← Chapters

ဂိုဏ်း၏လျှို့ဝှက်နယ်မြေ

Vol. 9 Ch. 123

ဂိုဏ်း၏လျှို့ဝှက်နယ်မြေ

Vol. 9 Ch. 123

ခေါင်းဆောင်တောက်ရင်က ဓားချီအာခီမီပညာရပ်အား သင်ယူလိုသည်လား။

ဟန်မူယဲ့ တွန့်ဆုတ်နေသည်။

ဓားချီဖြင့် ဆေးဖော်စပ်ခြင်းမှာ မခက်ခဲသော်လည်း ၎င်းမှာ မထိုက်တန်ဟု မပြောခဲ့ဘူးလား။

ဟန်မူယဲ့က သူ့အား ကြည့်နေသည်ကို မြင်လျှင် ခေါင်းဆောင်တောက်ရင်က အသာခြောင်းဟန့်ကာ ပြောသည်။

“မူရှန့်မြို့မှာ အာခီမီစံအိမ်ငယ်ဆိုတာ ရှိတယ်။ အဲဒီအထဲမှာ ရှားပါးအာခီမီစာအုပ်တွေနဲ့ ဆေးဖော်နည်းတွေ ရှိတယ်။ အဲဒီနေရာဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီတော်ဝင်မြေလို့ ပြောနိုင်တယ်”

အာခီမီကျင့်ကြံသူများအတွက် ထိုနေရာသို့ သွားကြည့်ရန်မှာ သူတို့၏ဆန္ဒတစ်ခု ဖြစ်သည်။

ခေါင်းဆောင်မူက တားမြစ်ခြင်း မပြုပါ။

သို့သော် သူက စည်းမျဉ်းတစ်ခု ချမှတ်ထားသည်။

အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ရန် တစ်စုံတစ်ယောက်သည် အမြင့်ဆုံးအရည်အသွေးဆေးလုံးအား ဖော်စပ်နိုင်ရမည်။

ဆေးလုံးကို အာခီမီစံအိမ်ငယ်က ကံစမ်းမဲနှိပ်ကာ ချပေးသည်။ ထိုဆေးလုံးအား ထိုသူက အမြင့်ဆုံးအရည်အသွေးအဖြစ် ဖော်စပ်နိုင်ပါက အာခီမီစံအိမ်ငယ်ထဲသို့ တစ်ရက်တိတိ ဝင်ရောက်လေ့လာခွင့်ရပေမည်။

တစ်ရက်တာအခွင့်အရေးကို အထင်သေး၍ မရပါ။ မရေမတွက်နိုင်သော အာခီမီပညာရှင်များသည် ထိုအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်။

မူမိသားစုခေါင်းဆောင်၏စည်းကမ်းမှာ ရိုးရှင်းသော်လည်း တစ်စုံတစ်ယောက်က အမြင့်ဆုံးအရည်အသွေးဆေးလုံးအား ဖော်စပ်နိုင်မည်လားကိုကား ကံတရားနှင့်သာ သက်ဆိုင်ပေလိမ့်မည်။

အာခီမီစံအိမ်ငယ်ကို လွန်ခဲ့သော နှစ်၃၀၀ က စတည်ထောင်စဉ်ကပင် ထိုစမ်းသပ်ချက်အား အောင်မြင်သူမှာ လူတစ်ရာပင် မရှိပါ။

တချို့မှာ သူတို့ကျွမ်းကျင်သော ဆေးလုံးများအား ကံကောင်း၍ ကံစမ်းမိကြသည်။

သို့သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေမှ အာခီမီပညာရှင်များသည် မူမိသားစုခေါင်းဆောင်၏စည်းမျဉ်းကို မကန့်ကွက်ကြပါ။

အမြင့်ဆုံးအရည်အသွေးဆေးလုံးကို မဖော်စပ်နိုင်ပါဘဲ အာခီမီစံအိမ်ငယ်ထဲကို ဝင်ကာ ဘာလုပ်မည်နည်း။

ထို့အပြင် မူမိသားစုခေါင်းဆောင်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ပဥ္စမတန်းစားဆေးလုံးအား ဖော်စပ်နိုင်သော ရှားပါးပညာရှင် ဖြစ်သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ သူ့အား အပြစ်လုပ်ဝံ့သူ သိပ်မရှိပါ။

“ခေါင်းဆောင်က ဘယ်ဆေးလုံးကို ကံစမ်းမိတာလဲ”

ဟန်မူယဲ့က မေးသည်။

သိသာစွာပင် ခေါင်းဆောင်တောက်ရင်သည် အာခီမီစံအိမ်ငယ်ထဲကို ဝင်ရန် အမြင့်ဆုံးအရည်အသွေးဆေးလုံးအား ဖော်စပ်လို၏။

ခေါင်းဆောင်တောက်ရင်က သက်ပြင်းချကာ ပြောသည်။

“အဲဒီတုန်းက ငါဟာ အဌမအတန်းအစား သွေးကြောဖွင့်ဆေးလုံးကို ကံစမ်းမိတယ်”

သွေးကြောဖွင့်ဆေးလုံးသည် အဌမအတန်းအစားဆေးလုံးဖြစ်ကာ ဝိညာဉ်ပေါင်းစပ်ဆေးလုံးထက်ပင် တန်ဖိုးကြီးသေးသည်။ ၎င်းသည် အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူများ ဝိညာဉ်နိုးထခြင်းအဆင့်သို့ တက်လှမ်းရန် သုံးသော ဆေးလုံးလည်း ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် အခြေခံအုတ်မြစ်အဆင့်သို့ တက်လှမ်းသောအခါ သူတို့သည် ဝိညာဉ်ပေါင်းစပ်ဆေးလုံးအား သုံးကာ ဝိညာဉ်နိုးထခြင်းအဆင့်ကို ခဏတာ ပိုင်ဆိုင်နိုင်၏။

ဆေးလုံးအစွမ်းဖြင့် ထိုအဆင့်ကို ၁၅မိနစ်ခန့်သာ ရရှနိုင်သော်လည်း ၎င်းကား လုံလောက်ပေသည်။

ကမ္ဘာမြေအဆင့်ကို ယာယီအားဖြင့် တက်လှမ်းပြီးပါက ထိုအဆင့်၏အစွမ်းများကို နားလည်ဆင်ခြင်နိုင်ကာ အနာဂတ်တွင် ကောင်းမွန်သော အခြေခံအုတ်မြစ်အား တည်ဆောက်ထားပြီး ဖြစ်ပေမည်။

အချက်အလက်များအရ ဝိညာဉ်ပေါင်းစပ်ဆေးလုံးဖြင့် ဝိညာဉ်နိုးထခြင်းအဆင့်ကို ခဏတာ တက်လှမ်းဖူးသူများ၏ ၈၀ ရာနှုန်းမှာ ကမ္ဘာမြေအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ကြသည်။

ထိုရာနှုန်းကား အလွန်ကောင်းမွန်၏။

ထို့ကြောင့် ဝိညာဉ်ပေါင်းစပ်ဆေးလုံးမှာလည်း အလွန်တန်ဖိုးကြီးသည်။

ထိုဆေးလုံးသည် အဌမအတန်းအစားဆေးလုံးများထဲတွင် တန်ဖိုးအကြီးဆုံးလည်း ဖြစ်သည်။

ဖော်စပ်ရန်လည်း အလွန်ခက်ခဲ၏။

ဦးစွာ ဆေးအမယ်များမှာ စုဆောင်းရန် ခက်ခဲပြီး တချို့ပင်မဆေးအမယ်များမှာ အလွန်ရှားပါးလှသည်။ ဒုတိယအားဖြင့် ထိုဆေးလုံးကို ဖော်စပ်ရန်မှာ အခြေခံအုတ်မြစ်အဆင့်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်တို့အား ကြီးစွာ နားလည်ထားရန် လိုပေသည်။

“ငါက အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေကို ဖော်စပ်နိုင်တယ်။ ဒါပေမဲ့ ဒါက ဘယ်တော့မှ မသေချာဘူးလေ”

ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းကာ ပြောသည်။

သူ့စကားကို ကြားလျှင် ဟန်မူယဲ့က မသက်မသာ ပြုံးလျက် ပြောသည်။

“ခေါင်းဆောင်… ကျွန်တော်က ဓားချီကို သုံးပြီးတော့ပဲ ဆေးဖော်စပ်တာ။ ပြီးတော့ ကျွန်တော်က တိမ်မြူချီဆေးလုံးနဲ့ စွမ်းအင်အသွင်ပြောင်းဆေးလုံးကိုပဲ ဖော်စပ်ဖူးတာ”

“အာခီမီပညာမှာ ကျွန်တော်က အခြေခံအဆင့်လောက်ပဲ သိသေးတယ်”

ဤသည်ကား သူ မိမိကိုယ်ကို နှိမ့်ချခြင်း မဟုတ်ပါ။ သူသည် ဖြတ်လမ်းနည်းကို သုံးကာ ဆေးဖော်စပ်နေခြင်းဖြစ်ပြီး စနစ်တကျ သင်ကြားထားခြင်း မရှိပါ။

တိမ်မြူချီသည် နဝမအတန်းအစားဆေးလုံးဖြစ်ပြီး စွမ်းအင်အသွင်ပြောင်းဆေးလုံးတို့မှာ အဌမအတန်းအစားဆေးလုံးဖြစ်သည်။ ၎င်းတို့၏အဆင့်အတန်းမှာ သိပ်မမြင့်ပါ။

သို့သော်လည်း နောင်တွင် အခွင့်အလမ်းများ ရလာပါက သူ၏အာခီမီပညာရပ်မှာ သိပ်ဆိုးဝါးမည် မဟုတ်ဟု ယုံကြည်ချက် ရှိပေသည်။

မည်သို့ဆိုစေ သူ၏ထိုးထွင်းသိမြင်နိုင်စွမ်းမှာ အလွန်ကောင်းပေသည်။

“ခေါင်းဆောင်… ဒီလိုလုပ်ပါလား။ ကျွန်တော်က ခေါင်းဆောင်ဆေးဖော်စပ်တာကို ဘေးက ကြည့်ပေးမယ်။ တကယ်လို့ တစ်ခုခု အကြံပေးနိုင်တာရှိရင် ခေါင်းဆောင်ကို ပြောပါ့မယ်”

သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းကို မသိဘဲ ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား မည်သို့ ကူညီရမည် မသိပါချေ။

ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ပြောသည်။

“ကောင်းပြီ။ မနက်ဖြန် ငါတို့ အာခီမီခန်းဆောင်ကို သွားကြမယ်။ ငါက မင်းကြည့်ဖို့ သွေးကြောဖွင့်ဆေးအမယ်နှစ်စုံ ဖော်စပ်ပေးမယ်”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့မှာ သွေးကြောဖွင့်ဆေးလုံးအတွက် လိုတဲ့ဆေးအမယ်တွေ မရှိသေးဘူး”

သွေးကြောဖွင့်ဆေးလုံးအတွက် ဆေးအမယ်များမှာ ရှားပါးရာ ခေါင်းဆောင်တွင် မရှိသေးသည်မှာ မထူးဆန်းပါ။

ခေါင်းဆောင်တောက်ရင်က သဘောတူသည်ကို မြင်လျှင် ဟန်မူယဲ့က အကြောင်းအရာကို ပြောင်းလိုက်သည်။

“ခေါင်းဆောင်… အလင်းတောင်ကုန်းဓားဂိုဏ်းကို သွားခဲ့တာ ဘယ်လိုလဲ”

သူ့စကားကို ကြားလျှင် ခေါင်းဆောင်တောက်ရင်က ပြုံးလိုက်သည်။

“ကောင်လေး… မင်းမှာ အခွင့်အလမ်းတွေ အတော်များများရှိတယ်လို့ ပြောရမှာပဲ”

“ယန်တင်းရှန်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကိုယ်တိုင်လာဖို့ သဘောတူထားတယ်”

၎င်းကား သတင်းကောင်း ဖြစ်သည်။

ယန်တင်းရှန်သည် အလင်းတောင်ကုန်းဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ရာ သူကိုယ်တိုင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ လာခြင်းသည် ဂိုဏ်းနှစ်ဂိုဏ်းအကြား မဟာမိတ်ဖွဲ့ခြင်းနှင့် အတူတူဖြစ်သည်။

ထိုကိစ္စက ဖုန်းလင်ဓားဂိုဏ်းကိုလည်း ကြီးမားသော ဖိအားဖြစ်စေပေမည်။

ထိုသို့တွေးကာ ဟန်မူယဲ့ သက်ပြင်းချမိသည်။

မကြာသေးခင်က သူသည် ဂိုဏ်းနှစ်ဂိုဏ်းအကြား တိုက်ပွဲတွင် အဆင့်နိမ့်တပည့်များမှာ သာမန်စတေးခံများသာဖြစ်ကြောင်း သိရှိခဲ့ရသည်။

အသက်တစ်ချောင်းအား ထိုမျှ အလွယ်တကူ သဘောထားခြင်းမှာ ကောင်းသော အချက်မဟုတ်ပါ။

ဟန်မူယဲ့သည် ထိုသို့ သနားညှာတာခြင်းကင်းမဲ့သော ကျင့်ကြံခြင်းလမ်းစဉ်အား မလျှောက်လှမ်းရန် မိမိကိုယ်ကို သတိပေးထားရသည်။

“စိတ်မပူပါနဲ့… ဂိုဏ်းချုပ်က ဒီကိစ္စမှာ မင်းကို သေချာပေါက် ဆုကြေးပေးလိမ့်မယ်”

ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ပြောသည်။

ဆုကြေး…

ဂိုဏ်းချုပ်၏ဆုကြေးမှာ တန်ဖိုးရှိပေလိမ့်မည်။

အတန်ကြာ စကားပြောကြပြီးနောက် ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းကာ ပြောသည်။

“မင်းက ချီစုစည်းခြင်းအဆင့်ကို ခုနကပဲ တက်လှမ်းခဲ့တယ်။ ဂိုဏ်းရဲ့ လျှို့ဝှက်နေရာကို သွားပြီးတော့ ကျင့်ကြံဆင့်တည်ငြိမ်အောင် သွားလုပ်လိုက်”

ဂိုဏ်း၏လျှို့ဝှက်နေရာကား သဘာဝစွမ်းအင်များ အလျှံပယ်ရှိသောနေရာဖြစ်သည်။

ဟန်မူယဲ့သည် ထိုသဘာဝစွမ်းအင်နယ်မြေကို ယခင်ကတည်းက သွားလိုခဲ့သည်။ ဓားစံအိမ်အကြီးအကဲ၏စကားကို ကြားလျှင် သူက ဦးညွှတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။

သူ အောက်ထပ်သို့ ဆင်းသွားသည်ကို ကြည့်ကာ ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် ပြောသည်။

“သူ့ စိတ်နေသဘောထားက ဘယ်လိုလဲ”

ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ထူးမခြားနားစွာ ပြောသည်။

“ဟွမ်လောင်လျှိုက သူ့ထက် ပိုတည်ငြိမ်တယ်လို့ ထင်တုန်းပဲ”

ထို့နောက်တွင် သူက ဓားစံအိမ်အကြီးအကဲကို ကြည့်သည်။

“မင်းက သူ့ကို တကယ်ပဲ တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင် မြန်မြန်လုပ်သင့်တယ်”

“ဒီကောင်လေး လေလံပွဲမှာ မိစ္ဆာအိုကြီးထူနဲ့ အတူရှိနေတာ တွေ့ခဲ့တယ်။ ဘယ်လိုပြောပြော မိစ္ဆာအိုကြီးထူဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နံပါတ်၁ ဓားသမားပဲ။ သူက ကောင်လေးရဲ့ အရည်အချင်းကို သဘောကျရင် မင်း ယှဉ်နိုင်မယ် မထင်ဘူး”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ဓားသမား ထူစွန်းရှစ်။

လေလံပွဲတုန်းက ဟန်မူယဲ့နှင့်အတူ လိုက်လံအဖော်ပြုပေးနေသော အဖိုးအိုသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ဓားသမား ထူစွန်းရှစ် ဖြစ်သည်။

ခေါင်းဆောင်တောက်ရင်၏စကားကို ကြားသော်လည်း ဓားစံအိမ်အကြီးအကဲ၏အမူအရာက မပြောင်းလဲပေ။ သူက ရယ်မောကာ ပြောသည်။

“ဒီကောင်လေးက ထူစွန်းရှစ်ကို ဘယ်တော့မှ ဆရာတင်မှာ မဟုတ်ဘူး”

ခေါင်းဆောင်တောက်ရင် စိတ်ဝင်စားသွားသည်။

“သူဟာ မော့ယွမ်ရဲ့ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို ကျင့်ကြံတယ်ဆိုတာ မမေ့နဲ့”

“သူက ဓားစံအိမ်ရဲ့ အမွေအနှစ်ဓားကျင့်စဉ်တွေကိုလည်း ကျင့်ကြံတယ်”

ဓားစံအိမ်အကြီးအကဲက ဝင့်ကြွားစွာ ပြောသည်။

“ဓားသိုင်းပညာရဲ့ ကြီးကျယ်ခမ်းနားမှုမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို ကျော်လွန်တဲ့ပညာ ကျုပ် မမြင်ဖူးဘူး”

“ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဓားစံအိမ်ရဲ့ဓားဆန္ဒကို ယှဉ်နိုင်တဲ့နေရာ ရှိလို့လား”

“ထိုက်ရီဓားဂိုဏ်းနဲ့ ထူစွန်းရှစ်တို့ရဲ့ အမွေအနှစ်တွေဆိုတာ လေထဲမှာပဲ ရှိတယ်။ ဓားစံအိမ်ရဲ့ အဆုံးမရှိတဲ့ဓားချီတွေကပဲ အစစ်အမှန်တွေပဲ”

ခေါင်းဆောင်တောက်ရင်က သူ့ပါးစပ်ကို ဖတ်ခနဲ ရိုက်ပြစ်လိုက်သည်။

…

ဟန်မူယဲ့သည် ဓားစံအိမ်အပေါ်ထပ်မှ ဆင်းလာသောအခါ ဟွမ်လောင်လျှိုတစ်ယောက် ထိုင်ခုံ၌ ငေးမောနေသည်ကို တွေ့ရ၏။

“အစ်ကိုဟွမ်… မရီးအကြောင်း တွေးနေပြန်ပြီလား”

ဟန်မူယဲ့က စနောက်လိုက်သည်။

ဟွမ်လောင်လျှိုက ခေါင်းယမ်းသည်။ သူက သုန်မှုန်စွာ ပြောသည်။

“တကယ်လို့ ငါသာ မင်းနဲ့အတူ လော့ယန်မြို့ကို သွားခဲ့ရင် အဲဒီကျောက်စိမ်းအရိုးတွေကို ငါပဲ ရခဲ့မှာမလား”

ဟန်မူယဲ့က သူ့အား ကြည့်ကာ အကယ်၍ ဟွမ်လောင်လျှိုသာ သူနှင့်အတူ ပါလာပါက မိမိသည်သာ ထိုကျောက်စိမ်းအရိုးများကို ရပေလိမ့်မည်။

မည်သို့ဆိုစေ ဟွမ်လောင်လျှိုတွင်ကား ကျင့်ကြံဆင့် မရှိချေ။ သူသည် အန္တရာယ်နှင့်ကြုံသောအခါ ဟန်မူယဲ့၏အကာအကွယ်ကို ယူရပေလိမ့်မည်။

“ထားလိုက်တော့… ထားလိုက်တော့… ငါက မကျင့်ကြံဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ အဲဒီကျောက်စိမ်းအရိုးတွေက ဘာလုပ်ရမှာလဲ”

ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောသည်။

“ကောင်လေးဟန်… မဆိုးဘူး… ဓားစံအိမ်မှာ နောက်ပိုင်း ငါမင်းကို အားကိုးရတော့မှာပဲ”

ဟန်မူယဲ့ ပြုံးလိုက်ကာ ဘာမှ ပြန်မပြောပေ။

“အစ်ကိုဟွမ်…. ကျုပ် အတွင်းစည်းဂိုဏ်းကို သွားတယ်”

ထို့နောက် ဟန်မူယဲ့ သူ့အား နှုတ်ဆက်ကာ အပြင်သို့ ထွက်လာခဲ့သည်။

လျှို့ဝှက်နယ်မြေကား အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင် ဖြစ်သည်။

ဟန်မူယဲ့ ပြေးလွှားသွားလျှင် သူ၏ကျင့်ကြံဆင့် အပြောင်းအလဲများကို ခံစားမိသည်။

ချီစုစည်းခြင်းအဆင့်ကို တက်လှမ်းပြီးနောက် သူ၏ဒန်ထျန်တွင် ချီများမှာ ဆယ်ဆခန့် တိုးလာသည်။

ချီပမာဏသာမက အရည်အသွေးမှာလည်း ယခင်ထက် ပိုမိုစုစည်းအားကောင်းလာ၏။

ဟန်မူယဲ့သည် ချက်ချင်းပင် သရုပ်ပြခန်းဆောင်ကို သွားကာ ချီစုစည်းခြင်းအဆင့်မှ ပညာရပ်များအားလုံးကို သင်ယူလိုစိတ်များပင် ဖြစ်လာသည်။

“စီနီယာအစ်ကိုဟန်…”

ဟန်မူယဲ့ နောက်လှည့်ကြည့်လျှင် အဖြူရောင်ဝတ်စုံဖြင့် လူတချို့ကို တွေ့ရသည်။

ချောင်းချင်းအာနှင့် ဟွားဖျင်ဟု ခေါ်သော လူငယ်။

သူတို့ငါးယောက် ဝမ်းသားနေကြသည်။

“အတွင်းစည်းဂိုဏ်း… ဂုဏ်ယူပါတယ်”

ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်သည်။

“စီနီယာအစ်ကိုဟန်… ရှင်က ကျွန်မအတွက် ဓားကောင်းတစ်လက်ရွေးပေးမယ်လို့ ကတိပေးထားတယ်”

ချောင်းချင်းအာက ပျော်ရွှင်စွာ ပြောသည်။

“ကျုပ်တို့အားလုံးက စီနီယာအစ်ကိုဟန်ရဲ့ ဓားရွေးချယ်နိုင်စွမ်းကို သိထားကြတယ်”

တခြားတပည့်များကလည်း ရယ်မောကြ၏။

ဟွားဖျင်တစ်ဦးတည်းသာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ရပ်နေသည်။

သူ၏တာအိုနှလုံးသားသည် ကျန်းဟန်နှင့် တိုက်ခိုက်သောအခါက ပျက်စီးလုနီးပါး ဖြစ်သွားသေးသည်။

သူသည် အပြင်စည်းဂိုဏ်းသားတစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် မရှိပါ။

နောက်ပိုင်း ဂိုဏ်းစုံညီစုဝေးပွဲတွင် တခြားသော ဂိုဏ်းမှ လူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သောအခါမှ မိမိကိုယ်ကို ယုံကြည်မှု တချို့ ရလာခဲ့သည်။

သူ မသန်မာခြင်းမဟုတ်ဘဲ ထိုအပြင်စည်းဂိုဏ်းသားများမှာ အလွန်အားကောင်းနေခြင်းကြောင့်သာ ဖြစ်သည်။

သည်တစ်ကြိမ် သူတို့သည် ချီစုစည်းခြင်းအဆင့်သို့ မရောက်ပါဘဲ အတွင်းစည်းဂိုဏ်းသားဖြစ်လာခြင်းမှာ မိစ္ဆာရှင်းလင်းရေးတာဝန်တချို့ကို စီနီယာများအကူအညီဖြင့် အောင်မြင်ကာ လုံလောက်သော အကျိုးဆောင်မှတ်များ ရလာခြင်းကြောင့် ဖြစ်သည်။

သူတို့၏ကောင်းမွန်သော ဗီဇပါရမီကြောင့် ဂိုဏ်းက သူတို့အား တန်ဖိုးထားသည်။ ကျင့်ကြံခြင်းသည် ဗီဇပါရမီနှင့် အဆက်အသွယ်များသာ အဓိက ကျသည်။

ထိုသို့တွေးကာ ဟွားဖျင် စိတ်သက်သာရာရသည်။

ဟန်မူယဲ့ကို ကြည့်ကာ သူ့အမူအရာမှာလည်း ပိုမိုကောင်းမွန်လာ၏။

ဓားစံအိမ်မှ စီနီယာအစ်ကိုဟန်သည် နာမည်ကျော်ကြား၏။ သို့သော် သူသည် ဓားထိန်းတစ်ဦးသာ မဟုတ်ပေဘူးလား။

ထိုသို့သောလူက မည်သို့ သူ့လို အတွင်းစည်းဂိုဏ်းသားနှင့် ယှဉ်နိုင်မည်နည်း။

ဟန်မူယဲ့သည် ချီစုစည်းခြင်းအဆင့်သို့ တက်လှမ်းသွားရာ သူသည် အတော်လေးစိတ်ကြည်လင်နေ၏။ သူက ချောင်းချင်းအာနှင့် လမ်းလျှောက်ကာ ပျော်ရွှင်စွာ ပြောဆိုသည်။

ချောင်းအာနှင့် တခြားလူများ၏အဆိုအရ မိစ္ဆာရှင်းလင်းရေးတာဝန်ကား ပျော်ပွဲစားထွက်သည်နှင့် မခြားပါ။ သူတို့သည် စုရပ်နေရာတွင် နေကာ စီနီယာအစ်ကိုများ မိစ္ဆာသားရိုင်းများအား သေခါနီးအထိ ရိုက်နှက်လာခြင်းအား စောင့်ဆိုင်း၏။ ထို့နောက် ထို သေချာနီး သားရိုင်းများကို သူတို့က လွယ်လင့်တကူ သတ်ဖြတ်သည်။

သူတို့တွင် အမှန်တကယ် ကောင်းမွန်သော စီနီယာအစ်ကိုများ ရှိကြသည်။

သူတို့ လမ်းလျှောက်လာရင်း တောင်ထိပ်သို့ ရောက်ခါနီးလာ၏။

“အာ… စီနီယာအစ်ကို… ရှင်က အတွင်းစည်းကာကွယ်ရေးခန်းမကို သွားပြီးတော့ စာရင်းသွားပေးမလို့လား”

ချောင်းချင်းအာက စိတ်ဝင်စားစွာ မေးသည်။

“စီနီယာအစ်ကိုဟန်ဟာ ဓားထိန်းတစ်ယောက်ဖြစ်လို့ အဲလို အခွင့်အရေးမရှိမှာ စိုးရိမ်ရတယ်”

ဟွားဖျင်က နောင်တရဟန်ဖြင့် ပြောသည်။

ဟွားဖျင်၏စကားကို ကြားလျှင် ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။

“ကျုပ်က တကယ်ပဲ ဂိုဏ်းကာကွယ်ရေးခန်းမကို သွားမှာ မဟုတ်ဘူး။ ဒီလမ်းကို သွားမှာ”

ဟန်မူယဲ့က လမ်းခွဲအတိုင်း ချိုးဝင်သွားသည်နှင့် ခြေလှမ်းအနည်းငယ်ခန့်တွင် အစိမ်းရောင်လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။

“ဒါက ဂိုဏ်းရဲ့တားမြစ်နယ်မြေပဲ။ အခွင့်ရှိသူပဲ ဝင်လို့ရမယ်”

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လျှင် ကြေးနီရောင်တံဆိပ်ပြားငယ်တစ်ခု ပေါ်လာသည်။

“တိုက်ရိုက်တပည့်…”

“ကြွပါ…”

ဟန်မူယဲ့သည် လမ်းအတိုင်း ဝင်ရောက်ပျောက်ကွယ်သွားသည့်တိုင် ချောင်းချင်းအာနှင့် တခြားလူများမှာ သတိပြန်မဝင်လာသေးပါ။

‘ငါ နားကြားများ မှားသလား…’

ဟွားဖျင်ကား မယုံကြည်နိုင် ဖြစ်နေသည်။

ထိုအမူအရာကား ကျန်းဟန်၏အနိုင်ယူခြင်းကို ခံရစဉ်ကနှင့် အတူတူဖြစ်သည်။

All Chapters