့မဟုတ် ကျင့်ကြံသူများဖြစ်စေ သက်ရှိအားလုံးသည် ထိုလှိုင်းဂယက် ပျံ့နှံ့ချိန်တွင် သက်ရှိအားလုံးသည် ရပ်တန့်သွား၏။ မီး၊မြစ်၊ အရာအားလုံးက ထိုအခိုက်တွင် ရပ်တန့်ကုန်သည်။

ရှေးဂျီ၏ ကုန်းမြေတစ်ခု၌ မိုးရွာနေ၏။ ထိုအခိုက်တွင် ယင်းမိုးရွာသွန်းမှုသည်ပင် ရပ်တန့်သွားသည်။

ကောင်းကင်ဘုံကလန်၌လည်း ထိုနည်းတူသာ။ ကျိုးသဲတို့သုံးယောက်အုပ်စု၊ ကန်းနီ၊ ကောင်းကင်ဘုံအင်ပါယာ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ သေမျိုးများနှင့် သားရဲများအားလုံးပါ လှုပ်ရှားခြင်းကနေ တန့်ကုန်သည်။

လောက၏ဒြပ်စင်ငါးခုလည်း ရပ်တန့်သွား၏။ ဥပဒေသအားလုံး၊ အရာအားလုံးသည် ထိုအခိုက်တွင် ရပ်တန့်သွားသည်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခုလုံးသည် တိတ်ဆိတ်သွားလေ၏။

ချိုင့်ဝှမ်းဗဟိုချက်ရှိ ဂိတ်တံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာနေသည်။ ၎င်း လုံးဝ ပွင့်ဟသွားချိန်တွင် အတွင်း၌ ကိုးရောင်စုံအလင်း တောက်ပကာ လျှောက်လှမ်းတစ်ခု ပေါ်လာ၏။

ကူးတောက်၏ မျက်လုံးက အရောင်တောက်သွားသည်။ သူသည် တုံ့နှေးမနေ၊ ထိုကိုးရောင်စုံဂိတ်တံခါးထံ တိုးဝင်ကာ အတွင်းသို့ ပျောက်ကွယ်သွား၏။

ထိုအခိုက်တွင် ဝမ်လင်း တစ်ယောက်သာ ဂိတ်တံခါးအပြင်ဘက်၌ ကျန်ခဲ့၏။ သူက မျက်လုံး မှိတ်လိုက်သည်။ သူ မျက်လုံး ပြန်ဖွင့်လာချိန်၌ ဂိတ်တံခါးထံ လှမ်းလာသည်။ သူက တလှမ်းချင်း ဂိတ်တံခါးထံ လှမ်းဝင်၏။

ဝမ်လင်း ထာဝရနတ်ဘုရားနယ်မြေသို့ ဝင်ရောက်သွားသည့်နောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွား၏။ အရာအားလုံး ရပ်တန့်သွားသည့် ထူးခြားသော အခိုက်အတန့်ကို လူတိုင်းနီးပါးက သတိမပြုမိခဲ့ကြပေ။

မဟာအင်ပါယာများသည်ပင် သူတို့သည် အသက်ဆယ်ရှိုက်စာအချိန် အသိလွတ်သွားသည်ဟုသာ သတိပြုမိခဲ့၏။

ထိုတိုတောင်းသောအချိန်မှာ ထူးခြားသောအားတစ်ခု၏ စုပ်ယူခြင်းခံရကာ ထာဝရနတ်ဘုရားနယ်မြေထဲ ပျောက်ကွယ်သွားသည့်အလား။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခုလုံး ပြန်ကောင်းမွန်လာချိန်တွင် ချိုင့်ဝှမ်းရှိ တိုင်ကိုးလုံးသည် တောက်ပ၏။ ထို့နောက် ယင်းတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ထိုအခါ၌ ထာဝရနတ်ဘုရားနယ်မြေထံ ဦးတည်သည့် ဂိတ်တံခါးလည်း ပျောက်ကွယ်သွား၏။

ချိုင့်ဝှမ်းအလယ်ချက်ရှိ ဂိတ်တံခါး ပျောက်ကွယ်သွားချိန်တွင် အဆတ်မပြတ် တုန်ဟည်းနေသော ဝဲကတော့သာ ကျန်ခဲ့၏။ ယင်းဝဲကတော့ထဲသို့ ပျောက်ကွယ်ခဲ့သည့် အဆုံးမဲ့ပင်လယ်ရေများသည် ချိုင့်ဝှမ်းအတွင်း ပြန်ပြန့်ကြဲသည်။

ပင်လယ်ရေများ ကျဆင်း၏။ နာရီများစွာ ကြာပြီးနောက် ဒီချိုင့်ဝှမ်းသည် ပင်လယ်ပြန်ဖြစ်သွား၏။ ပင်လယ်သည် အဆုံးမဲ့ကာ လှိုင်းများ ပုတ်ခတ်သည်။ တုန်ဟည်းသံများလည်း ကွယ်ပျောက်ကာ ပင်လယ်လှိုင်းသံတို့ကို အစားထိုးသည်။

အရာအားလုံး ပုံမှန် ပြန်ဖြစ်သွား၏။ ထိုအထဲတွင် ရှေးကလန်ရှိ ကျောက်တုံးနက်မြို့ထဲ၌ သပ်ရပ်ကျော့ရှင်းသော ခြံဝန်းတစ်ခုထဲရှိ ပုံရိပ်နှစ်ခုလည်း ပါဝင်သည်။

ထိုခြံဝန်းထဲရှိ အိမ်မှာ ကြီးမားခြင်းမရှိ၊ အတွင်းပိုင်းမှာ ရိုးရှင်းသည်။ သို့သော် သည်အိမ်မှာ စိတ်နှလုံးနွေးထွေးမှုကို ပေးစွမ်းသည်။ အိပ်ယာပေါ်တွင် လှဲလျောင်းနေသော အဘွားအိုတစ်ယောက် ရှိပြီး သူမ၏မျက်နှာ၌ အရေးအကြောင်းများ ထနေသည်။ သို့သော် သူမ ငယ်ရွယ်ချိန်ကမူ လှပခဲ့မည်မှာ သေချာ၏။

ထိုအဘွားအို၏ ဘေးတွင် နောက်ထပ်အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ သူမ၏ပုံပန်းသွင်ပြင်ကို မမြင်ရပေ။ သူမ၏ဆံနွှယ်တို့က မျက်နှာရှေ့သို့ ကွယ်ဖုံးကာ ကျနေ၏။ သူမ၏ နောက်ကျောဘက်မှာ လှလွန်းသည်။ သို့သော် ထိုအလှတရား၌ ဝမ်းနည်းမှုအငွေ့အသက် ရှိနေသည်။

ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်။ သင်သည် သူမ၏မျက်ရည်များကို မြင်နိုင်မည် မဟုတ်ပါ။

ထိုအဘွားအိုက ခွဲခွာနှုတ်ဆက်သည့်သဘောဖြင့် တိုးတိုးညင်းညင်း ဆိုလာ၏။ “တန်မေ…ငါ အန်တီချန်နဲ့ အဖော်သွားပြုပေးတော့မယ်။ မကြိုးစားပါနဲ့တော့။ ငါ ထွက်သွားတဲ့အချိန်ကျရင် နင် တစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ်။ နင်နဲ့ငါက မတူဘူး။ ငါဟာ သာမန်လူတစ်ယောက်ပဲ၊ ငါ့သက်တမ်းက အကန့်အသတ် ရှိတယ်။ ဒါပေမဲ့ နင်ကတော့ ရှေးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံနိုင်တယ်။ နင် နင့်ကိုယ်နင် ဂရုစိုက်ပါ…”

ထိုအဘွားအိုမှာ စုန့်ကျိ ဖြစ်၏။

စုန့်ကျိသည် ရှေးကလန်၏ သာမန်ကလန်ဝင်တစ်ယောက်သာ ဖြစ်ပြီး ထို့အတွက် နှစ်ငါးရာက သူမ၏ သက်တမ်းအကန့်အသတ်ပင်။

ထိုအဘွားအိုက သူမနှင့်အတူ ကြီးပြင်းလာသော မိန်းကလေးကို ကြည့်ကာ ခပ်တိုးတိုး ဆို၏။ “နင့်မှာ ဇာတ်လမ်းတစ်ခု ရှိခဲ့တာ ငါ သိပါတယ်။ နင် ကောင်းကင်ကို ရီဝေစွာ ကြည့်နေပြီး အကြိမ်ကြိမ် ငိုခဲ့တာကို ငါ မြင်ခဲ့ပြီးပြီ။ ရှေးတောက်အင်ပါယာမြို့မှာ ဖြစ်ခဲ့တဲ့အကြောင်းကို ငါ နင့်ကို ပြောပြခဲ့တဲ့အချိန်တုန်းက ဝမ်လင်းနဲ့လီမူဝမ်နဲ့အကြောင်း ပြောပြခဲ့တဲ့အချိန်တုန်းက နင်ဟာ ဟန်လုပ်ပြီးအတင်းအကြပ် ပြုံးခဲ့တာကို ငါ မှတ်မိပါသေးတယ်…”

“တန်မေ…နင် သူ့ကို မမေ့နိုင်ရင် နင့်ကိုနင် ဆိုးဆိုးရွားရွား ခံစားရအောင် မလုပ်ဖို့ ငါ့ကို ကတိပေးပါ..”

သူမသည် သူမ ဝမ်လင်းဟူသော အမည်ကို တန်မေထံ ပထမဆုံးအကြိမ် ပြောပြခဲ့တုန်းက တန်မေ၏ စိတ်လှုပ်ရှားမင်သက်သွားခဲ့သော အမူအရာကို အမြဲတမ်း မှတ်မိ၏။

သူမသည် လွန်ခဲ့သော နှစ်ပေါင်းငါးရာက ဝမ်လင်း သူမကို ကျောက်တုံးနက်မြို့သို့ ပြန်ပေါ်လာခဲ့ချိန်က သူသည် လီမူဝမ်၏ဇာတ်လမ်းကိုသာ ပြောပြခဲ့သည်မဟုတ်၊ လီချန်မေဟူသော အမျိုးသမီးတစ်ယောက်၏ အကြောင်းကိုပါ ပြောပြခဲ့သည်ကိုလည်း မှတ်မိ၏။

“ပြန်လည်မွေးဖွားလာတဲ့လူတစ်ယောက်။ တန်မေနဲ့လီချန်မေ…နင်တို့က တစ်ယောက်တည်းပဲလေ…”  ထိုအဘွားအိုက ဤသည်ကို မပြောခဲ့ပေ။ သူမက သူမရှေ့ရှိ ထိုမိန်းမလှကိုသာ ကြည့်နေပြီး မျက်လုံး ဖြည်းဖြည်းချင်း မှိတ်သွား၏။

(ဘာသာပြန်သူမှတ်ချက်… ရှေ့အခန်းများတွင် ညီမတန်ဟု ဖော်ပြခဲ့ပြီး အခု တန်မေဟု အမည်ပြန်ပြောင်းထားပါသည်။ )

All Chapters