စာကြွင်း
Vol. 154 Ch. 2142
Renegade Immortal(နှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်) စာစဉ်ကို ကျုပ်ရေးခဲ့တာ စုစုပေါင်း ရက်ပေါင်းတစ်ထောင်နီးပါး၊သုံးဆယ့်တစ်လ ကြာမြင့်ခဲ့တယ်။ အခု ဒီစာစဉ်ပြီးတော့ ကျုပ်ရေးခဲ့တဲ့ ဒီဝတ္ထုရှည်အပေါ် အတော်လေး စိတ်လှုပ်တရှား ဖြစ်မိရတယ်။
ဒီစာစဉ်ကို ပထမဆုံးစရေးတဲ့လကတော့ ကျုပ်မှာ စာဖတ်သူ တစ်သောင်းကျော်သာ ရှိခဲ့ပြီး လစဉ်(Vote) ပေးခြင်းကိုလည်း ရခဲ့ရုံမျှပဲ။
(ဘာသာပြန်သူမှတ်ချက်…နိုင်ငံတကာနဲ့ ယှဉ်ရင် တသောင်းကျော်ဟာ နည်းလှပါတယ်)
ဒါပေမဲ့ ကျုပ် Er Gen (အာကန်း)ဟာ လက်မလျှော့ခဲ့ဘူး။ ကျုပ် မျက်လုံးတွေ ရဲလာတဲ့အထိ ဘီယာတွေ ဖိသောက်ရင်း ကျုပ်စာစဉ်ဟာ အမှိုက်ဖြစ်နေရင်တောင် ဒီသောက်ဇာတ်လမ်းတခုလုံးကို အပြီးထိ ရေးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။
ဒီလိုနဲ့ ကျုပ် ဒီဇာတ်လမ်းကို ဆက်နှင်တယ်။
အဲ့အချိန်တုန်းကတော့ ကျုပ်အာကန်းဟာ ပမွှားလေးပေါ့။ ကျုပ်ဘဝရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စိတ်ရှုပ်ခဲ့ရတယ်။ စဉ်းစားရ ကြပ်ခဲ့ရတယ်။ ကျုပ်ဟာ အတွေးများစွာ၊ စိတ်ကူးများစွာနဲ့ ကောင်းကင်ကို အမြဲလိုလို မော့ကြည့်နေမိခဲ့တယ်။ ဒါပေမဲ့ အဆုံးသပ်မှာတော့ ကျုပ် မုတ်ဆိတ်တွေသာ ရှည်ရှည်လာခဲ့ပြီး အကူအညီမဲ့စွာ ခံစားခဲ့ရတယ်။
ကျုပ် လက်မလျှော့ချင်ဘူး။ ကျုပ် အားတင်ချင်တယ်။ ဒါက လွန်ခဲ့တဲ့ နှစ်နှစ်နဲ့လဝက်တုန်းက ကျုပ်ကိုယ်ကျုပ် ပြောခဲ့တဲ့စကားပဲ။
ဒီနှောင်ဖွဲ့ကင်းခြင်းတန်ခိုးရှင် စာစဉ်ရဲ့ ဇာတ်လမ်းကျောရိုးဟာ ဖိဆန်ခြင်းပဲ။ အံတုခြင်းပဲ။ ရုန်းကန်ခြင်းပဲ။ ကျုပ် တလှမ်းခြင်းလှမ်းရတဲ့ ရုန်းကန်ခြင်းပဲ။ ခက်ခဲမှု၊ စိတ်ရှုပ်မှုတွေလည်း အများကြီး ရှိခဲ့တာပေါ့။
ကျုပ် ကဲ့ရဲ့ပြစ်တင်သံ၊ ချိုးဖဲ့အပြောခံခဲ့ရတဲ့အသံတွေကို မှတ်မိပါသေးတယ်။ ဒီလိုပဲ ခင်ဗျားတို့ဆီက နွေးထွေးမှု ရခဲ့တဲ့ စကားသံတွေကိုလည်း မှတ်မိတာပေါ့ဗျာ။
အစပိုင်းမှာ ကျုပ် စိတ်ဓာတ်တွေ ကျခဲ့ရပေမယ့် နောက်ပိုင်းမှာ ကျုပ်စာစဉ်ကို လစဉ်ဖတ်ရှုသူတွေ တိုးတိုးလာတာကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်ပါ ကျခဲ့ရတယ်။ ဒါတွေဟာ တကယ်ပါ။
ကျေးဇူးပါ။ ဒီစာစဉ်ကို ဖတ်ရှုပေးကြတဲ့ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီနှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင် စာစဉ်ကို ရေးနေခဲ့တဲ့အချိန် ကျုပ်ကိုယ်တိုင်လည်း ရင့်ကျက်လာခဲ့ရတယ်။ ကျုပ်စိတ်ဓာတ်တွေ မာကြောလာခဲ့တယ်။ ဘာကြောင့်လဲ။ ကျုပ်က ဝမ်လင်းရဲ့ တာအိုနောက်ကို လိုက်ခဲ့မိလို့ပေါ့။
သေခြင်းရှင်ခြင်း၊ ကံမ္မ၊ ပြန်လည်မွေးဖွားခြင်း၊ စစ်မှန်မှုကို ရှာဖွေခြင်း။
လူတွေဟာ အသက်တရာ မနေရပါဘူး။ ကျုပ်တို့ စိတ်ကူးစိတ်သန်းတွေကသာ ထာဝရဆက်ရှိနိုင်တာ မဟုတ်လား။ စိတ်ကူးစိတ်သန်းဆိုတာ လူသားတွေရဲ့ သင်္ကေတ မဟုတ်လား။
ဒီစာစဉ်ကို နှစ်နှစ်နဲ့လဝက် ရေးပြီးလို့ ဇာတ်သိမ်းပေးခဲ့ရတဲ့နောက် ကျုပ်ဟာတာတာကြီး ဖြစ်ကျန်ခဲ့တယ်။ ဒီစာစဉ်ပြီးလို့ ရက်အနည်းငယ်ထိ ကျုပ် နေမထိထိုင်မသာ ဖြစ်ခဲ့တာ။ နှစ်နှစ်ကျော် ရေးခဲ့တဲ့အရာတစ်ခုကို ရုတ်တရက် လက်လွှတ်ခဲ့ရတာ မဟုတ်လား။
လူတစ်ယောက်ရဲ့ဘဝမှာ နှစ်နှစ်နဲ့လဝက်ဆိုတဲ့ အချိန်အပိုင်းအခြားကို အကြိမ်ကြိမ် ကြုံမှာပဲ။ ဒါပေမဲ့ ကျုပ်အတွက်တော့ ခင်ဗျားတို့တွေ ကျုပ်နဲ့ အတူတူ ရှိပေးခဲ့တာကြောင့် ဒီစာစဉ်ရေးတဲ့ နှစ်အပိုင်းအခြားဟာ သိပ်ကို ကျေနပ်ရပါတယ်။
ကျုပ်ဟာ ဒီစာစဉ်ကို အစကနေ အဆုံးသပ်ထိ အဆင်ပြေအောင် ရေးနိုင်ခဲ့တယ်လို့ထင်တယ်။ ဒါပေမဲ့ဗျာ ကျုပ်မှာလည်း ပြစ်ချက်တွေ၊အားနည်းချက်တွေ ရှိတာ သိတာပေါ့။ ဥပမာ ကျုပ်က နံပါတ်တွေနဲ့ ပတ်သတ်ပြီး ညံတယ်။
ရောင်းရင်းတွေ ဒါကို သိမှာပါ။
ကျင့်ကြံခြင်းအဆင့်တွေကို သုံးလွှာပြောလိုက်၊ လေးလွှာပြောလိုက်နဲ့၊ ဒီ့အတွက် ကျုပ် စိတ်ပျက်မိတယ်။ ကျုပ်မှတ်ဉာဏ်က ကျုပ်ကို လှည့်စားခဲ့တာပဲ။
ထိုအရာ၊ သည်အရာ စသဖြင့် ဒီစကားလုံးတွေကိုလည်း အခါခါ သုံးမိခဲ့တယ်။ ဒါ့ကြောင့် ကျုပ် နောက်ဇာတ်လမ်းအသစ်မှာ ဒီလိုအရေးတွေကို ရှောင်ဖို့ ကြိုးစားမယ်ဗျာ။
ဖတ်ရတာ ထောက်တဲ့ ကပေါက်တိကပေါက်ချာဝါကျတွေလည်း ကျုပ် ရေးခဲ့မိတာပဲ။ ဒါကို ကျုပ် မပြောင်းနိုင်မှာတော့ စိုးမိတယ်။
ကျုပ် ဝေါဟာရ မကြွယ်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ ရှက်မိတယ်။ ဥပမာ နှာခေါင်းရှုံတာ၊ မျက်လုံးလက်ခနဲ ဖြစ်တာ၊ အေးစက်စက်နှာခေါင်းရှုံ့တာ၊ ရှေ့သို့ ခြေတလှမ်းလှမ်းတာ…စသဖြင့် စသဖြင့် စကားလုံးတွေကို အခါခါ သုံးမိခဲ့တာကို။
ဇာတ်ကောင်စရိုက် ခြောက်သန်းကျော်တဲ့ ဝတ္ထုတပုဒ်ဟာ ပြီးပြည့်စုံဖို့ ခက်လှတာပေါ့ဗျာ။ ဒါ့ကြောင့်လည်း ကျုပ် စာဖတ်သူအားလုံးကို စိတ်မရှိဖို့ မျှော်လင့်မိတယ်။
ဒါပေမဲ့၊ ဒါပေမဲ့လို့ ကျုပ် ဇာတ်အိမ်ခိုင်မာမှု၊ အချိတ်အဆက်ရှိမှုတွေလည်း အများကြီး တည်ဆောက်ရေးနိုင်ခဲ့တယ်…ဟားဟား….။
အနည်းဆုံးတော့ဗျာ ဇာတ်ကောင်စရိုက်တွေဟာ အတော်လေး မိုက်တယ်လို့ ကျုပ် ခံစားမိတယ်။ ဥပမာ စစ်ထူ၊ ချင်းရွှေ၊ အနီရောင်လိပ်ပြာ၊ ကျိုးယု…အစရှိသဖြင့်ပေါ့။
ဒါကတော့ ဒီဝတ္ထုနဲ့ ပတ်သတ်လို့ ကျုပ် သိပ်ကျေနပ်ရတဲ့ အပိုင်းပဲ။
တခြား ဇာတ်လမ်းဇာတ်အိမ် အားကောင်းကောင်း၊ ချိတ်ဆက်မိတာတွေလည်း ရှိသေးတာပေါ့။ ဒါပေမဲ့ ကျုပ် ကိုယ့်ဂုဏ်ကိုယ် မဖော်ချင်လို့ မပြောတော့ပါဘူး။ ခင်ဗျားတို့ နားလည်တယ်ဟုတ်။
ဒီတော့ဗျာ ခြုံငုံပြောရရင်တော့ ဒီဇာတ်လမ်းဟာ အားနည်းချက်၊အားသာချက်တွေ ရောပြွမ်းနေတာပေါ့။ ဒီနှောင်ဖွဲ့ခြင်းကင်းတန်ခိုးရှင်ဟာ ပြီးပြည့်စုံဖို့ အဝေးကြီးပါ။ ဒါပေမဲ့ ဒါက ကျုပ်ရဲ့ ခုလက်ရှိ အကန့်အသတ်ပဲ။ ကျုပ်ရဲ့ စာအုပ်သစ်တွေမှာတော့ တခြားနည်းလမ်းအသစ်တွေ အသုံးပြုကြည့်၊ ပိုကောင်းအောင် ဖန်တီးကြည့်အုံးမယ်။
ဒီဇာတ်လမ်းမှာ မြှုပ်ကွက်တွေ အများကြိီးပဲဗျ။
ကျုပ်က ဝတ္ထုတအုပ်ဟာ ဒီလိုမြှုပ်ကွက် ချန်ထားဖို့လိုတယ်လို့ အမြဲ ခံစားမိတာကို။ တကယ်တော့ တချို့မြှုပ်ကွက်တွေရဲ့ အဖြေကို သေချာစဉ်းစားကြည့်ရင် ဇာတ်လမ်းထဲမှာ ခပ်ပါးပါး ပြန်ဖော်ပေးထားတာကို တွေ့ရပါလိမ့်မယ်။
ဥပမာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ပျောက်နေတဲ့သူ ဆိုတာကိုပေါ့။ အဆုံးသပ်မှာတော့ ကျုပ် အဖြေ ပြန်ပေးခဲ့တယ်လေ။ အဲ့ပျောက်နေတဲ့သူဆိုတာ ရှေ့ဖြစ်ဟောသူ မဟုတ်လား။
ဒါပေမဲ့ ကျုပ် အဖြေ မပေးခဲ့တဲ့ မြှုပ်ကွက်တွေ ရှိတယ်။ တချို့ မြှုပ်ကွက်တွေကိုတော့ လီချန်မေနဲ့အတူရှိတဲ့ ဝမ်လင်း ဖြေရှင်းဖို့ ထားခဲ့တယ်။
ဒါမှမဟုတ် လှိုဏ်ဂူလောကမှာ ရှိတဲ့ ပုန်းကွယ်နေတဲ့ ဆန်းကြယ်မှုတွေလိုမျိုး။ ဒီ့အတွက်တော့ မူပင်းမေနဲ့ အတူနေနေတဲ့ ဝမ်လင်း ရှာဖွေဖို့ ချန်ထားခဲ့တယ်။
ပြီးတော့ ရောင်းရင်းစာဖတ်သူတွေအတွက် ကျုပ် မေးခွန်းနှစ်ခု ချန်ထားခဲ့တယ်။ ပထမတစ်ခုကတော့ ဝမ်လင်းပဲ။
ဝမ်လင်းဟာ လီမူဝမ်၊ လီချန်မေ၊ မူပင်းမေတို့နဲ့ ဇာတ်လမ်းအဆုံးမှာ အတူရှိသွားတယ်။ ဒါပေမဲ့ ဘယ်တစ်ယောက်က ဝမ်လင်းအစစ်လဲ။ ကျုပ် ထင်တယ်။ ရောင်းရင်းအများစုကတော့ လီမူဝမ်နဲ့အတူ ရှိတဲ့သူဟာ ဝမ်လင်းအစစ် ဖြစ်တယ်လို့ သဘောတူကြမှာ မလား။
သူဟာ တကယ်ပဲ လီမူဝမ်နဲ့အတူ ရှိခဲ့တာ ဖြစ်နိုင်တာလား။ ဒါမှမဟုတ် မဖြစ်နိုင်ဘူးလား။
တကယ်တော့ သူသာ လီမူဝမ်နဲ့အတူ မရှိခဲ့ရင် သူ အသေအရှင် ရုန်းကန်ခဲ့ရတဲ့ ဇာတ်ကွက်က အဓိပ္ပာယ်သိပ်မရှိသလိုတော့ ဖြစ်သွားနိုင်တယ်။
ကျုပ် အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်တော့လည်း လီမူဝမ်နဲ့အတူ ရှိတဲ့သူက ဝမ်လင်းအစစ် ဖြစ်သင့်တယ်။ ဒါပေမဲ့ ကျုပ် လီချန်မေနဲ့ မူပင်းမေတို့နဲ့ ဝမ်လင်းရဲ့ ပတ်သတ်မှုဇာတ်လမ်းကို တွေးကြည့်တော့ ကျုပ် စိတ်ရှုပ်ထွေးမိပြန်တယ်။ ဘယ်တယောက်က ဝမ်လင်းအစစ်လဲ။
ရောင်းရင်းတွေကိုလည်း ကျုပ်လိုပဲ စဉ်းစားရကြပ်၊ ဝေခွဲမရ ဖြစ်စေချင်တယ်။
တကယ်လို့ ရောင်းရင်းသာ ဝမ်လင်းဆိုရင် ဒီအမျိုးသမီးသုံးယောက်ထဲက ဘယ်တစ်ယောက်နဲ့ အတူနေဖို့ ရွေးချယ်မလဲ။
လူတိုင်းရဲ့ အဖြေကတော့ မတူနိုင်ဘူးပေါ့။ ကျုပ်မှာတော့ ဒီအတွက် အဖြေမရှိဘူး။
ဝမ်လင်းတစ်ယောက်သာ အဖြေမရှိတဲ့ ဒီမေးခွန်းကို သိနိုင်ပါလိမ့်မယ်။
ကျုပ်၊အာကန်းရဲ့ ဒီရှန်းရှဇာတ်လမ်းရှည်ဟာ ပထမဆုံးစရေးခဲ့တဲ့ ရှန်းရှဝတ္ထုပဲ။ ရှန်းရှဝတ္ထုတွေဟာ အဆုံးမရှိဘူးလို့ ကျုပ် ခံစားမိတယ်။ ဝမ်လင်းဟာ စကြဝဠာတခုလုံးမှာ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သွားတယ်ဆိုတဲ့ ပုံစံမျိုး ဟာသဆန်ဆန် ကျုပ် မရေးချင်ဘူး။
ကျုပ်ဟာ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ လူတစ်ယောက်အကြောင်း ရေးချင်တာ။ အဲ့သူဟာ ကောင်းကင်ကို ဖိဆန်တဲ့ ဆန္ဒရှိရမယ်။ သူ့စိတ်နှလုံးထဲမှာ ဖိဆန်ခြင်းစိတ်ဆန္ဒရှိတဲ့အတွက်ကြောင့်ပေါ့။
ကျင့်ကြံခြင်းဟာ အဆုံးမရှိပါဘူး။ ဒါ့ကြောင့်လည်း ကျုပ်ဟာ စတုတ္ထအဆင့်၊ ပဥ္စမအဆင့်၊ ဆဠမအဆင့်ဆိုပြီး ရေးခဲ့တာပေါ့။ နောက်ထပ်လည်း အဆင့်တွေ ထပ်ရှိနိုင်ပါသေးတယ်။ တန်ခိုးရှည်လမ်းဆိုတာ ရှည်လျားလွန်းတယ် မဟုတ်လား။
နှောင်ဖွဲ့ကင်းခြင်းတန်ခိုးရှင်ဟာ ဝမ်လင်းရဲ့ ဘဝအစိတ်အပိုင်းတစ်ခုပဲ။ သူ့ဘဝရဲ့ စောဦးပိုင်းကာလတွေပေါ့။ သူ့မှာ နောက်ထပ် ဘဝတွေ ရှိလာနိုင်အုံးမှာပါ။ ဒါပေမဲ့ သူ့ဘဝရဲ့ အဲ့အစိတ်အပိုင်းတွေကတော့ ဒီစာအုပ်မှာ မပါတော့ပါဘူး။ ကျုပ်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာပါ။
ကောင်းကင်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ညကောင်းကင်ကို မော့ကြည့်နေရင်း ဝမ်လင်းဟာ စိတ်ကူးဇာတ်လမ်းတစ်ခုသာ ဖြစ်မှန်း ကျုပ် သိတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖိဆန်အံတုတဲ့စိတ်ဆန္ဒကတော့ ကျုပ်မှာ ကင်းမဲ့နေတဲ့ အရာတစ်ခုပေါ့။ ဒါ့ကြောင့်လည်း ကျုပ်က ဒီလိုဇာတ်လမ်းမျိုး ရေးခဲ့တာပဲ။ ကျုပ်ကိုယ်ကျုပ် သတိပေးဖို့ ရှေ့ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ပေါ့။
ကျုပ်ကတော့ ပိုက်ကွန်ထဲမှာပဲ၊ လူတိုင်းလည်း အဲ့လိုပါပဲ။ ဒီဇာတ်လမ်းအဆုံးရဲ့ ကျားကွက်ကစားပွဲထဲမှာလိုပေါ့၊ အမေးနဲ့အဖြေ။
သင် နားလည်လား။
ကျုပ် နားလည်တယ်။
ဝမ်လင်းက နားလည်ခဲ့တယ်။ စောင့်ရှောက်သူလည်း နားလည်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်ကတော့ ခုထိ နားမလည်သေးပါဘူး။
ဘဝဟာ အိပ်မက်လိုပဲလေ။