ဝိညာဉ်ကျောက်တုံးတစ်သိန်းဖြင့် ကျင့်ကြံသူ
Vol. 9 Ch. 125
ဆယ့်ကိုးယောက်မြောက်တိုက်ရိုက်တပည့်။
သူကား အမှန်တကယ် တိုက်ရိုက်တပည့်တစ်ဦး ဖြစ်သည်။
မူအားရီသည် အလွန်ငယ်ရွယ်ဟန်ရသော ဟန်မူယဲ့အား ကြည့်ကာ စိတ်ရှုပ်ထွေးနေ၏။
ဟန်မူယဲ့မှာ အတွေ့အကြုံနည်းပါးလွန်းသူ ဖြစ်ကြောင်း သူ ပြောနိုင်သည်။
သူ၏ခန္ဓာကိုယ်မှ ချီဓာတ်သိပ်သည်းဆအရ သူ၏ကျင့်ကြံဆင့်မှာလည်း အလွန်နိမ့်သေးကြောင်း ထင်ရှားသည်။
ဤသို့သောသူက တိုက်ရိုက်တပည့်လား။
“ဂိုဏ်းချုပ်က ၁၉ယောက်မြောက်တိုက်ရိုက်တပည့်အတွက် စီစဉ်ထားတယ်လို့ ပြောတယ်”
“မင်း နာမည်ဘာလဲ”
ကျန်းကျစ်ဟယ်က ဟန်မူယဲ့အား မေးသည်။
“တပည့်က ဟန်မူယဲ့ပါ”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ဟုတ်တယ်… အခုကစပြီး မင်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဟန်ဆယ့်ကိုး ပဲ”
ကျန်းကျစ်ဟယ်က ဟန်မူယဲ့၏တံဆိပ်ပြားအား ကိုင်ကာ လက်ဆန့်တန်းသည်။ သူ၏လက်တွင် ရွှေရောင်အလင်းတစ်ချက် ဖြစ်ပေါ်လာကာ တံဆိပ်ပြားအပေါ်တွင် ၁၉ စာလုံးအား ရေးထွင်း၏။
“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းပဲ။ ဂိုဏ်းရဲ့ ၁၉ယောက်မြောက် တိုက်ရိုက်တပည့်တစ်ယောက်အနေနဲ့ မင်းဟာ ဂိုဏ်းရဲ့အကျိုးအမြတ်ကိုပဲ အမြဲဦးစားပေးရမယ်။ ဂိုဏ်းရဲ့ဂုဏ်သိက္ခာဟာ မင်းတို့အသက်ထက် ပိုတန်ဖိုးရှိတယ်”
တံဆိပ်ပြားကို ပြန်ပေးပြီးနောက် ကျန်းကျစ်ဟယ်က ဟန်မူယဲ့အား သုန်မှုန်စွာ ပြောသည်။
“ဂိုဏ်းရဲ့အကျိုးအမြတ်နဲ့ဂုဏ်သတင်းဟာ ကျုပ်အသက်ထက် ပိုအရေးကြီးတာလား”
ဟန်မူယဲ့က တံဆိပ်ပြားအား ယူကာ တီးတိုးရေရွက်သည်။
“ဒီတံဆိပ်ပြားမှာ ဘာအကျိုးကျေးဇူးမှ မရှိဘူး။ ပြီးတော့ ဒီလို ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရဦးမယ်”
ဘေးတွင် ရပ်နေသော မူအားရီသည် မျက်နှာကို ဖြတ်ရိုက်ခံရသလို ခံစားလိုက်ရ၏။
ဤသည်ကား ဂိုဏ်း၏တိုက်ရိုက်တပည့်တံဆိပ်ပြား ဖြစ်သည်။ ၎င်းသည် ဂိုဏ်း၏ ၁၉ယောက်မြောက် ဆက်ခံသူကိုလည်း ကိုယ်စားပြု၏။
သူတို့သည် ဂိုဏ်းချုပ်နေရာအတွက် လျာထားသူများဖြစ်သလို နောင်တစ်ချိန် ဂိုဏ်းချုပ်မဖြစ်လာလျှင်ပင် မဟာအကြီးအကဲ သို့မဟုတ် အကြီးအကဲများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ထိုသို့သောသူက ဂိုဏ်းနှင့် ချည်နှောင်မထားသင့်ဘူးလား။
တိုက်ရိုက်တပည့်များကို မဆိုထားနှင့် သူတို့လို မျိုးဆက်အမွေခံတပည့်များသည်ပင် ဂိုဏ်းနှင့် ချည်နှောင်ထားသူများ ဖြစ်သည်။
ဟန်ဆယ့်ကိုးက ဂိုဏ်းရဲ့မဟာအကြီးအကဲကို အပြစ်လုပ်မိမှာ မကြောက်ဘူးလား။
မဟာအကြီးအကဲတစ်ယောက်ရဲ့ရှေ့မှာ တိုက်ရိုက်တပည့်တစ်ယောက်ဟာလည်း ဒီလောက် အတင့်ရဲလို့ မဖြစ်ဘူးမလား။
“မင်း ပြောတာ မှန်တယ်… ဒါပေမဲ့ တံဆိပ်ပြားဟာ အကျိုးကျေးဇူးတချို့ရှိတယ်။ ပြီးတော့ ဒါက တာဝန်ယူမှုကို ကိုယ်စားပြုတယ်”
“ဒါပေမဲ့ မင်းရဲ့အသက်နဲ့ယှဉ်ရင်တော့ ဂုဏ်သိက္ခာနဲ့အကျိုးကျေးဇူးဟာ ဘာမှ မဟုတ်ဘူး။ အသက်ရှင်နေမှသာပဲ တစ်ခုခုကို ပြောင်းလဲဖို့ အခွင့်အရေးရှိတယ်”
ကျန်းကျစ်ဟယ်၏စကားက မူအားရီအား မျက်လုံးပြူးသွားစေသည်။
သူက မူအားရီနှင့် ဟန်မူယဲ့တို့အား ကြည့်ကာ ပြောသည်။
“မင်းတို့ဟာ ဂိုဏ်းက အနာဂတ်အတွက် ရည်မှန်းပြီး မြေတောင်မြှောက်ပေးနေတဲ့ အဓိကတပည့်တွေပဲ။ မင်းတို့ဟာ ဂိုဏ်းရဲ့အနာဂတ် ဖြစ်တယ်”
“မင်းတို့ဟာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာနဲ့ အကျိုးအမြတ်ထက် တန်ဖိုးရှိတယ်”
သူက အသံကို နှိမ့်ကာ ပြောသည်။
“အသက်ရှင်နေတဲ့သူကပဲ ဖြစ်နိုင်တဲ့အရာတွေ အများကြီးကို လုပ်နိုင်စွမ်းရှိတယ်”
“သေသွားတဲ့ပါရမီရှင်ကိုတော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး”
ဟန်မူယဲ့က ရယ်မောကာ လက်နှစ်ဖက်ဆုပ်သည်။
“အကြီးအကဲ… ခင်ဗျားရဲ့စကားက ကျွန်တော့ကို အမြင်ပွင့်စေတယ်။ အကြီးအကဲ ဓားစံအိမ်သို့ ရောက်တဲ့အခါ အတူသောက်ကြမယ်”
ယခု သူသည် ခေါင်းဆောင်တောက်ရင်နှင့် ဓားစံအိမ်အကြီးအကဲတို့ဖြင့် အတူစားသောက်ရာ ကောင်းကင်ဘုံတစ်ဝက်အဆင့်များနှင့် လွန်စွာ စိမ်းသက်နေခြင်း မရှိတော့ပါ။
ဟန်မူယဲ့၏စကားကို ကြားလျှင် ကျန်းကျစ်ဟယ်က မျက်တောင်ပင့်ကာ ဟန်မူယဲ့အား ကြည့်လျက် ရယ်မောလိုက်၏။
“ကောင်းပြီ… ငါ အားရင် သေချာပေါက် လာသောက်မယ်”
“နောက်ဆုံးတစ်ခေါက် ငါ တောက်ရင်နဲ့အတူ သောက်တာ နှစ်တစ်ရာလောက်တုန်းကပဲ”
“အဲဒီအကောင်… သူ မသောက်နိုင်ဘူး… ဟဟ”
…
မူအားရီသည် ဟန်မူယဲ့နှင့်အတူ အိမ်ဝင်းအပြင်သို့ ထွက်လာသည့်တိုင် သတိဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေသည်။
သူက ဟန်မူယဲ့အား ဘေးတစ်စောင်းကြည့်သည်။
ဒါက တိုက်ရိုက်တပည့်လား။
သူက မဟာအကြီးအကဲတစ်ယောက်ရှေ့တွင် မည်သို့ အေးဆေးနိုင်ရသနည်း။
“စီနီယာအစ်ကိုမူအားရီ… တိုက်ရိုက်တပည့်တွေက ဒီမှာရှိတဲ့အိမ်ကြီးတွေထဲက တစ်လုံးကို ရွေးနိုင်တယ်လို့ ခင်ဗျား ပြောတယ်။ အဲဒါ ဟုတ်တယ်မလား”
ဟန်မူယဲ့က အနီးအနားမှ အိမ်ကြီးများကို ကြည့်ကာ ပြောသည်။
သူက သည်နေရာသို့ ကျင့်ကြံရန် လာခြင်းဖြစ်သည်။ ပျော်ပွဲစားလာထွက်ခြင်း မဟုတ်ပါ။
အသင့်ဆောက်အိမ်ကြီးများရှိပါက သူသည် ကိုယ်တိုင်တစ်လုံး ဆောက်လုပ်လိုစိတ် မရှိပါ။
“ဟုတ်တယ်… လွတ်နေတဲ့အိမ်ကြီးတွေထဲက စီနီယာအစ်ကိုဟန်အနေနဲ့ ကြိုက်တဲ့တစ်လုံးကို ရွေးလို့ရတယ်”
မူအားရီက သူ့ရှေ့တွင် ရှိနေသော အိမ်ကြီးများအား လက်ညိုးထိုးကာ ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်၏။
တချို့သော အိမ်ကြီးများမှာ အတွင်းမှ ပိတ်ထားရာ ၎င်းတို့မှာ ပိုင်ရှင်ရှိသော အိမ်များဖြစ်ကြောင်း သေချာသည်။ တချို့သော အိမ်များမှာ တံခါးကို တစ်ဝက်ဖွင့်ထားရာ ၎င်းတို့မှာ ပိုင်ရှင်မရှိပါ။
ဟန်မူယဲ့က အလင်းရောင်ကောင်းကောင်းရသော အိမ်ကြီးတစ်လုံးအား ရွေးကာ မူအားရီကို နှုတ်ဆက်လျက် အတွင်းသို့ ဝင်သွားခဲ့သည်။
“တိုက်ရိုက်တပည့်အသစ်… လျှို့ဝှက်နယ်မြေမှာတော့ စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မှာပဲ”
မူအားရီက ဟန်မူယဲ့ ဝင်သွားသော အိမ်ကြီးအား ကြည့်ကာ ပြောသည်။
ထို့နောက် သူသည် အိမ်ကြီး၏အပြင်ဘက်တွင် ရှိနေသော မြက်တဲတစ်လုံးထံသို့ လမ်းလျှောက်သွား၏။
“အာ… မူအားရီ… မင်းနဲ့အတူ လာတဲ့သူ ဘယ်မှာလဲ”
တစ်စုံတစ်ယောက်က မူအားရီအား မြင်ကာ လှမ်းမေးသည်။
“သူက အိမ်ကြီးထဲမှာ သွားနေတယ်”
မူအားရီက လမ်းလျှောက်ရင်း တီးတိုးပြောသည်။
အိမ်ကြီးထဲတွင် နေသည်လား။
မေးလိုက်သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
တိုက်ရိုက်တပည့်အသစ်တစ်ယောက်။
“မြန်မြန်… စီနီယာအစ်ကို… အဲဒီတိုက်ရိုက်တပည့်အသစ်ရဲ့နောက်ခံက ဘယ်ကလဲ။ ဘာလို့ သူ့ကို အရင်က မမြင်ဖူးတာလဲ”
“စီနီယာအစ်ကို… ကျုပ် ခုနကပဲ ဝက်ဝံတစ်ကောင် အမဲလိုက်လာတယ်။ ကျုပ်တို့ အသားကင် အတူတူစားကြမယ်လေ။ ဘယ်လိုလဲ”
အမွေခံတပည့်တစ်စုသည် မူအားရီထံသို့ ပြေးသွားကာ သူ၏သစ်ပိုင်းများအား ဝိုင်းဝန်းလုကာ ထမ်းပိုးပေးကြသည်။
မူအားရီသည် သူတို့နှင့်အတူ ပြုံးလျက် လိုက်ပါသွားသည်။
“နံပါတ် ဆယ့်ကိုး… စိတ်ဝင်စားစရာပဲ”
အိမ်ကြီးများထဲတွင် တစ်စုံတစ်ယောက်က တီးတိုးပြောသည်။
“ဟန်ဆယ့်ကိုး… ဂိုဏ်းချုပ်ရဲ့လမ်းစဉ်က ပြတ်တောက်သွားပြီ။ သူ့မှာ တခြားအတွေးတွေ ရှိနေတာများလား… ဟွင်း…”
နောက်ထပ်အိမ်ကြီးတစ်လုံးထဲတွင် တစ်စုံတစ်ယောက်က အေးစက်သော လေသံဖြင့် ပြောသည်။
ဟန်မူယဲ့သည် လျှို့ဝှက်နယ်မြေအတွင်းမှ ထိုအပြောင်းအလဲများကို ဂရုမစိုက်ပါ။ သူသည် အိမ်ကြီးထဲသို့ ဝင်သွားလိုက်လျှင် အတွင်း၌ ပရိဘောဂများမှာ ရိုးရှင်းကာ စားပွဲရှည်တစ်လုံးနှင့် စာအုပ်စင်တစ်ခုကိုသာ တွေ့ရ၏။
စာအုပ်စင်တွင်လည်း စာအုပ်သုံးအုပ်ခန့်သာ ရှိနေသည်။
သူက စာအုပ်စင်ထံသို့ လှမ်းသွားကာ ၎င်းတို့အား လှန်လှောကြည့်လိုက်၏။ သို့သော်လည်း စာအုပ်များမှာ ယခင်နေထိုင်သွားသူ၏ ခရီးသွားမှတ်စုများနှင့် ကျင့်ကြံခြင်းအတွေးအမြင်တချို့သာ ဖြစ်သည်။
ဟန်မူယဲ့ ၎င်းတို့အား စိတ်မဝင်စားပါ။ သူသည် သစ်သားခုံထက်၌ တင်ပလ္လင်ခွေထိုင်လိုက်သည်။
သူ၏ဒန်ထျန်မှ တိတ်ဆိတ်နေသော ချီဓာတ်များသည် စတင်လှည့်ပတ်လာ၏။
ဟူး…
သူ့အနီးတွင် သဘာဝစွမ်းအင်စီးကြောင်းများ ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကြ၏။
ထိုအခိုက်တွင် အခန်းထဲ၌ နက်ရွှေရောင်သဘာဝစွမ်းအင်အလင်းများသည် အမျှင်တန်းများအလား ကွန်ချာသဖွယ် ခြုံလွှမ်းလာတော့သည်။
အစီအရင်ဝင်္ကပါ…
သည်ဝင်္ကပါမှာ အနီးအနားမှ သဘာဝစွမ်းအင်များအား အိမ်အပြင်သို့ မပျံ့လွင့်စေရန် စုစည်းပေးသည်။
ကြည့်ရသည်မှာ ၎င်းသည် နာမည်ကျော် ချီစုစည်းခြင်းအစီအရင်ဝင်္ကပါ ဖြစ်ဟန်ရ၏။
အိမ်ကြီးထဲတွင် ဟန်မူယဲ့အနီး၌ သဘာဝစွမ်းအင်များ စုဝေးနေပြီး လှိုင်းများအသွင်ဖြင့် သူ့ဒန်ထျန်ထဲသို့ စီးဆင်းကြ၏။
ဓားချီများသည် သူ၏ဒန်ထျန်၌ ငါးများကဲ့သို့ ကူးလူးကြကာ သဘာဝစွမ်းအင်များအား စုပ်ယူကြ၏။
သဘာဝစွမ်းအင်များကို လွန်ကဲစွာ ဆွဲငင်မှုကြောင့် ဟန်မူယဲ့ရှိနေသော အိမ်ငယ်လေးဝန်းကျင်သည် သဘာဝစွမ်းအင်ဝဲဂရက်တစ်ခုအလား ဖြစ်နေသည်ကို မြင်လုံးဖြင့် မြင်တွေ့နိုင်၏။
“ဒီနံပါတ် ၁၉ရဲ့ အခြေခံက မဆိုးဘူး။ ချီစုစည်းခြင်းဝင်္ကပါရဲ့ ဒုတိယအဆင့်အစီအရင်တောင်မှ အသက်ဝင်လာတယ်”
အဝေးသစ်ပင်တစ်ပင်အောက်၌ ထိုင်နေကြသော တပည့်များသည် ဟန်မူယဲ့ရှိရာ အိမ်ကြီးထံသို့ လှမ်းကြည့်လျက် တီးတိုးပြောကြသည်။
“ဒါက သာမန်ပါပဲ… ဘယ်သူက ဒုတိယအဆင့်ကို အသက်မဝင်စေနိုင်လို့လဲ”
နောက်တစ်ယောက်က ခေါင်းယမ်းကာ ပြုံးသည်။
“နံပါတ် ၉ ဆရာစုန့် အိမ်ကြီးထဲ လေ့ကျင့်တုန်းက သူဟာ ချီစုစည်းခြင်းအစီအရင်ကို တတိယအဆင့်သို့ တိုက်ရိုက်အသက်သွင်းခဲ့တယ် ကြားတယ်။ အကြီးအကဲတွေတောင်မှ အစီအရင်ဝင်္ကပါကို ပိုအားကောင်းအောင် ကူညီပြုပြင်ပေးခဲ့ရသေးတယ်”
“ဟီးဟီး… မင်း မသိဘူးမလား…. အရင်တုန်းက ဂိုဏ်းချုပ် ဒီမှာ ကျင့်ကြံတုန်းကဆို သူက ချီစုစည်းခြင်းဝင်္ကပါကို အဆက်မပြတ်လည်ပတ်စေပြီး ကျင့်ကြံခဲ့တာ”
ကျင့်ကြံခြင်းလောကသည် ဗီဇပါရမီကို တန်ဖိုးထား၏။
အခြေခံအားကောင်းလေ အနာဂတ်ကျင့်ကြံခြင်း လမ်းခရီး ပိုမိုချောမွေ့ကာ ခရီးရောက်လေ ဖြစ်သည်။
လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် သဘာဝစွမ်းအင်များကို ပိုမိုစုပ်ယူနိုင်သူများသည် အားကောင်းသော အခြေခံများကို ပိုင်ဆိုင်ကြ၏။
ထိုလှည့်ကွက်ငယ်မှာ လျှို့ဝှက်နယ်မြေ၌ အစဉ်အလာသဘောမျိုး ဖြစ်နေသည်။
သို့သော်လည်း ဟန်မူယဲ့ကား လူသစ်ဖြစ်ကာ လျှို့ဝှက်နယ်မြေ၏စည်းမျဉ်းများနှင့် နည်းစနစ်များကို နားမလည်ပါ။
“၁၉ ယောက်မြောက် တိုက်ရိုက်တပည့်… မင်းက ငါနဲ့အဆင့်တူဖြစ်ဖို့ အစွမ်းရှိလား ကြည့်ရအောင်…”
ဟန်မူယဲ့၏အိမ်ဘေးတွင် နောက်ထပ်အိမ်တစ်လုံးထဲမှ အသံတစ်သံထွက်ပေါ်လာသည်။
ဟူး…
နောက်ထပ်ဝဲဂရက်တစ်ခု ဖြစ်ပေါ်လာကာ ဟန်မူယဲ့၏သဘာဝစွမ်းအင် ဝဲဂရက်ကို အားပျော့သွားစေသည်။
ဟူး…
ထိုစဉ် နောက်ထပ် ဝဲဂရက်တစ်ခု ဖြစ်ပေါ်လာကာ သဘာဝစွမ်းအင်များကို လုယက်ပြန်၏။
“စနေပြီ… အဲဒါ စုဆယ့်ရှစ်နဲ့ ချီဆယ့်သုံးမလား”
သဘာဝစွမ်းအင်များအတွက် တိုက်ခိုက်နေသော ဝဲဂရက်နှစ်ခုအား ကြည့်ကာ အားလုံးက မျက်တောင်ပင့်လိုက်ကြသည်။
ဤသည်ကား တိုက်ရိုက်တပည့်များကို ကြိုဆိုသော နည်းစနစ်ဖြစ်သည်။
အမွေခံတပည့်များကြားတွင်လည်း ဤသို့ စမ်းသပ်သော ပုံစံရှိပေသည်။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရာရာဖြစ်သည်။
လုံလောက်သော သန်မာမှုမရှိပါဘဲ တခြားလူများ၏လေးစားမှုကို ခံရမည် မဟုတ်ပါ။
“နံပါတ် ၁၉ ကို ဆရာစုန့် မတိုက်ခိုက်တာ ဆိုးတာပဲ။ မဟုတ်ရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်”
တစ်စုံတစ်ယောက်က ခေါင်းယမ်းကာ နောင်တရစွာ ပြောသည်။
“ဟီးဟီး… ဒါက မဖြစ်နိုင်တာပဲ… ထိပ်ဆုံးဆယ်ယောက်က သူတို့နေရာကို ခြိမ်းခြောက်လာနိုင်တာမျိုးမဟုတ်ရင် တိုက်ခိုက်တာ မဟုတ်ဘူး…”
နောက်တစ်ယောက်ကလည်း ပြောသည်။
လျှို့ဝှက်နယ်မြေတွင် ကျင့်ကြံခွင့်ပေးခြင်းသည် တပည့်များအတွက် ဂိုဏ်းမှ ပေးနိုင်သော အကောင်းဆုံးအကျိုးကျေးဇူး ဖြစ်သည်။
တိုက်ရိုက်တပည့်များ၏ ထိပ်ဆုံးဆယ်ယောက်မှာ လျှို့ဝှက်နယ်မြေ၌ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးဖြစ်ကာ သူတို့၏ကျင့်ကြံဆင့်မှာလည်း သာမန်အကြီးအကဲများထက် မနိမ့်တော့ပါ။
တိုက်ရိုက်တပည့်အသစ်သည် ကျင့်ကြံဆင့်ဖြစ်စေ၊ ပါရမီအားဖြင့် ဖြစ်စေ ထိပ်ဆုံးတိုက်ရိုက်တပည့် ၁၀ယောက်အား မခြိမ်းခြောက်နိုင်ပါ။
အိမ်ကြီးထဲတွင် ဟန်မူယဲ့သည် သူ၏ကျင့်ကြံဆင့်ကား ဖြေးလေးစွာ တည်ငြိမ်စေသည်။
ချီစုစည်းခြင်းဝင်္ကပါမှ သဘာဝစွမ်းအင်များသည် သူ့ဒန်ထျန် လှည့်ပတ်ရန်အတွက် လုံလောက်၏။
နှိုင်းယှဉ်ပါက လျှို့ဝှက်နယ်မြေမှ သဘာဝစွမ်းအင်များမှာ ပြင်ပထက် များစွာ သာလွန်ပေသည်။
သူသည် သဘာဝစွမ်းအင်များကို စုပ်ယူကာ သူ၏ချီစုစည်းခြင်း ကျင့်ကြံဆင့်အား တည်ငြိမ်အောင် လုပ်သည်။ ထို့နောက် သူက လင်းရှန်ပေးလိုက်သော ဓားဆေးလုံးကို ထုတ်ယူလိုက်၏။
လုံးဝန်းကာ ချောမွေ့သည်။
ဓားဆေးလုံးမှာ ဓားဆေးလုံးနှင့်မတူပါ။
လက်ထဲမှ ဓားဆေးလုံးကို ကိုင်ရင်း ဟန်မူယဲ့သည် ချီဓာတ်များကို အသက်ဝင်စေကာ ဓားချီတချို့အား ဓားဆေးလုံးထဲသို့ ပို့လွှတ်၏။
ချီအားနှင့် ဓားချီများ ဓားဆေးလုံးထဲသို့ တိုးဝင်သွားသည်နှင့် ၎င်းသည် ညင်သာစွာ တုန်ခါလာ၏။
ဟန်မူယဲ့ အသက်ပြင်းပြင်းရှုလိုက်ကာ ထပ်မံတွန့်ဆုတ်ခြင်းမပြုတော့ဘဲ သူ၏ဒန်ထျန်မှ ဓားချီနှင့် ချီစွမ်းအားများသည် ဓားဆေးလုံးထံသို့ အဆက်မပြတ် ပို့လွှတ်တော့သည်။
ဟူး…
ကျောက်စိမ်းရောင်ဓားဆေးလုံးသည် အဆက်မပြတ် တုန်ခါကာ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။
၎င်းသည် နက်မှောင်ကာ အေးစက်၏။ ဤသည်ကား ဓားတစ်လက်၏အငွေ့အသက်များ ဖြစ်သည်။
ဟန်မူယဲ့ မရပ်တန့်ပါ။ ဓားချီများနှင့် ချီစွမ်းအားများသည် ဓားဆေးလုံးထံသို့ အဆက်မပြတ် စီးဆင်းကြ၏။
ဓားဆေးလုံး၏ကျောက်စိမ်းရောင်မှာ ပျက်ပြယ်သွားကာ အနက်ရောင်ချီအလင်းများဖြင့် အစားထိုးလာသည်။
ဓားဆေးလုံးပေါ်၌ သွေးနီရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာ၏။
ဓားချီ တစ်စ…
ချီအားလှိုင်းတစ်ခု…
ဓားချီဆယ်စ…
ချီအားလှိုင်းဆယ်စု…
…
၃၀၀၀၀ သော ဓားချီများသည် ဓားဆေးလုံးထဲသို့ ဝင်သွားပြီး ဖြစ်သည်။
ဟန်မူယဲ့ တုန်ခါလာ၏။
သူ၏ဒန်ထျန်မှ ချီစွမ်းအားများမှာ မလုံလောက်ပါ။
သူ၏ဒန်ထျန်မှာ လွန်စွာ ကျယ်ပြောသည့်တိုင်အောင် သူသည် ချီစုစည်းခြင်းအဆင့်၌သာ ရှိသေးသည်။
သူ သိုလှောင်နိုင်သော ချီစွမ်းအားများမှာ ဓားဆေးလုံးကို သန့်စင်ရန် မလုံလောက်ပါ။
ချီစုစည်းခြင်းဝင်္ကပါမှ စုပေးသော သဘာဝစွမ်းအားများကိုကား သူ ဂရုမစိုက်ပါ။
၎င်းကား နည်းပါးလွန်း၏။
မျက်မှောင်ကြုတ်ကာ ဟန်မူယဲ့ အသက်ပြင်းပြင်းရှုလိုက်သည်။
သူက လက်မြှောက်ကာ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁၀တုံးအား ထုတ်လိုက်၏။
ထိုအခိုက်တွင် သူနေရာ အိမ်ကြီးအပေါ်မှ သဘာဝစွမ်းအင်ဝဲဂရက်မှာ ပါးလျကာ ကွယ်ပျောက်တော့မည် ဖြစ်သည်။
“ဟီးဟီး… သူက တစ်နာရီလောက်ပဲ ခံနိုင်တယ်… ဒီ ၁၉ယောက်မြောက် တိုက်ရိုက်တပည့်က သိပ်မဟုတ်သေးဘူး…”
ပျက်ပြယ်သွားလုနီးပါး သဘာဝစွမ်းအင်ဝဲဂရက်ကို ကြည့်ကာ တစ်ယောက်က ခေါင်းယမ်းသည်။
“မှန်တယ်… သူက အတော်လေး အတွေ့အကြုံနည်းသေးတယ်… သူ လက်လျှော့လိုက်မလား ကြည့်ရအောင်… ဒါက သိပ်ရှက်စရာမဟုတ်ဘူး”
တစ်စုံတစ်ယောက်က ရယ်မောသည်။
ယနေ့တွင် တိုက်ရိုက်တပည့်များအကြား ယှဉ်ပြိုင်မှုကို မြင်တွေ့ရခြင်းက နောင်ကာလများအထိ ပြောနေရဦးမည့် ကိစ္စဖြစ်သည်။
မူအားရီက ပျက်ပြယ်လုနီးပါး ဝဲဂရက်အား ကြည့်ကာ မျက်မှောင်ကြုတ်သည်။
ဟန်ဆယ့်ကိုးမှာ ထင်ထားသလို မရိုးရှင်းဟု သူ ယူဆ၏။
ထိုသူကား မဟာအကြီးအကဲကို သေရည်သောက်ရန် ဖိတ်ကြားခဲ့သူ ဖြစ်သည်။
လေထဲတွင် ဟန်မူယဲ့၏ပျက်ပြယ်လု သဘာဝစွမ်းအင်ဝဲဂရက်အား ဂရုမစိုက်တော့ဘဲ နောက်ထပ်ဝဲဂရက်နှစ်ခု အချင်းချင်း ယှဉ်ပြိုင်နေကြသည်။
ကြည့်ရသည်မှာ တိုက်ရိုက်တပည့်နှစ်ဦးက ယှဉ်ပြိုင်နေကြဆဲ ဖြစ်သည်။
ထိုစဉ် အိမ်ကြီးထံမှ အသံတစ်ခုကို ကြားရသည်။
ဝေါ…
အသံမှာ သိပ်မကျယ်ပါ။ သဘာဝစွမ်းအင်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ထို့နောက် အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြ၏။
အိမ်ကြီးကို ရွှေရောင်အလင်းကွန်ခြာတစ်ခု ခြုံလွှမ်းသွားသည်။
“သဘာစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်…”
“တစ်ခု…”
“နှစ်ခု…”
“သုံး…”
…
“တစ်ဆယ်…”
“သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်ဆယ်ခု…”
“ဒီအကောင်က ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကိုသုံးပြီး ကျင့်ကြံတာဟ…”
“ချီးပဲ… သူက ဂိုဏ်းချုပ်ရဲ့ တရားမဝင်သားလား…”