ကျင့်ကြံသူများ၏ ကြီးမြတ်သော တိုက်ပွဲ
Vol. 14 Ch. 188
ကုသဆေးလုံး တချို့ကို အလောတကြီး သောက်သုံးပြီးနောက် မိုဝူကျီက အလောင်း နှစ်လောင်းဆီ သွားကာ သူတို့၏ သိုလှောင် အိတ်များကို ယူလိုက်တော့သည်။
ထို့နောက်တွင် သူက သူတို့၏ မှော်ရတနာများကို သူ့သိုလှောင်အိတ်ထဲ ပြောင်းထည့် လိုက်ပြီးနောက် အလောင်းများကို ကျွင်းတူးကာ မြေမြှုပ်ပေး လိုက်တော့သည်။
အကယ်၍ တခြားနေရာမှာ ဖြစ်ပါက သူက ထိုကိစ္စကို လျစ်လျူရှုထားလို့ ရလေသည်။ သို့သော်လည်း မိုဝူကျီက နယ်မြေသည် နယ်ခြား ကျင့်ကြံသူတို့၏ ပိုင်နက်အတွင်း ရောက်နေမည်ကို သတိပြုမိ၍ ထိုအလောင်း နှစ်လောင်းအား ဒီအတိုင်း ချန်မထားရဲပေ။
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို အမှတ်ရ၍ ချက်ချင်း ထုတ်ကြည့် လိုက်တော့သည်။ မျှော်လင့်ထားသည့် အတိုင်း ကျောက်စိမ်းပြားမှ စာလုံးများက ပြောင်းသွားလေပြီ။ ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၂၂၊ အဆင့် သတ်မှတ်ချက် မရှိဟု၍ ဖြစ်သည်။
မိုဝူကျီက ညည်းညူ လိုက်တော့သည်။ သူက သူ့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ခဲ့သော်လည်း ၂၂ မှတ်သာ ရရှိလေသည်။ အမှတ် ၁၀၀၀၀အထက် ရှိနေသည့် နယ်ခြား ကျင့်ကြံသူများက ဘယ်လောက် အရေအတွက်များ ရှိနေမည်နည်း။
ကြည့်ရသည်မှာ ထိုအမှတ်များက ရရှိဖို့ရာ မလွယ်ကူလောက်ပေ။ မိုဝူကျီက သက်ပြင်းချကာ တည်နေရာကို ပြောင်းလိုက်တော့သည်။ နယ်ခြား ကျင့်ကြံသူများ၏ ပိုင်နက်အထဲတွင် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဤနေရာတွင် ထပ်နေဖို့ရာက မကောင်းတော့ပေ။
မိုးကြိုးမြူတော တစ်ခုလုံးကား လုံးဝကို ပျက်စီးနေပြီ ဖြစ်ကာ ဘေးပတ်လည်တွင် ကျတ်တီးမြေ ဖြစ်နေလေပြီ။ တိုက်ပွဲကြောင့် လေလား သို့မဟုတ် နယ်ခြား ကျင့်ကြံသူများ ကြောင့်ပေလား မရှင်းလင်းသေးပေ။
မိုဝူကျီအတွက် ထိုကျတ်တီးမြေမှ ထွက်လာပြီး ထူထပ်သည့် တောအုပ်ဆီ ပြန်ရောက်ဖို့ရာ လေးနာရီပင် ကြာခဲ့သည်။
သူက မိုကြိုးမြူတောထဲ ဝင်လိုက်သည့် အခါမှ သက်ပြင်း ချနိုင်တော့သည်။ ဤနေရာက နယ်ခြား ကျင့်ကြံသူများ၏ ပိုင်နက် ဖြစ်နေလျှင်ပင် သူတို့သည် ဤတောအတွက် စခန်းဆောက် ထားနိုင်မည် မဟုတ်ပေ။
မိုဝူကျီက မိုးကြိုးမြူတောကို နယ်စပ် အပိုင်းလေးသာ ဖြစ်သော်လည်း တစ်ခေါက်တော့ ရောက်ဖူးလေသည်။ သို့သော် သူက မိုးကြိုးမြူတောတွင် လမ်းပျောက်သွားလျှင် သူ့အသက်လေး ဆုံးရှုံးနိုင်ကြောင်းကို သင်ယူခဲ့ရသည်။
အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်ကြံသူပင် ဤတောအုပ်ကို မဝင်ရဲကြချေ။ ထို့ကြောင့် သူ့အတွက် ပုန်းကွယ် ဖို့ရန်နှင့် အခြေအနေများကို အကဲခတ်ဖို့အတွက် နေရာကောင်း တစ်ခု ဖြစ်လေသည်။
သူက မိုးကြိုးမြူ တောထဲကို ဝင်လာလာချင်း မိုဝူကျီက လျှပ်စီးနှင့် မိုးကြိုးများ အသံကို ကြားလိုက်ရသည်။ နယ်ခြား ကျင့်ကြံသူများနှင့် အင်ပါယာငါးခုမှ ကျင့်ကြံသူများ ကြားမှ ဧရာမ တိုက်ပွဲကြီး ဖြစ်သော်လည်း မိုဝူကျီက မိုးကြိုးမြူ တောထဲတွင် သားရဲ တစ်ကောင်ကိုမျှ မတွေ့မိပေ။
မိုးကြိုးမြူတော ကြောက်စရာ ကောင်းသည့် အကြောင်းပြချက် တစ်ခုမှာ သားရဲများအပြင် အမျိုးမျိုးသော အဆိပ်မြူများကြောင့် ဖြစ်၏။ ကြောက်စရာ အကောင်းဆုံး အရာမှာ လျှပ်စီးများသာ ဖြစ်နေဆဲ ဖြစ်သည်။ တကယ်လို့ လျှပ်စီးကန်ထဲသာ မတော်တဆ ပြုတ်ကျ သွားခဲ့လျှင် သို့မဟုတ် လျှပ်စီးများက ခန္ဓာပေါ် ကျရောက် လာခဲ့လျှင် ဤတောအုပ်မှ အသက်ရှင်ရက် ထွက်သွားနိုင်ဖို့ရာ အလွန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း မိုဝူကျီက စိုးရိမ်မှု အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။ မိုးကြိုးမြူတောကို ဝင်ပြီးနောက်တွင် သူက တောအနက်ပိုင်းသို့ အလွန်မြန်သည့် နှုန်းဖြင့် ပြေးသွား လိုက်တော့သည်။
သူက အဆင့်လေး မြေကမ္ဘာ ဆေးလုံးဆရာ ဖြစ်သည့်အတွက် အဆိပ်မြူများနှင့် အဆိပ်ပိုးမွှားများကို ဂရုစိုက်နေစရာ မလိုပေ။ တစ်ချိန်တည်းတွင် သေစေလောက်ပြီး ကြောက်စရာ ကောင်းသည့် လျှပ်စီးများက သူ့အတွက် လျှပ်တစ်ပြက် လျှပ်စီး ကျင့်ကြံခြင်း အတွက် အရင်းအမြစ် ဖြစ်နေသေးသည်။
တစ်ရက်အတွင်း မိုဝူကျီက လျှပ်စီး အမျိုးမျိုးနှင့် ထိတွေ့ပြီး သွားလေပြီ။ သာမန် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပါက လူသား အဆင့်လွန် အဆင့်တွင် ရှိနေစေကာမူ မြေပြင်ပေါ်သို့ လဲကျနေလောက် လေပြီ။ မိုဝူကျီက မြေပြင်ပေါ် ဝပ်တွားမသွားရုံ သာမက လျှပ်စီး အားကြီးသည့် လျှပ်စီးအားများမှ လွဲ၍ ကျန်သည့် လျှပ်စီးများက မိုဝူကျီကို ဒဏ်ရာ မရစေနိုင်ပေ။ ထို့အပြင် သူက တောနက်ထဲသို့ အမြန်ဆုံးနှုန်းနှင့် ပြေးလွှားနေဆဲ ဖြစ်သည်။
သုံးရက် အကြာတွင် မိုဝူကျီက ရပ်တန့် သွားလေသည်။ သူက သားရဲအချို့ကို တွေ့လိုက်ရသည်။ သားရဲများ တည်ရှိမှုက ဤနေရာသည် ဘေးကင်းနေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ သားရဲများတွင် လူသားများထက် အန္တရာယ်ကို ခံစားနိုင်နှုန်း မြင့်သောကြောင့် သားရဲများသည် ဘေးပတ်လည်တွင် ရှိနေခြင်းက ဤအနီး ဝန်းကျင်တွင် အရမ်းအန္တရာယ် မများကြောင်း ဆိုလိုခြင်း ဖြစ်သည်။
နှစ်နာရီလောက် သေချာ စောင့်ကြည့်ပြီး နောက်တွင် မိုဝူကျီက နောက်ဆုံးတွင် သူပုန်းရမည့် နေရာကို ရှာတွေ့ သွားလေသည်။ လျှပ်စီး တောင်ကြားတွင် ရှိသော ကျောက်နံရံတွင် ဖြစ်သည်။
မိုးကြိုးမြူတောတွင် လျှပ်စီး ရေကန်များအပြင် လျှပ်စီး တောင်ကြားများ၊ လျှပ်စီးအိုင်များ၊ လျှပ်စီးတောများ အစရှိသဖြင့်လည်း ရှိသေးသည်။
လျှပ်စီးရေကန်က အဆင်ပြေလှသည်။ အကယ်၍ သာမန် လူတစ်ယောက်က လျှပ်စီးကန်နှင့် ကြုံတွေ့ပါက ချက်ချင်း သတိထားကာ ဘေးမှ ရှောင်ရှား၍ သွားလိမ့်မည်။ တစ်ဖက်တွင် လျှပ်စီးတောကား အန္တရာယ် များလှသည်။ သာမာန် တောအုပ်နှင့် တူသော်လည်း လူတစ်ယောက် ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလို မရေတွက်နိုင်သည့် လျှပ်စီးများက ကျရောက် လာလိမ့်မည်။ မသေမချင်း ဆက်တိုက် ပစ်လွှတ် နေလိမ့်မည်။ မိုးကြိုးမြူတောတွင် သေဆုံးကြသော ကျင့်ကြံသူ အများစုမှာ လျှပ်စီး တောအုပ်ကြောင့် ဖြစ်သည်။
လျှပ်စီး တောင်ကြားက မိုးကြိုးမြူတောတွင် တွေ့ရလေ့ရှိသော မြင်ကွင်းဖြစ်သည်။ ကျဉ်းမြောင်းသော တောင်ကြားတွင် လျှပ်စီးများနှင့် အဆက်မပြတ် ပြည့်နေတတ်သည်။ လျှပ်စီးတောအုပ်နှင့် ယှဉ်လျှင် လျှပ်စီး တောင်ကြားတွင် သေကျေသွားရသော ကျင့်ကြံသူများက နည်းပါး၏။ ထို့အပြင် လျှပ်စီး တောင်ကြားက မသိသာလှချေ။ အဝေးမှ တောင်ကြားပေါ်မှ မိုးကြိုးတိမ်များသာ မြင်နိုင်ပြီး အရူးမှသာ တောင်ကြားထဲ ဝင်လာလိမ့်မည်။
လျှပ်စီး တောင်ကြားသို့ ဝင်ရမည့် ထိုအန္တရာယ်ကြောင့် မိုဝူကျီက လျှပ်စီး တောင်ကြားရှိ တောင်နံရံတွင် သူ့အင်မော်တယ် ဂူတူးရန် ရွေးချယ် လိုက်တော့သည်။ သူ ရှိနေသော လျှပ်စီးတောင်ကြားက အလွန်ပင် ကျဉ်းမြောင်းလှကာ နံရံဘေးနှစ်ဖက် အကွာအဝေးကား တစ်မီတာပင် မရှိချင်ပေ။ ထိုကြားထဲမှ အားကောင်းသော လျှပ်စီးများက ရံဖန်ရံခါ ပေါ်လာ တတ်သေးသည်။
ဤလျှပ်စီး တောင်ကြားတွင် မိုဝူကျီက သူပုန်းကွယ်ဖို့ရာ ဂူတူးမပြီးမချင်း အနည်းဆုံး လျှပ်စီး ဆယ်ချက်လောက် အထိခံ လိုက်ရသည်။
မိုဝူကျီက သူ့ဂူအဝင်ဝတွင် သဘာဝ ခုခံရေး အစီအရင်ကို တပ်ဆင် လိုက်ပြီးနောက် စိတ်အေး သွားတော့သည်။ အချိန်တစ်ခု ကြာသည်အထိ သူက ဘေးကင်း သွားလေပြီ။
မိုဝူကျီက မိုးကြိုးမြူ တောထဲတွင် လမ်းပျောက်သွားမည့် ကိစ္စကို မစိုးရိမ်ပေဘူးလား ….
အကယ်၍ သူ မထွက်နိုင်ခဲ့လျှင်ရော ….
သူက ဆေးလုံးဆရာ ဖြစ်ပြီး သူ့ကျင့်စဉ် ကျင့်ကြံရန် လျှပ်စီးများကို စုပ်ယူနိုင်သေးသည့် အတွက် မိုးကြိုးမြူ တောထဲတွင် အချိန်များ ကုန်ဆုံးသွားလည်း ကိစ္စမရှိချေ။
မိုဝူကျီက ထိုအတွေး တွေးမိသည်မှာ အနှောင်အဖွဲ့ မရှိတော့၍ ဖြစ်သည်။
သူဖြေရှင်းပြီးသွားပြီး နောက်တွင် မိုဝူကျီက သိုလှောင်အိတ် နှစ်ခုကို ထုတ်လိုက်တော့သည်။ သူက နယ်ခြား ကျင့်ကြံသူများတွင် အမှန်တကယ် ပစ္စည်းကောင်းများ ရှိလားဟု သိချင်မိသည်။ ပထမ သိုလှောင်အိတ်ကို ဖွင့်ကြည့် လိုက်သည့်အခါ စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ကို တွေ့လိုက်ရသည်။ မိုဝူကျီတွင် စိတ်စွမ်းအင် ကျောက်တုံးများ မပြတ်လပ် နေသည့်အတွက် သိပ်၍ အရေးမပါပေ။ သူတို့အပြင် ကျောက်စိမ်းသေတ္တာ သုံးခု၊ ဆေးပုလင်းများနှင့် ကျင့်စဉ်တချို့ပါ တွေ့လိုက် ရသေးသည်။ မိုဝူကျီက ဆေးပုလင်းများကို ဖွင့်ဖို့ရန် စိတ်မဝင်စားသည့် အတွက် ကျောက်စိမ်း သေတ္တာသာ ဖွင့်လိုက်တော့သည်။ ကျောက်စိမ်း သေတ္တာထဲတွင် အဆင့်မြင့် ဝိညာဉ်ဆေးပင် အချို့သာ ပါ၍ စိတ်ပျက် သွားမိသည်။ သူက ထိုကျင့်စဉ်များကို လှန်လှောကြည့် လိုက်သော်လည်း သူ့အာရုံကို မဖမ်းစားနိုင်ပေ။
စိတ်ပျက် လက်ပျက်ဖြင့် ထိုပစ္စည်းများကို ဘေးပို့ထားရင်း မိုဝူကျီက ဒုတိယ သိုလှောင်အိတ်ကို ဖွင့်လိုက်တော့သည်။ သူက သိုလှောင်အိတ်များ၏ အမှတ်အသားကို အမြန်အဆန် ချေဖျက်နိုင်၍ အထဲကို မြင်ရလေသည်။
နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ပဲလား …
သို့သော် ဤသိုလှောင်အိတ်က ပထမ တစ်ခုထက် နည်းနည်း ပိုကောင်းလေသည်။ သိုလှောင်အိတ်ထဲတွင် မိုဝူကျီက ဝိညာဉ်ပစ္စည်း တစ်ခုကို တွေ့လိုက်ရသည်။ အခြား အရာများက သူ့အာရုံ မဖမ်းစားနိုင်ပေ။ သူ့အတွက် တစ်ခုတည်းသော ကောင်းချက်မှာ သူ့တွင် သိုလှောင်အိတ် နှစ်လုံး ရှိသွားလေပြီ။
ထိုပစ္စည်းများကို သိမ်းပြီးသည်နှင့် မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများကို လောင်းချ လိုက်တော့သည်။ သူက ဤနေရာတွင် တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်ထားကာ အနည်းဆုံးတော့ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ သို့ တက်လှမ်းနိုင်ရမည်။ အကယ်၍ သူသာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ကို ရောက်ရှိပါက ထိုကျင့်ကြံသူ နှစ်ယောက်၏ ချောင်းမြောင်း တိုက်ခိုက်မှုက သူ့အား ဒဏ်ရာ ရစေမည် မဟုတ်ပေ။
ရှင်းဟန် အင်ပါယာ၏ မိုးကြိုးမြူ တောထဲတွင် ကျင့်ကြံသူ သောင်းသိန်းချီ၍ တိုက်ပွဲ ဖြစ်နေကြသည်။
မှော်ရတနာများက အချင်းချင်း ရိုက်ခတ် နေကြပြီး ကျင့်စဉ်များလည်း ထိပ်တိုက် တွေ့နေကြသည်။ သဘာဝ စွမ်းအားများ ရင်ဆိုင်တွေ့သည့် ဆက်စပ်မှုကြောင့် လေထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။ ကောင်းကင် တစ်ခွင်တွင် အလင်းများ ဖျတ်ခနဲ လင်းလက်သွားပြီး ထိုစဉ် ကျင့်ကြံသူများက အသတ်ခံနိုင် ရသလို၊ သူများကိုလည်း သတ်တာလည်း ဖြစ်နိုင်သေး၏။
ကျင့်ကြံသူများနှင့် စစ်သားများကြားမှ တိုက်ပွဲကား ခြားနားလှသည်။ ဤနေရာတွင် အားလုံးက ကျင့်စဉ်များ၊ လျှို့ဝှက် ပညာရပ်များကို အသုံးပြုကြပြီး တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် အင်အားနှင့် ကိုယ်ပိုင် နယ်ပယ် ရှိကြသည်။ ကျင့်ကြံသူများ၏ တိုက်ပွဲထက် တစ်ယောက်ချင်းစီ၏ တိုက်ပွဲဟု ခေါ်ဆိုခြင်းက ပိုသင့်တော်လိမ့်မည်။
ကျင့်ကြံသူများက သူတို့ အင်အားကို စစ်တပ်အဖြစ် စုစည်းနိုင် သော်လည်း ကျင့်ကြံသူ တပ်ဟူ၍ မရှိပေ။ အင်ပါယာ ငါးခုကြီးကို သေမျိုးများက ထိန်းချုပ်ထားကာ ဂိုဏ်းအမျိုးမျိုးတွင် သူတို့ကိုယ်ပိုင် ခြားနားချက်များ ရှိကြသည်။ ထို့ကြောင့် ကျင့်ကြံသူ တပ်ဟူ၍ မရှိချေ။ မဟာမိတ် အင်အားစုလည်း ကျင့်ကြံသူတပ် ဖွဲ့ထားမည့်ပုံတော့ မပေါ်ပေ။
နှစ်ဖက်ကား မျှနေသည့် အတွက် ဤတိုက်ပွဲကား မကြာခင်တွင် သပွတ်အူကဲ့သို့ အရှုပ်အထွေး ဖြစ်လာလိမ့်မည်။
သို့သော်လည်း နယ်ခြား ကျင့်ကြံသူများက ထိုပြဿနာကို စောစီးစွာ သိရှိသောကြောင့် သူတို့က ဖြည်းဖြည်းချင်း ကျင့်ကြံဆင့်ပေါ် မူတည်၍ ကျင့်ကြံသူတပ်ကို စတင်၍ ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ယခင် တိုက်ပွဲအချို့တွင် ကျဆုံးသွားသော အင်ပါယာ ငါးခုမှ ကျင့်ကြံသူ အရေအတွက်က များပြားလာခြင်း ဖြစ်သည်။
ချိန်စုယင် လက်က ဆက်တိုက် ဆိုသလို အလျင်အမြန် လက်ဟန် အစီအရင်များ ပြုလုပ်၍ သူမ ထုတ်လွှင့် လိုက်သည့်အခါ လျှပ်စီးအားများက ထွက်သွားလေသည်။ လျှပ်စီး အားတိုင်းသည် ကျင့်ကြံသူကို အပြင်းအထန် ဒဏ်ရာ ရသွားစေနိုင် သလို၊ သေလည်း သေဆုံး သွားစေနိုင်သည်။
သူမက ရှင်းဟန်အင်ပါယာ ယာယီစခန်းကို ရောက်စဉ်မှ စ၍ သူမက တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
သူမက မိုဝူကျီကို ကျေးဇူးအထူး တင်နေလေသည်။ မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးကြောင့်သာ မဟုတ်လျှင် တိုက်ပွဲက လွယ်ကူမည် မဟုတ်ပေ။ သူမ အန္တရာယ်နှင့် တွေ့သည့်အခါတိုင်း လျှပ်တစ်ပြက် လျှပ်စီးက ကယ်တင် ပေးခဲ့သည်။ သူမတွင် ကိုယ်တိုင် ရေခဲကျင့်စဉ် ရှိသော်လည်း တိုက်ခိုက်အားက လျှပ်တစ်ပြက် လျှပ်စီးနှင့် ယှဉ်၍ မရပေ။ ထို့အပြင် မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးတွင် ကောင်းချက် ရှိသေးသည်။ အရင်းအမြစ် အတွက် လျှပ်စီးများကို စုပ်ယူနိုင်ခြင်း ဖြစ်သည်။ မိုးကြိုးမြူ တောတွင် လျှပ်စီးက ပြတ်လပ်နေသော အရာ မဟုတ်ပေ။
သူမက မိုဝူကျီကို ရှာ၍ ကျေးဇူးစကား ဆိုချင်မိသည်။ သို့သော် သူမနှင့် မိုဝူကျီ လမ်းခွဲလာသည်က သုံးလ ကြာသွားလေပြီ။ သူမက မိုဝူကျီ သတင်း ဘာမှ မကြားမိသေးပေ။
ချိန်စုယင်က နောက်ထပ် လျှပ်စီးအား ထုတ်လွှင့်၍ လူသားအဆင့်လွန် ကျင့်ကြံသူ တစ်ယောက်ကို အမှုန့်အဖြစ် ပြောင်းလိုက်တော့သည်။
ထိုစဉ် တိုက်ပွဲအတွင်း လေချွန်သံကို ကြားရလေသည်။
ချိန်စုယင်က ရပ်တန့်လိုက်သည်။ သူမသည် ယခင်က တိုက်ပွဲများ ပါဝင်ဖူးသည့် အတွက် လုပ်ရိုး လုပ်စဉ်များကို သိ၏။ ဤတိုက်ပွဲကာ အဆုံးသတ် သွားလေပြီ။ နောက်တိုက်ပွဲကား မကြာခင် ရောက်ရှိ လာလိမ့်မည်။ သူမက တတ်နိုင်သမျှ မြန်မြန် အားပြည့်ပြီးတော့ စွမ်းအားများ ပြည့်နေဖို့ လိုအပ်သည်။
ဤတွင် ကျင့်ကြံသူများက သောင်းချီ သိန်းချီ ရှိသော်လည်း ဦးဆောင်နေသည့် သူများမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ချိန်စုယင်က သူမ ကျောက်စိမ်းပြားကို ထုတ်ကာ အမှတ်ကို ကြည့်လိုက်တော့သည်။ သူမတွက် အမှတ်ပေါင်း ၇၈၁မှတ်ဖြင့် ဂိုဏ်းတစ်ရာ မဟာမိတ် အမှတ်ဇယားတွင် အဆင့် ၁၅၆၃သို့ ရောက်ရှိသွားလေပြီ။
သို့သော်လည်း ထိုအရာက ချိန်စုယင်ကို စိတ်သက်သာ မသွားစေပေ။ ချိန်စုယင်ကို အံ့ဩစေသည်က သုံးလကြာ သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများ နွှဲခဲ့ပြီးနောက်တွင် သူမသည် ယွမ်ဒန်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်သည်။ ယခု သူမက သူမအခြေအနေ တည်ငြိမ်အောင် တံခါးပိတ် ကျင့်ကြံခြင်း တချို့သာ လိုအပ်နေသည်။
“ဂျူနီယာညီမလေး စုယင် …” အသံဩဩ တစ်သံ ထွက်ပေါ်လာကာ သူမကို ခေါ်လိုက်လေသည်။
ချိန်စုယင်က လှည့်ကြည့် လိုက်သောအခါ ရန်ထျန်းရှင်းကို တွေ့လိုက်ရသည်။ ရန်ထျန်းရှင်းက သူမကို လှမ်းခေါ်လိုက်ခြင်း ဖြစ်ရာ သူမနှင့် အနည်းငယ် အလှမ်းကွာ နေသေးသည်။
"စုယင်က စီနီယာ အစ်ကိုရန်ကို နှုတ်ဆက်ပါတယ်။ လူသားအဆင့် ကနေ ယွမ်ဒန် အဆင့်ကို တက်လှမ်း သွားနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ စီနီယာ အစ်ကိုရန်ရဲ့ အရည်အချင်းနဲ့ ဆိုရင် မြေကမ္ဘာအဆင့်ကို ကျော်လွန် သွားပြီးတော့ မကြာခင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်လာမယ်လို့ ယုံကြည်တယ် ..." ချိန်စုယင်က စကားကို ရပ်ကာ ရန်ထျန်းရှင်းကို အရိုအသေ ပေးလိုက်သည်။
ရန်ထျန်းရှင်းသည် ယွမ်ဒန်အဆင့်သို့ တက်လှမ်းပြီးခါစ ဖြစ်ကာ သူ့ဝိညာဉ် စွမ်းအားများက ထွက်ပေါ်နေပြီး သူ့ကျင့်ကြံဆင့်ကား မတည်ငြိမ်သေးပေ။
ရန်ထျန်းရှင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ …
"အရင်ကတော့ ငါလည်း ငါ့ပါရမီကို နည်းနည်းတော့ မာန်ဝင်မိတယ် ဒါပေမဲ့ အခုတော့ ဂုဏ်မယူ နိုင်တော့ဘူး။ ဆေးလုံး ဘုံစေတီက ဂျူနီယာ ညီမလေး ယန်အာကို ကြားမိလား ... သူမက ဆေးလုံးဘုံစေတီကို ရောက်တာ မကြသေးပေမဲ့ သူမက လူသားအဆင့်လွန် အဆင့်ငါးကို ရောက်နေပြီတဲ့ ... သူမနဲ့ ယှဉ်လိုက်ရင် ငါက ဘာမှအသုံး မကျသလိုပါပဲ ... ကဲ ဒီအကြောင်း မပြောဘဲ နေကြတာပေါ့။ ဒါနဲ့ ဂျူနီယာ ညီလေးမိုနဲ့ အတူတူ လာတာလို့ ကြားမိတယ်။ ဂျူနီယာ ညီလေးမို ဘယ်သွားလဲ ဆိုတာရော သိလား ... "
ချိန်စုယင်က တိတ်ဆိတ်သွားပြီး ခဏကြာမှ ပြောလိုက်သည်။
“ဂျူနီယာ မောင်လေးမိုနဲ့ ကျွန်မက အန်ယန်းမှာ လမ်းခွဲလာကြတာ … သူလည်း တိုက်ပွဲကို လာမယ်လို့တော့ ပြောတယ် ဒါပေမဲ့ အခုထိတော့ မမြင်မိသေးတော့ … သူများ … ”
ချိန်စုယင်က စကားဆုံးအောင် မပြောရသေးခင် ရန်ထျန်းရှင်းက သူမ ပြောမည့် စကားကို နားလည် သွားလေသည်။ ကိစ္စများက မိုဝူကျီအတွက် ကောင်းပုံမပေါ်ပေ။
***