← Chapters

သေရေးတမျှ အခြေအနေမှ ရှင်သန်လာခြင်း

Vol. 14 Ch. 190

သေရေးတမျှ အခြေအနေမှ ရှင်သန်လာခြင်း

Vol. 14 Ch. 190

“ဗြုန်း …” မိုဝူကျီ စိုးရိမ်မှုများက လက်တွေ့ ဖြစ်ပျက် လာလေသည်။ သူ့လျှပ်စီး တောင်ကြားကား ပြိုကျ သွားလေပြီ။ တောင်ကြားမှ ဘေးဖက် နံရံများက စတင်၍ ပြိုကျ လာတော့သည်။ တောင်နံရံက ပြိုကျ သွားသောကြောင့် သူ့အင်မော်တယ် ဂူလည်း ချန်မထားခဲ့ပေ။

သူ့ခုခံရေး အစီအရင်သည် အားကောင်းသော သဘာဝ စွမ်းအားများ ထိတွေ့မှုကြောင့် ဟာသ တစ်ခုသာ ဖြစ်သွားလေသည်။ တစ်ချက်လေးတောင် မခုခံ နိုင်လိုက်ပေ။

မိုဝူကျီက မျက်နှာတွင်‌ ပေတူးနေပြီး လျှပ်စီးတောင်ကြား အပြင်ဘက် တွင်းထောင့်မှ ဖုန်မှုန့်များကြား ကုန်းရုန်း ထလာလိုက်တော့သည်။

လေးယောက်သား မပြောနိုင်ခင် မိုဝူကျီက လက်ဟန်ပြကာ ပြောလိုက်တော့သည်။

“ခင်ဗျားတို့တွေ ဆက်တိုက်ကြပါ၊ ကျွန်တော်က ဒီအတိုင်း ဖြတ်သွား ရုံလေးပါဗျ ...” ပြောပြီးသည့်နောက် မိုဝူကျီက နောက်ဆုတ် လိုက်တော့သည်။

မိုဝူကျီ တစ်ယောက် တောင်ကြားမှ ထွက်ပြေးသွားသည့် အခါမှ လေးယောက်သား အံ့ဩသွားတော့သည်။ လူငယ်ဖြစ်သည့် မိုဝူကျီတွင် ဝိညာဉ် စွမ်းအားများ မရှိသည်ကို တွေ့၍ သခွားသီး ပုတိုနှင့် မျက်နှာတည် အမျိုးသားတို့က သူ့ကို လေကဲ့သို့ပင် သဘောထား လိုက်ကြသည်။ သူတို့က မိုဝူကျီကို ဆက်၍ ဂရုမစိုက်ဘဲ ပဝါမည်း အမျိုးသမီးနှင့် ရိုးရိုးလေး ချီကိုသာ ဆက်တိုက်ခိုက် ကြတော့သည်။

တစ်ဖက်တွင် ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးက ပျော်ရွှင် သွားကြသည်။ သူတို့က မိုဝူကျီကို ရှာနေတာ ဖြစ်ပြီး ဤလျှပ်စီး တောင်ကြားတွင် မိုဝူကျီ ပုန်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတို့သာ ထိုနှစ်ယောက်နှင့် မတွေ့မိလျှင် သူတို့က မိုးကြိုးမြူတော တစ်တောလုံးကို မြေလှန်ရှာလျှင်ပင် ထိုကလိမ်ကကျစ် ဉာဏ်များသည့် ကလေးစုတ်ကို ရှာတွေ့မည် မဟုတ်ပေ။ ရိုးရိုးလေးချီက နှာခေါင်းရှုံ့ကာ မင်းမေဘကြီး ဖြတ်သွားရုံတဲ့လား … မင်းကို ဒီကို ရောက်လာမှတော့ လွှတ်မပေးနိုင်ဘူး ...

မိုဝူကျီ ပေါ်လာသောကြောင့် ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးတို့က သူတို့ကို ကာကွယ်ရုံ နောက်မဆုတ်တော့ဘဲ တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ သူတို့၏ အကြည့်ထဲမှ ဝမ်းသာမှုများကို မြင်တွေ့ နိုင်လေသည်။ သူတို့ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာကာ မရပ်မနား ဆက်တိုက် တိုက်လာကြသည်။ သူတို့၏ သူတို့၏ ကြောက်မက်ဖွယ် တိုက်ကွက် တချို့ကိုပါ သုံးလိုက် ကြတော့သည်။

မိုဝူကျီက ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးတို့က တစ်ဖွဲ့တည်းမှန်းနှင့် ကျန်နှစ်ယောက်မှာ တစ်ဖွဲ့ဖြစ်ကြောင်း သိလိုက်သည်။ ထိုလူ နှစ်ယောက်မှာ နယ်ခြား ကျင့်ကြံသူများ ဖြစ်ရမည်။

သူတို့ လေးယောက် အင်အားဖြင့် မည်သူ အနိုင်ရရှိ စေကာမူ သူ့ကဲ့သို့ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အနေနှင့် တစ်ချက်အတွင်း သေဆုံး သွားလိမ့်မည်။

မိုဝူကျီက ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကာ သူက တိုက်ပွဲမှ ထွက်သွားရန် အနိုင်အရှုံး မကွဲပြားသေးသည့် ထိုအခွင့်အရေးကို အသုံးချဖို့ လိုအပ်သည်။ သူက ကျင့်ကြံနေစဉ် အတွင်း မျက်နှာဖုံးကို ချွတ်ထား မိသည့်အတွက် နောင်တ ရမိသည်။ ထို့ကြောင့်သာ ရိုးရိုးလေးချီက မှတ်မိသွားခြင်း ဖြစ်သည်။

၃ မီတာ … ၆ မီတာ …

မိုဝူကျီက ဖြည်းဖြည်းချင်း ဆုတ်ရင်း တိုက်ပွဲကိုလည်း အာရုံထားထား ရသေး၏။ သူက ၁၅ မီတာလောက် ရောက်သည့် အချိန်တွင် လှည့်၍ လျှပ်စီး ပစ်လွှတ်ရန် ဆုံးဖြတ် လိုက်တော့သည်။

၉ မီတာ .... ၁၂ မီတာ …

အေးစက်နေသည့် ရေခဲစွမ်းအားက သူ့ဆီ ခုန်ဝင် လာသောကြောင့် မိုဝူကျီ တစ်ကိုယ်လုံး ထိုနေရာတွင် တောင့်သွားကာ နည်းနည်းမျှပင် လှုပ်ရှား၍ မရပေ။ သူက သူ့ထျန်းဂျီတုတ်ဖြင့် ထိုအရာကို တစ်စစီ ခြေမွှပစ်ချင် သော်လည်း သူက အားနည်းလွန်း လှသည်။

“ဘမ်း ...” လှံရှည်က မိုဝူကျီ ပခုံးကို စိုက်သွားကာ သူ့ကို မြေပြင်နှင့် တွဲထားသလို ဖြစ်သွားစေသည်။

ရိုးရိုးလေးချီ .... ဒီလူက အတွင်း တစ်မျိုး၊ အပြင်တစ်မျိုး လူစားမျိုးပါ့လား .... မိုဝူကျီက စိတ်ထဲကသာ ကျိန်ဆဲ လိုက်တော့သည်။ သို့သော် သူလုပ်နိုင်သည့် အရာတော့ မရှိပေ။

ထိုစဉ် ရိုးရိုးလေးချီက သူ့ကို ကျောပေး ထားလေသည်။ မိုဝူကျီသည် သူ့လျှပ်တစ်ပြက် လျှပ်စီးကို ရိုးရိုးလေးချီ အပေါ် မြည်းစမ်း ကျွေးချင်မိသည်။ ထိုမှသာ သခွားသီးပုတိုက သူ့ကို သတ်ဖို့ရာ အခွင့်အရေး ရသွားလိမ့်မည်။ ထိုအရာက အတွေးမျှသာ ဖြစ်၏။ ရိုးရိုးလေးချီ သေဆုံးသွားပါက သူလည်း သွားစရာ နေရာ မရှိသေးပေ။

မိုဝူကျီက ဖြည်းဖြည်းချင်း ကုန်းထ လိုက်ပြီးတော့ အံကိုကြိတ်ကာ သူ့ပခုံးမှ လှံကို ဆွဲနုတ် လိုက်တော့သည်။ ထို့နောက်တွင် သူက ကုသဆေးလုံး တချို့ကို သောက်သုံး လိုက်တော့သည်။ သူ မလှုပ်ရှား သရွေ့ ရိုးရိုးလေးချီသည် သူ့ကို လာရင်ဆိုင်မည် မဟုတ်မှန်း သိ၏။

ထင်ထားသည့် အတိုင်း မိုဝူကျီ ထပ်၍ နောက်မဆုတ် တော့သည်ကို မြင်၍ ရိုးရိုးလေးချီက ပို၍ ရိုးသားလာကာ သူ့အား မတိုက်ခိုက်တော့ပေ။ သို့သော်လည်း သူလက်ထဲမှ တူကား ပို၍ ကြမ်းတမ်းကာ သက်ညှာမှု မရှိတော့ပေ။

“အာ ...” မိုဝူကျီက ထွက်ပြေးမည့် အကြံစည် ချနေစဉ် အော်ဟစ်သံကို ကြားလိုက်ရသည်။ မိုဝူကျီက မသိမသာ လှည့်ကြည့် လိုက်သည့်အခါ အမျိုးသမီးသည် ပိုးချည်မျှင်များ ကြားတွင် ရစ်ပတ်ပိတ်မိ နေလေသည်။ ထိုချည်မျှင်များနှင့် အသားထိတွေ့သည့် နေရာတိုင်းတွင် သွေးများ စီးကျလာလေသည်။

အကယ်၍ ထိုအမျိုးသမီးသာ ထိုချည်မျှင်များ ကြားမှ ရုန်းမထွက် နိုင်ပါက အရှင်လတ်လတ် လှီးဖြတ် ခံရလိမ့်မည်။

ရိုးရိုးလေးချီက ချက်ချင်းပင် ပူပန် လာလေသည်။ သူ့လက်ထဲမှ တူကား များပြားစွာသော ဧရာမတူ အရိပ်များအဖြစ် ပြောင်းလဲသွားကာ သခွားသီး ပုတိုဆီ ပြေးဝင် သွားတော့သည်။ အကြည့်နှင့်ပင် သခွားသီး ပုတိုကို အားကုန်သုံး တိုက်ခိုက်ပြီးတော့ ထိုမိန်းကလေးကို ကယ်တင်ရန် နောက်ဆုတ်ခြင်းမှန်း သိသာလှသည်။

သို့သော်လည်း သခွားသီး ပုတိုက သူတို့တိုက်ပွဲ အတွင်းမှ ရှင်ရေး၊ သေရေး အခိုက်အတန့် ဖြစ်မှန်း သိ၍ တူညီစွာ သွေးရူးသွေးတန်း တိုက်ခိုက် ကြတော့သည်။ သူက သံမဏိ အလုံးကို ရိုးရိုးလေးချီဆီ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ကာ ရိုးရိုးလေးချီကို နောက်ဆုတ်ခွင့်ပင် မပေးပေ။ သူ့သံမဏိ အလုံးကို ဝှေ့ယမ်းကာ ရောက်ရှိ လာမှုကြောင့် အတွင်းနက်ကြီးမှ စုပ်ယူနေ သကဲ့သို့ ဖြစ်ပေါ်နေသည်။ ထိုသို့သော အားအင်မျိုးနှင့် ရင်ဆိုင်ရ၍ ရိုးရိုးလေးချီပင် သူ့ကိုယ်သူ အပြည့်အဝတော့ မလွတ်မြောက် နိုင်တော့ချေ။

ရိုးရိုးလေးချီက မကူညီနိုင်သည်ကို မြင်၍ မိုဝူကျီက ရိုးရိုးလေး ချီဆီမှ အမျိုးသမီးဆီ ပြောင်းကြည့် လိုက်တော့သည်။ ပိုးချည်မျှင်များ အကြား ပိတ်မိနေသော အမျိုးသမီး ခန္ဓာကိုယ်မှ သွေးများ ဖြည်းဖြည်းချင်းစီ စိမ့်ထွက် လာနေသည်။ သူမ မျက်လုံးတွင် မျက်ရည်များ ပြည့်နေသေး၏။

မိုဝူကျီက ရိုးရိုးလေးချီကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ သူက ရိုးရိုးလေးချီသည် ထိုအမျိုးသမီးကို မည်မျှ ကယ်တင် ချင်နေမှန်း မြင်ချင်မိသည်။ ထိုအမျိုးသမီး အသတ်ခံရ လိုက်သည်နှင့် သူသည် တစ်ယောက်တည်း ဖြစ်ပြီး သေချာပေါက် အသတ်ခံရ လိမ့်မည်။

မကြာခင်တွင် မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း သတိထားမိ လိုက်သည်။ ရိုးရိုးလေးချီက စိုးရိမ် နေသော်လည်း ထိုစိုးရိမ်မှုမှာ သူ့မျက်နှာတွင်သာ ရှိ၏။ အမှန်တွင် သူ့တိုက်ခိုက်မှု များက သခွားသီး ပုတိုနှင့် လက်ရည်ချင်း မျှနေကာ စိတ်မရှည် ဖြစ်နေသည့် ပုံလည်း မပေါ်ပေ။ ပို၍ အရေးကြီးသည်က မိုဝူကျီက ရိုးရိုးလေးချီ မျက်လုံးတွင် စိုးရိမ်မှုနှင့် ကြောက်လန့်မှုများကို မတွေ့ရပေ။

ထိုအမျိုးသမီးက အန္တရာယ်နှင့် ကြုံတွေ့နေသော်လည်း ရိုးရိုးလေးချီက အဘယ်ကြောင့် လက်ရည်တူ တိုက်ခိုက် နေရတာလဲ … ထိုအမျိုးသမီးက တစ်ခုခု ကြံစည်နေခြင်းသာ ဖြစ်ရမည်။

သူက ထိုအရာကို တွေးမိ၍ အမျိုးသမီးကို ပြန်ကြည့် လိုက်တော့သည်။ အမျိုးသမီးကား အမှန်ပင် ကြောက်လန့်နေကာ စိုးရိမ် နေလေသည်။ ဟန်ဆောင် နေသည့်ပုံ မပေါ်ပေ။

မိုဝူကျီက အမှန်ပင် ထိုအခြေအနေကို နားမလည်တော့ပေ။ ထိုအမျိုးသမီးက မည်သို့ ပြောင်းလဲ ပစ်မည်နည်း။ သူမ လက်များက ချည်နှောင် ခံထားရကာ သူမ စိတ်စွမ်းအားနှင့် ရန်သူကို တိုက်ခိုက်မည်လား … သို့သော်လည်း မျက်နှာတည် အမျိုးသားက လွယ်ကူသည့် ရန်သူတော့ မဟုတ်ပေ။ စိတ်စွမ်းအား တစ်ခုတည်းဖြင့် သို့မဟုတ် စိတ်စွမ်းအားကို အသုံးပြုပြီး မှော်ရတနာကို ထိန်းချုပ်၍ တိုက်ခိုက်မည် ဆိုလျှင်ပင် ထိုသူ့အား ဖြုံစေမည် မဟုတ်ပေ။

ထိုအမျိုးသမီး ခန္ဓာကိုယ်မှ သွေးများစွာ ထွက်လာလေ၏။ သူမက သေအံ့ဆဲဆဲ ဖြစ်နေလေသည်။

ထိုစဉ် မိုဝူကျီက သူ့ခန့်မှန်းချက်ကား မမှားကြောင်း ပိုသေချာ လာလေသည်။ ထိုအမျိုးသမီးတွင် သေချာပေါက် ပွဲပြီးတိုက်ကွက် ရှိလိမ့်မည်။ သူက ထျန်းဂျီတုတ်ကို ရုတ်တရက် ထုတ်ယူကာ ထိုအမျိုးသမီး လည်ပင်းဆီ ချိန်ရွယ် လိုက်တော့သည်။

အကယ်၍ သူက နောက်ဆုတ်လိုက်လျှင် သူသေဆုံး သွားနိုင်သည်။ အကယ်၍ သူ ဘာမှ မလုပ်လျှင်လည်း သေဆုံး သွားနိုင်သေး၏။ သူက ထိုအလောင်းအစားကို ကောင်းကောင်း ကစားဖို့ လိုအပ်သည်။ ထိုသည်က သူ့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်၏။

ဘယ်လိုလုပ် လက်လွတ် ပေးရမည်နည်း …

မိုဝူကျီ လှုပ်ရှားလိုက်သည့် အခိုက်အတန့် ထိုအမျိုးသမီး ဗိုက်မှ လက်သည်းတစ်စုံ ရုတ်တရက် ဖြစ်ပေါ်လာသည်။ ထိုလက်သည်းမှာ အရိပ်ကဲ့သို့ ဖြစ်နေကာ မျက်နှာတည် အမျိုးသားဆီ အချိန်တိုအတွင်း ပြေးဝင်သွားကာ ရင်ဘတ်ကို ထိုးဖောက် သွားတော့သည်။ ထိုလက်သည်း အစုံမှ သွေးများ တစ်စက်စက် ကျနေသည့် နှလုံးကို ဆွဲထုတ် ယူလာလေသည်။ နှလုံးမှာ ခုန်နေဆဲ ဖြစ်သည်။

မျက်နှာတည် အမျိုးသားက ကြောင်သွားကာ ခေါင်းကိုငုံ့၍ ကြည့်လိုက် သည့်အခါ သူ့ရင်ဘတ်မှ အပေါက်ကြီးကို တွေ့လိုက်ရသည်။ ဘာတွေ ဖြစ်ပျက် သွားမှန်းပင် နားမလည်လိုက်ပေ။

“ဘုန်း …” အမျိုးသမီးက အမျိုးသား နှလုံးကို ယူလိုက်သည့် အခိုက်အတန့်တွင် မိုဝူကျီ၏ ထျန်းဂျီတုတ်က အမျိုးသမီး လည်ပင်းကို ရိုက်ချိုး လိုက်တော့သည်။

အမျိုးသမီးက ပိုးချည်မျှင်ထဲ ပိတ်မိနေဆဲ ဖြစ်ကာ ဒဏ်ရာ ပြင်းထန်စွာ ရနေလေသည်။ ယခု မိုဝူကျီက ထျန်းဂျီတုတ်ဖြင့် သူမ လည်ပင်းကို ရိုက်ချ လိုက်တော့သည်။ သူမ လည်ပင်းကား ချက်ချင်းပင် ကျိုးကြေသွားကာ အရေခွံလေးပင် ကျန်ရှိနေသည်။ သူမက မည်မျှပင် အားကောင်း စေကာမူ သူမက သူမ လည်ပင်းကို သံမဏိကဲ့သို့ မာကျောနေအောင် မလေ့ကျင့်နိုင်ပေ။

အကယ်၍ သူမသာ ဒဏ်ရာ ရမနေပါက သူမသည် သဘာဝ စွမ်းအားများနှင့် ကာကွယ်ကောင်း ကာကွယ်နိုင်လိမ့်မည်။ သို့သော်လည်း ယခုတွင် သူမက မိုဝူကျီ ရိုက်ချက်အောက်တွင် သေဆုံး သွားရ၏။

“ဘုန်း ... ဘုန်း ...” အသံနှစ်ခု ဆက်တိုက် ထွက်ပေါ် လာလေ၏။ မျက်နှာတည် အမျိုးသားနှင့် အမျိုးသမီးတို့က တစ်ချိန်တည်း မြေပြင်ပေါ် လဲကျ သွားတော့သည်။

မိုဝူကျီက စိတ်ထဲတွင် တိတ်တဆိတ် အောင်ပွဲခံမိသည်။ သူကား အခွင့်အရေး ကောင်းကို ဖမ်းဆုပ် မိခဲ့လေသည်။ အကယ်၍ သူ့တုတ်သာ အနည်းငယ် နောက်ကျသွားပါက ထိုအမျိုးသမီးကို ရိုက်မိလိမ့်မည် မဟုတ်ပေ။ အကယ်၍ စောသွားပါက မျက်နှာတည် အမျိုးသားကို ထိခိုက်သွားမည် မဟုတ်ပေ။ အခြေအနေ နှစ်ရပ်လုံးကား ရွေးရခက်သည့် အနေအထား ဖြစ်၏။ သူ့က နှစ်ဖက်လုံးကို အထိနာချင် စေသည်။

ရုတ်တရက် ပြောင်းလဲမှုက ရိုးရိုးလေးချီနှင့် သခွားသီးပုတို တို့ကို အံ့အားသင့် စေသည်။ ရိုးရိုးလေးချီက ထိုအမျိုးသမီး နည်းလမ်းကို သိသော်လည်း မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ သူမအား တိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သခွားသီး ပုတိုက အံ့အားသင့်နေဆဲ ဖြစ်ကာ မိုဝူကျီကဲ့သို့ ပမွှားလေးက ထိုမျှ တိုက်ခိုက်မှုမျိုးကို ပြုလုပ် နိုင်မည်ကိုလည်း တွေးမထားသလို အမျိုးသမီးဗိုက်မှ လက်တစ်စုံ ထွက်လာမည် လို့လည်း ထင်မထားပေ။ သူ့နောက်ကျောတွင် ချွေးအေးများ စီးကျလာလေသည်။ အကယ်၍ မိုဝူကျီ၏ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီးက သူ့အဖော်ကို သတ်ပြီး သူ့ရန်သူနှင့် အားအင်လာပေါင်း နိုင်လေသည်။ သူက မည်မျှ အားကောင်း စေကာမူ ထိုဝမ်းဗိုက် အတွင်းမှ ထွက်လာသော လက်တစ်စုံကြောင့် သေဆုံး သွားနိုင်သည်။

မိုဝူကျီက ထိုနှစ်ယောက် အတူတူ လဲကျသွားသည်ကို မြင်သောအခါ ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ …

“ခင်ဗျားတို့တွေက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ဖြစ်တော့ရော ဘာလုပ်ရမှာလဲ … ဒီမိုးကြိုးမြူတောက ကျုပ်တို့ ပိုင်နက်ပဲ။ ခင်ဗျားတို့ ကျုပ်တို့ပိုင်နက်ကို ကျူးကျော် လာရဲတာ သေချင်နေတာပဲ ဖြစ်ရမယ် …”

“ဒီစီနီယာကို ကယ်နိုင်သေးလား ဆိုတာ ကြည့်ပါ့ရစေဦး …” သူက ပြောရင်း မိုဝူကျီက ကုသဆေးလုံး တချို့ ထုတ်ယူကာ မျက်နှာတည် အမျိုးသား ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ထို့နောက် သူက မျက်နှာတည် အမျိုးသားကို ဂရုတစိုက် ဖက်ကာ ကုသရန်အတွက် ဘေးသို့ ရွေ့နေဟန် ထင်ရသည်။

မိုဝူကျီ အပြုအမူများ အတွက် အကြောင်းအရင်းမှာ ရိုးရိုးလေးချီက သူ့ကို တိုက်ခိုက်မှာ စိုးရိမ်၍ ဖြစ်သည်။ ယခု သူက သခွားသီး ပုတိုနှင့် တစ်ဖက်တည်း ဖြစ်ဟန် ပြုမူလိုက်သည်။ အကယ်၍ ရိုးရိုးလေးချီက သူ့အား တိုက်ခိုက်ပါက သခွားသီးပုတိုက သူ့အား ကာကွယ် ပေးလိမ့်မည်။

မိုဝူကျီ အပြုအမူများကို ကြည့်၍ သခွားသီး ပုတိုက မိုဝူကျီသည် ပျောက်ဆုံးနယ်မြေမှ မဟုတ်ဘဲ သူ့ကဲ့သို့ မျောလွင့်ကြယ်မှ ကျင့်ကြံသူ ဖြစ်ရမည်ဟု ယုံကြည် သွားလေသည်။

မိုဝူကျီ၏ မှန်းဆချက်များက မမှားယွင်းပေ။ သူက ထိုအမျိုးသမီးကို သတ်လိုက်သည့် အခိုက်အတန့် ရိုးရိုးလေးချီက သူ့ဆီ အလင်းတန်း ပစ်လွှတ်လိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သခွားသီးပုတိုက ဘေးတွင် ရပ်မနေဘဲ ရိုးရိုးလေးချီနှင့် ရင်ဆိုင်ရန် အလင်းတန်း ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့သံမဏိ အလုံးက တွင်းနက်ကြီး ဖြစ်လာပြီး ရိုးရိုးလေးချီဆီ ဝှေ့ကာ ရောက်သွားတော့သည်။

ရိုးရိုးလေးချီက မိုဝူကျီကို ပထမအကြိမ် တိုက်ခိုက်စဉ်က သခွားသီး ပုတိုက ဘာမှ ဝင်မပါခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် ရိုးရိုးလေးချီက ကံမကောင်းရှာပေ။ တစ်ချက်တည်းဖြင့် ရလဒ်က ပြောင်းပြန် လှန်သွားလေသည်။

ရိုးရိုးလေးချီက မိုဝူကျီနှင့် ဖြေရှင်းချင် သော်လည်း သူက သခွားသီးပုတို၏ တိုက်ကွက်များကို ခုခံရသေး၏။

မိုဝူကျီက မျက်နှာတည် အမျိုးသားကို သယ်ဆောင်လာရင်း အမျိုးသမီးလက်မှ လက်စွပ်ကို မြင်လိုက်ရသည်။ သူက မျက်နှာတည် အမျိုးသားဆီ မသွားခင် တွေဝေမနေဘဲ လက်စွပ်ကို ချွတ်ယူ လိုက်တော့သည်။

မျက်နှာတည် အမျိုးသားက သူ့နောက်ဆုံး အချိန် ရောက်နေမှန်း သိ၍ မိုဝူကျီက နောက်ထပ် ရနံ့သင်းသင်း ဆေးလုံးကို ထုတ်ယူကာ မျက်နှာတည် အမျိုးသား ပါးစပ်ထဲ ထည့်ကာ ခပ်တည်တည် ပြောလိုက်သည်။

“စီနီယာ တောင့်ခံ ထားရမယ်နော် … တောင့်ခံထားပါဦး ကျွန်တော်တို့ဘက်မှာ စီနီယာမရှိဘဲ ဘယ်လိုလုပ် ရမှာလဲ ...”

သူက ပြောရင်း မိုဝူကျီက မျက်နှာတည် အမျိုးသား လက်ချောင်းမှ သိုလှောင် လက်စွပ်ကို ချွတ်ယူ လိုက်တော့သည်။

“အိုဗျာ … ဟုတ်သား မိုးကြိုးမြူတောမှာ နှလုံးကာကွယ်ရေး ပန်းရှိတယ်တဲ့ … စီနီယာ တောင့်ခံထားနော် … ကျွန်တော် သွားရှာပေးမယ် သိလား …”

သူ့စကား ဆုံးဆုံးချင်း မိုဝူကျီက လှည့်ကာ မိုးကြိုးမြူ တောထဲသို့ ပြေးဝင် သွားတော့သည်။ သူက မျက်စိ တစ်မှိတ်အတွင်း ပျောက်သွားသည့် အတွက် သခွားသီး ပုတိုက တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။

ယခုမှသာ သခွားသီး ပုတိုက တစ်ခုခု လွဲမှားနေကြောင်း သတိထားမိသည်။ မိုဝူကျီ သူ့အဖော်ကို ကယ်တင်စဉ်က မိုဝူကျီသည် သူ့နှလုံးကို ယူ၍ အဘယ်ကြောင့် ပြန်မထည့်ပေး သနည်း။ မိုဝူကျီက ထိုသို့ မလုပ်ခဲ့သည့် အတွက် နှလုံး ကာကွယ်ရေးပန်း ရလာလျှင်လည်း ဘာအကျိုး ရှိမည်နည်း။ သို့သော်လည်း မိုဝူကျီက အရမ်း အမြန်ပြေးသွားကာ သူက ရိုးရိုးလေးချီမှ တိုက်ခိုက်ခြင်း ခံနေရသည်။

“အရူး ... အသိဉာဏ် မရှိတဲ့ဟာတွေ ...” ရိုးရိုးလေးချီက မိုဝူကျီ ထွက်ပြေး သွားသည်ကို မြင်သောအခါ သူ့တိုက်ခိုက်မှုများက ပို၍ပင် ကမူးရှူးထိုး ဖြစ်လာလေသည်။ သူက မိုဝူကျီ၏ ဉာဏ်နီ ဉာဏ်နက်များကို သခွားသီး ပုတိုထက် ပိုသိ၏။ အကယ်၍ မိုဝူကျီက နှလုံးကာကွယ်ရေး ပန်းနှင့် ပြန်ရောက် လာခဲ့လျှင် သူက ပျော်ပျော်ကြီး သတ်သေ ပြလိုက်မည်။

သခွားသီးပုတိုက ရိုးရိုးလေးချီ၏ မရပ်မနား တိုက်ခိုက်မှုများကို ခုခံနေရသည့် အတွက် မိုဝူကျီကို ဂရုမစိုက် နိုင်တော့ပေ။ ရိုးရိုးလေးချီဆီ ဝှေ့ယမ်းနေသည့် သူ့လက်ထဲမှ သံမဏိ အလုံးကား လူသတ်ငွေ့များ ဖုံးလွှမ်း နေလေသည်။

***

All Chapters