← Chapters

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅

Vol. 14 Ch. 192

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅

Vol. 14 Ch. 192

မိုဝူကျီက နောက်ထပ် ကျောက်စိမ်းသေတ္တာ နှစ်လုံးကို ဖွင့်လိုက်သောအခါ တစ်လုံးချင်းစီတွင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးစီကို တွေ့လိုက်ရသည်။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး သုံးခု … သူက အားလုံးကို သုံး၍ ကျင့်ကြံမိလျှင် မည်သို့ ဖြစ်သွားမည်နည်း။

ထိုသည်က ကံဆိုးခြင်းထဲမှ ကံကောင်းမှုလေး ဖြစ်၏။ သေခါနီး ဖြစ်လာသည့် လူတစ်ယောက်က သေရေး၊ ရှင်ရေး အခြေအနေမျိုးနှင့် ကြုံတွေ့ပြီး သူက သေခြင်းတရာကို ရှောင်ရှား နိုင်ရုံသာမက ဆုလာဘ် အကြီးကြီးလည်း ရလိုက်သေးသည်။

ရိုးရိုးလေးချီနှင့် အမျိုးသမီးတို့၏ ပုံစံကို ကြည့်၍ သူတို့သည် သူ့နောက်ကို လိုက်လာတာ ဖြစ်လိမ့်မည်။

ထိုစဉ် မိုဝူကျီက ရိုးရိုးလေးချီ ပစ္စည်းများကို ပေးလိုက်သည့် ထိုကံဆိုးလှသည့် သုံးယောက် အကြောင်း တွေးမိသွားသည်။ ထိုသုံးယောက်သည် ရိုးရိုးလေးချီ လက်အတွင်းသို့ ကျရောက်ပြီး သွားလောက်လေပြီ။ အကယ်၍ ထိုသို့ ဖြစ်ပါက ရိုးရိုးလေးချီက ယခု သူ့လက်ထဲတွင် ရှိနေသည့် နတ်ဘုရား ရွှေနေကြာကို သတိထားမိတာ ဖြစ်နိုင်သည်။

ရိုးရိုးလေးချီနှင့် အမျိုးသမီးတို့က သူ့အတွက် ဤနေရာအထိ ရောက်လာသည့် အကြောင်းမှာ နတ်ဘုရား ရွှေနေကြာကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် ထိုအရာမှာ သတ္တုရတနာ တစ်မျိုး ဖြစ်၏။ ပျံသန်းရေး ရတနာပြုလုပ်နိုင်သည့် သတ္တုကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

နောက်ဆုံးတွင် သူက ထိုအမျိုးသမီးတွင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများ ရှိနေသည့် အကြောင်းကို နားလည် သွားလေသည်။ ထိုကျောက်တုံးများမှာ စိတ်စွမ်းအင် ကျောက်တွင်းမှ ဖြစ်လိမ့်မည်။ ထိုကံဆိုးလှသည့် သုံးယောက်သည် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို တူးယူခဲ့သော်လည်း နောက်ဆုံးတွင် ရိုးရိုးလေးချီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူတို့ပစ္စည်းများမှာ အမျိုးသမီးဆီ ရောက်ရှိလာခြင်း ဖြစ်ရမည်။

သူက အနည်းငယ် ကြောက်လန့် သွားသောကြောင့် သူ့နောက်ကျောမှ ချွေးအေးများ စီးကျလာလေသည်။ အကယ်၍ သူသာ ရန်ထျန်းရှင်းနှင့် လမ်းခုလတ်တွင် မတွေ့ခဲ့လျှင် သူဆီက စိတ်စွမ်းအင် ကျောက်တုံးများ ကုန်သွားသည့်အခါ စိတ်စွမ်းအင် ကျောက်တွင်းကို သွားမိလောက်မည်။ အကယ်၍ သူသာ ထိုသို့လုပ်ခဲ့ပါက ရိုးရိုးလေးချီ လက်ထဲသို့ ကွက်တိ ရောက်နေလောက်လေပြီ။

သိုလှောင် လက်စွပ်ကို စနစ်တကျ မွမ်းမံပြီး နောက်တွင် သူက သူ့အမှတ်အသား ထားထား လိုက်တော့သည်။ မိုဝူကျီက သူပိုင်ဆိုင်သမျှ အရာအားလုံးကို သိုလှောင် လက်စွပ်ထဲ ထည့်ထားလိုက်တော့သည်။ သို့သော်လည်း သူက လက်တွင် မဝတ်ထားရဲချေ။ ထို့အစား ကြိုးဖြင့် လည်ပင်းတွင် ဆွဲထားလိုက်တော့သည်။

ကျန်သည့် သိုလှောင်လက်စွပ်ကိုတော့ အထဲမှ ပစ္စည်းများ အားလုံးကို ထုတ်ယူထားလိုက်ပြီး သိမ်းထား လိုက်တော့သည်။ အကယ်၍ အနာဂတ်တွင် အခွင့်အရေး ရှိပါက သူက ရန်ထျန်းရှင်းကို ပေးရမည်။

သူက ပြင်ဆင်မှုအားလုံး ပြီးစီးသည်နှင့် မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများ အပုံလိုက် ထုတ်ယူ လိုက်တော့သည်။ ထို့နောက် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကိုလည်း ထုတ်ယူလိုက်သည်။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ အထိ တက်လှမ်းနိုင်ရန် ပြင်ဆင်ထားရ၏။

ထျန်းရှန်း အင်ပါယာမြို့တော် ယန်မြို့တော်

အင်ပါယာငါးခု၏ မြို့တော်များကြားတွင် အကြီးမားဆုံး မြို့တော် ဖြစ်သည်။ တစ်ခုမျှ မယှဉ်နိုင်ပေ။ ရှင်းဟန် အင်ပါယာ၏ အကြီးမားဆုံး မြို့တော် ချန်လောင်ပင် ယန်မြို့တော်၏ အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်လိမ့်မည်။

ယန်မြို့တော်က အကြီးမားဆုံး မြို့တော် ဖြစ်ရုံသာမက ကျင့်ကြံခြင်း မြို့တော်များနှင့် ယှဉ်လျှင်လည်း အများက ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ အကြောင်းမှာ ယန်မြို့တော်သည် ကျင့်ကြံ သူများနှင့် သေမျိုးများ အတူတကွ နေထိုင်ကြသောကြောင့် ဖြစ်သည်။ စည်းကမ်းများ တင်းကျပ်စွာ ချမှတ်ထားပြီး ကျင့်ကြံသူများက သေမျိုးများက အတူတကွ နေထိုင်ကြရင်း ပြဿနာများ မရှိကြပေ။ ထို့ကြောင့် မြို့တော်ကို ပို၍ အသက်ဝင် စိတ်လှုပ်ရှားစေသည်။

ယန်မြို့တော်အထဲရှိ အကျယ်ပြန့်ဆုံး မြေကွက်လပ်တွင် ကျောက်ပြားနှစ်ချပ် ထောင်ထားလေသည်။ ထိုကျောက်ပြားတွင် ဂိုဏ်းတစ်ရာ မဟာမိတ် အထောက်အကူပြု အမှတ် ဇယားနှင့် အင်ပါယာငါးခု၏ ဂိုဏ်း အထောက်အကူပြု အမှတ်ဇယား ဖြစ်သည်။ သို့သော်လည်း ထိုကျောက်ပြားများကား အန်ယန်းက အရာများထက် များစွာ ကြီးမားလေ၏။ သူတို့သည် ထိုနေရာတွင် ဧရာမမျှော်စင် ကဲ့သို့ပင် ဖြစ်နေသည်။

ထိုစဉ် ကျင့်ကြံသူ အများအပြားက မြေကွက်လပ် အလယ်တွင် စုစည်းနေကြသည်။ အားလုံးက ဂိုဏ်းတစ်ရာ မဟာမိတ် အထောက်အကူပြု အမှတ်ဇယားနှင့် ပတ်သက်၍ ဆွေးနွေးနေကြဟန် ရှိသည်။

ပြောဆိုနေကြသည့် အကြောင်းရင်းမှာ မရင်းနှီးသော နာမည်တစ်ခုက အဆင့်ဇယားတွင် နေရာယူ လာခြင်းကြောင့် ဖြစ်၏။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၉၀၂၂၊ အဆင့် ၁၃ ဟူ၍ ဖြစ်သည်။

“ဘယ်သူများလဲ ... နယ်လှည့် ကျင့်ကြံသူက အမှတ် ၉၀၀၀ ကျော်ရပြီးတော့ အဆင့် ၁၃ ကို ရတာလား ... ”

“ကျုပ်ကြားဖူးတာတော့ နယ်လှည့် ကျင့်ကြံသူ အမှတ် ကျောက်စိမ်းပြားက နာမည်တွေ မပါဘူးတဲ့ .. ပြီးတော့ ချွတ်ယွင်းချက်လည်း ရှိတယ်တဲ့ ... အဲလိုဆိုရင် အဲဒီနယ်လှည့် ကျင့်ကြံသူ အမှတ်က ၉၀၀၀ ကျော်ရုံတင် မဟုတ်လောက်ဘူး .. ”

“ငါလည်း အဲဒီနယ်လှည့် ကျင့်ကြံသူကို သိတယ်။ အရင် ရက်ပိုင်းလေးက သူက အဆင့် ၁၀ မှာလေ၊ ဒီရက်အတွင်းမှာ အဆင့်သုံးခုပဲ လျော့သွားတာပဲ .. ”

“ဒီလူက ဘယ်သူမှန်း မသိပေမဲ့ သူက ကြီးမြတ်ရန်ကျူးဂိုဏ်းရဲ့ လျူမန်ကို ကျော်သွားနိုင်တာပဲ ... ”

ယန်မြို့တော်မှ ကျင့်ကြံသူများသာ ထိုသို့ အပြင်းအထန် ဆွေးနွေးနေခြင်း မဟုတ်ပေ။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ယာယီစခန်း အတွင်းတွင်လည်း ဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ က ဘယ်သူလဲဟု မေးခွန်းထုတ် နေကြသည်။ နယ်လှည့် ကျင့်ကြံသူထဲတွင် ထိုမျှ အားကောင်းသည့်သူ ရှိနေတာလား ...

ဂိုဏ်းတချို့တွင် သူ့ကို တိုက်ရိုက် တပည့်ဟုပင် သတ်မှတ်၍ ရလေသည်။

ထိုစဉ် အနည်းငယ် ဝသည့် အမျိုးသားက မတ်တတ်ရပ်ကာ စကားအပြန်ပြန် အလှန်လှန် ဆွေးနွေးနေကြသော သူများကို ရိုရိုသေလေသ နှုတ်ဆက်လိုက်ပြီး ပြောလိုက်သည် “တာအိုရောင်းရင်း အပေါင်းတို့ ... ကျုပ်တော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ က ဘယ်သူလဲဆိုတာ ရှာစရာ မလိုဘူး ထင်တယ်။ ပြီးတော့ ကျုပ်တို့က နယ်လှည့် ကျင့်ကြံသူ ကျောက်စိမ်းပြား တစ်သောင်း၊ နှစ်သောင်းလောက် ထုတ်ပေးတာဆိုတော့ သူ ပြန်လာအပ်တဲ့ အခါမှ သူ ဘယ်သူလဲဆိုတာ သိနိုင်လိမ့်မယ်။ ပြီးတော့ ကျုပ်ဆီမှာ အကြံပြုချက် တစ်ခု ရှိပါတယ် ... ”

“အကြီးအကဲဖုန်း ပြောပါ ... ” ခန်းမအတွင်းမှ လူအများစုက အနည်းငယ် ဝနေသည့် အမျိုးသား စကားပြောရန် ထရပ်သည်ကို မြင်၍ တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ကောင်းကင်ဖွေရှာ နန်းတော်မှ ဖုန်းကျန့်ချိုးပင် သဘောတူလေသည်။

ထိုလူသည် ယင်တစ်ကောင်ပင် ထိခိုက်အောင် မလုပ်နိုင်သည့် သူနှင့် တူနေသော်လည်း လက်တွေ့တွင် သူကား စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေ၏။ ဂိုဏ်းကာကွယ်ရေး အကြီးအကဲ တစ်ယောက် ဖြစ်သည့် ဖုန်းကျဲ ဖြစ်၏။

ဖုန်းကျဲက မျက်လုံးကို အနည်းငယ် ကျုံ့လိုက်ကာ

“တာအိုရောင်းရင်း အပေါင်းတို့ ... နယ်လှည့် ကျင့်ကြံသူ အမှတ် ကျောက်စိမ်းပြားကို ထုတ်ပေးထားပေမဲ့ အဲဒါတွေက ကျုပ်တို့ရဲ့ ချွတ်ယွင်းချက်ရှိတဲ့ ပစ္စည်းတွေပဲလေ။ သူတို့မှာ အမှတ် မှတ်ပေးတဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ပါဝင်တယ် ..

အဲဒီကျောက်စိမ်းပြားတွေမှာ နာမည်တွေ၊ ဂိုဏ်းတွေ အကြောင်းမပါတော့ ဘယ်ဂိုဏ်းကမှန်းလည်း မသိ ဖြစ်ရတယ်။ ပုံမှန်ဆိုရင် အဲဒီ ကျောက်စိမ်းပြားတွေကို လူသား အဆင့်လွန် အောက်က ကျင့်ကြံသူတွေကိုပဲ ပေးကြတာပါ။ အဲလို ကျောက်စိမ်းပြားတွေက လုပ်ဖို့လည်း လွယ်ကူတာ ဆိုတော့ ကျုပ်တို့လည်း အများကြီး မစဉ်းစားမိဘူး ... ပြီးတော့ လူသားအဆင့်လွန် အောက်က နယ်လှည့် ကျင့်ကြံသူတွေက တိုက်ခိုက်တဲ့နေရာမှာ အဲလောက် အားမကောင်းကြဘူးလေ ... ”

ထို့နောက် သူက ဆက်ပြောလိုက်သည် ...

“ဒါပေမဲ့လည်း ကျုပ်တို့ လုပ်နေတာတွေ မှားနေတယ်လို့ ထင်မိတယ်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သေချာပေါက် လူသား အဆင့်လွန်အောက် ဖြစ်လိမ့်မယ် အဲဒါကြောင့်ပဲ သူက နယ်လှည့် ကျင့်ကြံသူ အမှတ် ကျောက်စိမ်းပြားကို ရတာပဲ ....

ဒါပေမဲ့ သူတစ်ယောက်တည်း အမှတ် ၉၀၀၀ ကျော်အောင် စွမ်းဆောင်နိုင်ခဲ့တယ် ပြီးတော့ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်လာနိုင်ခဲ့တယ် ... အဲဒါနဲ့တင် သူက အင်ပါယာ ငါးခုအတွက် ဘယ်လောက်တောင် အကျိုးပြုနေတာလဲ ဆိုတာ သိသာနေပြီ။ အဲဒါကြောင့် ကျုပ်တို့က အဆင့်သတ်မှတ်ချက် မထားဘဲ လူတိုင်းကို အမှတ်အသားပြားတွေ ထုတ်ပေးသင့်တယ် .... ”

“အကြီးအကဲ ဖုန်းပြောတဲ့ အကြံပြုချက်ကို သဘောတူတယ် ...” ဤတစ်ကြိမ်တွင် ပြောသူက ကောင်းကင်ဖွေရှာ နန်းတော်မှ ဖုန်းကျန့်ချိုး ဖြစ်၏။

ကြီးမြတ်ရန်ကျူးဂိုဏ်းသည် ကောင်းကင်ဖွေရှာ နန်းတော်ထက် အဆင့်ဇယား နှစ်ခုလုံးတွင် ရှေ့ရောက်နေစဉ် အကြီးအကဲ ဖုန်းကျဲ အကြံပြုချက်က အင်ပါယာ ငါးခုလုံးအတွက် အကျိုးရှိလေသည်။ ထို့ကြောင့် ကောင်းကင်ဖွေရှာ နန်းတော် ဒုတိယ ဂိုဏ်းချုပ် အနေနှင့် ကန့်ကွက်မည် မဟုတ်ပေ။

“ကျုပ်လည်း သဘောတူတယ် .. ”

“ကျုပ်ရောပဲ ... ”

...

...

ဂိုဏ်းတော်တော် များများမှ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များမှ မတ်တတ်ရပ်ကာ ထိုအကြံပြုချက်ကို ထောက်ခံကြောင်း ဖော်ပြနေကြသည်။

မိုဝူကျီက သူသည် နယ်လှည့် ကျင့်ကြံသူ အနေနှင့် အမှတ်ပေါင်း ၉၀၀၀ ကျော်ရရှိခဲ့သည့် အတွက် ထိုမျှ ပွက်လောရိုက် သွားကြောင်းကို မသိပေ။ ထိုစဉ် သူက ကောင်းကင်စိတ် စွမ်းအင် ကျောက်တုံးကို အပြင်းအထန် စုပ်ယူနေဆဲ ဖြစ်သည်။

ယခင်က သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ အခြေခံ အဆင့်မှ အဆင့်မြင့် ရောက်ရှိဖို့ရာ လများစွာ ကျင့်ကြံခဲ့ရသည်။ ယခု သူ့တွင် ကောင်းကင်စိတ် စွမ်းအင် ကျောက်တုံးများ ရှိနေ၍ သက်သောင့်သက်သာ ကျင့်ကြံနိုင်လေပြီ။ ကောင်းကင်စိတ် စွမ်းအင် ကျောက်တုံးနှင့် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ကို အသုံးပြုသည့်အခါ ဝိညာဉ်စွမ်းအား ကန်ထဲတွင် နှစ်လိုက်သည့်အလား ခံစားရသည်။ ထိုသက်သောင့်သက်သာ ဖြစ်မှုက မိုဝူကျီ ခန္ဓာအတွင်းမှ အတားအဆီးများ အားလုံးကို ပွင့်သွားစေပြီး ချီသွေးကြော ၁၀၀ လုံးတွင် ဝိညာဉ်စွမ်းအားများ အပြင်းအထန် စီးဆင်း နေကြသည်။

မူလက ခက်ခဲနေသော ကျင့်ကြံခြင်း အဆင့်သည် နောက်ဆုံးတွင် ပုံမှန်အတိုင်း တက်သွားတော့သည်။

တစ်ရက်တာ အတွင်း မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိ သွားလေပြီ။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး၏ သိပ်သည်း ကြွယ်ဝလှသော ဝိညာဉ်စွမ်းအားများနှင့် ကျင့်ကြံခြင်း ပေါင်းစပ် လိုက်သည့်အခါ စွမ်းအား လှိုင်းလုံးများ ဖြစ်ကာ သူ့ချီ သွေးကြောတိုင်းစီကို တစ်ခုပြီး တစ်ခု အရှိန်ဟုန် ပြင်းပြင်း ဖြတ်စီးဆင်း သွားလေသည်။

ဒုတိယရက် ကုန်ဆုံး သွားသည့်အခါ သူ့တစ်ကိုယ်လုံးကား ရုတ်တရက် တုန်ယင် လာတော့သည်။ သူ့စိတ်ထဲတွင် နောက်တစ်ဆင့် တက်လှမ်းတော့မည့် အရိပ်အယောင်ကို ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ သို့ တက်လှမ်း သွားတော့သည်။

မိုဝူကျီက စိတ်ထဲမှ ပျော်ရွှင်မှုကို ချိုးနှိမ် ထားလိုက်ရင်း ဝိညာဉ်စွမ်းအားများကို ဆက်၍ စုပ်ယူလိုက်တော့သည်။ သူ့အတွေ့အကြုံအရ ဝိညာဉ် စွမ်းအားများ စုပ်ယူသည့်အခါ သူ့အောက်မှ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို အဓိကထား၍ စုပ်ယူလေသည်။ ထိုကြားမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးမှ စွမ်းအားကို စုပ်ယူသည်။

ဤကျင့်ကြံနည်းက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး၏ ကြာချိန်ကို ဆွဲဆန့် ထားနိုင်၍ အကျိုးရှိလှသည်။ မဟုတ်လျှင် သူ့ကြောင့် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးက လျင်မြန်စွာ ကုန်ဆုံးသွားလိမ့်မည်။

ဝိညာဉ် စွမ်းအားများကို ထိုနည်းလမ်းဖြင့် စုပ်ယူခြင်းမှာ ဆိုးကျိုးများလည်း ရှိသည်။ သူ့ကျင့်ကြံနှုန်းက နှေးကွေး သွားလေသည်။ သို့သော် မည်မျှပင် နှေးကွေးသွားစေကာမူ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကိုး အခြေခံမှ အဆင့်မြင့်သို့ ငါးလအတွင်း တက်လှမ်း နိုင်သည့်အတွက် မြန်သည်ဟု ယူဆ၍ ရသေး၏။

သူက ခရုနှုန်းဖြင့် ပြန်၍ မကျင့်ကြံချင်ပေ။ ထို့ကြောင့် သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများကို ဆက်တိုက် သုံးနေရသည်။

ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးမျိုး အရာသည် သူအလိုရှိလျှင်ပင် ဝယ်ယူနိုင်သည့်အရာ မဟုတ်ပေ။

စိတ်စွမ်းအင် ကျောက်တုံးပုံကား မိုဝူကျီက အမှုန့် ဖြစ်သွားလေပြီ။ သူက ကျန်ရှိနေသော အရာများကို စုစည်းပြီး နောက်ထပ် တစ်ပုံ ထုတ်ယူ လိုက်တော့သည်။ မြေအောက် ကျင့်ကြံခြင်းကား သူ့အား အရာအားလုံးကို ဖြည်းဖြည်းချင်း မေ့လျော့ သွားစေသည်။

တစ်လအကြာတွင် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ ကို ဖြတ်ကျော်ပြီး အဆင့် ၁၁ သို့ တက်လှမ်းနိုင်ခဲ့သည်။ နှစ်လအကြာတွင် သူက နောက်တစ်ကြိမ် အဆင့်တက် သွားပြန်၏။ ဤတစ်ကြိမ်တွင် သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၂ သို့ ရောက်ရှိသွားလေသည်။

အဆင့် ၁၂ သို့ ရောက်ပြီးနောက်တွင် မိုဝူကျီက သူ့ကိုယ်သူ ညည်းတွား လိုက်တော့သည်။ ယခု သူက ချီသွေးကြော ၁၀၀ လုံး ဖွင့်ထားရက်နှင့် အဆင့် တစ်ခုချင်းစီတွင် အဆင့် ၁၂ ထိ ကျင့်ကြံ နေရဦးမည်လား .... ဒါမှမဟုတ် အင်မော်တယ် မော်တယ် ကျင့်စဉ်က အဆင့် ၁၂ ထိ ကျင့်ကြံဖို့ လိုအပ်တာများလား ...

ဘယ်လိုပင် ဖြစ်နေပါစေ မိုဝူကျီက ထိုအကြောင်းကို ကြုံတွေ့ပြီးလေပြီ။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၂ ရောက်သည်နှင့် သူက လူသား အဆင့်လွန်သို့ ရောက်ရှိတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော ... လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီးသည့်အခါ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်အတိုင်း ဝိညာဉ်စွမ်းအားများကို လှည့်ပတ်ကာ လူသား အဆင့်လွန်သို့ တက်လှမ်းရန် ကြိုးစားလိုက်တော့သည်။

သူ့ကျင့်ကြံဆင့်က မြင့်လာသောကြောင့် သူ စုပ်ယူနှုန်းလည်း မြန်သထက် မြန်လာလေ၏။ သူ သက်ရောက်နိုင်သည့် နယ်ပယ်သည် ပို၍ ကျယ်ပြန့်လာကာ သူ့တစ်မီတာ ပတ်လည်တွင် ဝိညာဉ် စွမ်းအားမြူများနှင့် ဖုံးလွှမ်းနေလေသည်။

“ဘမ်း ...” တုန်ခါသွားသည့် ခံစားချက်ကြောင့် မိုဝူကျီက မျက်လုံး ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးက အမှုန့်ဖြစ်သွားကြောင်း မြင်လိုက်ရသည်။

သူက လူသား အဆင့်လွန် အဆင့်သို့ မရောက်သေးပေ။ သို့သော် သူက တက်လှမ်းရန် အဆင့်သင့် ဖြစ်နေသည့် အချိန်တွင် သူ့ ၁၀၁ ခုမြောက် ချီသွေးကြောက ရုတ်တရက် ပွင့်လာလေသည်။

ပုံမှန်အားဖြင့် မိုဝူကျီသည် မည်သည့် ချီသွေးကြောက ပွင့်လာကြောင်းကို အသေးစိတ် သိနေလေပြီ။ ထိုသည်က သူအင်အား အဆများစွာ တိုးတက် သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော ... ထို့အပြင် သူ့အလားအလာမှာလည်း အဆများစွာ တိုးတက် သွားလေသည်။

ထိုသည်က လက်တွေ့ ဖြစ်သည်။ သူ့ ၁၀၁ ခုမြောက် ချီသွေးကြော ပွင့်လာသည့် အခိုက်အတန့်တွင် သူ့လက်ထဲမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကား အမှုန့် ဖြစ်သွား၏။ မြေပြင်ပေါ်မှ မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများလည်း သိပ်၍ မကျန်တော့ပေ။

သူ့ခန္ဓာတစ်လျှောက် ပြင်းထန်သော အင်အားများ စီးဆင်းလာသလို ခံစားလိုက်ရ၍ မိုဝူကျီက လက်သီးတင်းတင်း ဆုပ်ထားမိလိုက်သည်။ သူက သူနှင့် အဆင့်တူ အားကောင်းသည့် ရန်သူကို ရင်မဆိုင်ဖူးသော်လည်း သူက သူ့အဆင့်တူအတွင်း ပြိုင်ဖက်ကင်း လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။

မြေကမ္ဘာစိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ကို ထပ်ထုတ်လိုက်ပြီး ဒုတိယ ကောင်းကင်စိတ် စွမ်းအင် ကျောက်တုံးကို ထုတ်ယူလိုက်တော့သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူသားအဆင့်လွန် အဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်ချက် ချထားသည်။

***

All Chapters