← Chapters

ဓားအရှင်သခင်ယွမ်ထျန်း

Vol. 9 Ch. 126

ဓားအရှင်သခင်ယွမ်ထျန်း

Vol. 9 Ch. 126

သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်ဆယ်ခုသည် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ညီမျှသည်။

ကျင့်ကြံခြင်းလောကတွင် အခွင့်အလမ်း၊ ဗီဇပါရမီ နှင့် ကြွယ်ဝခြင်းတို့အပေါ်တွင် များစွာ အလေးအနက်ထားကြသည်။

သို့သော် ကျင့်ကြံခြင်း၌ ဝိညာဉ်ကျောက်တုံး တစ်သိန်းအား တစ်ကြိမ်တည်း ကျင့်ကြံရန် အသုံးပြုသူ မည်သူရှိသနည်း။

လျှို့ဝှက်နယ်မြေမှ လူများမှာ တိုက်ရိုက်တပည့်များ ဖြစ်သော်လည်း လူတိုင်းတွင် ဝိညာဉ်ကျောက်တုံး တစ်သိန်း မရှိပါ။

သူတို့တွင် ဝိညာဉ်ကျောက်တုံး တစ်သိန်းရှိလျှင်ပင် မည်သူက တစ်ကြိမ်တည်းဖြင့် ကျင့်ကြံရန် အသုံးပြုမည်နည်း။

ဘန်း…

ဝဲဂရက်နှစ်ခုမှာ သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်ကြောင့် ပျက်စီးသွားရသည်။

သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်သည် သဘာဝစွမ်းအင်များအား အပြင်သို့ မထွက်ရန် တားဆီးပြီး အပြင်မှ လာရောက်နှောင့်ယှက်သည်များအားလည်း ကာကွယ်သည်။

“အဟမ်း… ဒါက နံပါတ် ၁၉ အရှုံးပေးတယ်ဆို့ ဝန်ခံရာရောက်တယ်မလား”

သစ်ပင်အောက်တွင် နောက်တစ်ယောက်က ပြောသည်။

အရှုံးပေးတာလား…

ဒါက ချမ်းသာကြွယ်ဝကြောင်း ကြွားဝပြတာပဲမလား…

အားလုံးက အချင်းချင်း စိတ်ဝင်တစား ကြည့်နေကြသည်။

နံပါတ် ၁၉ မည်သည့်နေရာက လာသနည်း။

အားလုံးက မူအားရီကို ကြည့်နေကြ၏။

မူအားရီက ခေါင်းယမ်းသည်။

“သူက ဓားစံအိမ်က ဓားထိန်းဆိုတာပဲ သိတယ်။ တခြားဘာမှ မသိဘူး”

ဓားထိန်း…

ဓားစံအိမ်မှ ဓားထိန်းတစ်ဦးသည် ထိုသို့ ကြွယ်ဝချမ်းသာပါသလား။

နောက်တစ်ယောက်က ရယ်မောကာ ခေါင်းယမ်းသည်။

“မူအားရီ… တကယ်လို့ ဓားထိန်းတစ်ယောက်က ဝိညာဉ်ကျောက်တုံး တစ်သိန်းကို စုဆောင်းဖို့ဆိုရင် ဂိုဏ်းထဲက တပည့်တွေအကုန်လုံးဆီက လိုက်လုမှပဲ ဖြစ်နိုင်လိမ့်မယ်”

သူ မယုံကြည်ပါ။

မူအားရီကိုယ်တိုင်လည်း မယုံကြည်ပါ။

သို့သော် အကြီးအကဲ၏အိမ်၌ ဟန်ဆယ့်ကိုးသည် အမှန်တကယ်ပင် ဓားစံအိမ်မှ ဖြစ်ကြောင်း ပြောခဲ့သည်။

လူရိပ်တချို့ ဟန်မူယဲ့၏အိမ်ကြီးအပြင်၌ ပေါ်လာသည်။

သူတို့အားလုံးမှာ ကမ္ဘာမြေအဆင့်များ ဖြစ်ကြ၏။

“ချီဆယ့်သုံး… လူသစ်က ငါတို့ကို ရန်စနေတာလား”

အဖြူရောင်ဝတ်လူငယ်က သုန်မှုန်စွာ ပြောသည်။

ခေါင်းတွင် သရဖူဆောင်းထားသော လူငယ်တစ်ဦးကလည်း မကြေမနပ်ပြောသည်။

“သူ ထွက်လာဦးမယ်လို့ ငါ မထင်ဘူး”

“ဟီးဟီး… သူက ဝိညာဉ်ကျောက်တုံး တစ်သိန်းကို သုံးထားတယ်… ခဏလေးနဲ့ ဘယ်ထွက်လာနိုင်ပါ့မလဲ”

မျက်နှာလေးထောင့်နှင့် နောက်ထပ်လူတစ်ဦးကလည်း ပြုံးလျက် ပြောသည်။

“သူက ကိုယ်ပိုင်အသုံးစရိတ်နဲ့ တံခါးပိတ်ကျင့်ကြံမယ့်ပုံပဲ”

ကျုပ်တို့က လျှို့ဝှက်နယ်မြေကို ဒီက သဘာဝစွမ်းအင်တွေကြောင့် ရောက်လာကြတာ မဟုတ်ဘူးလား။ ဘာလို့ ဝိညာဉ်ကျောက်တုံးတွေကို သုံးနေရတာလဲ။

သူတို့က အချင်းချင်း ကြည့်လိုက်ကာ ခေါင်းယမ်းကြသည်။

စမ်းသပ်ခြင်းဖြစ်စေ၊ သဘာဝစွမ်းအင်များကို လုယက်ခြင်းဖြစ်စေ ၎င်းသည် ထိခိုက်ဒဏ်ရာမရစေနိုင်ပါ။ သို့သော်လည်း နံပါတ် ၁၉ သည် ပြင်းထန်စွာ ပြန်တုန့်ပြန်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

လူသစ်သည် ရောက်လာသည်နှင့် အနိုင်ကျင့်ခံရ၏။ အကယ်၍ အကြီးအကဲများကသာ ထိုကိစ္စကို မေးမြန်းပါက သူတို့အားလုံး မျက်နှာပျက်ရနိုင်သည်။

“ဟင်း… သူ အပြင်ထွက်လာမှ ပြောကြတာပေါ့။ အဆိုးဆုံးဖြစ်လာရင် ငါနဲ့မင်း တစ်ယောက်တစ်ဝက်ခွဲပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ အလျော်ပေးတာပေါ့”

စုဆယ့်ရှစ်က အေးစက်စွာ ပြောကာ ထွက်သွားသည်။

ချီဆယ့်သုံးလည်း ခေါင်းယမ်းကာ ထွက်သွား၏။

သိပ်မဝေးသော အိမ်ကြီးတစ်လုံးထဲ၌ အကြီးအကဲကျန်းကျစ်ဟယ်က ပြုံးသည်။ သူက ပန်းပင်များ၏အကိုင်းကို ဖြတ်ရင်း တီးတိုးရေရွက်သည်။

“ဒီကောင်လေး… သူက သွေးဆူလွယ်တာများလား”

…

သူတို့ ခန့်မှန်းသည်များကို လျစ်လျူရှုကာ ဟန်မူယဲ့သည် မရေမတွက်နိုင်သော ချီဓာတ်များအား သူ၏လက်ထဲမှ ဓားဆေးလုံးထံသို့ ပို့လွှတ်နေသည်။

ဓားဆေးလုံးသည် နှစ်ပေါင်းများစွာ မစားမသောက်ရသေးသည့်အလား လာသမျှ ဓားချီနှင့် ချီစွမ်းအားများကို ကြိုဆိုလက်ခံနေ၏။

ဟူး…

နာရီဝက်ခန့် ကြာပြီးနောက် ဓားဆေးလုံးသည် တုန်ခါသွားကာ သူ့လက်ဖဝါးပေါ်မှ ပျောက်ကွယ်သွားသည်။

၎င်း ပြန်ပေါ်လာသောအခါ ဟန်မူယဲ့၏ဒန်ထျန်ထဲတွင် ဖြစ်သည်။

သူ၏ဒန်ထျန်မှ သဘာဝစွမ်းအင်များနှင့် ဓားချီများသည် လမ်းကြောင်းတွေ့သွားသည့်အလား ဓားဆေးလုံးထံသို့ အဆက်မပြတ် စီးဆင်းသွားကြသည်။

ကုန်ဆုံးသည့်နှုန်းကား အလွန်မြန်ဆန်ရာ ဟန်မူယဲ့သည် မတတ်နိုင်ဘဲ သူ၏စိတ်နယ်ပယ်မှ ဓားချီများနှင့် ဓားဆန္ဒများကိုပင် ဒန်ထျန်ထံသို့ ပို့လွှတ်ရ၏။

ဟူး…

ဓားဆန္ဒ၏ပေါင်းစပ်မှုကြောင့် ဓားဆေးလုံးသည် အစိမ်းရောင်စက်လုံးအသွင် ပြောင်းသွားသည်။

ထက်ရှသော အသွားနှစ်ဖက်သည် ဓားပျံနှင့်ဆင်တူသည်။ ဓားအလင်းကား အေးစက်ကာ စုစည်း၏။

ကလင်…

ဝိညာဉ်ဓားချီသည် လက်ကိုင်မဲ့ဓားပျံထံသို့ ကျဆင်းလျှင် အသံတိုးတိုးမြည်သွားကာ ဟန်မူယဲ့၏အာရုံ၌ မရေမတွက်နိုင်သော ပုံရိပ်များ ဖြစ်ပေါ်လာသည်။

အလွန်ရှားပါးကာ တန်ဖိုးကြီးသော အေးခဲအဆီသံမဏိကို သန့်စင်တိုက်ချွတ်ကာ စာလုံးသင်္ကေတ ၃၀၀၀ ရေးထွင်းထားသည်။

သူသည် စိမ်းလဲ့ကောင်းကင်ဝိညာဉ်ဓားသွန်းလုပ်စနစ်အား နားလည်သွား၏။

ဓားဆေးလုံးသည် လက်ကိုင်မဲ့ဓားပျံအမျိုးအစားထဲတွင် ပါသည်။

လက်ကိုင်မဲ့ဓားပျံများတွင် မူကွဲများစွာ ရှိသည်။ ဤဓားကား စိမ်းလဲ့ကောင်းကင်ဓားအမျိုးအစားထဲတွင် ပါသည်။

သည်ဓားဆေးလုံးအမျိုးအစားမှာ ရှေးခေတ်၌ အလွန်လူသုံးများ၏။ ယခုခေတ်တွင်ကား ရှားပါးသွားပြီ ဖြစ်သည်။

ပို၍ အရေးကြီးသည်ကား မလုံလောက်သော သဘာဝစွမ်းအားများ ဖြစ်သည်။ ဓားပျံကို ထိန်းချုပ်သော ကျင့်ကြံသူတစ်ဦးကို တွေ့ရန် အလွန်ခက်ခဲသွားပြီး ဖြစ်သည်။

ထို့အပြင် ဓားဆေးလုံးကို သွန်းလုပ်သော နည်းစနစ်မှာ အလွန်ရှုပ်ထွေးကာ သုံးရသော သတ္တုများမှာလည်း ရှားပါးတန်ဖိုးကြီး၏။ ကျင့်ကြံသူအနည်းစုသာ ၎င်းကား တတ်နိုင်သည်။

ထို့အပြင် သည်ဓားဆေးလုံးတွင် သုံးထားသော သံမဏိ၏ပမာဏတစ်ဝက်ခန့်ကိုပင် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ရှာမရတော့ပါ။

သူ၏အာရုံ၌ ပုံရိပ်များ ပြောင်းလဲသွားသည်။ ဓားဆေးလုံးသည် ပုံစံပေါ်လာကာ ၎င်းအား အနက်ရောင်ဝတ်လူကြီးတစ်ဦးက တခြားသော ဓားဆေးလုံးများနှင့်အတူ သွန်းလုပ်နေသည်အား မြင်ရ၏။

ရှေးဟောင်းကျင့်ကြံခြင်းလောက ဆိုသည့်အတိုင်း ဓားဆေးလုံးအများအပြားကို တစ်ပြိုင်နက်တည်း သွန်းလုပ်နေ၏။

ဓားဆေးလုံး တစ်ဆယ်ကျော်ခန့်သည် လေထဲတွင် ရပ်တန့်နေကာ အသွင်ပြောင်းခြင်း၊ ပေါင်းစပ်ခြင်းနှင့် သင်္ကေတများ ရေးထွင်းခြင်းများကို မြင်ရသည်။

သူသည် ‘လေဟာနယ်ကိုယ်ပျောက်ဓားသိုင်း’ အား တတ်မြောက်သွားသည်။

သည်ဓားသိုင်းသည် ဓားဆေးလုံး ၄၈လုံးအား တပြိုင်နက်တည်း သုံးရသော နည်းစနစ်ဖြစ်ကာ ဓားအလင်းသည် ပေတစ်ထောင်ပတ်လည်အား ဖုံးအုပ်နိုင်၏။

ဟန်မူယဲ့က မသက်မသာ ခေါင်းယမ်းသည်။

သူသည် ဓားဆေးလုံး ၄၈လုံးအား သုံးရန် မတတ်နိုင်ပါ။

ဓားဆေးလုံးများဖြစ်စေ၊ ဓားကို ထိန်းချုပ်ရန် ချီစွမ်းအားဖြစ်စေ ၎င်းတို့မှာ သူ တတ်နိုင်သော အရာများ မဟုတ်ပါ။

သို့သော်လည်း ဤသို့သော ဓားနည်းစနစ်အား ပြန်လည်ဆန်းသစ်ကာ သူ၏ကိုယ်ပိုင်ဓားသိုင်းအဖြစ် တီထွင်နိုင်ပါက သူ၏ဓားသိုင်းမှာ ပိုမိုအားကောင်းလာနိုင်သည်။

သူ၏အာရုံထဲမှ ဓားသိုင်းပညာရှင်သည် ထိုဓားဆေးလုံး ၄၈လုံးဖြင့် ပြိုင်စံရှား၏။

ပုံရိပ်များထဲတွင် သူသည် အစွမ်းကြီးသော ရန်သူများအား သတ်ဖြတ်နေသည်။

တောင်ကုန်းများ ပြိုလဲကာ ကောင်းကင်သည် အရောင်အဆင်းပြောင်းလဲ၏။ စွမ်းအားကြီးမန္တန်အတတ်ဖြစ်စေ၊ ဓားသမားဖြစ်စေ သူ၏ဓားဆေးလုံးအောက်တွင် အသက်ပျောက်ရသည်။

ထိုဓားဆေးလုံးများ၏သတ်ဖြတ်လိုသော အငွေ့အသက်များမှာလည်း ပိုမိုအားကောင်းလာ၏။

သူ၏ဒန်ထျန်မှ ဓားဆေးလုံးသည် ဓားချီများနှင့် ချီစွမ်းအားများကို အဆက်မပြတ် စုပ်ယူကာ သဘာဝစွမ်းအားများ၏သန့်စင်ခြင်းကို ခံနေရ၏။ သူ့အာရုံထဲတွင် ကောင်းကင်ဘုံအဆင့်ပညာရှင်က တစ်လောကလုံးကို စိန်ခေါ်နိုင်စွမ်းသော ဓားသိုင်းအား ကြည့်ကာ ဟန်မူယဲ့ စိတ်လှုပ်ရှားမိသည်။

ဟူး…

ဓားဆေးလုံး တုန်ခါသွားသည်။ ထိုအခိုက်တွင် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁၀တုံးမှ သဘာဝစွမ်းအားများမှာ ကုန်ဆုံးလုနီးပါး ဖြစ်လာသည်။

ဝုန်း…

တွန့်ဆုတ်ခြင်းမရှိဘဲ ဟန်မူယဲ့သည် နောက်ထပ် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁၀တုံးအား ထုတ်ယူလိုက်၏။

အိမ်အပြင်ဘက်တွင် မူလက ပျက်ပြယ်လုနီးပါး သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်သည် တဖန် ပြန်လည်အားကောင်းလာ၏။

“ဟူး… ငါ ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်… ငါ ဒီနံပါတ် ၁၉ ကို နားမလည်တော့ဘူး”

နံပါတ် ၁၉ သည် အတွေ့အကြုံနည်းကာ ငယ်သေးသည်ဟု ပြောခဲ့သော လူငယ်က တီးတိုးပြော၏။

တခြားလူများကလည်း ခေါင်းညိတ်ကြသည်။

သူတို့က သဘာဝစွမ်းအင်ပိတ်ဆို့ခြင်းအစီအရင်အား မြင်ကတည်းက တစ်ခုခုလွဲနေသည်ကို ခံစားမိကြ၏။

အမြုတေဖွဲ့စည်းခြင်းအဆင့်များပင် ဝိညာဉ်ကျောက်တုံး တစ်သိန်းမှ စွမ်းအားများကို သုံးရက်ခန့် စုပ်ယူရသည်။

သို့သော် ယခုကား အချိန်မည်မျှ ကြာသေးသနည်း။

၎င်းတို့ ကုန်ဆုံးသွားပါက တော်သေးသည်၊ ယခု နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထပ်သုံးပြန်သည်။

ဤသည်က သာမန်ဂိုဏ်းသားတစ်ဦး သုံးနိုင်သော ပမာဏ ဖြစ်ပါသလော။

အမြုတေဖွဲ့စည်းခြင်းအကြီးအကဲများပင် ထိုမျှ ပမာဏအား မတတ်နိုင်ပါ။

“ဒီကောင်လေးက စိတ်ဝင်စားစရာပဲ…”

မဟာအကြီးအကဲကျန်းကျစ်ဟယ်က အိမ်ကြီးထဲမှ ထွက်လာကာ ပြုံးလျက် ပြောသည်။

ထိုအခိုက်တွင် ဓားဆေးလုံးကို သန့်စင်နေသော ဟန်မူယဲ့သည် အပြင်လူများ မည်သို့ တွေးမည်ကို ဂရုမစိုက်အားပါ။

သူ၏အာရုံထဲတွင် ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထိုရှေးဟောင်းဓားသမားသည် နှစ်ပေါင်းများစွာ ပြိုင်စံရှားနေခဲ့၏။

တိုက်ခိုက်ခြင်း၊ လိုက်လံသတ်ဖြတ်ခြင်းများ…။

အဆုံးသတ်၌ ဓားဆေးလုံး ၄၈လုံးသည် ပြန့်ကျဲသွားကာ ထိုဓားသမားလည်း ပျောက်ကွယ်သွားသည်။

ဓားသမား ယွမ်ထျန်း။

ဟန်မူယဲ့ ထိုနာမည်အား မှတ်သားထားသည်။

ပုံရိပ်က တဖန် ပြန်ပေါ်လာသောအခါ ဓားဆေးလုံး၏ပိုင်ရှင်သည် မုတ်ဆိတ်ဖြူအဖိုးကြီးတစ်ဦး ဖြစ်နေလေပြီ။

“အနာဂတ်မှာ မင်း ငါ့နောက်ကို လိုက်ပါ။ မင်းဟာ အရင်က ကောင်းကင်စက်ဝန်းဓားဝင်္ကပါထဲက ကြယ်တစ်စင်း ဖြစ်တယ်။ အခုတော့ ငါ မင်းကို တရန် လို့ခေါ်မယ်”

တရန်…

သည်ဓားဆေးလုံးသည် ဓားဝိညာဉ် တာအိုဆရာတရန်၏မူလခန္ဓာကိုယ် ဖြစ်သည်။

တာအိုဆရာအဖိုးကြီး၏နာမည်မှာ ချုံးယွင် ဖြစ်ကာ သူသည် ထိုဓားဆေးလုံးဖြင့် နာမည်ကျော်ကြားလာခဲ့၏။ သူသည် လေးစားရသော တကိုယ်တော်ကျင့်ကြံသူဖြစ်သည်။

အဆုံးမရှိသော ဓားသိုင်းဆိုင်ရာ ဉာဏ်အလင်းများ…

ဓားသည် ဓားပျံအဖြစ် ပြောင်းလဲကာ ဓားသိုင်းစနစ်၏ထိန်းချုပ်မှုအောက်၌ မိုင်ရာနှင့်ချီ ပျံသန်းသည်ကို တွေ့မြင်လျှင် ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော ဓားအငွေ့အသက်များ ထွက်ပေါ်လာသည်။

သာယာမှု…

ထိုသို့သော ဓားသိုင်းသည်သာ ဓားသမားများ လိုက်စားသင့်သော နည်းစနစ်ဖြစ်သည်။

၎င်းသည် ဓားအရှင်သခင်ယွမ်ထျန်း၏ လွတ်လပ်သော ဓားသိုင်းနှင့်တော့ မယှဉ်နိုင်ပါ။

တာအိုဆရာချုံးယွမ်က ဓားကို ညွှန်သော ပုံစံကို မြင်လျှင် ဟန်မူယဲ့က ဆရာမော့ယွမ် ဓားကို ညွှန်ကြားသောပုံစံအား ပြန်မြင်ယောင်၏။

‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ ကား အမှန်တကယ်ပင် ကောင်းကင်ဘုံအဆင့်ပညာရှင်သုံးသော နည်းစနစ်နှင့် ဆင်တူသည်။

ဤသည်ကပင် ဓားတာအို ဖြစ်ပေလိမ့်မည်။

‘လေဟာနယ်ကိုယ်ပျောက်’ ဓားသိုင်းသည် ဓားဆေးလုံး ၄၈လုံးအား သုံးကာ ကောင်းကင်စက်ဝန်းဝင်္ကပါအဖြစ် အသွင်ပြောင်းသည်။ ထိုဓားနည်းစနစ်ကား စွမ်းအင်ကုန်ဆုံးမှုများကာ လက်ဆင့်ကမ်းရန် ခက်ခဲ၏။

တခြားတစ်ဖက်တွင် တာအိုဆရာချုံးယွင်၏ဓားသိုင်းသည် ရိုးရှင်းကာ ချို့ယွင်းချက်ကင်း၏။ စွမ်းအင်ကုန်းဆုံးခြင်းလည်း သိပ်မများပါ။

ဟူး…

တတိယအကြိမ်မြောက် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၀တုံး ကုန်ဆုံးသွားသောအခါ သူ၏ဒန်ထျန်တွင် ဓားဆေးလုံးသည် ညင်သာစွာ လည်ပတ်နေတော့သည်။

ဓားဆေးလုံးကို သန့်စင်ခြင်း ပြီးမြောက်သွားပြီး ဖြစ်သည်။

ဓားဆေးလုံး သန့်စင်သွားသည်နှင့် ဟန်မူယဲ့၏စိတ်နယ်ပယ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

“ကျေးဇူးပါ မိတ်ဆွေလေး…”

မုတ်ဆိတ်ဖြူအဖိုးကြီးကား တာအိုဆရာချုံးယွင် ဖြစ်သည်။

“တရန်ဟာ ကျုပ်ရဲ့အမြတ်နိုးဆုံးဓားပါ။ အခု မင်းကို ပေးတယ်။ နောက်ပိုင်း ကောင်းကောင်းအသုံးချပါ”

“ကျုပ်က မိတ်ဆွေလေး ချုံးရှောင်နဲ့အတူ ပြန်ဝင်စားသွားပြီ။ နောက်ပိုင်း ကျုပ်တို့ ပြန်တွေ့ဖို့ အခွင့်အရေးရရင် ရမှာ”

ပုံရိပ်သည် ပြောပြီးသည်နှင့် ပျောက်ကွယ်သွား၏။

၎င်းသည်ကား ဝိညာဉ်အပိုင်းအစဖြစ်ကာ ကောင်းကင်ဘုံအဆင့်များ၏နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ ဝိညာဉ်ပုံရိပ်တစ်ခုသာ သတင်းစကားပေးရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။

သူက လင်းချုံးရှောင်နှင့် တာအိုဆရာချုံးယွင်တို့ ပြန်ဝင်စားမည်ဟု မထင်ထားပေ။ သူတို့ ဘယ်တော့ ပြန်တွေ့မည်ကို ဟန်မူယဲ့ စိတ်ဝင်စားမိသည်။

ဟူး…

သူ့အာရုံမှ ပုံရိပ်များ ပျောက်ကွယ်သွားသည်။ သူ့ဒန်ထျန်မှ ဓားဆေးလုံးသည် ဟန်မူယဲ့၏ရှေ့၌ ချက်ချင်း ပေါ်လာ၏။

သည်ဓားဆေးလုံးသည် ကိုယ်ထဲတွင်ဆိုပါက ဆေးလုံးအသွင်တည်ရှိကာ အပြင်သို့ ထွက်လာပြီးပါက သုံးပေအရည်ဓားပျံတစ်လက်အသွင် ပြောင်းလဲနိုင်၏။

သူ့ရှေ့မှ ဓားပျံကို ကြည့်ကာ ဟန်မူယဲ့ ပြုံးလိုက်သည်။

သည်ဓားဖြင့် သူသည် ကမ္ဘာမြေအဆင့်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။

သူ၏ကျင့်ကြံဆင့်သည် ကမ္ဘာမြေအဆင့်သို့ ရောက်ပါက သည်ဓားဖြင့် ကမ္ဘာမြေအဆင့်တွင် ပြိုင်ဘက်ကင်းပေမည်။

သူက လက်ဝှေ့ယမ်းလိုက်လျှင် ဓားသည် ကွယ်ပျောက်သွားကာ သူ၏ဒန်ထျန်ထဲသို့ ပြန်ရောက်လာ၏။

ဓားဆေးလုံးသည် အမှန်ပင် ချီစွမ်းအားကုန်ဆုံးသည်။

ခုနက လေထဲကို တခဏမျှ ပျံသန်းခိုင်းခြင်းပင် သူ့အား ချီအားအတော်လေး ကုန်ခမ်းသွားစေသည်။

သာမန်လူများ ဓားပျံကို ထိန်းချုပ်ရန် မတတ်နိုင်ပါ။

သို့သော်လည်း ထိုမျှ ကုန်ဆုံးခြင်းသည် ဟန်မူယဲ့အတွက် ဘာမှ မဟုတ်ပါ။

သူသည် ချီစွမ်းအားဖြစ်စေ၊ ဓားချီဖြစ်စေ မရှားပါးပါ။

သို့သော် စိတ်စွမ်းအားကုန်ခမ်းခြင်းက သူ့အတွက် ပြဿနာဖြစ်သည်။

သူသည် မူရှန့်မြို့သို့ သွားကာ မူမိသားစုခေါင်းဆောင်ထံမှ ဝိညာဉ်အားဖြည့်ဆေးလုံးတချို့ရရန် မျှော်လင့်၏။

အဝတ်အစားကို ပြင်ဆင်ပြီးနောက် ဟန်မူယဲ့ အိမ်အပြင်သို့ ထွက်လာသည်။

“ဟန်ဆယ့်ကိုးက စီနီယာအစ်ကို,အစ်မတို့ကို နှုတ်ဆက်ပါတယ်”

အိမ်ရှေ့မှ လူငါးယောက်ကို ကြည့်ကာ ဟန်မူယဲ့ လက်နှစ်ဖက်ဆုပ်ပြသည်။

သူတို့က ခေါင်းညိတ်ကြသည်။ သူတို့ကလည်း လက်နှစ်ဖက်ပြန်ဆုပ်ကာ ပြောသည်။

“စုဆယ့်ရှစ်…”

“ချီဆယ့်သုံး…”

“လုတစ်ဆယ်…”

“စုန့်ကိုး…”

“လီသုံး…”

All Chapters