← Chapters

တချက်စောင်းငုံ့ကြည့်ခြင်း

Vol. 154 Ch. 2141

တချက်စောင်းငုံ့ကြည့်ခြင်း

Vol. 154 Ch. 2141

ထာဝရနတ်ဘုရားနယ်မြေ၊ စက်ဝန်းအသွင်ကုန်းမြေ၏ ဗဟိုချက်၌ ခုနစ်ရောင်စုံနှင်းများ ကျနေသော တောင်တလုံး ရှိနေကာ ၎င်းတောင်ပေါ်၌ ပုံရိပ်နှစ်ခု ရပ်နေသည်။

သူတို့မှာ ဝမ်လင်းနှင့်လီမူဝမ်တို့ပင်။

သူတို့က နေရာတွင် ရပ်ကာ မနီးမဝေးရှိ တံတားကို ကြည့်၍ တစ်ဦးနှင့်တစ်ဦး ညင်သာတိုးညှင်းစွာ စကားပြောနေသည်။

ဝမ်လင်း၏အကြည့်က နူးညံ့ညင်သာနေ၏။ သူက လီမူဝမ်ကို ကြည့်နေသည်။ သူက ထိုသို့ ကြည့်နိုင်ဖို့ အချိန်အကြာကြီး စောင့်နေခဲ့ရတာ မဟုတ်လား။ နှစ်ပေါင်းထောင်ချီကြာပြီးနောက် အခု ထိုအဖြစ်က ရောက်လာခဲ့ပေပြီ။

ကျဆင်းနေသော ခုနစ်ရောင်စုံနှင်းမှာ ဝမ်းနည်းဖွယ်ခံစားချက် ဆက်၍ မပါဝင်တော့ပေ။ ၎င်းသည် ဝမ်လင်း ရှေးရှီဘုံကျောင်းအတွင်း၌ တွေ့မြင်ခဲ့ရသော မြင်ကွင်းနှင့် လုံးဝ ကွဲပြားသွားခဲ့ပေပြီ။

ဝမ်လင်းက ညင်သာစွာ ဆို၏။ “ဒါက ဇာတ်လမ်းရှည်တစ်ခုပါပဲ။ ဝမ်အာ…အစ်ကိုတို့ ထွက်သွားတာနဲ့ သာမန်နေရာလေးတစ်ခု ရှာပြီး ညီမကို ဒီဇာတ်လမ်း တသက်လုံး ပြောပြမယ်နော်။ ပိုင်အာနဲ့ သူ့ဇနီး ချင်ရီတို့လည်း တို့နဲ့အတူ ရှိမှာပေါ့။ ညီမ သူတို့ကို ကျိန်းသေပေါက် ချစ်ခင်မှာပါ…”

လီမူဝမ်က ခေါင်းညိတ်၏။ သူမက သူမရှေ့ရှိ အမျိုးသားကို ကြည့်၏။ သူသည် အရင်တုန်းကကဲ့သို့ပင်။

သူမသည် သူမကို ပြန်နိုးထလာစေဖို့ ဝမ်လင်း မည်မျှ ပေးဆပ်ခဲ့ရသည်၊ မည်မျှ ခက်ခဲခဲ့သည်ကို စိတ်ကူးကြည့်နိုင်သည်။

“အခု အစ်ကို ညီမကို ကောင်းကင်ဘုံနင်းချေခြင်းတံတားဆီ တူတူ ခေါ်သွားမယ်…”  ဝမ်လင်းက မနီးမဝေးရှိ တံတားကို လှမ်းကြည့်နေလျက် သူ၏မျက်လုံးသည် ဒီနှစ်ပေါင်းထောင်ချီတွင် အတောက်ပဆုံးအားဖြင့် တောက်ပလေသည်။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုအငွေ့အသက် မရှိတော့ပါ။

သူက လီမူဝမ်၏လက်ကို ဆွဲခေါ်သည်။ သူမ နိုးထလာပြီးနောက် သူသည် လုံးဝ လက်လွှတ်ပေးတော့မည် မဟုတ်ပေ။ သူက သူ လက်လွှတ်မိသည်နှင့် သူမကို နောက်ထပ် လုံးဝ ရှာမတွေ့တော့မှာ စိုးရိမ်ကြောက်မိသည်။

သူတို့၏ပုံရိပ်များသည် ကောင်းကင်ဘုံနင်းချေခြင်းတံတားထံ တဖြည်းဖြည်း လျှောက်လှမ်းလာကာ ထိုတံတား၏အဆုံး၊ ပုံရိပ်ယောင်နှင့် ချိတ်ဆက်နေသော နေရာထံ ဦးတည်လာ၏။

လီမူဝမ်ကလည်း ဝမ်လင်း၏လက်ကို ကိုင်ထားသည်။ သူမသည်လည်း လက်ကျန်ဘဝတွင် ဒီအမျိုးသား၏လက်ကို မလွှတ်ပေးချင်တော့ပါ။ သူမက ထိုလက်ထံမှ ထွက်ပေါ်နေသော နွေးထွေးမှုကို ခံစားမိ၏။ ထိုနွေးထွေးမှုက သူမ၏ စိတ်နှလုံးသားကို ငြိမ်းအေးနွေးထွေးစေသည်။

သူတို့နှစ်ယောက်၏ ပုံရိပ်များသည် တံတား၏အဆုံးသပ်သို့ တဖြည်းဖြည်း ရောက်လာသည်။ သူတို့ ဝင်ရောက်တော့မည့်အချိန် ဝမ်လင်းက ရပ်တန့်ကာ သူ့ဘယ်လက်ကို မြေပြင်ထက်သို့ ဝေ့ယမ်းသည်။

ထိုလက်ဝေ့ယမ်းမှုက မြေပြင်ထက်ကနေ အလင်းတန်းသုံးခုကို ပျံသန်းလာစေသည်။

ပထမအလင်းတန်းမှာ တဝက်သံလိုက်အိမ်မြှောင် ဖြစ်၏။ ၎င်းက မြေပြင်ထံ ပျံသန်းကာ စက်ဝန်းအသွင်မြေပြင်ထုကို တုန်ဟည်းစေသည်။ မြေပြင်ထု၏ ပုံရိပ်ယောင်ဖြစ်သော အစိတ်အပိုင်းတဝက်မှာ အစစ်အမှန် ဖြစ်လာ၏။ မရေမတွက်နိုင်သော မြောင်များနှင့် တောင်တန်းများသည် လွန်စွာ တောက်ပလာသည်။ ၎င်းသည် ပြီးပြည့်စုံပြီးနောက် စတင် အသက်ဝင်သည်။

ဒုတိယအလင်းတန်းမှာ ဧရာမသံလိုက်အိမ်မြှောင်ညွှန်တံ ဖြစ်၏။ ၎င်းက မြန်ဆန်စွာ သက်ဆင်းကာ ခုနစ်ရောင်စုံနှင်းတောင်နှင့် ပေါင်းစပ်သည်။ ထိုညွှန်တံက မြေပြင်ထုတခွင်သို့ ဝေ့ယမ်းသည်။

မြေပြင်ထုထံမှ အစွမ်းထက်အော်ရာတစ်ခု ပျံ့လွင့်လာပြီး လောကတခွင် တုန်ဟိန်းသည်။

တတိယအလင်းတန်းမှာ ပုတီးစေ့တစ်ခု ဖြစ်၏။ ၎င်းမှာ အဖြူရောင်ပုတီးစေ့၊ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပင်။

၎င်းသည် လောက၌ လွင့်မြောကာ ခပ်ဖျော့ဖျော့အလင်းတခုကို ထုတ်လွှတ်၏။ ၎င်းထွက်ပေါ်လာခြင်းက သည်နေရာတစ်ခုလုံး၊ နယ်နိမိတ်သံလိုက်အိမ်မြှောင်ကို ပြီးပြည့်စုံသွားစေသည်။

ဝမ်လင်းက ခပ်တိုးတိုး ဆို၏။ “ပြန်ရုတ်သိမ်း…”

သူ ထိုသို့ ဆိုသည့်အခိုက်တွင် မြေပြင်သည် တုန်ဟည်းကာ အလျင်အမြန် ကြုံ၏။ တအောင့်အကြာတွင် သည်ကုန်းမြေသည် ပျောက်ကွယ်သွားသည်။ ခုနစ်ရောင်စုံနှင်းတောင် ပျောက်ကွယ်သည်။ ဝမ်လင်းနှင့်လီမူဝမ်တို့ကလွဲ၍ သည်လောကရှိ အရာအားလုံးသည် ပျောက်ကွယ်သည်။ သည်လောကတခုလုံးက လက်ဝါးအရွယ်ခန့် သံလိုက်အိမ်မြှောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းက ဝမ်လင်း၏ ဘယ်လက်ပေါ်တွင် လွင့်မြောကာ ဆက်တိုက် လှည့်ပတ်သည်။ ၎င်းက ထပ်မံ ကြုံ့၏။ ထို့နောက် ဝမ်လင်း၏လက်တွင် ပေါ်လာသည်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်၏။

ထိုပုတီးစေ့သည် ဒီနယ်နိမိတ်သံလိုက်အိမ်မြှောင်၏ အရေးပါလှဆုံး အစိတ်အပိုင်း ဖြစ်ကာ နယ်နိမိတ်သံလိုက်အိမ်မြှောင် ပြီးပြည့်စုံသွားချိန်၌ ၎င်းမှာ လုံးဝ ကွဲပြားတာ မရှိပေ။

ထိုပုတီးစေ့ကို ကိုင်၍ ဝမ်လင်းက နောက်လှည့်ကြည့်၏။ သူက ကောင်းကင် သို့မဟုတ် မြေပြင်တို့ကို မမြင်၊ လေဟာနယ်ကိုသာ မြင်၏။ ထိုလေဟာနယ်၏အဆုံးတွင် သူက ပုံရိပ်တစ်ခုကို မြင်၏။ ၎င်းပုံရိပ်မှာ ကူးတောက်ပင်။

ကူးတောက်က သည်အခြင်းအရာအားလုံးကို မင်သက်စွာ ကြည့်နေမိ၏။ သူက လေဟာနယ်အတွင်းရှိ တံတားတစင်း၊ ထိုတံတားပေါ်မှ ပုံရိပ်နှစ်ခုကို မြင်သည်။

“ဒါဟာ အဖြေပဲ…” ကူးတောက်က ခပ်တိုးတိုး ရေရွတ်၏။ သူက စိတ်ရှုပ်ထွေးသွားသော အမူအရာ ဖြစ်ပေါ်သည်။

ဝမ်လင်းက ပြုံး၍ ညာလက်ကို ဝေ့ယမ်း၏။ ကူးတောက်၏နောက်တွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့အတွင်း၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ရှိနေသည်။ ကူးတောက်က တအောင့် စဉ်းစားပြီးနောက် ဝမ်လင်းကို ဦးညွှတ်ကာ ယင်းဝဲကတော့ထဲ ပျောက်ကွယ်သွားသည်။

သူ ထွက်သွားသည့်နောက်တွင် ဝမ်လင်းက လီမူဝမ်၏လက်ကို ဆွဲ၍ တံတားအဆုံးသို့ လျှောက်လှမ်းကာ ပုံရိပ်ယောင်ထဲ ကွယ်ပျောက်သွား၏။

ဝမ်လင်းတို့ ထွက်ခွာသွားသည့်နောက် အနှီတံတားက အလင်းစက်များအဖြစ်သို့ ပြောင်းကာ ဒီနေရာရှိ လေဟာနယ်ထဲ ပျောက်သွား၏။

သည်နေရာမှာ ဥယျာဉ်ကဲသို့ နိဗ္ဗာန်ဘုံတစ်ခုအလား။ အကွာအဝေးတစ်ခုတွင် အဆောက်အဦတစ်ခု ရှိနေ၏။ ကျောက်စားပွဲတစ်ခုနှင့် ထိုင်ခုံနှစ်ခုလည်း ရှိသည်။ စားပွဲဘေးရှိ ထိုင်ခုံတခုပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။ ထိုသူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်ဆံပင် ပိုင်ဆိုင်ထား၏။ သို့သော် ဝမ်လင်းက သူ၏ပုံပန်းသွင်ပြင်ကို မြင်နိုင်စွမ်း မရှိပေ။

သည်လူ၏ နောက်တွင် အစေခံတစ်ယောက်ဟု ထင်ရသော တစုံတစ်ယောက် ရှိနေ၏။

ဝမ်လင်းက လီမူဝမ်၏လက်ကို ဆုပ်ကိုင်ကာ လေဟာနယ်ထဲမှ ထွက်လာပြီး ဒီဥယျာဉ်ထံ ရောက်လာ၏။ ဝမ်လင်းက လီမူဝမ်နှင့်အတူ ဝင်လာသည့်အခါ ထိုအစေခံက လှည့်ကြည့်၏။ သူက ဝမ်လင်းကို ကြည့်ကာ ပြုံးသည်။

ဝမ်လင်းကလည်း ထိုအစေခံကို ကြည့်၏။ ထိုအစေခံက အနည်းငယ် အိုမင်းပုံ ပေါ်သည်။ သို့သော် သူက ချက်ခြင်း ထိုသူ့ကို သိလိုက်သည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ဆို၏။ “လင်းထျန်ဟူ…”

“ကျုပ်ဟုတ်လည်း၊ ကျုပ် မဟုတ်ဘူးလို့လည်း ဆိုနိုင်တယ်…”

ထိုအစေခံက ခေါင်းယမ်း၏။ သို့သော် သူက စကားမဆိုပေ။ ဝမ်လင်းကို လှမ်းပြောသူက သူ့ကို ကျောခိုင်းကာ ထိုင်နေသော မီးခိုးရောင်ဝတ်စုံဖြင့်သူပင်။ သူက လှည့်၍ ဝမ်လင်းကို ပြုံးပြ၏။

ထိုမီးခိုးရောင်ဝတ်စုံဖြင့် သူက ဝမ်လင်းကို ပြုံး၍ ကြည့်ကာ စကားဆိုသည်။ “ဒါက အမျိုးသမီးဝမ်ပဲ ဖြစ်ရမယ်။ ရောင်းရင်းကျင့်ကြံသူဝမ်နဲ့ တကယ်ပဲ လိုက်ဖက်ပါတယ်…”

လီမူဝမ်က တည်ငြိမ်နေ၏။ သူမက စကားမဆိုပေ။ သူမက ဝမ်လင်းဘေးတွင် ရပ်ကာ ထိုမီးခိုးရောင်ဝတ်စုံဖြင့်လူကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။

ဝမ်လင်းက မီးခိုးရောင်ဝတ်စုံဖြင့်လူကို ကြည့်ကာ ရုတ်တရက် ပြုံး၏။ သူက လီမူဝမ်ကို ထိုအဘိုးအို၏ မျက်နှာချင်းဆိုင်ဘက်သို့ ဆွဲခေါ်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထို့နောက် ကျန်နေသေးသော ကျောက်ထိုင်ခုံပေါ်တွင် ထပ်နေသောအရိပ်တစ်ခု ပေါ်လာပြီး ၎င်းထိုင်ခုံသည် နှစ်ခုအဖြစ်သို့ ပွားသွားသည်။ သူက လီမူဝမ်နှင့်အတူ ထိုင်လိုက်၏။

သူနှင့် မီးခိုးရောင်ဝတ်စုံဖြင့်လူ၏ ကြားထဲရှိ စားပွဲပေါ်တွင် ကျားကွက်ခုံတစ်ခု ရှိနေ၏။ အဖြူနှင့်အနက် ကျားထိုးသည့် အပိုင်းအစများက ပြန့်ကြဲနေ၏။

“မင်းရဲ့ ကိုယ်ပွားက ဒီကျားကစားပွဲ တဝက်မှာပဲ ထွက်သွားခဲ့တယ်။ ငါ စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ အခုတော့ မင်း ရောက်လာခဲ့ပြီပဲ။ ငါတို့ ဆက်စကားကြစို့…”

ထိုမီးခိုးရောင်ဝတ်စုံဖြင့်လူက ပြုံး၍ အနက်ရောင်အပိုင်းအစတစ်ခုကို ကောက်ယူပြီး ကျားခုံပေါ်သို့ နေရာချသည်။

“သင်က စောင့်ရှောက်သူလား…”  ဝမ်လင်းက ကျားခုံကို တချက် ကြည့်ပြီးနောက် သည်မီးခိုးရောင်ဝတ်စုံဖြင့်လူထံ အကြည့်ရောက်သည်။ ထိုသူက မော့ကြည့်ကာ ပြုံး၍ ဆို၏။ “ဟုတ်တယ်။ မင်းလည်း ငါ့လို စောင့်ရှောက်သူ ဖြစ်တယ်…”

“ရှေ့ဖြစ်ဟောသူဟာ ရတနာစိတ်ဝိညာဉ်ပဲ။ သူ့အပေါ်မှာ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ငါ ချန်ထားခဲ့တယ်။ ဒါက မင်း တွေ့မြင်ခဲ့တဲ့ မီးခိုးရောင်ဝတ်စုံနဲ့ ရှေ့ဖြစ်ဟောသူပဲ…”

ထိုမီးခိုးရောင်ဝတ်စုံဖြင့်လူသည် ရှေ့ဖြစ်ဟောသူ အသွင်တူသည်။ သို့သော် သူ့ထံမှ ပေးစွမ်းနေသော ခံစားချက်ကမူ ကွဲပြား၏။ သူ ထိုသို့ ပြောနေစဉ် သူက မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ဖြစ်နေသည်။ .

“မင်းကိုယ်ပွားက စတင် ဖန်တီးခဲ့တဲ့ ခုနစ်ရောင်စုံနယ်မြေလိုမျိုးပဲ။ နောက်ပိုင်းမှာတော့ ဒီနယ်မြေကို ရတနာစိတ်ဝိညာဉ်က တွေ့သွားခဲ့ပြီး အသုံးပြုခဲ့တာ။ ငါလည်း အတော်လေး သိချင်စိတ် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ဟာ မင်းအတွက် ရိုးရှင်းလွန်းတာကို ငါ တွေ့မြင်ပြီ…”

“ခုနစ်ရောင်စုံနယ်မြေထဲမှာ ဒီတုပထားတဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့တွေဟာ ပျောက်နေတဲ့သူကို ရှာဖို့ ကြိုးစားခဲ့တဲ့အချိန်တုန်းက မင်းရဲ့ သတ်ဖြတ်သူကိုယ်ပွား ဖန်တီးခဲ့တဲ့အရာပဲ။ တာအိုကျမ်းစာတွေကလည်း မင်းဘဝရဲ့ အတွေ့အကြုံတွေ ဖြစ်တယ်…”

“စစ်မှန်တဲ့တာအိုလမ်းကို လျှောက်လှမ်းခြင်း။ ဒီစကားထဲမှာပါတဲ့ စစ်မှန်မှုဆိုတာ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ထဲမှာ လူတစ်ယောက်ရဲ့ ကိုယ်တိုင်စစ်မှန်မှုကို ရည်ညွှန်းတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်ဟာ သက်ရှိအားလုံးဟာ သူတို့ရဲ့ ကိုယ်တိုင်စစ်မှန်မှုကို ရှာနိုင်မှသာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ သူတို့ လှမ်းထွက်နိုင်လိမ့်မယ်…”

ထိုသို့ဆိုရင်း မီးခိုးရောင်ဝတ်စုံဖြင့်လူ၏ မျက်လုံးထဲတွင် လေးစားမှု လှစ်ဟပေါ်သည်။

“ငါ့မှာတော့ အမည်ရယ်လို့ မရှိဘူး။ ကောင်းကင်ဘုံနင်းချေခြင်းအဆင့်ကို ရောက်ပြီး ဖိဆန်မြေကမ္ဘာနယ်မြေထဲ ပထမဆုံး ရောက်တဲ့သူဟာ ငါသာ ဖြစ်ခဲ့ရင် မင်းကတော့ ဒုတိယမြောက်သူပဲ။ မင်းနဲ့ငါ့အပြင် တခြားဘယ်သက်ရှိကမှ ကောင်းကင်ကိုနင်းချေပြီး ဒီနေရာကို မရောက်လာနိုင်ခဲ့ကြဘူး…”

“မင်းရဲ့ သတ်ဖြတ်သူကိုယ်ပွားကလွဲလို့ပေါ့…” ထိုမီးခိုးရောင်ဝတ်စုံနှင့်လူက ပြုံး၍ ပြော၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် လီမူဝမ်၏လက်ကို ခုထိ မလွှတ်ပေး‌ပေ။ သူက မီးခိုးရောင်ဝတ်စုံနှင့်လူကို ကြည့်၍ မေးလိုက်၏။ “သင်က နယ်နိမိတ်သံလိုက်အိမ်မြှောင်ကို ဖန်တီးခဲ့တာလား။ ရတနာစိတ်ဝိညာဉ်ကို ဒီအထဲမှာ ချိပ်ပိတ်ခဲ့တဲ့သူကရော သင်လား…”

“စတုတ္ထအဆင့်၊ ကောင်းကင်ဘုံနင်းချေခြင်း…ဒါဟာ ဖိဆန်မြေကမ္ဘာနယ်မြေရဲ့ အကန့်အသတ်ပဲ။ ဒါပေမဲ့ နယ်မြေလေးခုရဲ့ ကျယ်ပြောတဲ့ စကြာဝဠာထဲမှာ ပဥ္စမအဆင့်၊ဒါမှမဟုတ် ဆဌမအဆင့်ကို ရောက်နေတဲ့သူ အချို့ရှိကြတယ်။ ငါ ဒီကို မလာခင်တည်းက ဒီကျားခုံက ရှိနှင့်နေပြီးသား ဖြစ်တယ်…”

“ကဲ ကျားကစားကြစို့။ အခု မင်းအလှည့်ပဲ…” မီးခိုးရောင်ဝတ်စုံနှင့်လူက ခပ်တိုးတိုး ဆို၏။

ဝမ်လင်းက ခဏ စဉ်းစား၏။ ထို့နောက် သူက ပြုံးသည်။ သူက ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် အဖြူရောင်ပုတီးစေ့တစ်ခု ပေါ်လာ၏။ သူက ၎င်းကို ကိုင်ကာ ကျားခုံပေါ်သို့ နေရာချလိုက်သည်။

ထိုအခါ ကျားခုံသည် ရုတ်တရက် ပြောင်းလဲသွား၏။ အဖြူ၊အနက်ကျားစေ့များသည် စတင် ရွှေ့လျားလေ၏။ ယင်းတို့က တခုခုကို ရှေ့ဖြစ်ကြည့်ဖို့ ကြိုးစားလေသည့်အလား။ လီမူဝမ် လှမ်းကြည့်သည့်အခါ အဖြူအနက်ကျားစေ့အားလုံးသည် နှစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။

တစ်ခုမှာ အဖြူရောင်၊ ကျန်တစ်ခုမှာ အနက်ရောင်။

အဖြူရောင်ကျားစေ့က ဝမ်လင်းဘက်ခြမ်း၊ အနက်ရောင်ကျားစေ့က မီးခိုးရောင်ဝတ်စုံနှင့်လူ၏ ဘက်ခြမ်းတွင် ရှိသည်။

“သင် နားလည်လား…”  ဝမ်လင်းက မီးခိုးရောင်ဝတ်စုံနှင့်လူကို မော့ကြည့်၏။

ထိုသူက ခဏစဉ်းစားပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်သည်။ “ငါ နားလည်တယ်…”

ဝမ်လင်းသည် ပြုံး၍ ထရပ်ကာ လီမူဝမ်ကို လက်တွဲ၍ ခေါ်ဆောင်၏။ သူက လူနှစ်ယောက်၊ သို့မဟုတ် ကျားခုံတို့ကို လှည့်မကြည့်တော့၊ လီမူဝမ်နှင့်အတူ ရှေ့သို့ ခြေလှမ်းကာ သူတို့နှစ်ယောက်သည် ဒီနေရာကနေ ပျောက်ကွယ်သွားလေ၏။

သူ ပျောက်ကွယ်သွားသည့်နောက် ကျားခုံပေါ်ရှိ အဖြူရောင်ကျားစေ့က တဖြည်းဖြည်း ဝေဝါးကာ ပျောက်ကွယ်သွား၏။ ၎င်းက ဝမ်လင်းနောက်သို့ လိုက်ပါသွားသည့်အလား။

ဝမ်လင်းသည် လီမူဝမ်နှင့်အတူ ထွက်ခွာလာခဲ့သည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ကူးတောက်ကလွဲ၍ ထာဝရနတ်ဘုရားနယ်မြေတွင်း ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ မသိကြပေ။

ဝမ်လင်းက ရှေးကလန်၏ တောင်တလုံးပေါ်တွင် ထိုင်နေ၏။ လီမူဝမ်က သူ့နောက်တွင် ထိုင်ကာ သူ့ကို ကြင်နာဟန်ဖြင့် ကြည့်နေ၏။ ဝမ်လင်းသည် ဒီနေရာတွင် ရက်အတော်အတန် ရှိနေသည်။

သူက တခုခုကို စောင့်နေသည့်အလား။ လီမူဝမ်က မည်သည့်အရာကို ဝမ်လင်း စောင့်နေမှန်း မသိပေ။ သူမက သိလည်း မသိချင်ပေ။ သူမသာ ဝမ်လင်းဘေးတွင် ရှိနေသ၍ သူမသည် ကျေနပ်ပါသည်။ သို့သော် သူမ၏စိတ်ထဲ၌ မေးခွန်းတစ်ခုတော့ ရှိနေဆဲ ဖြစ်၏။ သို့သော် သူမက ဝမ်လင်း မေးလာမည်ကိုသာ စောင့်ချင်သည်။

သုံးရက် ကုန်လွန်သွားသည်။ သည်နေ့၏ ညနေခင်းပိုင်းအချိန်၊ ကောင်းကင်က အရောင်ဖျော့လာစဉ်တွင် ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ ကောင်းကင်ထက်သို့ ကြည့်လေ၏။

ထိုအခိုက်တွင် အနက်ရောင်ဝတ်ရုံရှည်ဖြင့် လူတစ်ယောက်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်း၊ဖျက်စီးခြင်းတို့နှင့် ပြည့်နေ၏။ သူက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အပြင်ဘက်တွင် ရပ်ကာ ရှေးကလန်ရှိရာသို့ မထူးခြားနားဟန်ဖြင့် လှမ်းကြည့်သည်။ ထိုအခါ ထိုနေရာ၌ သူ့ကို ကြည့်နေသော တစုံတစ်ယောက်ကို သူ တွေ့သည်။

သူ၏ပုံပန်းသွင်ပြင်မှာ ဝမ်လင်းနှင့် ချွတ်ဆွတ်တူသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝတ်ရုံနက်လူက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံ တိုးဝင်လာ၏။ သူက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ရှေးကလန်ထံ ဦးတည်သည်။ သူသည် ဝမ်လင်း ရှိနေသော တောင်ထံ တိုးဝင်လာပြီး ဝမ်လင်း၏ရှေ့သို့ ရောက်လာသည်။

သူ လီမူဝမ်ကို မြင်သည့်အခါ သူ၏မထူးခြားနားသော အကြည့်က နူးညံ့သွားသည်။

“မင်း ရောက်မလာခဲ့ဘူး…”  ဝမ်လင်းက သူ၏သတ်ဖြတ်သူ ကိုယ်ပွားကို ကြည့်သည်။

သူ၏သတ်ဖြတ်သူကိုယ်ပွား(ဝါ) ဝတ်ရုံနက်ဖြင့်လူက ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့အနက်ရောင်ဆံပင်အမျှင်တန်းတစ်ခုကို နှုတ်ယူသည်။ ထသူက သူ့လက်ကို ဖြေလျှော့သည့်အခါ သူ၏ဆံပင်နက်သည် လွင့်ဝဲ၍ တဖြည်းဖြည်း အဖြူရောင်အဖြစ်သို့ ပြောင်းသွားသည်။

ထိုအဖြူရောင်ဆံပင်အမျှင် ပေါ်လာသည်နှင့် ဝမ်လင်းကလည်း သူ့ညာလက်ကို ပင့်မြှောက်၏။ သူ့လက်ထဲတွင်လည်း အလားတူ အဖြူရောင်ဆံပင်အမျှင်တန်းတစ်ခု ပေါ်လာသည်။ သို့သော် ၎င်းက ပေါ်လာသည်နှင့် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

ဝတ်ရုံနက်နှင့်လူက လီမူဝမ်ကို ထပ်ကြည့်သည်။ သူက မျက်လုံးမှိတ်လိုက်၏။ သူသည် အနက်ရောင်အခိုးအငွေ့ ဖြစ်လာကာ သူ့ကိုယ်ပိုင်အသိစိတ်ကို ဖျက်သိမ်း၍ ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

ဝမ်လင်းက အနက်ရောင်အခိုးငွေ့အားလုံးကို စုပ်ယူ၏။ သတ်ဖြတ်သူကိုယ်ပွားသည် သူ၏ခန္ဓာကိုယ်၌ ထပ်မံ ပေါ်လာခဲ့ပေပြီ။ သူက လီမူဝမ်ကို ကြည့်ကာ သတ်ဖြတ်သူကိုယ်ပွားက ၎င်း၏ကိုယ်ပိုင်အသိစိတ်ကို ပျောက်ကွယ်စေပြီး သူနှင့် ထပ်မံ ပေါင်းစည်းဖို့ ဘာကြောင့် ရွေးချယ်ခဲ့သည်ကို ရုတ်တရက် နားလည်သွားသည်။

“ငါ့အတွက်တော့ ၊ ဒါက နှစ်ပေါင်းငါးရာပဲ။ သူ့အတွက်တော့…ဒါက မရေမတွက်နိုင်တဲ့ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်တွေကို ဖြတ်သန်းခဲ့ရတာမဟုတ်လား”

“အစ်ကို ညီမကို ဘာလို့ ကြည့်နေတာလဲ…”  လီမူဝမ်က ပြုံးသည်။

ဝမ်လင်းက ရုတ်တရက် မေးလိုက်၏။ ညီမ သူ့ကို တွေ့လိုက်လား…”

“ဘယ်သူလဲ…” လီမူဝမ်က မင်သက်သွားသည်။ သူမသည် အခုလေးတင် မည်သည့်အရာကိုမျှ မတွေ့မြင်ခဲ့ပေ။

“ဘာမှမဟုတ်ပါဘူး။ အစ်ကိုတို့ သွားကြရအောင်။ ညီမက ဝမ်ပိုင်နဲ့သူ့ဇနီးကို မတွေ့ချင်ဘူးလား။ အစ်ကိုတို့ ဘဘ်သူမှ မသိတဲ့နေရာကို သွားကြမယ်။ ရိုးရှင်းတဲ့ဘဝတစ်ခုကို စတင်ကြမယ်…”

ဝမ်လင်းက ထရပ်ကာ ပြုံး၏။

“မကျင့်ကြံတော့ဘူးလား…” လီမူဝမ်က ဝမ်လင်းအနား လျှောက်လာသည်။

“ကျင့်ကြံခြင်းဟာ စိတ်နှလုံးထဲမှာပဲ။ ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်မှုကို ရှာတွေ့ပြီးတဲ့နောက် အရာအားလုံးဟာ အတူတူပဲ…”  ဝမ်လင်းက လီမူဝမ်၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးသည်။ သူတို့နှစ်ယောက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ နေဝင်ရီတရောအချိန်ထဲ ပျောက်ကွယ်သွားတော့သည်။

“အစ်ကိုဝမ်လင်း…ကျားကစားပွဲ ပြီးတဲ့နောက် အစ်ကိုက နားလည်ရဲ့လားလို့ ပြောခဲ့တယ်။ ညီမ တကယ်ပဲ နားမလည်ခဲ့ဘူး။ ဘာကို နားလည်သဘောပေါက်ရမှာလဲ…”

လီမူဝမ်၏ ညင်သာသောအသံက ပဲ့တင်ထပ်ကျန်ခဲ့သည်။

သူတို့နှစ်ယောက်သည် မိုးကုပ်စက်ဝန်းထံ ပျောက်ကွယ်သွားကြ၏။

ထိုအခိုက်တွင် သူတို့သည် ရှေးရှီကလန်၏ ကျောက်တုံးနက်မြို့အတွင်း၌ အမျိုးသမီးတစ်ယောက်သည် မျက်ရည်များ ကျစင်းနေသည်ကို မမြင်ကြပါ။ ထိုမျက်ရည်များသည် သူမ၏ ပါးထပ်မှသည် ဝတ်စုံပေါ်ထိ ကျဆင်းသည်။

“ထားလိုက်ပါတော့လေ။ အရာအားလုံးကို မေ့ပစ်လိုက်တော့မယ်။ အရင်ဘဝတုန်းက ငါတို့က ငါးတစ်ကောင်ဟာ ရေပြင်ကနေ အဝေးကို ပျံသန်းသွားတဲ့ ငှက်တစ်ကောင်လိုပေါ့…” ထိုအမျိုးသမီးက ခပ်တိုးတိုး ရေရွတ်၏။

“အရင်ဘဝတုန်းက ငါတို့ဟာ ရေထဲက ငါးနဲ့ ငှက်တစ်ကောင်လို ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ ငါတို့ဟာ အဲ့လို မဟုတ်တော့ဘူး…”

ယင်းအသံကို ကြားသည့်အခါ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမက ရုတ်တရက် လှည့်ကြည့်ရာ သူမနှင့် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့မြင်သည်။

ထိုအမျိုးသမီးမှာ လီချန်မေ ဖြစ်ပြီး သူမတွေ့မြင်လိုက်သောသူမှာ ဝမ်လင်းပင်။

All Chapters