← Chapters

၁၉ယောက်မြောက် တိုက်ရိုက်တပည့်

Vol. 9 Ch. 124

၁၉ယောက်မြောက် တိုက်ရိုက်တပည့်

Vol. 9 Ch. 124

“စီနီယာအစ်ကိုဟန်က တိုက်ရိုက်တပည့်လား”

ချောင်းချင်းအာသည် ဟန်မူယဲ့ ထွက်သွားရာလမ်းအား ကြည့်ကာ ထိတ်လန့်စွာ ပြောသည်။

တခြားလူများလည်း မယုံနိုင်စွာ ကြည့်နေကြ၏။

တိုက်ရိုက်တပည့်ဟူသည် အဘယ်နည်း။

ဂိုဏ်းမှ အစေခံတပည့်များကို ထည့်မတွက်ပါပဲ ဂိုဏ်း၌ အပြင်စည်းတပည့် သိန်းနှင့် ချီရှိကာ အတွင်းစည်းတပည့် ၃၀၀၀ ကျော်ရှိသည်။ ထိုအထဲတွင် အကြီးအကဲများ၏လက်အောက်တွင် ကျင့်ကြံသော စစ်မှန်သော အတွင်းစည်းတပည့် ရာကျော်ရှိ၏။ နောက်ဆုံးတွင်မှ တိုက်ရိုက်တပည့်များ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတစ်ခုလုံးတွင် မရေမတွက်နိုင်သော တပည့်များရှိသော်လည်း တိုက်ရိုက်တပည့် ၁၈ယောက်သာ ရှိသည်။

သူတို့မှာ ဂိုဏ်း၏အထူးချွန်ဆုံးသောသူများ ဖြစ်ကြသည်။

သူတို့၏ကျင့်ကြံခြင်းပါရမီ၊ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်ရေးခွန်အားများအားလုံးမှာ ပြိုင်စံရှား၏။

ဂိုဏ်း၏တိုက်ရိုက်တပည့်များမှာ လူအများကို တရားဝင်ထုတ်ပြထားခြင်း မရှိသော်လည်း သူတို့အား ဂိုဏ်း၏အကြီးအကဲများနှင့် စီမံခန့်ခွဲရေးမှူးများက သိကြပေသည်။

အတိတ်တွင် ဂိုဏ်း၏တိုက်ရိုက်တပည့် ဖြစ်လာရင် အပြင်စည်းဂိုဏ်းသားဘဝ၌ကတည်းကပင် အပြင်စည်းဂိုဏ်း၏ထိပ်ဆုံးငါးယောက်စာရင်းဝင်ရပေသည်။

သူတို့ အတွင်းစည်းသို့ ရောက်ပါကလည်း အတွင်းစည်းဂိုဏ်း၏ထိပ်ဆုံးဆယ်ယောက်စာရင်းမဝင်ဘဲ တိုက်ရိုက်တပည့် ဖြစ်လာရန် မျှော်လင့်ချက် မရှိနိုင်ပါ။

တိုက်ရိုက်တပည့်များသည် တူညီသော မျိုးဆက်များ၌ ကျင့်ကြံဆင့် သာလွန်သူများလည်း ဖြစ်ကြသည်။

ဂိုဏ်းချုပ်ကျင်းကျီနှင့် မဟာအကြီးအကဲသုံးပါးတို့အားလုံးမှာ ယခင်က ဂိုဏ်း၏တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။

ချောင်းချင်းအာဘေးမှ လူငယ်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကာ သူက တီးတိုးပြောသည်။

“ဓားစံအိမ်က ဓားထိန်းတစ်ယောက်ဟာ တိုက်ရိုက်တပည့် ဖြစ်နိုင်လား”

သူသည် ဟန်မူယဲ့နှင့် စတွေ့ကာ သူသည် ဓားထိန်းတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူနှင့်ပတ်သက်၍ စိတ်ဝင်စားမိကြသည်။

မည်သူက ဓားထိန်းတစ်ဦးကို အလေးအနက်မထားခဲ့ကြပါ။

နောက်ပိုင်းတွင် ဟွားဖျင်နှင့် ကျန်းဟန်တို့ တိုက်ပွဲကြောင့် အားလုံးက ဟန်မူယဲ့အား အထင်ကြီးလာခဲ့ကြ၏။

သူသည် အပြင်စည်းဂိုဏ်းပညာရှင် ကျန်းဟန်နှင့် မိတ်ဆွေဖြစ်သလို ဓားများ ရွေးရာတွင် ထူးချွန်သည်ဟုလည်း သိထားကြ၏။

ဂိုဏ်းစုံညီစုဝေးပွဲတွင်ကား အားလုံးက ဟန်မူယဲ့အပေါ် အမြင်ပြောင်းသွားကြသည်။

သူ့အား အကြီးအကဲထို့ပါ့ချန်က စင်ပေါ်တွင် ပြိုင်ပွဲဝင်များအား အကဲဖြတ်ပေးရန် တာဝန်ပေးခြင်း ခံရသည်။

ထိုအခိုက်တွင် မည်သူမှ ဟန်မူယဲ့အား အထင်မသေးရဲကြတော့ပေ။

လတ်တလောတွင် ဓားစံအိမ်သည် နာမည်ကျော်ကြားလာ၏။

အကြီးအကဲနှစ်ဦးသည် ဓားစံအိမ်တွင် နေထိုင်ကာ စီနီယာအစ်ကိုဟွမ်လောင်လျှိုသည် တရားမျှတသူ ဖြစ်သည်။

အတွင်းစည်းဂိုဏ်းဖြစ်စေ၊ အပြင်စည်းဂိုဏ်းဖြစ်စေ အားလုံးက ဟွမ်လောင်လျှိုအကြောင်းကို ပြောလျှင် သူ၏သူရဲကောင်းဆန်စွာ ဂိုဏ်းအတွက် စတေးခဲ့သည်များအား တခုတ်တရ ပြောကြရ၏။

လူအများအပြားက စီနီယာအစ်ကိုဟွမ်နှင့် ဆုံတွေ့လိုသည့်အတွက် ဓားစံအိမ်သို့ ဓားလက်ခံရန် သွားကြသည်။

လတ်တလောတွင် ဟန်မူယဲ့သည် ထိုအကြောင်းများကြောင့် အကျိုးဖြစ်ထွန်းလာဟန်ရသည်။ သူ၏ဓားအကဲဖြတ်နိုင်စွမ်းမှာ အတော်လေးကောင်းရာ သူ့အား ဂိုဏ်းသားများက ပိုမိုသတိထားမိလာကြသည်။

ချောင်းချင်းအာတို့သည် ဟန်မူယဲ့အကြောင်း အတော်လေး သိထားပြီး ဖြစ်သည်။

ယခုတွင်ကား သူတို့သည် ဘာမှ မသိတော့သလို ခံစားနေရ၏။

“တိုက်ရိုက်တပည့်တစ်ယောက်…”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ တိုက်ရိုက်တပည့် ၁၈ယောက်ပဲ ရှိတာမလား”

ပိန်ပါးသော တပည့်က ပြောသည်။

“အခု ၁၉ယောက်၊ စီနီယာအစ်ကိုဟန်အပါအဝင်ပေါ့”

ချောင်းချင်းအာက တီးတိုးပြောကာ ကာကွယ်ရေးခန်းဆောင်သို့ ဦးတည်လိုက်သည်။

တခြားလူများကလည်း နောက်တစ်ချက်လှည့်ကြည့်ကာ လိုက်ပါသွားကြ၏။

သည်နေရာတွင် ခန့်မှန်းတွေးတောနေခြင်းကား အသုံးမဝင်ပါ။ သူတို့က အတွင်းစည်းဂိုဏ်းသို့ အလျင်အမြန် သွားရောက်စာရင်းပေးသွားရပေမည်။

အနာဂတ်တွင် သူတို့သည် ဓားစံအိမ်သို့ သွားလက်ခံရန် သွားပါက စီနီယာအစ်ကိုဟန်အအပေါ် ယခင်ထက် လေးစားမှုထားရန် လိုပေသည်။

တိုက်ရိုက်တပည့်တစ်ဦးသည် အဆင့်အတန်းမြင့်သူတစ်ဦး ဖြစ်သည်။

ဟွားဖျင်သည်လည်း သူတို့နောက်မှ တွေဝေငေးမောလျက် လိုက်ပါသွား၏။

…

“ဒါက ၁၉ယောက်မြောက် တိုက်ရိုက်တပည့်မလား”

လမ်းဘေးတွင် သက်လတ်ပိုင်းအရွယ်အစိမ်းရောင်ဝတ်လူကြီးက ပြောသည်။

သူ့ဘေးတွင် ကမ္ဘာမြေအဆင့် အစိမ်းရောင်ဝတ် အဖိုးအိုက ခေါင်းညိတ်သည်။

“ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ ဂိုဏ်းချုပ်ကသာ ကြိုပြီး သတင်းမပေးထားရင် ဂိုဏ်းမှာ ၁၉ယောက်မြောက် တိုက်ရိုက်တပည့်ရှိနေတယ်ဆိုတာတောင် သိမှာ မဟုတ်ဘူး”

“သူက ဘာထူးခြားနေတာလဲ မသိဘူး”

အဖိုးအို၏စကားကို ကြားလျှင် အစိမ်းရောင်ဝတ်သက်လတ်ပိုင်းလူက ပြုံးလျက် ပြောသည်။

“တိုက်ရိုက်တပည့်တွေထဲ ဘယ်သူက မထူးချွန်မထက်မြက်တဲ့သူ ရှိနေလို့လဲ။ သူ့မှာ စွမ်းရည်မရှိရင် ဂိုဏ်းက သူ့ကို တိုက်ရိုက်တပည့်တံဆိပ်ပြား ဘယ်ပေးမှာလဲ”

တိုက်ရိုက်တပည့်တိုင်းသည် ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်နိုင်သူများ ဖြစ်ကြသည်။

ဂိုဏ်းချုပ်အကြောင်း တွေးမိကာ တစ်ယောက်က ပြောသည်။

“စီနီယာအစ်ကို… ဂိုဏ်းချုပ်ရဲ့လမ်းစဉ်က တကယ်ပဲ ပြတ်တောက်သွားပြီလား”

အဖိုးအိုက ခေါင်းယမ်းကာ ပြောသည်။

“အဲဒါက ငါတို့ ဆွေးနွေးသင့်တဲ့ကိစ္စမဟုတ်ဘူး… လျှို့ဝှက်နယ်မြေကို သေချာစောင့်ကြည့်နေ…”

အစိမ်းရောင်ဝတ်သတ်လတ်ပိုင်းလူက ခေါင်းညိတ်ကာ ပျောက်ကွယ်သွားသည်။

“ဂိုဏ်းချုပ်နေရာလား… တိုက်ရိုက်တပည့်တွေထဲက ဘယ်သူရမှာလဲ…”

အဖိုးအိုက လမ်းအဆုံးအထိ လှမ်းကြည့်ကာ တီးတိုးရေရွက်သည်။ ထို့နောက် သူသည်လည်း ထိုနေရာမှ ပျောက်ကွယ်သွား၏။

…

ဟန်မူယဲ့သည် လမ်းအတိုင်း လျှောက်လာလျှင် စိမ်းစိုသော သစ်ပင်များအပြင် တခြားထူးခြားသည်များ မတွေ့ပါ။

တောင်ကုန်းငယ်တစ်ဘက်တွင် ရွာငယ်လေးပုံစံ အိမ်ကလေးများအား တွေ့ရသည်။

အိမ်ကလေးများမှာ ဝါးဖြင့် ဆောက်လုပ်ထားကာ ခြံစည်းရိုးလေးများပင် ခတ်ထားသေးသည်။

ဒါက လျှို့ဝှက်နယ်မြေလား။

ရှေ့ကို ဆက်လျှောက်သွားလျှင် ဟန်မူယဲ့သည် သူ့အနီးမှ သဘာဝစွမ်းအင်များ သိပ်သည်းမှုမှာ ပြောင်းလဲလာသည်ကို ခံစားမိ၏။

သကား ယခင်ကဲ့သို့ အတွေ့အကြုံနည်း ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပါ။

ယခုတွင် သဘာဝစွမ်းအင်များ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာခဲ့ကာ ကြွယ်ဝသော သဘာဝစွမ်းအင်များ၏ခံစားချက်အား သူရနေသည်။

သည်နေရာသည် လျှို့ဝှက်နယ်မြေနှင့် သိပ်မဝေးလောက်တော့ပေ။

သို့သော် သည်နေရာမှာ သာမန်ဆန်လွန်းသည်။

ဟန်မူယဲ့က တချို့သော အကြီးအကဲများမှာ ရိုးရှင်းသောပုံစံများအား သဘောကျသည်ဟု ကြားဖူးသည်။

သူ့ရှေ့မှ ကျေးရွာငယ်လေးမှာ အလွန်အမင်း ရိုးရှင်းလွန်းမနေဘူးလား။

“အာ… လူသစ်လား”

သူသည် ကျေးရွာအဝင်ဝသို့ ရောက်သောအခါ မီးခိုးနှင့်အဖြူစပ် ဝတ်စုံကို ဝတ်ထားသော လူငယ်တစ်ဦးသည် သစ်သားများကို ပိုင်းဖြတ်နေရင်း ဟန်မူယဲ့အား လှမ်းကြည့်ကာ ပြုံးပြသည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။ သူသည် အမှန်တကယ်လည်း လူသစ်ဖြစ်သည်။

“ဟဟ… ကျုပ်က သစ်သားမျိုးဆက်ရဲ့ ၂၁ ဆက်မြောက် အမွေခံတပည့်ပဲ။ ကျုပ်နာမည် မူအားရီ”

လူငယ်သည် သစ်ဖြတ်လွှကို ချလိုက်ကာ လက်များကို ခါလျက် ဟန်မူယဲ့အား ကြည့်သည်။

“ခင်ဗျားက ဘယ်မျိုးဆက်ကလဲ”

မည်သည့်မျိုးဆက် ဖြစ်သနည်း။

အတန်ကြာ တွေးလိုက်ပြီးနောက် ဟန်မူယဲ့က သူသည် မည်သည့်မျိုးဆက်ကမှ မဟုတ်သည်ကို တွေးမိသည်။

ဓားစံအိမ်သည် မည်သည့်မျိုးဆက်နှင့် သက်ဆိုင်သနည်း။

“ကျုပ်က ဘယ်မျိုးဆက်ကမှ မဟုတ်ဘူးထင်တယ်”

သူက ခေါင်းယမ်းသည်။

မည်သည့်မျိုးဆက်နှင့်မျှ မသက်ဆိုင်ဘူးလား။

မူအားရီက မျက်တောင်ပင့်ကာ ကြည့်သည်။

ဂိုဏ်းတွင် ထိုသို့တပည့်တစ်ဦးသာ ရှိသည်။

ဂိုဏ်းချုပ်ကျင်းကျီ။

ထိုသူသည် မျိုးဆက်နှစ်ခုမှ ပညာရပ်ကို ကျင့်ကြံကာ အမှန်တကယ်လည်း သီးသန့်မျိုးဆက်မရှိပေ။ သူ၏တပည့်မှာလည်း မည်သည့်မျိုးဆက်နှင့်မှ မသက်ဆိုင်ချေ။

သူက ဟန်မူယဲ့ကို ကြည့်ကာ သူ့အကဲဖြတ်မှုနှင့်ပတ်သက်၍ ပိုမိုသေချာလာသည်။

သူ၏ခန္ဓာကိုယ်သည် ချီဓာတ်အငွေ့အသက်များ အားကောင်းစွာ ထွက်ပေါ်နေ၏။ သူသည် မကြာသေးခင်က အဆင့်တက်ခဲ့သည်မှာ သေချာသည်။

ဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်။

ဂိုဏ်းချုပ်၏လမ်းစဉ်မှာ ပြတ်တောက်သွားပြီဟု ပြောကြသည်။ ဂိုဏ်းချုပ်က သူ့အမွေကို ဆက်ခံစေမည့်လူအား ပျိုးထောင်နေခြင်းများလား။

“ဟီးဟီး… ရတယ်… ရတယ်… ဘာမှ အရေးမကြီးတဲ့ကိစ္စပဲ”

မူအားရီက သစ်ဖြတ်လွှအား သိမ်းလိုက်ကာ သစ်များအား ထမ်းပိုးဖြင့် သယ်ကာ ရှေ့မှ ဦးဆောင်သွားလျက် ပြောသည်။

“သွားရအောင်… ကျုပ် ခင်ဗျားကို လျှို့ဝှက်နယ်မြေရဲ့ တာဝန်ခံအကြီးအကဲနဲ့ တွေ့ပေးမယ်”

“ခင်ဗျားက ဒီမှာ တာဝန်ယူထားတဲ့ အကြီးအကဲတွေကို သိတယ်မလား။ သူတို့က ရေဓာတ်မျိုးဆက်အကြီးအကဲတွေဖြစ်တဲ့ အကြီးအကဲကျန်းကျစ်ဟယ်နဲ့ အကြီးအကဲကျန်းပဲ”

“သူ့ဆီ သွားသတင်းပို့ပြီးရင် ဒီနေရာမှာ အိမ်တစ်လုံးဆောက်ပြီး ကျင့်ကြံလို့ရပြီ”

မူအားရီက သူ့အား လှည့်ကြည့်ကာ စိတ်အားထက်သန်စွာ ပြောသည်။

“ခင်ဗျား မအားရင် ကျုပ် ကူပြီး ဆောက်ပေးလို့ရတယ်”

သူသည် မူအားရီနှင့်အတူ လိုက်ပါလာသောအခါ ကျေးရွာ၌ နေထိုင်သူများသည် အသက်သုံးဆယ်အရွယ် လူငယ်များ ဖြစ်ကြသည်ကို တွေ့ရ၏။

“အာ… လူသစ်လား… သူက ဘယ်မျိုးဆက်ကလဲ”

“မူအားရီ… လူသစ်က မင်းတို့သစ်သားမျိုးဆက်ကလား”

“ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ သူက အတွင်းစည်းဂိုဏ်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက မဟုတ်ဘူးလား။ သူက ဘယ်သူလဲ”

အားလုံးက ဟန်မူယဲ့အား စိတ်ဝင်တစား ကြည့်ကြသည်။

သို့သော် မည်သူမှ တိုက်ရိုက်မမေးကြပါ။

မူအားရီက ပြုံးလျက် မည်သည့် မိတ်ဆက်ခြင်းမျိုးမှ မလုပ်ပေ။

သူတို့နှစ်ဦး ရွာ၏အလယ်သို့ ရောက်လာသည်။ ထိုနေရာတွင်ကား တခြားအိမ်ငယ်လေးများနှင့်မတူ ကောင်းမွန်သပ်ရပ်စွာ ဆောက်လုပ်ထားသော အိမ်ကြီးတစ်လုံးအား တွေ့ရသည်။

“အကြီးအကဲတွေ ဒီမှာနေတယ်။ အနီးပတ်လည်ကတော့ တိုက်ရိုက်တပည့်တွေ နေတာ”

မူအားရီက အုတ်ဖြင့် ဆောက်လုပ်ထားသော အိမ်ငယ်လေးများအား ညွှန်ပြကာ ပြောသည်။

“တိုက်ရိုက်တပည့် ၁၈ ယောက်ထဲမှာ ၁၁ ယောက်က ဒီမှာနေတယ်”

ထို့နောက် သူက ပြုံးလျက် ပြောသည်။

“ဒီမှာ နေသားကျသွားတော့ တကယ်ပဲ အပြင်ဘက်ကို မထွက်ချင်တော့ဘူး”

ဟန်မူယဲ့က ပတ်ဝန်းကျင်မှ သဘောဝစွမ်းအင်အနေအထားအား ကြည့်သည်။

ဒါပဲလား…

ဒီသဘာဝစွမ်းအင်နည်းနည်းလေးနဲ့ ခွဲခွာဖို့ တွန့်ဆုတ်နေသည်လား။

ပုံမှန်အားဖြင့် သူသည် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးများကို သုံးကာ ကျင့်ကြံ၏။ ထို့ကြောင့် သူသုံးသော သဘာဝစွမ်းအင်အရင်းအမြစ်မှာ သည်နေရာမှ သဘာဝစွမ်းအင်အရင်းအမြစ်များထက် များစွာ သာလွန်ကောင်းမွန်၏။

“ဒီသဘာဝစွမ်းအင်နယ်မြေမှာ တစ်လကို တစ်ခါပဲ လေ့ကျင့်ခွင့်ရတာဆို…”

ဟန်မူယဲ့က ဂိုဏ်း၏စည်းမျဉ်းကို ရွက်ပြသည်။

သဘာဝစွမ်းအင်နယ်မြေမှ သဘာဝစွမ်းအင်များမှာ အကန့်အသတ်ရှိသည်။ သူတို့က အမြဲတမ်း ကျင့်ကြံနေပါက သေချာပေါက် ခမ်းခြောက်သွားနိုင်၏။

“ဟီးဟီး… စည်းမျဉ်းတွေဆိုတာ အပြင်လူတွေ တွေ့အောင် လုပ်ထားတာ”

မူအားရီက ပြုံးလျက် ပြောသည်။

“တိုက်ရိုက်တပည့်တွေဆိုတာ ဂိုဏ်းရဲ့အနာဂတ်ထောက်တိုင်တွေပဲ။ ဂိုဏ်းက အဲလောက်တော့ သုံးနိုင်ပါသေးတယ်”

“သွားရအောင်… အကြီးအကဲကို တွေ့ရင် ခင်ဗျား သဘောပေါက်လိမ့်မယ်”

ဟန်မူယဲ့ ခေါင်းညိတ်ကာ သူနှင့်အတူ အိမ်ကြီးထဲသို့ ဝင်လာသည်။

ခမ်းနားတောက်ပြောင်သော အိမ်ခြံဝင်းထဲတွင် အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦးသည် ရေခွက်တစ်လုံးဖြင့် ပန်းပင်များအား ရေလောင်းနေ၏။

“အကြီးအကဲ… မျိုးဆက်အမွေတပည့်တစ်ယောက် ဒီနေ့ စာရင်းလာပေးပါတယ်”

မူအားရီက သစ်သားပိုင်းများကို ချကာ ပြောသည်။

ပန်းပင်များအား ရေလောင်းနေသော အဖိုးအိုက သူ့အား ခေါင်းမော့မကြည့်ဘဲ မေးသည်။

“မင်းက ဘယ်သူ့လက်အောက်ကလဲ”

မည်သို့လက်အောက်ကလဲ။

ဟန်မူယဲ့ တောင့်တင်းသွားသည်။

သူ့ဆရာက မည်သူ ဖြစ်သနည်း။ .

သူ၏အကြီးအကဲမှာ ဓားစံအိမ်အကြီးအကဲဖြစ်သည်။

တရားဝင် ဆရာတပည့် မဟုတ်သော်လည်း သူသည် ဓားစံအိမ်အကြီးအကဲ၏တပည့်တစ်ယောက်ဟုလည်း သတ်မှတ်နိုင်၏။

သို့ဆိုလျှင် တိုက်ရိုက်တပည့်တံဆိပ်မှာ ဂိုဏ်းချုပ်က သူ့အား ပေးခြင်းဖြစ်သောကြောင့် ဂိုဏ်းချုပ်၏တပည့်ဟု ပြောရမည်လား။

သူ၏ဆရာအစစ်အမှန်မှာ မော့ယွမ် ဖြစ်သည်။

မူအားရီက ဟန်မူယဲ့အား ကြည့်ကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

သူကလည်း ဟန်မူယဲ့အား ခေါ်လာခြင်းမှာ သူ၏နောက်ခံကို သိလို၍ မဟုတ်ပေဘူးလား။

ဓားစံအိမ်အကြီးအကဲ…

မူအားရီ၏မျက်လုံးများ အေးစက်သွားကာ ဟန်မူယဲ့အား ကြည့်သည်။

သူက ဓားစံအိမ်ကလား။

ဓားစံအိမ်က လူတွေက ဓားထိန်းတွေ မဟုတ်ဘူးလား။

အကြီးအကဲကျန်းကျစ်ဟယ်သည် ပန်းပင်များကို ရေလောင်းနေရာမှ ဟန်မူယဲ့အား ကြည့်သည်။

“မင်းကိုး…”

သူက ခေါင်းညိတ်ကာ ပြောသည်။

“မင်းဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းတိုက်ပွဲမှာတုန်းက စီနီယာအစ်ကိုကောင်းနဲ့အတူ ပါလာတာပဲ”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“ကျွန်တော်က တကယ်ပဲ အကြီးအကဲနဲ့လိုက်ပါသွားခဲ့ပါတယ်”

ကျန်းကျစ်ဟယ်က ရေခွက်ကို ချကာ ပြောသည်။

“စီနီယာအစ်ကိုကောင်းဟာ ခေါင်းမာပြီးတော့ ဝင့်ကြွားတဲ့သူပဲ။ သူ့တပည့်ဖြစ်လာမှတော့ မင်းက မဆိုးဘူးဆိုရမှာပဲ”

“ငါ့ကို မင်းအမှတ်သားတံဆိပ်ကို ပေး။ ငါ မင်းအတွက် စာရင်းမှတ်ထားပေးမယ်။ နောက်ပိုင်း မင်း ဒီမှာ ကျင့်ကြံလို့ရတယ်”

နောက်ပိုင်း သူ ဒီနေရာမှာ ကျင့်ကြံရမည်လား။

ဟန်မူယဲ့က အနည်းငယ် တွန့်ဆုတ်နေသည်။

သည်နေရာမှာ သဘာဝစွမ်းအင်များမှာ သူကျင့်ကြံရန် မလုံလောက်ပါ။

ထို့အပြင် သူသည် ဓားချီကို ကျင့်ကြံရာ ဓားစံအိမ်သာ သူနှင့် သင့်တော်သည်။

“အကြီးအကဲ… ကျွန်တော်က ဒီအတိုင်း လာကြည့်ရုံပါပဲ။ ဒီမှာ ကြာကြာ ကျင့်ကြံလို့ မဖြစ်ပါဘူး”

“ကျွန်တော်က ဓားထိန်းတစ်ယောက်ဖြစ်လို့ ဓားစံအိမ်မှာ အလုပ်တွေ ရှိပါသေးတယ်”

ဟန်မူယဲ့က ပြောကာ ဂိုဏ်းချုပ်ကျင်းကျီပေးသော တံဆိပ်ပြားအား ကမ်းပေးသည်။

တိုက်ရိုက်တပည့်တံဆိပ်ပြား။

တံဆိပ်ပြားကို ကြည့်ကာ မူအားရီ လန့်ဖြတ်လုမတတ် ဖြစ်သွားသည်။

ကျန်းကျစ်ဟယ်သည်လည်း အံ့အားသင့်သွားကာ ဟန်မူယဲ့အား ကြည့်သည်။

“ဒါဆို မင်းက ၁၉ယောက်မြောက် တိုက်ရိုက်တပည့်ကိုး”

All Chapters