← Chapters

အစ်ကိုကြီး (တာ့ရှီရှုန်း)

Vol. 15 Ch. 197

အစ်ကိုကြီး (တာ့ရှီရှုန်း)

Vol. 15 Ch. 197

မိုဝူကျီက အခြေအနေကို အကဲခတ်လိုက်ကာ အကယ်၍ သူသာ တစ်ယောက်တည်း ဝင်သွားပါက သူနှင့် ဟော်ယွီချန်တို့ စွမ်းအားဖြင့် ထိုမျှ လူအများကြီးကို ဖောက်ထွင်းရန် ခက်ပေလိမ့်မည်။ ဖြစ်နိုင်သည်က သူ့အကြောင်းကို ထုတ်ဖော် လိုက်ခြင်းက ဟော်ယွီချန်ကို ကယ်တင်နိုင်မည့် အခွင့်အရေး ရလာလိမ့်မည်။

နေရာ တစ်ခုလုံးကား ဆွေးနွေးမှုများဖြင့် ပွက်လော မရိုက်ခင် ခဏတာ တိတ်ဆိတ် သွားလေသည်။ မည်သူကမှ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မတွေ့ဖူးသော်လည်း တစ်ယောက်မှ သူ့အဖြစ် အယောင် မဆောင်နိုင်ပေ။ အယောင်ဆောင် ကသာ သက်သေ ထုတ်မပြနိုင်ပါက ချက်ချင်း ရှာတွေ့သွားမည် ဖြစ်၏။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို လေးစားသူ များပြားလှသည့် အတွက် သူ့အယောင် ဆောင်ရဲသူသည် သေချင်နေတာသာ ဖြစ်ရမည်။ အရူး မဟုတ်သရွေ့ တစ်ယောက်မှ ထိုသို့သော အခြေအနေမျိုး အောက်တွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅အဖြစ် အယောင် ဆောင်ချင်ကြမည် မဟုတ်ပေ။

လက်ဖက်ရည် အိမ်တော်တွင် လာသောက်နိုင်သော လူများက သေချာပေါက် အရူးမဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီက သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း ပြောကြား လိုက်သည့်အခါ အားလုံးက သူ့အား အပြည့်အဝ မယုံကြည်သော်လည်း သံသယ များများ စားစားတော့ မရှိကြချေ။

လိန်ချန်းဟယ်က မိုဝူကျီသည် အယောင်ဆောင် မဟုတ်မှန်း သတိပြုမိ လိုက်သည့် အခိုက်အတန့်တွင် သူ့လက်ထဲမှ နဂါးစိမ်းဓားက လင်းလက်လာကာ အော်ပြော လိုက်တော့သည်။

“အယောင်ဆောင်ပဲ သတ်ကြစမ်း ... ”

လိန်မျိုးနွယ်စုမှ လေးယောက်က ဘာမှ မလုပ်နိုင်ခင် အလင်းတန်း တစ်ခုက လေကိုခွင်း၍ ရောက်ရှိလာကာ နဂါးစိမ်းဓားမှ ဓားအလင်းကို ပိတ်ဆို့ထား လိုက်သည်။

ထိုအလင်းကို ပစ်လွှတ် လိုက်သည့်သူကား အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီး ဖြစ်ကာ ကောင်းကင်ဖွေရှာ နန်းတော်မှ ရွယ်ထုံဇီး ဖြစ်၏။

“ဘယ်သူလဲ ... မင်းက သူတို့ ဘက်ကလား ... ငါက ယုလင်း လိန်မျိုးနွယ်စုရဲ့ ...”

လိန်ချန်းဟယ်က ရွယ်ထုံဇီးကို မမှတ်သော်လည်း ရွယ်ထုံဇီးက သူ့ဓားအလင်းကို တားဆီး လိုက်နိုင်ပြီး သူ့သဘာဝ စွမ်းအားများကို ပျောက်ကွယ် သွားစေနိုင်စွမ်း ရှိသည်။ သိသာလှစွာ သူမ ကျင့်ကြံဆင့်မှာ သူ့ထက် မနိမ့်ကျပေ။

ရွယ်ထုံဇီးက လိန်ချန်းဟယ် စကားကို အေးစက်စက်ဖြင့် ဝင်ဖြတ်ပြော လိုက်သည်။

“ယုလင်း လိန်မျိုးနွယ်စု လေးလောက်နဲ့ ကောင်းကင်တစ်ခွင် ဟစ်ကြွေးလို့ ရပြီ ထင်မနေနဲ့ ... ကျွန်မ ပြောတာ မကြိုက်ရင် ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်မှာ ကျွန်မ ရွယ်ထုံဇီးကို လာရှာလို့ ရတယ် ...”

လိန်ချန်းဟယ်က ရွယ်ထုံဇီးသည် ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်မှ တပည့် ဖြစ်ကြောင်း ကြားသောအခါ သူက အထက်စီးဆန်စွာ ဆက်လက် မပြုမူရဲတော့ပေ။ ဟော်ယွီချန်လည်း ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်သော်လည်း ဟော်ယွီချန် အနေအထားက သိပ်၍ မမြင့်ပေ။ ထို့အပြင် သူက အကျင့်စာရိတ္တ ဖောက်ပြားသည့် ကိစ္စကို ကျူးလွန် ထားလေသည်။ ထို့ကြောင့် သူက ဟော်ယွီချန်ကို သတ်လိုက်လျှင်ပင် ကောင်းကင်ဖွေရှာ နန်းတော်က ကြီးမြတ်ရန်ကျူး ဂိုဏ်းကို တာဝန်ယူရန် တောင်းဆိုလို့ ရမည် မဟုတ်ပေ။ ဟော်ယွီချန်၏ ပြစ်မှုကား ကြီးမြတ်ရန်ကျူး ဂိုဏ်းမှ နံပါတ်တစ် ပါရမီရှင် လိန်ဟုန်ကျီ၏ သတို့သမီးလောင်းကို အဓမ္မပြုကျင့်၍ သတ်သွားခြင်း ဖြစ်၏။

(မှတ်ချက် ။  ။ အခုချိန်မှစ၍ လိန်ရန်ကျဲ့ကို လိန်ဟုန်ကျီဟု ပြောင်းလဲ ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်ဗျ)

“ကောင်းကင်ဖွေရှာ နန်းတော်က အင်ပါယာ ငါးခုထဲမှာ အကောင်းဆုံး တာအိုမြင့်မြတ် မြေထဲက တစ်ခု ဖြစ်ပြီးတော့ ဒီလိုအရိုင်းအစိုင်း တစ်ယောက်အတွက် ဂုဏ်သတင်းကို အပျက်အစီး ခံတော့မှာလား … ”

ရွယ်ထုံဇီးက အေးစက်စက် ရယ်မောလိုက်ရင်း ပြတ်သားစွာ ပြောလိုက်သည်။

“နံပါတ်တစ် ကောင်းကင်ဖွေရှာ နန်းတော်က အင်ပါယာ ငါးခုလုံးမှာ နံပါတ်တစ်‌ အကောင်းဆုံး တာအို မြင့်မြတ်မြေပဲ ... အကောင်းဆုံးထဲက တစ်ခု မဟုတ်ဘူး။ နောက်တစ်ခါကျ ရှင်တို့ ယုလင်းလိန်မ မျိုးနွယ်စုတွေ စကားမပြောခင် သေချာ တွေးတောသင့်တယ် စကားနဲ့ လာမညစ်ညမ်းစေနဲ့ ... နံပါတ်နှစ် အချက်က သူက အရိုင်းအစိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရှင် ဆုံးဖြတ်ပေးရမှာ မဟုတ်ဘူး … ”

လိန်ချန်းဟယ် မျက်နှာက အချိန်တိုအတွင်း များစွာ ပြောင်းလဲ သွားလေသည်။ အားလုံးက သူဆိုလိုချင်သည့် သဘောကို သိလိုက်ကြသည်။ သူ့မျက်လုံးထဲတွင် ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကြီးမြတ် ရန်ကျူးတို့မှာ နှိုင်းယှဉ်၍ ရသော တည်ရှိမှုမျိုး ဖြစ်နေသည်။ ကောင်းကင်ဖွေရှာ နန်းတော်မှ တစ်ယောက်ယောက်က သူ့စကားလုံးများကို ဆန့်ကျင်လိုက်သည်။

လက်တွေ့ကား ဤနှစ်တွေ အတွင်းတွင် ကောင်းကင်ဖွေရှာ နန်းတော်သည် အမှန်ပင် နံပါတ်တစ် တာအိုမြင့်မြတ် နယ်‌မြေ ဖြစ်သည်။ ဂိုဏ်းတစ်ခုကမှ သူတို့သည် ကောင်းကင်ဖွေရှာ နန်းတော်ထက် ပိုကောင်းကြောင်း မပြောရဲနိုင်ကြပေ။ လိန်ချန်းဟယ်က အကောင်းဆုံးထဲမှ တစ်ခု ပြောရဲသော သတ္တိကောင်း နေသည့် အကြောင်းမှာ ယခုလက်ရှိ အဆင့်ဇယားတွင် ကြီးမြတ်ရန်ကျူးက နံပါတ်တစ် ချိန်ဆွဲထား၍ ဖြစ်သည်။

“တာအို ရောင်းရင်းရွယ် မင်းပြောတာ ငါက လိမ်နေတယ်လို့ ပြောချင်တာလား ...” လိန်ချန်းဟယ် အသံက ချက်ချင်း မာဆတ်ဆတ် ဖြစ်လာလေသည်။

ရွယ်ထုံဇီး ပြန်ချေပဖို့ရာပင် မစောင့်တော့ဘဲ ဘေးမှ မိုဝူကျီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ …

“လိန်ကောင်လေး မင်းဘာသာ လိမ်နေလား၊ မလိမ်ဘူးလား ဆိုတာ ကိုယ့်ဘာသာ ကောင်းကောင်း သိမှာပါ။ မင်းကိုယ်မင်း ယုလင်း လိန်မျိုးနွယ်စုရဲ့ ကိုယ်စား ပြောနေတယ်လို့ ပြောနေပေမဲ့ လိန်မျိုးနွယ်စုရဲ့ မိန်းကလေး အဓမ္မပြုကျင့် ခံရတဲ့ ကျော်မကောင်း ကြားမကောင်း ကိစ္စကို အားလုံးရှေ့ သိအောင် လာကြေညာ နေတာလား … ”

မိုဝူကျီက ထပ်ရှင်းပြရန် ကြိုးစားနေသည့် လိန်ချန်းဟယ်ကို ရပ်ကာ တည့်တည့်သာ ပြောလိုက်တော့သည်။

“မင်းက ဒီက တာအို ရောင်းရင်းဟော်ကို လိုက်ဖမ်းတဲ့ အကြောင်းအရင်းကို အားလုံးကို နားလည် စေချင်လို့တော့ လာမပြောနဲ့ … ကျုပ် ဒီအကြောင်းရင်းကို ကြားကတည်းက ဒီလူအိုကြီးက အန်ချင်နေပြီ။ ကျုပ်သာ မမှားရင် မင်းက လိန်ဟုန်ကျီကို မနာလို ဖြစ်နေတာ မလား ... အပေါ်ယံကသာ သူ့ကို ကူညီဟန်ဆောင် နေပေမဲ့ လက်တွေ့ကျ မင်းက သူ့ခေါင်းပေါ် ချီးတက် ပါနေတာပဲ … ဟုတ်သား မင်းတို့ ယုလင်း လိန်မျိုးနွယ်စု တစ်ခုလုံးက အသုံးမကျတဲ့ -ျီးတွေနဲ့ ပြည့်နေတာပဲ မလား … မင်းတို့ လိန်မျိုးနွယ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကိုက်တာ ပုံမှန်ပါပဲ … ”

မိုဝူကျီက ယုလင်းလိန် မျိုးနွယ်စု အပေါ်တွင် အမြင်ကောင်း မရှိချေ။ သူက လိန်ချန်းဟယ်သည် ဟော်ယွီချန်တွင် ပစ္စည်းကောင်း ရှိ၍ လိုက်ဖမ်းသည်ဟု ထင်မိလိုက်သည်။ ထို့ကြောင့် လိန်ချန်းဟယ်က လိန်ဟုန်ကျီ ဂုဏ်သတင်းကို အသုံးချ၍ ဟော်ယွီချန်ဆီမှ အကျိုးမြတ် ရရန် ကြိုးစားနေခြင်း ဖြစ်ရမည်။

“မင်းက မဟုတ်တာတွေ လျှောက်ပြောနေတာပဲ ...” လိန်ချန်းဟယ်က ဒေါသ ထွက်လာလေသည်။ ကံဆိုးလှစွာ ရွယ်ထုံဇီးက သူ့လမ်းကို ပိတ်ထားသည့် အတွက် မိုဝူကျီနှင့် ရင်ဆိုင်ဖို့ရာ နည်းလမ်း မရှိသေးပေ။

ရွယ်ထုံဇီးက လိန်ချန်းဟယ်၏ ဒေါသကိုပင် ဂရုမစိုက်ပေ။ သူမက မိုဝူကျီဘက် လှည့်ကာ အရိုအသေပေး၍ ပြောလိုက်သည်။

“တာအိုရောင်းရင်း ရှင်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လို့ ပြောတော့ သက်သေရှိလား … ”

သူမ ယဉ်ကျေးနေသည့် အကြောင်းအရင်းမှာ မိုဝူကျီသည် မျက်နှာမည်း ဘုန်းကြီးနှင့် ဆင်တူသည်ဟု ခံစားမိ၍ ဖြစ်သည်။

မိုဝူကျီက ကျောက်စိမ်းပြားကို ထုတ်ယူကာ ပြောလိုက်သည်။

“ဒါက ကျုပ် ကျောက်စိမ်းပြားပါ။ မယုံရင် အနီးကပ် ကြည့်ကြည့်လို့ ရပါတယ် ... ”

ဤနေရာတွင် ရှိနေသာ ကျင့်ကြံသူများမှာ လူတော်များ ဖြစ်သည့်အတွက် သူတို့ ကျင့်ကြံဆင့်မှာ မနိမ့်ပေ။ မိုဝူကျီ၏ ကျောက်စိမ်းပြားမှာ သေးငယ်သော်လည်း သူ ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် ကျင့်ကြံသူ အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၁၂၀၇၆ ၊ အဆင့် ၆ ” ဟူ၍ ပါရှိလေသည်။

ထုတ်ယူလာသည့် ကျောက်စိမ်းပြားသည့် ပတ်ဝန်းကျင်နှင့် တစ်သားတည်း နီးပါး ပေါင်းစပ် သွားလေသည်။ ထိုသည်က ထိုကျောက်စိမ်းပြားသည် အစစ်အမှန် ဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့ရှေ့တွင် ရှိနေသော ကျောင်းသားမှာ အမှန်ပင် ၂၇၀၅ ဖြစ်နေသည်။

“အဲဒါဆိုရင် အစ်ကိုက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပေါ့ ... ကျေးဇူးပြုပြီး ကျုပ် ဟော်ယွီချန် နှုတ်ဆက်တာ ခံယူပေးပါဗျာ … ” သူ့ကို ကူညီပေးသည့် သူက သူအားကျ ရသည့်သူ ဖြစ်ကြောင်း သိသည့်အခါ ဟော်ယွီချန်က အတော်လေး အံ့အားသင့် သွားကာ ချက်ချင်းပင် ယဉ်ကျေးစွာ အရိုအသေ ပေးလိုက်တော့သည်။

သူ့မျက်လုံး ထဲတွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့ရှေ့တွင် ရှိနေသည့် လိန်မျိုးနွယ်စုမှ ခွေးများထက် ပို၍ များစွာ အားကောင်းလေသည်။ နယ်လှည့် ကျင့်ကြံသူက သူ့ကိုယ်သူ အားကိုးကာ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် အဆင့် ၆ အထိ ရောက်လာ နိုင်လေသည်။ ထိုသည်က ကံကောင်းမှု သတ်သတ် မဟုတ်ဘဲ သူ့စွမ်းဆောင်ရည်နှင့် ဒဏ်ခံ နိုင်မှုကြောင့် ဖြစ်လေသည်။

“စီနီယာ ၂၇၀၅ ကို နှုတ်ဆက်ပါတယ် … ”

“စီနီယာက ကျုပ်ရဲ့ အမြဲတမ်း စံပြပါဗျ ... ဒီနေ့ စီနီယာကို တွေ့လိုက်ရတော့ တကယ့်ကို လူအများကြားက နဂါးတစ်ကောင်ပဲဗျာ ... ”

“စီနီယာ ၂၇၀၅ ကျုပ်က ကျုပ်တို့ ရွေကျီးပျံ ဂိုဏ်းကို ကိုယ်စားပြုပြီးတော့ ကျုပ်တို့ ဂိုဏ်းကို လာရောက်ဖို့ ဖိတ်ကြားချင် ပါတယ် ... ”

“စီနီယာကို ဘယ်လိုများ ခေါ်ရမလဲ ... ”

မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိသောအခါ လူအများက မိုဝူကျီအား နှုတ်ဆက်ရန် ရှေ့တက် လာကြသည့် အတွက် လိန်မျိုးနွယ်စုမှ လူအများက ဘေးသို့ ဖယ်လိုက်ကြ ရသည်။ ဖြစ်နိုင်ပါက တချို့ သူများသည် မိုဝူကျီနှင့် ဓာတ်ပုံ တွဲရိုက်ခြင်း သို့မဟုတ် လက်မှတ်ပါ တောင်းခံကြလိမ့်မည်။

ရွယ်ထုံဇီးက အနည်းငယ် စိတ်ပျက်မိ သွားသည်။ သူက ကျင့်ကြံသူ ၂၇၀၅သည် မျက်နှာမည်း ဘုန်းကြီး ဖြစ်လိမ့်မည်ဟု မျှော်လင့် ထားမိသည်။ ကံဆိုးလှစွာ ထိုလူက ကျောက်စိမ်းပြားကို ထုတ်ပြ လိုက်သော်လည်း ထိုလူက မျက်နှာမည်း ဘုန်းကြီး မဟုတ်ပေ။

မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် …

“တာအို ရောင်းရင်းတို့ အားလုံး ထောက်ခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က မင်ရှင်းဟယ်ပါ တာအို ရောင်းရင်းတို့က ကျုပ်ကို ရှင်းဟယ်လို့ ခေါ်လို့ ရပါတယ် … ကျုပ် အရင်ကတည်းက ရောင်းရင်းဟော်နဲ့ ခဏတိုင်း တွေ့ဖူးတဲ့အတွက် သူက ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံပြီးတော့ စိတ်ထားလည်း မြင့်မြတ်တယ်၊ ကြင်လည်း ကြင်နာတတ်မှန်းလည်း သိပါတယ် … သူတို့တွေ ပြောတဲ့ အရိုင်းအစိုင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … တခြား ရှုထောင့်က တွေးကြည့်ရင် လိန်ချန်းဟယ် မျက်နှာကို ကြည့်ကြည့် ပြီးရင် ရောင်းရင်းဟော်ကို ပြန်ကြည့် ကြည့်ကြပါဦး ဘယ်သူက မုဒိမ်းကောင် ဆိုတာ ရှင်းနေပြီပဲ မလား ... ”

မိုဝူကျီတွင် ရန်သူအများအပြား ရှိနေဆဲ ဖြစ်၏။ ထိုသူများထဲတွင် သူ့နောက် လိုက်နေကြသော ဂျင်ယွီနှင့် ရိုးရိုးလေးချီ တို့လည်း ပါဝင်ကြသည်။ ထို့ကြောင့် မိုဝူကျီက သူ့နာမည်နှင့် သူ့အကြောင်းအမှန်ကို ထုတ်မပြောပေ။

“ဟားဟား ...” မိုဝူကျီ စကားကြောင့် ဆယ်ထပ်လုံးရှိ ကျင့်ကြံသူများက ဝက်ဝက်ကွဲ ရယ်မော လိုက်ကြသည်။ လိန်ချန်းဟယ် သွင်ပြင်မှာ ဆိုးရွား လှသည်တော့ မဟုတ်သော်ငြား ဟော်ယွီချန်နှင့် နှိုင်းယှဉ်ပါက အတော်လေး ဆိုးရွား သွားလေသည်။

အပေါ်ယံကို ကြည့်၍ မဆုံးဖြတ်နှင့်ဟု ဆိုရိုးရှိသော်လည်း ပြောသည့်သူ အပေါ် မူတည်သေးလေ၏။ ထို့အပြင် ပြောသည့်သူမှာ ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေသည် မဟုတ်ပါလော ... မိမိတို့မြေ အတွက် နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ခိုက်ပြီး ကျင့်ကြံသူ အများစု၏ စံပြ ဖြစ်နေသေးသည့်သူ ဖြစ်နေလေသည်။ သူ့စကားလုံးများက အကျိုး သက်ရောက်မှုတော့ ရှိလေသည်။

လိန်ချန်းဟယ် တစ်ကိုယ်လုံးက တုန်ယင် နေလေသည်။ သူ့မျက်နှာကား ဒေါသကြောင့် မကျေမနပ် ဖြစ်နေသော်လည်း ဘာမှပြန်၍ မလုပ်ရဲပေ။ အခြေအနေများက မိုဝူကျီကြောင့် ပြောင်းပြန်ဖြစ် သွားလေသည်။ လိန်မျိုးနွယ်စုဝင် ငါးယောက်က မိုဝူကျီနှင့် ဟော်ယွီချန်တို့ နှစ်ယောက်ကို ရင်ဆိုင်သည် မဟုတ်တော့ဘဲ ငါးယောက် အင်မော်တယ် ကျောက်စိမ်း အိမ်တော် တစ်ခုလုံးကို ရင်ဆိုင်သကဲ့သို့ ဖြစ်သွားလေသည်။

“သွားကြစို့ ...” ဟော်ယွီချန်ကို သတ်လို့ မရတော့သည်ကို မြင်ပြီး လိန်ချန်းဟယ်က သူ့အဖွဲ့ဝင် လေးယောက်ကို ခေါ်ကာ လှည့်ထွက်ဖို့ရာ ပြင်လိုက်သည်။

ဟော်ယွီချန်က စိတ်ထဲက သက်ပြင်း ချလိုက်တော့သည်။ သူက မိုဝူကျီကို ကျေးဇူးတင်နေ မိသည်။ အကယ်၍ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကြောင့်သာ မဟုတ်လျှင် သူက လိန်ချန်းဟယ် တို့ဆီ ပါသွားပြီး ဆိုးရွားစွာ သေဆုံး သွားနိုင်သည်။

မိုဝူကျီက လက်တစ်ချက် အဝှေ့ဖြင့် သူ့လက်ထဲတွင် ထျန်းဂျီတုတ်‌ ပေါ်လာလေသည်။

“မင်းက တာအို ရောင်းရင်းဟော်ကို ရှုတ်ချပြီးတော့ သူ့ကို သတ်ဖို့လည်း ကြိုးစားသေးတယ် … အခု မင်းတို့ လုပ်ကြံမှုက ပေါက်ကြားသွားတော့မှ ဒီအတိုင်း ထွက်သွားလို့ ရရိုးလား …”

အကယ်၍ ဤနေရာတွင် ဘဝသစ် ပြောင်းလာသည့် မိုဝူကျီ ဖြစ်နေပါက သူသည် သေချာပေါက် ထိုကိစ္စကို ထပ်၍ မပြောတော့ဘဲ လိန်ချန်းဟယ်ကို ထွက်သွား ခိုင်းလိုက်မည်။ သို့သော်လည်း ယခုတွင် မိုဝူကျီက အရေးကြီးသည့် ဘဝသင်ခန်းစာကို သင်ယူပြီးသည့် အတွက် တစ်ယောက်ကမှ မင်းကို ယဉ်ကျေးတယ် ဒါမှမဟုတ် ပြဿနာ ရှာနေသည်ဟု မတွေးကြပဲ သူတို့က မင်းကို လူကြောက်ဟုသာ ထင်ကြလိမ့်မည်။

မိုဝူကျီ လက်ထဲမှ သံမဏိတုတ်ကို မြင်ပြီး ဟော်ယွီချန် မျက်လုံးထဲတွင် အရောင်ဖြတ်ပြေး သွားသည်။ သူက နောက်ဆုံးတွင် ထိုကျင့်ကြံသူ ၂၇၀၅က အဘယ်ကြောင့် သူ့ဘက်က ရပ်တည် ပေးခဲ့ကြောင်းကို နားလည် သဘောပေါက် သွားတော့သည်။ ကြည့်ရသည်မှာ ထိုလူက မိုဝူကျီ ဖြစ်နေလေသည်။ သူက မိုဝူကျီသည် သာမန်ထက် ထူးခြားမှန်း သိသော်လည်း တစ်နှစ်၊ နှစ်နှစ်အတွင်း မိုဝူကျီ ဤမျှအထိ တက်လှမ်း လာနိုင်လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။

ထိုသည်က ဒုတိယအချက် ဖြစ်သည်။ အရေးကြီးဆုံးက သူက မိုဝူကျီကို ကောင်းကောင်း ခန့်မှန်း နိုင်ခဲ့ခြင်း ဖြစ်သည်။ သူကား လူမှန်နှင့် မိတ်ဆွေ ဖြစ်ခဲ့ရသည်။

“တကယ်ကို ရှင်ပဲကိုး …” ရွယ်ထုံဇီး မျက်လုံးများက လင်းလက်လာကာ …

“စီနီယာရှင်းဟယ် ကျွန်မတို့ အရင်က တွေ့ဖူးတယ် မလား … မိန်းကလေး ယန်အာကို ကယ်တင်ပေးဖို့ ကိုယ့်အသက်ကိုတောင် စတေးခဲ့ပြီး စီနီယာ ကျင်းဝမ်ကိုလည်း စစ်မှန်ခြင်း နတ်ဘုရား အဆင့်က နှာကောက်ကို သတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ တစ်ယောက်မလား … ” ထိုစဉ် ရွယ်ထုံဇီးက မိုဝူကျီကို မေးခွန်းများ ဆက်တိုက် ထုတ်လိုက်တော့သည်။

မိုဝူကျီက အသာလေး ပြုံးကာ လက်နှစ်ဖက် ယှက်လျက် …

“ဟုတ်ပါတယ် ... ကျုပ်က မျက်နှာမည်း ဘုန်းကြီးပါပဲ ... အဲဒီတုန်းက ရုပ်ဖျက်ထားလို့ပါ ... ”

ဘေးမှ ဟော်ယွီချန်က အသာပြုံးမိ သွားသည်။ မိုဝူကျီက ထိုအချိန်၌ သွင်ပြင်ကို ပြောင်းထားခဲ့ရုံ သာမက ယခုတွင်လည်း ရုပ်ဖျက်ထားဆဲ ဖြစ်သည်။

ရွယ်ထုံဇီးက တောက်တော်ပပ ပြုံးကာ လူအုပ်ကြီးဆီ လှည့်၍ …

“တွေ့တယ်မလား ... ကျွန်မပြောတာ မှန်တယ် ... ”

မိုဝူကျီနှင့် ရွယ်ထုံဇီးတို့ ကြားမှ စကားဝိုင်းကို ကြားပြီး လူအုပ်ကြီးက ချက်ချင်းပင် အသက်ဝင် လှုပ်ရှားလာကြသည်။

“စီနီယာ ရှင်းဟယ်က တကယ်ပဲ ဆေးလုံးဆရာ ကျင်းဝမ်ကို စစ်မှန်ခြင်း နတ်ဘုရား အဆင့်က သူကို သတ်နိုင်ဖို့ ကူညီပေးခဲ့တာလား … ”

“စီနီယာ ရှင်းဟယ်ကို နယ်ခြား ကျင့်ကြံသူတွေ ရာကျော် ဝိုင်းထားတုန်းက ဘယ်လိုများ တိုက်ပြီး ထွက်လာ နိုင်ခဲ့တာလဲ … ”

“စီနီယာ ရှင်းဟယ်က ထွက်ဖို့ရာ လိုလို့လား ... စီနီယာ ရှင်းဟယ်က နယ်ခြား ကျင့်ကြံသူတွေကို တစ်ယောက်ချင်းစီကို သတ်ပြီးတော့ ဖြည်းဖြည်းချင်း ထွက်လာတာပေါ့ … ”

လူအုပ်ကြီးက မိုဝူကျီကို ဝန်းရံ ထားကြပြီး တစ်ခုပြီး တစ်ခု မေးမြန်း နေကြသည်။

ရွယ်ထုံဇီးက လက်ကိုမြှောက်ကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။

“တာအိုရောင်းရင်း အပေါင်းတို့ စီနီယာ ရှင်းဟယ်က ကျွန်မတို့ နေရာကို ကာကွယ်ဖို့ အသက်ကို ပဓာန မထားဘဲ တိုက်ခိုက်ခဲ့ရုံတင် မဟုတ်သေးဘူး ... သူက သေရမှာ မကြောက်ဘဲ သူ့အသက်ကို စတေးပြီးတော့ သူစိမ်းကိုတောင် ကယ်တင် ပေးသေးတယ်။ ကျွန်မတို့ မျိုးဆက်ထဲ စီနီယာ ရှင်းဟယ်ကို စံပြအဖြစ် မှတ်ယူ ထားသင့်တယ်။ ကျွန်မ ရွယ်ထုံဇီးက အားလုံးရဲ့ ရှေ့မှာ ကြေညာချင် ပါတယ် ဒီနေ့က စပြီးတော့ စီနီယာ ရှင်းဟယ်က ကျွန်မရဲ့ တာ့ရှီရှုန်းပဲ (အစ်ကိုကြီး) … ”

“ဒီနေ့က စပြီးတော့ စီနီယာ ရှင်းဟယ်က ကျုပ်ရဲ့ တာ့ရှီရှုန်းပဲ … ” များပြားစွာသော ကျင့်ကြံသူ အသံများက ထွက်ပေါ် လာလေသည်။

တာ့ရှီရှုန်းလား ... မိုဝူကျီက ရုတ်တရက် စိတ်ထဲတွင် တွေးမိလိုက်သည်က ‘ငါက မျောက်နဲ့ တူနေလို့လား’ ဟူ၍ ဖြစ်သည်။

မှတ်ချက်။ ။ စွန်းဝူခုန်းသည် မျောက်ဘုရင် ဖြစ်ပြီးတော့ အနောက်ဘက်သို့ ခရီးသွားခြင်းတွင် ဘုန်းကြီးဆီမှ တပည့် သုံးယောက်ထဲ၌ အကြီးဆုံးတပည့် ဖြစ်လေသည်။ ကျန်နှစ်ယောက်မှာ ကျူပါးကျဲနှင့် ရှားဝူကျင့်တို့ ဖြစ်ကြသည်။

***

All Chapters