ဝမ်အာ…နိုးထလာပါတော့
Vol. 154 Ch. 2140
ရှေ့ဖြစ်ဟောသူ၏ အသံသည် ထာဝရနတ်ဘုရားနယ်မြေတွင် ပဲ့တင်ထပ်လေ၏။ အနက်ရောင်မြူဖြင့် ပြုလုပ်ထားသော ၎င်း၏ကြီးမားသော ခန္ဓာကိုယ်က ဝမ်လင်းထံ လက်သင့်မခံနိုင်မှု၊ ရူးသွပ်မှုအပြည့်ဖြင့် တိုးဝင်လာ၏။
သူသည် ဒီအဖြစ်ကို လက်သင့်မခံနိုင်ပေ။ သူက ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရ၏။ ပြန်လည်မွေးဖွားခြင်းများစွာ ကြာအောင် စောင့်ခဲ့ရပြီးမှ ယနေ့သို့ ရောက်လာခဲ့တာ ဖြစ်သည်။ သို့သော် အရာအားလုံးသည် ခုလိုမျိုး ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ဝမ်လင်းက လူတိုင်းကို လှည့်စားခဲ့လေပြီ။ ရှေ့ဖြစ်ဟောသူသည် အရာအားလုံးမှာ ဝမ်လင်း၏ အိပ်မက် မဟုတ်ကြောင်း သိရုံသာမက သူ့သတ်ဖြတ်သူကိုယ်ပွား၏ တာအိုဖြစ်မှန်းကိုပါ သိလိုက်ပြီ ဖြစ်၏။
ရှေ့ဖြစ်ဟောသူ၏ စိတ်နှလုံးထဲတွင် ဗြောင်းဆန်နေ၏။ ထိုခံစားချက်က သူ့ကို ရူးသွားစေဖို့ လုံလောက်သည်။ သူသည် နယ်နိမိတ်သံလိုက်အိမ်မြှောင်၏ ရတနာစိတ်ဝိညာဉ် ဖြစ်ကာ ဝမ်လင်း ဒီနေရာသို့ ထပ်ခါထပ်ခါ ရောက်လာခဲ့ဖူးပြီး ပြန်လည်မွေးဖွားခြင်းတိုင်း၌ သည်နေရာတွင် ကွယ်ပျောက်ခဲ့တာကို မြင်ဖူးသည်။
သူ ကိုယ်တိုင် ဝမ်လင်း သံလိုက်အိမ်မြှောင်ကို ဖောက်ခွဲကာ ထို့နောက် ပျောက်ကွယ်သွားခဲ့သည်ကို မြင်ခဲ့ရ၏။ ထိုအခါ ရှေ့ဖြစ်ဟောသူ သူ့ကို လှမ်းထွက်လာစေနိုင်ခဲ့သည်။ ထိုစဉ်က သူသည် ဝမ်းပန်းတသာ ရယ်မောခဲ့ဖူးသည်။
သူက သူ့ကိုယ်တိုင်၏ဇစ်မြစ်ကိုမူ မသိပေ။ သူ့မှတ်ဉာဏ်ထဲ၌ လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်က သူ ပထမဆုံးအကြိမ် နိုးထလာချိန်၌ သူသည် နယ်နိမိတ်သံလိုက်အိမ်မြှောင်၏ ရတနာစိတ်ဝိညာဉ် ဖြစ်နှင့်ခဲ့ပြီးပင်။
သူက နယ်နိမိတ်သံလိုက်အိမ်မြှောင်ကို မည်သူက ဖန်တီးခဲ့တာကို မသိပေ။ သူ့ထံ၌ ထိုမှတ်ဉာဏ် ရှိမနေခဲ့ဘဲ အချိန်အကြာကြီး စိတ်ရှုပ်ထွေးနေခဲ့ပြီးမှ သူက ဝမ်လင်း သံလိုက်အိမ်မြှောင်ကို ငှားယမ်းခဲ့တာအား မြင်ခဲ့၏။ ဝမ်လင်းက သူ လွတ်လပ်လာသည့်အထိ ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားခြင်းကို ဖြတ်သန်းနေခဲ့တာကို သူ တွေ့မြင်ခဲ့သည်။
သူ လွတ်မြောက်လာချိန်၌ သူက ဖော်ပြ၍မရသော ပျော်ရွှင်မှု ပြည့်နေခဲ့၏။ သူက သူ လွတ်လပ်တော့မည်ဟု ခံစားမိခဲ့၏။ သူသည် သံလိုက်အိမ်မြှောင်အတွင်း၌ ကပ်ပါးတစ်ကောင်ကဲ့သို့ ဆက်၍ မတည်ရှိချင်တော့ပေ။
ထို့ကြောင့်လည်း သူက ဝမ်လင်းကို သိမ်းပိုက်စိုးမိုးလိုခြင်း ဖြစ်သည်။
သူ့အမြင်၌ အင်မောတယ်ထာဝရကုန်းမြေပေါ်ရှိ သက်ရှိအားလုံးမှာ အတုအယောင် ဖြစ်ကာ ဝမ်လင်းတစ်ယောက်သာ အစစ်အမှန် ဖြစ်သည်ဟု ထင်သည်။ သူ၏ စမ်းစစ်ချက်အရ သူသာ ဝမ်လင်းကို သိမ်းပိုက်ပြီးသည်နှင့် သူ့အနေဖြင့် ကောင်းကင်ဘုံနင်းချေခြင်း ကျင့်ကြံမှုအဆင့်ကို ရရှိကာ အမှန်တကယ် လွတ်လပ်မှု ရမည် ဟူ၍ပင်။
သူက သံလိုက်အိမ်မြှောင်အတွင်း၌ ရတနာစိတ်ဝိညာဉ်အဖြစ် ဆက်၍ ပိတ်မိနေတော့မည် မဟုတ်ပေ။ သူက ရတနာစိတ်ဝိညာဉ်၏ ဖြစ်တည်မှုအပြင် သံလိုက်အိမ်မြှောင်၏ စောင့်ရှောက်သူအဖြစ်ဟုပင် တွေးထင် ခံစားမိခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူ လုပ်ခဲ့သမျှ အရာအားလုံးသည် လွတ်လပ်မှုအတွက် ဖြစ်၏။
သူက ဝမ်လင်းကို သိမ်ပိုက်လို့ အောင်မြင်သည်နှင့် သူ့လွတ်လပ်မှုကို ရသည်နှင့် သူ့မူလဇစ်မြစ်ကို ရှာဖွေမည် ဖြစ်သည်။ သူ့ကို ရတနာစိတ်ဝိညာဉ်အဖြစ် မည်သူ ပြုလုပ်ခဲ့သည်ကို ရှာဖွေမည် ဖြစ်သည်။
သူ့အမြင်၌ သူသာ ဝမ်လင်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်း အောင်မြင်သွားသည့်နောက် နယ်နိမိတ်သံလိုက်အိမ်မြှောင်သည် သူ၏ အနှိုင်းမဲ့ရတနာ ဖြစ်လာပေလိမ့်မည်။ သူသည် ရတနာစိတ်ဝိညာဉ် ဖြစ်၏။ ထို့အတွက်ကြောင့် သူ့ထက် ၎င်း၏ခွန်အားကို ပိုသိသည့်သူ မရှိပေ။
၎င်း၏စွမ်းအားအပြင် အရေးကြီးဆုံးအသုံးဝင်မှုမှာ ဖိဆန်မြေကမ္ဘာနယ်မြေကနေ လူတစ်ယောက်ကို ထွက်ခွာစေနိုင်ခြင်းပင်။
ထိုသံလိုက်အိမ်မြှောင်၏ ဇစ်မြစ်ကိုမူ သူ့ထံ၌ အကြံအချို့ ရှိထားပြီး ဖြစ်၏။ သို့သော် ယင်းစိတ်ကူးအကြံတို့မှာ ဝေဝေဝါးဝါးသာ။ သူက ၎င်းကို မည်သူက ဖန်တီးခဲ့သည်အား မသိရပေ။ သူ ၎င်းအတွင်း၌ ဘာကြောင့် ရှိနေသည်ကိုလည်း မသိရပေ။
သူ သိသည်မှာ သူသာ လွတ်မြောက်သွားသည်နှင့် အဖြေတစ်ခု ရှာဖွေရန်ပင်။
သို့သော် ခုချိန်၌ သူ၏ အစီအစဉ်အားလုံးမှာ ဝမ်လင်း၏ စကားများကြောင့် ပျက်စီးသွားပေပြီ။ သူ့ထံ၌ မျှော်လင့်ချက် မရှိတော့ပေ။ သူက မျှော်လင့်ချက်မဲ့မှု၊ ဒေါသတို့ကိုသာ ခံစားမိ၏။ ထို့အတူ သူ ကြောက်နေသည်။
သူက ဝမ်လင်းထံ အရူးအမူး တိုးဝင်လာစဉ် အနက်ရောင်မြူက ကျယ်လောင်စွာ မြည်ဟိန်း၏။ သူ ဝမ်လင်းနား ရောက်လာချိန်တွင် ဝမ်လင်း၏မျက်နှာထက်မှ ခပ်ရေးရေး အပြုံးကို မြင်သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ တိုးဝင်လာသော အနက်ရောင်မြူကို ကြည့်၍ ညင်သာစွာ လက်ဝေ့ယမ်းသည်။
“ငါဟာ ပြန်လည်မွေးဖွားခြင်းကို ကျွမ်းကျင်ခဲ့တဲ့အချိန်မှာ ကောင်းကင်ဘုံနင်းချေခြင်းအဆင့်ကို ရောက်သွားခဲ့ပြီ…”
ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူ့ရှေ့ရှိ အနက်ရောင်မြူသည် တစီစီ မြည်ဟည်းကာ အလျင်အမြန် လွင့်ပါးလာတော့သည်။
“ငါ ဒီလိုအဖြစ်အခံနိုင်ဘူး။ ဝမ်လင်း…ငါ ဒါကို လက်မခံနိုင်ဘူးကွ…” ရှေ့ဖြစ်ဟောသူက နာကျင်စူးဝါးစွာ အော်ဟစ်၏။ အနက်ရောင်မြူများ ပြန့်ကြဲသွားစဉ် ကျန်သည့် အနက်ရောင်အခိုးငွေ့များသည် ဦးခေါင်းကြီးတစ်ခုအသွင်သို့ သိပ်သည်း၏။ ယင်းဦးခေါင်းမှာ ရှေ့ဖြစ်ဟောသူနှင့် လုံးဝ မတူတော့ပေ။ သူက သက်လတ်ပိုင်းအရွယ် ရှိပြီး သူ၏မျက်ခုံးနှစ်ခုကြား၌ လင်းလက်နေသော ကြယ်ပုံစံကွက်တစ်ခု ရှိနေသည်။ ထိုကြယ်ပုံစံကွက်အတွင်း၌ ရုန်းကန်နေသော ကြိုးကြာတစ်ကောင်၏ ဝိုးတဝါးအရိပ်တစ်ခု ရှိသည်။
သည်အရာအားလုံး ပြန့်ကြဲသွားဖို့ ခဏသာ ကြာမြင့်လိုက်၏။ သက်လတ်ပိုင်းလူ၏ ဦးခေါင်းမှာ ပြန့်ကြဲသွား၏။ ကျန်သည့် အနက်ရောင်မြူများအားလုံးမှာလည်း ရုတ်တရက် အနက်ရောင်ကြိုးကြာတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။
ထိုအနက်ရောင်ကြိုးကြာမှာ အော်မြည်သံ ပြု၍ ဝမ်လင်းထံ ထပ်မံ တိုးဝင်လာသည်။
၎င်း နီးကပ်လာစဉ် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ရှေ့သို့ ခြေတလှမ်းလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်သည်။ ထိုကြိုးကြာနက် နီးကပ်လာစဉ် ဝမ်လင်းက ၎င်း၏လည်တိုင်ကို ဖမ်းဆုပ်သည်။ ထိုကြိုးကြာနက်က ဆက်လက် ရုန်းကန်သည်။ ၎င်းက အော်မြည်သံပြုနေ၏။ ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွားကာ သူ့လက်ကို ပိုတင်းတင်း ဆုပ်ကိုင်သည်။ ထိုအခါ ထာဝရနတ်ဘုရားနယ်မြေတခုလုံးကို တုန်လှုပ်သွားစသော ကျယ်လောင်သော ပေါက်ကွဲမှု ဖြစ်ပေါ်စေ၏။ ကောင်းကင်သည်ပင် ဝေဝါးသွားသည်။
ထိုကြိုးကြာနက်မှာလည်း လုံးဝ တစစီ ဖြစ်သွားသည်။
ရှေ့ဖြစ်ဟောသူ၏ နတ်ဘုရားအာရုံသည် ဗရမ်းဗတာ ဖြစ်နေသည်။ ကြိုးကြာနက် ကွယ်ပျောက်သွားချိန်၌ ရှေ့ဖြစ်ဟောသူလည်း ထိုနည်းတူပင်။ သူ့နတ်ဘုရားအာရုံ၏ နောက်ဆုံးအမျှင်တန်းတစ်ခုသည် ဖျက်စီးခံရတော့မည့် အခိုက်၌ သူက သူ့မှတ်ဉာဏ်ထဲ၌ မတည်ရှိဟု ထင်ခဲ့သော အတိတ်မှ တချို့အရာများကို မှတ်မိသွားပုံ ရသည်။
“နံနက်ခင်းတာအိုနယ်မြေ…ငါ့မွေးရပ်မြေ…” သူ့နတ်ဘုရားအာရုံ လုံးဝ လွင့်ပျောက်သွားကာ သူ လုံးဝ သေသွားချိန်တွင် ရှေ့ဖြစ်ဟောသူက အထက်ပါအတိုင်း ခပ်တိုးတိုး ရေရွတ်ခဲ့၏။ အနက်ရောင်အခိုးငွေ့များကြား၌ သိသာသော မီးခိုးရောင်အမျှင်တန်းတစ်ခု ရှိနေသည်။ ဝမ်လင်းက ထိုမီးခိုးရောင်အမျှင်တန်းသည် ကောင်းကင်နှင့် ချိတ်ဆက်ထားသော တံတားထံ ဦးတည်ကာ ထိုတံတား၏ နောက်ရှိ ပုံရိပ်ယောင်အတွင်းသို့ ပျောက်ကွယ်သွားတာကို စောင့်ကြည့်နေသည်။
ထိုမီးခိုးရောင်အခိုးငွေ့က ရှေ့ဖြစ်ဟောသူ၏ အော်ရာကို မသယ်ဆောင်သွားခဲ့ပေ။
ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွား၏။ သို့သော် သူက လုံးဝ အံ့အား မသင့်သွားခဲ့ပေ။ ထိုမီးခိုးရောင်အခိုးငွေ့၏ တည်ရှိမှုကို သူက သိထားပြီးသည့်အလား။ သူက တချက်သာ ကြည့်၍ ၎င်းကို လစ်လျူရှုသည်။ သူ့ညာလက်ကို ဆန့်ထုတ်ကာ အနက်ရောင်အခိုးငွေ့တို့ကို ဆုပ်ကိုင်သည်။
ထိုအခါ ယင်းအခိုးငွေ့တို့သည် ရုတ်တရက် စုဝေး၍ ဝမ်လင်း၏လက်ထဲတွင် လက်သီးဆုပ်ခန့် အခိုးအငွေ့လုံးတစ်ခု ဖြစ်ပေါ်သည်။
ထိုအခိုးငွေ့လုံးက အနက်ရောင်မဟုတ်၊ ကိုးရောင်စုံ ဖြစ်၏။ ၎င်းက အလွန်လှပသည်။
“နယ်မြေတစ်ခုရဲ့ အနှစ်သာရ…” ဝမ်လင်းက သူ့လက်ထဲရှိ ထိုအခိုးအငွေ့အလုံးကို ကြည့်သည့်အခါ၌ သူ့မျက်လုံးတွင် တည်ငြိမ်မှုမရှိတော့၊ ထိုအစား စိတ်လှုပ်ရှားမှုနှင့် ပြည့်လာ၏။ သူက အသက်ဝဝရှိုက်သွင်းကာ သူ့ဘယ်လက်ကို ဝေ့ယမ်းသည်။ သူ့ရှေ့တွင် ခေါင်းတလား တစ်ခု ပေါ်လာ၏။
ထိုခေါင်းတလားအတွင်း၌ အိပ်စက်နေသော အမျိုးသမီးတစ်ယောက် ရှိသည်။ သူမက အကြွင်းမဲ့မလှပါ။ သို့သော် ညင်သာနူးညံ့ကျော့ရှင်းစွာ လှ၏။ သူမက မျက်လုံးမှိတ်လျက် မလှုပ်မယှက် ရှိနေသည်။
“ဝမ်အာ…မိုးကောင်းကင်က နင့်ကို သေစေချင်ရင် ငါ နင့်ကို ပြန်ခေါ်မယ်လို့ ပြောခဲ့ဖူးတယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ သူမ၏မျက်နှာကို ထိ၏။ သူ့မျက်လုံးထံမှ မျက်ရည်များသည် သူမ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ ထိုမျက်ရည်များက သူမ၏ ပါးပေါ်ကနေသည် သူမ၏ ပါးစပ်ထောင့်နားထိ ကျဆင်းသည်။
“ငါ အောင်မြင်ခဲ့ပြီ။ နှစ်ပေါင်းထောင်ချီ ကြာပြီးတဲ့နောက် ငါ အောင်မြင်ခဲ့ပြီ…” ဝမ်လင်း၏ အမူအရာက ညင်သာနေသည်။ သူက ကိုးရောင်စုံအခိုးအငွေ့လုံးကို ထိုအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားသို့ ညင်ညင်သာသာ ဖိချသည်။ သူက ထိုအခိုးအငွေ့လုံး သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို စောင့်ကြည့်နေ၏။ အချိန်သည် ထာဝရ ဖြစ်လာသည်ဟု ထင်ရသည်။
သို့သော် ဝမ်လင်း၏မျက်နှာထက်တွင် စိတ်တင်းကြပ်မှု အရိပ်အယောင် ရှိနေ၏။ သူက အလွန်စိုးရိမ်ပူပန်နေခြင်းပင်။ သူ့အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ သူ့ရှေ့မှ အမျိုးသမီးကို ကြည့်သည်။
သူက လီမူဝမ်၏ ဆံပင်စတို့ကို ထိုးဖွသပ်တင်၍ ခပ်တိုးတိုး ရေရွတ်၏။ “ဝမ်အာ…အသက်ပြန်ရှင်လာပါတော့။ ပြန်ရှင်လာပါတော့။ ညီမရဲ့ မျက်လုံးကို ဖွင့်ပါတော့။ မျက်လုံးဖွင့်ပြီး အစ်ကို့ကို ကြည့်ပါတော့…”
“ဝမ်အာ…မျက်လုံးဖွင့်ပါတော့။ နိုးထလာပါတော့။ ပြီးတော့ ပိုင်အာလည်း ရှိသေးတယ်။ သူလည်း နိုးထလာတော့မှာပါ။ ညီမလည်း ဒီကလေးကို သဘောကျမှာပါ…”
ဝမ်လင်းသည် ခပ်ဖွဖွ ရေရွတ်နေလျက် သူ့မျက်ရည်များမှာ စီးကျနေသည်။
“ဝမ်အာ…နိုးထလာပါတော့။ ဝမ်အာ…” ဝမ်လင်းက အိပ်ပျော်နေသော ထိုအမျိုးသမီးကို ကြည့်ကာ အဆက်မပြတ် ငိုကြွေးနေမိ၏။ သူက သူမနှင့် ဆုံတွေ့ခဲ့ပုံတို့ကို လုံးဝ မေ့မရနိုင်ပါ။
“ညီမ မျက်လုံးဖွင့်လာတာကို မိုးကောင်းကင်ကတောင် မဟန့်တားနိုင်အောင်လို့ ငါဟာ လောကတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်…”
“ဝမ်အာ…ညီမကို အိမ်ပြန်ခေါ်နိုင်ဖို့ ငါဟာ လေဟာနယ်ကို ဖွင့်လှစ်ပြီး လမ်းကြောင်းတစ်ခု ဖွင့်ဟခဲ့တယ်…”
“ဝမ်အာ…အစ်ကိုဟာ ညီမရဲ့ ခင်ပွန်းဖြစ်သူပဲ။ အစ်ကိုက ညီမကို မျက်လုံးဖွင့်လာစေချင်တယ်။ နိုးထလာပါတော့…”
ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်၏။ အချိန်ကုန်လွန်လာသည်။ သို့သော် ခေါင်းတလားထဲရှိ အမျိုးသမီးဖြစ်သူက မျက်လုံးမှိတ်နေတုန်းပင်။ ဝမ်လင်းသည် ထိုသည်ကို လက်မခံနိုင်ပေ။ သူက ထိုသည်ကို လက်မခံနိုင်ပါ။
“မငိုပါနဲ့တော့…” ဝမ်လင်းက ကောင်းကင်ထက်သို့ အော်ဟစ်နေစဉ် နွေးထွေးကာ ကျောက်စိမ်းကဲ့သို့ လက်တဖက်က သူ့မျက်နှာကို လာထိလေ၏။
ဝမ်လင်း၏ခန္ဓာကိုယ်တခုလုံး တုန်ယင်သွား၏။ သူက ခေါင်းငုံ့ကြည့်ရာ လီမူဝမ်၏ မျက်တောင်များသည် တုန်ခါ၍ သူမ မျက်လုံးဖွင့်လာသည်ကို မြင်သည်။
သူမ၏မျက်လုံးထဲတွင် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သော်လည်း မပြောင်းလဲခဲ့သော ကြင်နာမှု ရှိနေ၏။ လူတစ်ယောက်၏ စိတ်နှလုံးကိုပင် နာကျင်စေနိုင်မည့် ညင်သာပျော့ပြောင်းမှု အငွေ့အသက် ရှိနေ၏။