ကျုပ်တို့က တစ်ဖွဲ့သားတည်း ပဲလေ
Vol. 15 Ch. 198
မိုဝူကျီက သူ့လက်ထဲမှ ထျန်းဂျီတုတ်ကို ကြည့်ပြီး လေပူများ မှုတ်ထုတ် လိုက်တော့သည်။ ကြည့်ရသည်မှာ သူက အမှန်တကယ်ကို တာ့ရှီရှုန်း ဖြစ်နေလေပြီ။
(မှတ်ချက် ။ ။ စွန်းဝူခုန်း၏ လက်နက်သည်လည်း တုတ်ဖြစ်သည်။)
လိန်ချန်းဟယ်နှင့် သူ့လူများက ခိုးကြောင်ခိုးဝှက် ထွက်ပြေးသည်ကို မြင်ပြီး မိုဝူကျီက သူ့တို့ကို ခေါ်မနေတော့ဘဲ လက်ဟန် တချို့သာ ပြုလုပ် လိုက်တော့သည်။ လျှပ်စီးအလုံး ဖြစ်ပေါ်လာပြီး လွင့်စဉ် သွားလေသည်။ လျှပ်စီးအလုံးက လမ်းကြောင်းပင် မမြင်လိုက်ရဘဲ လိန်ချန်းဟယ် ခြေထောက် အောက်နားတွင် ပေါက်ကွဲ သွားတော့သည်။
လိန်ချန်းဟယ်နှင့် အပေါင်းအပါများသည် ရုတ်တရက် တိုက်ခိုက် ခံလိုက်ရပြီး အများစုက လူအုပ်ထဲမှ ကျင့်ကြံသူ တစ်ယောက်က မိုဝူကျီကို တိတ်တဆိတ် ကူညီပေးနေ သည်ဟု တွေးလိုက်ကြသည်။ တစ်ယောက်က စပြီး အလုံးပစ်လွှတ် လိုက်သည်မှ စ၍ ကျင့်ကြံသူ အများအပြားက သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်များနှင့် တိတ်တခိုး ပစ်လွှတ် ကြတော့သည်။ ကျင့်ကြံသူ အများအပြားက ဆက်တိုက် တိုက်ခိုက်သောကြောင့် အင်မော်တယ် ကျောက်စိမ်းအိမ်တော် တစ်ခုလုံးက တုန်ခါ လာလေသည်။ ထိုသို့ ရှုပ်ထွေးနေစဉ် လိန်ချန်းဟယ် မျက်ခုံး နှစ်ခုကြား နဖူးတွင် အနက်ရောင် လက်သည်း ထိုးဖောက် သွားလေသည်။ သူက အသက်ရှင်ဖို့ရာ အရှုံးပေး လိုက်ရတော့သည်။ အခြားသော လိန်မျိုးနွယ်စုမှ လေးယောက်က သူတို့ဆီ တိုက်ခိုက်မှုများကို အကောင်းဆုံး ကာကွယ်ပြီး ထွက်ပြေး သွားကြတော့သည်။
“ရပ်ကြစမ်း ...” အသံမာမာ ထွက်ပေါ် လာပြီးနောက် ဖိအားပြင်း တစ်ခုက ဖိနှိပ် ထားလေသည်။ အနီရောင် ဝတ်ရုံနှင့် အမျိုးသားက တစ်ဝက်လောက် ပျက်စီးနေပြီ ဖြစ်သည့် အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ ဆင်းလာလေသည်။
ဤလူ၏ ကျင့်ကြံဆင့်မှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်မှာရှိသည့် နှာကောက်ထက် ပိုမြင့်လေသည်။ မိုဝူကျီသာ မဟုတ်ပေ။ ခန်းမတွင် ရှိနေသော အားလုံးက သူတို့ အပြုအမူများကို ရပ်လိုက် ကြတော့သည်။
“ကျုပ်ရဲ့ အင်မော်တယ် ကျောက်စိမ်း အိမ်တော်က ယန်မြို့တော်မှာ နံပါတ်တစ် အနားယူရာ နေရာပဲ … ကျုပ် ကျောက်စိမ်း အိမ်တော်အတွင်း တိုက်ခိုက်တာက အတော်လေး အဆင်မပြေဘူး ... ” အနီရောင် ဝတ်စုံနှင့် အမျိုးသား ပေါ်လာပြီးနောက် သူက မကျေနပ်သည့် အသံနှင့် ပြောလိုက်သော်လည်း ဒေါသတော့ မပေါက်ကွဲသေးပေ။
မိုဝူကျီက အလျင်အမြန် ရှေ့တက်လာကာ …
“စီနီယာကို နှုတ်ဆက် ပါတယ်ဗျ … ကျွန်တော်က အဲဒီကိစ္စကို မတွေးမိလိုက်ဘူး အတွေးတိမ် သွားတဲ့အတွက် ခွင့်လွှတ်ပေးပါဗျာ ... ကျေးဇူး ပြုပြီးတော့ အင်မော်တယ် ကျောက်စိမ်း အိမ်တော်က အပျက်အစီးတွေ တန်ဖိုးအားလုံးကို ကျွန်တော်ထဲ မှတ်ထားလိုက်ပါ ... ”
ထိုလိန်ချင်းဟယ်က အသတ် ခံလိုက်ရပြီ ဖြစ်ကာ မိုဝူကျီက လိန်ချင်းဟယ် ခေါင်းထဲ ဖောက်ထွင်းသွားသည့် အနက်ရောင် လက်သည်းသည် မည်သည့်နေရာမှ ရောက်လာမှန်း သိသည်။ ထိုသည်က ဟော်ယွီချန်ဆီမှ ဖြစ်၏။ ယခု သူက သူ့ရည်မှန်းချက် ပြည့်သွားပြီ ဖြစ်သော်လည်း လူတစ်ယောက်၏ အင်မော်တယ် ကျောက်စိမ်း အိမ်တော်ကို ဖျက်ဆီးမိသွား၍ ပြန်လည်ပေးဆပ် ရမည်။ သူ့က စိတ်စွမ်းအင် ကျောက်တုံး တချို့ကို အလွယ်တကူ ပေးချေ နိုင်လေသည်။
“မဟုတ်ပါဘူး ကျုပ်တို့အားလုံး တာဝန်ရှိတာပဲလေ အတူတူ ဖြေရှင်းကြတာပေါ့ …” မိုဝူကျီ စကားများ ကြားသောအခါ ကျင့်ကြံသူ အများအပြားက ရှေ့ထွက်လာကာ သူတို့ သဘောမတူကြောင်း ပြောဆိုကြသည်။
အနီရောင် ဝတ်စုံနှင့် အမျိုးသား အကြည့်က မိုဝူကျီဆီ ရောက်လာပြီး …
“မင်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လား ... ”
မိုဝူကျီက လက်နှစ်ဖက် ယှက်လျှက် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်ဗျ ... ”
အနီရောင် ဝတ်စုံနှင့် အမျိုးသားက ရှားရှားပါးပါး အပြုံးလေး ပြုံးလိုက်ရင်း …
“မင်းက အင်ပါယာ ငါးခုလုံးရဲ့ စံပြပဲ ... မင်းတို့ မျိုးဆက် ကျင့်ကြံသူ တော်တော် များများက မင်းကို သူတို့ရဲ့ စံပြ နမူနာအဖြစ် သတ်မှတ် ထားကြတာ ... မဆိုးဘူး ... ကျုပ်ရဲ့ အင်မော်တယ် ကျောက်စိမ်း အိမ်တော်ကပဲ ဒီအရှုံးကို လက်ခံလိုက်ပါ့မယ် … ပြန်ပေးရမဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မတွေးပါနဲ့တော့ … ”
ထိုသို့ ပြောပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသားက လက်ကို ဝှေ့ပြကာ ပြောလိုက်သည်။
“အားလုံးပဲ အခု အင်မော်တယ် ကျောက်စိမ်း အိမ်တော်ကနေ ခဏ ထွက်သွားပေးကြပါ … ပြန်ပြင်လို့ မပြီးစီးခင် အထိ စောင့်ပေးကြပါ ... ပြီးရင် ပြန်လာပြီး လက်ဖက်ရည် ပြန်သောက်လို့ ရပါပြီ ... ”
အစမှအဆုံး အနီရောင် ဝတ်စုံနှင့် အမျိုးသားသည် လိန်ချန်းဟယ် သေဆုံးခြင်းက ဘာမှမဟုတ် သကဲ့သို့ လိန်မျိုးနွယ်စု အကြောင်း တစ်ခုမှ ပြောမသွားပေ။
“ဟုတ်ပါပြီဗျ …” ကျင့်ကြံသူ အုပ်စုလိုက်က သူတို့၏ သဘောတူမှု ဖော်ပြပြီးနောက် အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ ထွက်သွား ကြတော့သည်။
မိုဝူကျီက တိတ်တဆိတ် ထိုလူကို ချီးကျူး လိုက်မိသည်။ အနီရောင် ဝတ်စုံနှင့် အမျိုးသား စကားနောက်ကွယ်မှ ရိုးသားမှုက မည်သို့ပင် ဖြစ်နေစေကာမူ သူသည် သူ့၏ အင်မော်တယ် ကျောက်စိမ်း အိမ်တော်ကို ကြေညာဖို့ရန် မိုဝူကျီနာမည်ကို အသုံးပြုမှာ မလွဲဧကန်ပင် ဖြစ်သည်။ အင်မော်တယ် ကျောက်စိမ်း အိမ်တော် ပြင်ဆင် ပြီးသည်နှင့် ပို၍ ကျော်ကြားလာမှာ သေချာပေါက် ဖြစ်သည်။
“ဒါနဲ့ မင်းက ယန်မြို့တော်မှာ ကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့တာ ဆိုတော့ ယန်မြို့တော်ရဲ့ ဥပဒေအရ မင်းက အပြစ်ပေး ခံရလိမ့်မယ်။ ဒါပေမဲ့ ငါက မင်းကို ကူညီပေးထား ပြီးပြီဆိုတော့ စိုးရိမ်စရာ မလိုတော့ပါဘူး ...” မိုဝူကျီ အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ ထွက်လာသည့် အခိုက်အတန့်တွင် အနီရောင် ဝတ်စုံနှင့် အမျိုးသား အသံကို နားထဲ ကြားလိုက်ရသည်။
မိုဝူကျီက နှလုံးခုန်ပင် မြန်သွားကာ ချက်ချင်းလှည့်၍ အင်မော်တယ် ကျောက်စိမ်း အိမ်တော်ဘက်ကို ဦးညွှတ်ပြ လိုက်သည်။ သူက တစ်ခွန်းမျှ မပြောသော်လည်း ထိုအနီရောင် ဝတ်စုံနှင့် အမျိုးသားသည် မိုဝူကျီဆီမှ ထောက်ခံမှု ရသွားကြောင်း သိသင့်၏။
“ရောင်းရင်းတို့ ကူညီပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် … အခုတော့ အားလုံးကို နှုတ်ဆက် ရဦးမယ်ဗျ ...” မိုဝူကျီက လူအုပ်ကြီးကို လှည့်၍ သူတို့၏ ကူညီမှုများကို အသိမှတ် ပြုသည့်ဟန်ဖြင့် နှုတ်ဆက် လိုက်လေသည်။
“အစ်ကိုကြီး ဂရုစိုက်ပါ … ”
“အစ်ကိုကြီး ယန်အာက ကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်ခွင့်ကို စောင့်မျှော် နေပါတယ်” ရွယ်ထုံဇီးက အမြန်အဆန် ပြောလိုက်သည်။
“အစ်ကိုကြီး … ”
“…”
နှုတ်ဆက်မှု အမျိုးမျိုးဖြင့် မိုဝူကျီကို ပြောကြား လိုက်ကြသည်။ မိုဝူကျီက သူ့ကျေးဇူးတင်မှုကို နောက်တစ်ကြိမ် ဖော်ပြပြီးနောက် ယန်မြို့တော် ကွက်လပ်မှ ဟော်ယွီချန်နှင့် အတူ ထွက်သွားတော့သည်။
နာရီဝက် အကြာတွင် မိုဝူကျီနှင့် ဟော်ယွီချန်တို့သည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အမှတ်လဲလှယ်ရေး ခန်းမသို့ ရောက်ရှိ လာကြသည်။
“ညီလေးမို မင်းကူညီပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ မဟုတ်ရင် ငါတော့ လိန်မျိုးနွယ်စု လက်ချက်နဲ့ ဒီနေ့ သေမှာပဲ …” ယခုမှသာ ဟော်ယွီချန်က မိုဝူကျီကို ကျေးဇူးတင် စကားဆိုရန် အခွင့်အရေး ရလေသည်။
မိုဝူကျီက အသာ ပြုံးလိုက်ရင်း ဟော်ယွီချန် ပခုံးကို ပုတ်ကာ …
“အစ်ကိုဟော် ကျုပ်တို့က တစ်ဖွဲ့တည်း သားတွေပဲလေ …”
ထိုသည်က ဟော်ယွီချန် သုံးခဲ့သည့် စကားများ ဖြစ်သည်။ ယခုတွင် ပြောသည့်သူကား မိုဝူကျီ ဖြစ်နေလေပြီ။
ဟော်ယွီချန်က ဟက်ဟက်ပက်ပက် မရယ်မောခင် အနည်းငယ် ကြောင်သွားလေသည်။
“ငါတို့က တစ်ဖွဲ့တည်း သားတွေတင် မဟုတ်ဘူး မိတ်ဆွေတွေပဲ ... ”
တချို့သော အရာများက များစွာ ပြောဖို့ မလိုအပ်ပေ။ မိုဝူကျီ၏ ကျင့်ကြံဆင့် နိမ့်ပြီး တောက်ပသည့် အနာဂတ် မရှိစဉ်ကတည်းမှ ဟော်ယွီချန်သည် မိုဝူကျီကို နှိမ်ချ မကြည့်ပေ၊ ထို့အပြင် သူ့ကိုများစွာ ကူညီပေးခဲ့ သေးသည်။
ဟော်ယွီချန်ကို လိန်မျိုးနွယ်စုမှ လိုက်ဖမ်းပြီး စကားလုံးများနှင့် လှောင်ပြောင်သည့် အခါတွင်လည်း မိုဝူကျီက ရှေ့ထွက် လာဖို့ရန် တွန့်ဆုတ် မနေပေ။ သူက ဟော်ယွီချန်ကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။
တစ်ခါတစ်ရံတွင် မိတ်ဆွေများက အရမ်း ရိုးရှင်းလေသည်။ စကားလုံးများစွာ မလိုအပ်သလို မျက်နှာသာ ပေးမှုများလည်း မလိုအပ်ပေ။ သူတို့က မင်းကို အလိုအပ်ဆုံး အချိန်တွင် ဘေးတွင် ရှိနေဖို့သာ လိုအပ်လေသည်။
“ညီလေးမို ဒါ မင်းအတွက် ...” ဟော်ယွီချန်က သားရေစာလိပ်စုတ် တစ်ခုကို ထုတ်ယူပြီး မိုဝူကျီကို ပေးလိုက်သည်။
မိုဝူကျီက သားရေစာလိပ်ကို လက်ခံလိုက်ပြီး နားမလည်စွာ မေးလိုက်သည်။
“ဒါက ဘာများလဲ ... ”
“လိန်ချင်းဟယ် ငါ့ကို သတ်ချင်တဲ့ အကြောင်းရင်းပေါ့ ... ” ဟော်ယွီချန်က အားရပါးရ ရယ်မောလိုက်သည်။
“ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးရဲ့ ဒုတိယပုံစံ ...” မိုဝူကျီက စာလိပ်အပြဲမှ အကြောင်းရာကို သေချာ မြင်လိုက်ရသည်။ သူက ပြုံးနေသည့် ဟော်ယွီချန်ကို မော့ကာ အံ့ဩတကြီး ကြည့်လိုက်သည်။
ဟော်ယွီချန်က နည်းနည်း ကိုးရိုးကားရား ဖြစ်စွာ ပြောလိုက်သည်။
“ငါ့မှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်တုန်းက လေလံပွဲ ကျင်းပတဲ့ သူတွေနဲ့ နည်းနည်း အဆက်အသွယ် ရှိတယ် ... အဲဒါကြောင့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးရဲ့ ပထမပုံစံကို ဝယ်သွားတာ မင်းဆိုတာကို သိထားတယ်။ ဒီဒုတိယပုံစံကို ရပြီးတော့ မင်းအတွက် သိမ်းပေးထားတာ ... လိန်ချန်းဟယ်က ဒီဟာကို လိုချင်ပြီးတော့ ငါ့ကို သတ်ဖို့ ကြိုးစားမယ် လို့တော့ မထင်မိဘူး … ပြီးတော့ လက်ဖက်ရည် အိမ်တော်မှာ မင်းမှန်းတာ မှန်တယ်။ လိန်ချန်းဟယ်က အစက လိန်မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ … ဒါပေမဲ့ နောက်ပိုင်းကျတော့ လိန်မျိုးနွယ်စုခွဲမှာ အသာလွန်ဆုံး လျှပ်စီး ဝိညာဉ်ကြောနဲ့ လိန်ဟုန်ကျီ ပေါ်လာခဲ့တယ်။ သူ့ရဲ့ နံပါတ်တစ်နေရာက လိန်ဟုန်ကျီဆီ ပါသွားရော အဲဒါကြောင့် လိန်ချန်းဟယ်က သဘောမကျဘူး။ တကယ်လို့ သူသာ ဒီဒုတိယပုံစံကို ရခဲ့ပြီးတော့ သူ့ရန်လိုတတ်တဲ့ စရိုက်နဲ့ ပေါင်းလိုက်ရင် သူ့အတွက် လိန်မျိုးနွယ်စုက ထောက်ပံ့မှုတချို့ မရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ … ”
“အဲဒါကြောင့် အစ်ကိုဟော်ကို လိန်ဟုန်ကျီရဲ့ သတို့သမီးလောင်းကို အဓမ္မ ကျင့်ပါတယ် ဆိုပြီး စွပ်စွဲတာလား … ”
ဟော်ယွီချန် အသံက ပိုပျော့ပျောင်း လာပြီး …
“လိန်ဟုန်ကျီရဲ့ သတို့သမီးလောင်းက တကယ် အဓမ္မကျင့် ခံခဲ့ရတာ … ပြီးတော့ အဲဒီလို လုပ်သွားတဲ့သူက တခြားသူ မဟုတ်ဘူး။ လိန်ချန်းဟယ်ပဲ … လင်းရှုကျဲ့ရဲ့ အစ်မနဲ့ အမေကိုလည်း နှုတ်ပိတ်ခဲ့ သေးတာ ... ပြီးတော့ ဒီဒုတိယပုံစံကို လင်းရှုကျဲ့ဆီက ရထားတာ ... ”
မိုဝူကျီက ဟော်ယွီချန် အမူအရာ ပြောင်းသွားသည်ကို သတိပြုမိ၍ နောက်ကွယ်မှ လျှို့ဝှက်ချက်များ ရှိရမည်ဟု မှန်းဆလိုက်သည်။ သို့သော်လည်း ဟော်ယွီချန်က ဆက်ပြောမည့်ပုံ မပေါ်သောကြောင့် မိုဝူကျီက ဆက်၍ မမေးတော့ပေ။
ဟော်ယွီချန်က ခေါင်းစဉ်ပြောင်း ပြောလိုက်သည်။
“ညီလေးမို ... နယ်ခြား ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖို့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က သွေးတွေချွေးတွေ အများကြီး ရင်းနှီး ထားကြတာ ... ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ထဲ ပါတဲ့ ဂိုဏ်းတွေ အားလုံးက သူတို့ရဲ့ အကောင်းဆုံး အရာတွေ ပေးထားကြတာ … သူတို့ရဲ့ ကျင့်စဉ်တွေ၊ မှော်ရတနာတွေ၊ သတ္တုပစ္စည်းတွေ အစုံပဲ … မင်းမှာ အမှတ်တွေ အများကြီး ရှိတာဆိုတော့ သွားရွေးတဲ့ အခါကျ သေချာ ဂရုတစိုက်ရွေးဖို့ လိုတယ် ... အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့ … ငါလည်း မြန်မြန် ထွက်သွားဖို့ လိုတယ်။ ပြီးတော့ မှတ်ထားရမှာက မင်းကိုယ်မင်း ဒီမြို့က ထွက်သွားတာနဲ့ ရုပ်ဖျက်ဖို့ လိုလိမ့်မယ်။ အဲဒီ လိန်မျိုးနွယ်စုက ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး ပြီးတော့ ငါတို့အတူတူ ထွက်သွားရန် ပိုပြီးတော့ အန္တရာယ် များလိမ့်မယ်။ တစ်ရက်အကြာ မင်းကြိုက်တာ မတွေ့ရင် ချက်ချင်း ယန်မြို့တော်က ထွက်သွားနော် ... လိန်မျိုးနွယ်က အဆင့်မြင့် ကျင့်ကြံသူတွေက ဒီကို ရောက်လာဖို့ အကြမ်းဖျင်း နှစ်ရက်လောက် ကြာမှာ … အဲဒါကြောင့် မင်းကိုယ်မင်း ထွက်ပြေးဖို့ တစ်ရက် အချိန်ရမယ် ... ”
“ကျွန်တော် သိပါပြီ … အစ်ကိုဟော်လည်း ဂရုစိုက်ပါ ...” မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။
“ဟုတ်ပြီ အဲဒါဆို ငါအရင် သွားနှင့်ပြီနော် ... ပြီးတော့ အင်မော်တယ် ကျောက်စိမ်း အိမ်တော်က ကျင့်ကြံသူက လျန်ဟယ်ကျိုးတဲ့ ...” ထိုသို့ ပြောပြီး ဟော်ယွီချန်က ထွက်သွားတော့သည်။
“အမှတ် ၁၀၀၀နဲ့အောက်ကို ဒီနေရာ ဝင်ခွင့်မပြုဘူး ...” မိုဝူကျီက အမှတ် လဲလှယ်ရေး ခန်းမအတွင်းပင် မဝင်ရသေးခင် အပေါက်ဝတွင် ထိုင်နေသည့် လူအိုကြီးက ခေါင်းပင် မော့မကြည့်ဘဲ ပြောလိုက်လေသည်။
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ပြပြီး လှမ်းပေးကာ …
“ဂျူနီယာ အမှတ်က တစ်ထောင် ကျော်ပါတယ်ဗျ ... ” လူအိုကြီးက ကျောက်စိမ်းပြားကို လက်မခံခင် မိုဝူကျီကို မော့ကြည့်လိုက်သည်။ သူက ကျောက်စိမ်းပြားကို မိုဝူကျီဆီ ချက်ချင်း ပြန်ပေးလိုက်ပြီး ခေါင်းညိတ်ပြကာ …
“မဆိုးဘူး မင်း ဝင်လို့ ရပြီ ... ”
“ကျေးဇူး အများကြီး တင်ပါတယ် … ” မိုဝူကျီက လေးစားစွာ အရိုအသေ ပေးလိုက်သည်။
လူအိုကြီးက ကြင်နာ ရိုးသားသည့်ပုံ ပေါ်သော်လည်း မိုဝူကျီက ထိုလူ့ဆီမှ ဖုန်းကျန့်ချိုးထက် များသည့် အန္တရာယ်ကို ခံစားမိနေသည်။
ဖုန်းကျန့်ချိုးက ဘယ်လို လူစားမျိုးလဲ … သူက ကောင်းကင်ဖွေရှာ နန်းတော် ဒုတိယဂိုဏ်း ခေါင်းဆောင် ဖြစ်ရုံတင်မက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူလည်း ဖြစ်သေး၏။ ဤလူအိုကြီးက ဒုတိယ ဂိုဏ်းချုပ်ဖုန်းထက် ကြောက်စရာ ပိုကောင်းသည်။ ဘယ်အဆင့်များ ရောက်နေပြီလဲ …
လူအိုကြီးနောက်မှ တံခါးကား ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ အထဲတွင် မှောင်ပိန်း နေလေ၏။ မိုဝူကျီက တံခါးထဲ အမြန်အဆန် ဝင်သွား လိုက်တော့သည်။ ဤလူအိုကြီးက ကြောက်စရာ ကောင်းရုံသာမက မိုဝူကျီက သူ့လက်ရှိ အခြေအနေဖြင့် တစ်မိနစ်လောက်ပင် အချိန် မဖြုန်းတီးချင်ပေ။
မိုဝူကျီ ဝင်သွားပြီး နောက်တွင် တံခါးက ပိတ်သွားတော့သည်။ အထဲတွင် ဘောလုံးကွင်း ခုနစ်ခု ရှစ်ခုစာ ကျယ်ဝန်းသော ခန်းမ အရွယ်အစား ရှိလေသည်။
အပြင်မှ ကြည့်လျှင် မှောင်မည်း နေသော်လည်း သူ ဝင်သွားသည့်အခါ အလင်းရောင် မှိန်ဖျော့ဖျော့ ရှိနေသည်။
ကျယ်ဝန်းလှသည့် နေရာကို အပိုင်းများ ခြားထားပြီး ထိုအပိုင်း တစ်ခုချင်းစီတွင် အမည်များ တပ်ထားလေသည်။ ရှေ့ဆုံးတန်းရှိ လက်ယာဘက်တွင် ကျင့်စဉ်များ ရှိသည်။
နေရာ တစ်ခုလုံးကို မျက်လုံးဝေ့ကြည့် လိုက်ပြီး သူက စာအုပ်စင် အများအပြားနှင့် သားရေစာလိပ် အမျိုးမျိုး၊ ကျောက်စိမ်း ပေလွှာနှင့် ကျင့်စဉ်တောင်ပုံ ရာပုံကို တွေ့လိုက်ရသည်။ သို့သော်လည်း ဤနေရာတွင် ကျင့်စဉ် ကူးပြောင်းရေး သလင်းကျောက် များများစားစား မမြင်မိသဖြင့် အနည်းငယ် စိတ်ပျက်မိ သွားသည်။
မိုဝူကျီက ကျင့်စဉ် ကူးပြောင်းရေး သလင်းကျောက်ကို အလိုရှိ၍ မဟုတ်ပေ။ တကယ်တော့ သူက ထိုသို့ ကြံရွယ်ချက်ပင် မရှိချေ။ ထို့အပြင် သလင်းကျောက်မှာ တစ်ခါသာ အသုံးပြု နိုင်လေသည်။ အသုံးပြုပြီးပါက အသုံးမဝင် ဖြစ်လာလိမ့်မည်။
ဤနေရာတွင် ကျင့်စဉ် ကူးပြောင်းရေး သလင်းကျောက် တချို့ ရှိနေခြင်းမှာ ဂိုဏ်းတော်တော် များများက သူတို့၏ အကောင်းဆုံး ပစ္စည်းများကို ဤနေရာတွင် မထားကြောင်း ဆိုလိုနေခြင်းသာ မဟုတ်ပါလော … ဟော်ယွီချန် ပြောသည့် ဂိုဏ်းများက အကောင်းဆုံး အရာတွေ ပေးကမ်း ထားသည်ဟု ပြောခြင်းက အပြည့်အဝ မမှန်ကန်လောက်ပေ။
မိုဝူကျီက ကျင့်စဉ် ထားထားသည့် အပိုင်းကို ဝင်သွားလိုက်ကာ ထိုကျင့်စဉ်များက ဖြစ်သလို စီထားခြင်း မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ထို့အစား သူတို့ကို ဂိုဏ်းများအရ ခွဲထားပြီး ဂိုဏ်းများ၏ ကျင့်စဉ်များကို နေရာ တစ်ခုတည်းတွင် ထားထားပြီး ဂိုဏ်းနာမည် တပ်ထားလေသည်။
မိုဝူကျီက တိကျသော ရည်ရွယ်ချက် ရှိ၍ အင်မော်တယ် မော်တယ် ကျင့်စဉ်ကိုသာ ဆက်ရှာလိုက်သည်။ ထိုသို့ ရှာမတွေ့ပါက အကောင်းဆုံး ကျင့်စဉ်ကို ရှာဖွေရမည်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး သူက အကောင်းဆုံး ကျင့်စဉ်ပင် အမှတ်ရာဂဏန်း အတွင်းသာ ရှိကြောင်း တွေ့လိုက်သည်။ အမှတ် ထောင်ကျော်သည့် ကျင့်စဉ်က အတော်လေး ရှားပါး၏။
ထိုသို့ ကျင့်စဉ် အများအပြားကို မြင်လိုက် ရသည့်အခါ တခြား ကျင့်ကြံသူ တစ်ယောက် ဆိုပါက စာအုပ် တစ်အုပ်ချင်းစီကို သေချာ လှန်လှောကြည့်ဖို့ ရက်အတော်ကြာ ကြာသွားလိမ့်မည်။ သို့သော် မိုဝူကျီတွင် ကောင်းချက်တစ်ခု ရှိသည်။ သူက စာအုပ်တိုင်းကို လှန်ကြည့်စရာ မလိုအပ်ပေ၊ သူက စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို စစ်ဆေး ကြည့်လိုက်သည်။ အင်မော်တယ် မော်တယ် နာမည် ရှိသရွေ့ သူလိုချင်နေသည့် ကျင့်စဉ် ဖြစ်လိမ့်မည်။
***