လူသားအဆင့်လွန်ဆုံး အဆင့်
Vol. 15 Ch. 201
“ဂိုဏ်းချုပ်တူ ...” မသေမချာ အသံတစ်ခုက ရုတ်တရက် ဝင်ရောက်လာကာ တူရှီချင်းက အတွေးဆက်များကို ဖြတ်တောက် လိုက်လေသည်။
တုရှီချင်းက လှည့်ကြည့် လိုက်သည့်အခါ ကုန်သည်အိမ်တော် တစ်ခုမှ ဝတ်စုံကို ဝတ်ဆင်ထားသော ဆိုင်အကူ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ထိုဆိုင်အကူနှင့် မရင်းနှီးပေ။
“ကျုပ်ကို ခေါ်တာလား ...” တုရှီချင်းက ရုတ်တရက် ထိုဆိုင်အကူကို သံသယဖြင့် ကြည့်လိုက်လေသည်။
ဆိုင်အကူက ပြုံးဖြီးရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်ဗျ ... တစ်ယောက်ယောက်က စီနီယာကို စာလေး ပေးပေးဖို့ မှာလိုက်လို့ပါဗျ ...”
ထိုသို့ ပြောပြီး ဆိုင်အကူက တရိုတသေဖြင့် တုရှီချင်း လက်ထဲသို့ စာတစ်စောင် ထုတ်ပေးလိုက်သည်။
တုချီရှင်းက စာကို လက်ခံပြီးတော့ မေးလိုက်သည်။
“မင်းဆီ လာပေးတာလား ...”
“အဲဒါတော့ မသိဘူးဗျ ကျွန်တော်က တစ်ဆင့် ပို့ပေးတဲ့သူပါ ...” ထိုသို့ ပြောပြီးနောက် ဆိုင်အကူက လှည့်ထွက်သွားကာ မကြာခင် ပျောက်သွားတော့သည်။
တုရှီချင်းက ထူးဆန်းဖွယ် စာကို ကြည့်ကာ ဖွင့်ကြည့်လိုက်သည်။ ထိုစဉ် သူက တော်တော် အံ့အားသင့်မိ သွားသည် ...
“စီနီယာတု ... ဒီဂျူနီယာက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပါခင်ဗျ။ ဂျူနီယာက တခြားသူနဲ့ ရန်စ ရှိထားတဲ့ အတွက် ယန်မြို့တော်ကို မလာရဲသေးတာပါ ... အဲဒါကြောင့် ဒီစာကို စီနီယာဆီကို တခြား တစ်ယောက်ကိ ပို့ခိုင်း လိုက်တာပါ။ ကျွန်တော် စီနီယာနဲ့ တွေ့ပြီးတော့ အကြံဉာဏ်လေး တောင်းခံချင် ပါတယ်။ တကယ်လို့ စီနီယာက ဂျူနီယာကို တွေ့ဖို့ လိုလားတယ် ဆိုရင် ယင်သင်္ချိုင်း ကမ်းစပ်ကို လာခဲ့ပါ ဂျူနီယာ စောင့်နေပါ့မယ်။ တကယ်လို့ စီနီယာက မတွေ့ချင်ဘူး ဆိုရင်တော့ ဒီစာကို လျစ်လျူရှု လိုက်ပါ။ ဂျူနီယာက စီနီယာကို မတွေ့မိဘူး ဆိုရင် ကျွန်တော်လည်း ထွက်သွားပါ့မယ် ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ...”
ယန်မြို့တော်တွင် ယင်သင်္ချိုင်း ကမ်းစပ်ကို မသိကြသော ကျင့်ကြံသူ တချို့ ရှိကြသေး၏။
ယင်သင်္ချိုင်း ကမ်းစပ်သည် ယန်မြို့တော်မှ ကီလိုမီတာ ၅၀၀မှ ၁၀၀၀အကွာတွင် တည်ရှိသည်။ ဒဏ္ဍာရီထဲတွင် ထိုနေရာက ရှေးကျင့်ကြံ သူများ၏ တိုက်ပွဲနေရာ ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ အဆင့် တက်လှမ်းခါ နီးသည့် ယင်ကျင့်ကြံသူ တစ်ဦးသည် တံခါးပိတ် ကျင့်ကြံနေစဉ် နောက်ထပ် ကျင့်ကြံသူ တစ်ဦးက သူ့နေရာ လုယူကာ အရေးကြီးဆုံး အချိန်ကို ကျရှုံးစေခဲ့၍ ဝိညာဉ် လမ်းကြောင်းများနှင့် သူ့ကျင့်ကြံဆင့်များက ကပေါက်တိ ကပေါက်ချာ ဖြစ်သွားလေသည်။
တစ်မုဟုတ်ချင်း ဆိုသလို ယင်ကျင့်ကြံသူက ဒေါသပေါက်ကွဲ လာပြီး သူမသေဆုံးခင် ရုတ်တရက် ပေါက်ကွဲသွားကာ တိုက်ပွဲ ရင်ဆိုင်နေကြသော ကျင့်ကြံသူ အားလုံးကို သတ်ဖြတ် သွားလေ၏။ ယင်စွမ်းအားများဖြင့် ပြည့်နှက်နေသည့် သူ့ခန္ဓာကိုယ်ကား ထိုနေရာတွင် လဲလျောင်း သွားတော့သည်။
ထိုယင် ကျင့်ကြံသူ ကျဆုံးပြီးသည့် နောက်တွင် ထိုကုန်းမြေ နေရာက ယင်စွမ်းအားများဖြင့် သိပ်သည်းလာပြီး ယင်ပုတီးစေ့များပင် ဖြစ်ပေါ် လာကြသည်။
အချိန်ကုန်ဆုံး သွားသည်နှင့်အမျှ ထိုနေရာကို ယင်ပြည့်နှက် ကမ်းစပ်ဟု ခေါ်ဆို လာကြသည်။ အကြောင်းမှာ ဝိညာဉ် စွမ်းအားများ မရှိဘဲ ဤနေရာရှိ ကျင့်ကြံခြင်း ပျက်စီးနိုင်ခြေကား အရမ်း မြင့်မားလှ၍ မရေတွက်နိုင်သည့် နှစ်များတွင် ကျင့်ကြံသူ တချို့မှာ ဤနေရာကို လာရောက် ခဲ့လေသည်။ အတိအကျ ပြောရလျှင် သူတို့က ဤနေရာကို ဖြတ်သန်း သွားခြင်းသာ ဖြစ်၏။ အသန့်စင်ဆုံး ယင်ကျင့်ကြံသူပင် ဤနေရာတွင် မကျင့်ကြံပေ။ ယင်စွမ်းအားက မည်မျှပင် ကြွယ်ဝ နေစေကာမူ ဝိညာဉ်စွမ်းအား မရှိလျှင် အသုံးမဝင်ချေ။
ထို့ကြောင့် ယင်သင်္ချိုင်း ကမ်းစပ်ကို သိသည့်သူ နည်းကာ လာရောက် လည်ပတ်သူ တစ်ယောက်မှ မရှိချေ။
တုရှီချင်းက လတ်တလောတွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ရှာဖွေ နေလေသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့ထျန်းဂျီ ဂိုဏ်း၏ အနာဂတ်ကို သက်ရောက်မှု ရှိစေသည့် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လဲလှယ်သွားကာ မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။ ယခု သူက ဦးစွာ သူ့ဆီ ရောက်လာပြီ ဖြစ်ရာ အပြေးအလွှား သွားဖို့ တွန့်ဆုတ် မနေပေ။
သို့သော်လည်း တုရှီချင်းက ယန်မြို့တော် အဝင်ပေါက်ကို ဖြတ်သွားစဉ် သူက ခဏရပ်၍ စာကို အစောင့်ဆီ လှမ်းပေးလိုက်ပြီး တာဝန်အလှည့် ပြောင်းသည့် အချိန် ထျန်းဂျီဂိုဏ်းကို ပို့ပေးရန် တောင်းဆို လိုက်သည်။
နာရီတချို့ အကြာတွင် တုရှီချင်းက ယင်သင်္ချိုင်း ကမ်းစပ် အဖျားပိုင်းတွင် ပေါ်လာလေသည်။
ဒဏ္ဍာရီ အတိုင်း တစ်ထပ်တည်း ကျလေသည်။ အစွန်အဖျား ပိုင်းတွင်ပင် တုရှီချင်းက အေးစက်ပြီး ကြွယ်ဝလှသည့် ယင်စွမ်းအားကို ခံစားမိ နေသည်။ ဟိုးအဝေးတွင် ယင်စွမ်းအားများဖြင့် ပြည့်နေသော တိမ်များပင် ဖြစ်တည်နေသည်။
ထျန်းဂျီဂိုဏ်းက ယန်ကျင့်စဉ်ကို ကျင့်ကြံသော်လည်း တုရှီချင်း၏ ကျင့်ကြံခြင်းမှာ အကန့်အသတ် ရှိ၍ သူ့က စိတ်ဝိညာဉ်ကို မလှုံဆော်ဘဲ မနေနိုင်တော့ချေ။
နေရာ တစ်ခုလုံးကား ဗလာနိတ္ထိ ဖြစ်နေကာ အသက်ဝင် လှုပ်ရှားမှု မရှိပေ။ ထိုအရာက တုရှီချင်း စိတ်ထဲမှ သံသယ တချို့ကို တိုးပွား လေစေသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့ကို အရင် ခေါ်ထားတာ ဖြစ်သည့်အတွက် အရင် စောင့်နေသင့်သည် မဟုတ်ပါလော ...
တုရှီချင်းက နေရာပြောင်သလင်း ခါနေသည်ကို ကြည့်ကာ တွေဝေနေပြီး သူ့ရှေ့ အဝေး တစ်နေရာမှ မြေအုတ်ဂူ တစ်ခုက ပွင့်ထွက် သွားလေသည်။ ထို့နောက် အသံဩဩ ထွက်ပေါ်လာကာ …
“ဂိုဏ်းချုပ်တု တကယ် ရောက်လာတာပဲ ...”
ထိုအသံနောက်တွင် ပုတိုတို ပုံရိပ်က မြေကြီးထဲမှ ခုန်ထွက်လာကာ တုရှီချင်းနှင့် မီတာ အနည်းငယ် အကွာသို့ ဆင်းသက်လိုက်သည်။
တုရှီချင်းက ထိုပုသေးသေး ပုံရိပ်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်မိ သွားသည်။ မကြာခင်တွင် တုရှီချင်းက သူ့စိတ်ပျက်မှုကို ဖုံးကွယ်ထားပြီး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က မည်သို့ပုံစံ ဖြစ်နေပါစေ သူက အမှတ်သောင်းချီ သုံး၍ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လဲလှယ် ခဲ့လေသည်။ ထို့ကြောင့် သူက သေချာပေါက် သာမန်လူတော့ မဟုတ်ပေ။
အဆင့်မြင့် တုရှီချင်းက ပုံစံကို မူတည်ပြီးတော့ ဘယ်လိုလုပ် အကဲဖြတ် ရတာလဲ ...
သို့သော်လည်း တုရှီချင်းက တစ်ဖက်လူ ပုံစံကို သေချာ မြင်လိုက်ရသည့် အခါ ဒိန်းခနဲ နှလုံးခုန် မြန်သွားပြီးတော့ အခြေအနေ အားလုံးကို နားလည် သွားလေ၏။
“ခင်ဗျားက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မဟုတ်ဘူး ...”
သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပုံတူကို မြင်ဖူးသည့် အတွက် ၂၇၀၅သည် ဖြူဖျော့ဖျော့ ကျောင်းသား တစ်ယောက် ဖြစ်၏။ သို့သော်လည်း ဤလူမှာ ကျောင်းသား မဖြစ်ရုံသာမက အတော်လေး အားကောင်းသည့်ဟန် ပေါ်သည်။
“ဟားဟား ...” ပုတိုတို ကျင့်ကြံသူက ရယ်မောလိုက်ကာ …
“ဂိုဏ်းချုပ်တုက အတော်လေး ဉာဏ်ကောင်းတာပဲ ... ဟုတ်တာပေါ့ ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၀၅မဟုတ်ဘူး။ ဂိုဏ်းချုပ်တုကို ဒီနေရာ ခေါ်လိုက်တဲ့ အကြောင်းအရင်းက ကိစ္စတစ်ခုကို အကြံပေးချင်လို့ပဲ ... ”
တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်မားသည်ကို ခံစားမိပြီး တုရှီချင်း အကြည့်တွင် ခန့်ညား ထည်ဝါသည့်ဟန် ပေါ်လာရင်း …
“ပြောပါ ...”
ပုတိုတို ကျင့်ကြံသူက မထူးမခြားနားစွာ ပြောလိုက်သည်။
“ထျန်းဂျီဂိုဏ်းမှာ ထူးချွန်တဲ့ ပါရမီရယ်လို့ မရှိပေမဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားမှာ ထိပ်ဆုံး ၁၀၀ထိ ရောက်လာသေးတာပဲ။ အဆင့် ၅၀တောင် ဖြစ်လိုက်သေးတယ်။ ထျန်းဂျီဂိုဏ်းရဲ့ တာအိုက နက်နဲပြီးတော့ ကျယ်ပြန့်တာပဲ ... ဒါပေမဲ့လည်း သေချာစစ်ဆေး ကြည့်လိုက်တော့ ထျန်းဂျီဂိုဏ်းက တစ်ခုကို အမှတ်အများကြီး သုံးပြီး လဲသွားတဲ့သူ ရှိတယ်တဲ့။ ထျန်းဂျီဂိုဏ်းက အရာအတွက် အမှတ်အများကြီး လဲလှယ်နိုင်တာ လူနည်းနည်းလေးပဲ ရှိတယ်။ အခု နယ်လှည့် ကျင့်ကြံသူ ၂၇၀၅လို့ ပြောလိုက်တော့ ဂိုဏ်းချုပ်တုက ချက်ချင်း ရောက်လာတယ်။ ကြည့်ရတာ ကျုပ်အထင် မှန်နေတဲ့ပုံပဲ ... ထျန်းဂျီဂိုဏ်းကို အမှတ်တွေ အများကြီး ပေးတာက ၂၇၀၅မလား ...”
“တောင်းပန်ပါတယ် ကျုပ်က ဒီကိစ္စကို အသေးစိတ် မသိဘူး ...” တုရှီချင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြေလိုက်သည်။
ပုတိုတို ကျင့်ကြံသူက ရယ်မောလိုက်ကာ …
“ဂိုဏ်းချုပ်တု သိတယ် ပြောပြော၊ မသိဘူးပဲ ပြောပြော ... အခု ကျုပ်ကို နှစ်ခု ကူညီပေးဖို့ မျှော်လင့်တယ်။ ပထမတစ်ခုက ၂၇၀၅က ဘယ်သူလဲ ပြီးတော့ သူက အခု ဘယ်မှာလဲ ... ဒုတိယ အချက်က ၂၇၀၅ လဲသွားတဲ့ ထျန်းဂျီဂိုဏ်းက ဘာနဲ့လဲ ... ဘာလို့ အဲဒီအတွက် အမှတ်တွေ အများကြီး လိုတာလဲ ...”
“ကျုပ်ပြောထား တယ်လေ ကျုပ်မသိပါဘူးလို့ ... တခြား ပြောစရာ မရှိတော့ရင် သွားတော့မယ် ...” တုရှီချင်းက ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်လေသည်။
ပုတိုတို ကျင့်ကြံသူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ …
“သွားတော့မှာလား ... ဒီနေရာ ရောက်နေမှတော့ သေချာ ရှင်းရှင်းလင်းလင်း မဖြစ်မချင်း ခင်ဗျား တစ်ဘဝလုံး ထွက်သွားလို့ ရမှာ မဟုတ်ဘူး ...”
တုရှီချင်းက အေးဆေးစွာ ရယ်မောလိုက်ရင်း …
“ကျုပ်သိသွားပြီ ခင်ဗျားက လိန်မျိုးနွယ်စုက ဖြစ်ရမယ် ... လိန်မျိုးနွယ်စု တစ်ခုတည်းကပဲ ဒီလောက် အရှက် မရှိကြတာ ...”
“မှန်လိုက်လေ ... ကျုပ်က လိန်မျိုးနွယ်စုရဲ့ လိန်မန်ပဲ။ ခင်ဗျား တုရှီချင်းက ဂိုဏ်းချုပ် ဖြစ်ရင် ဖြစ်ပေမဲ့ ကျုပ် လိန်မန် ခင်ဗျားကို သတ်ပစ်ချင်ရင် အများကြီး အားစိုက်ဖို့ မလိုဘူး ...” ပုတိုတို ကျင့်ကြံသူက မသက်မညှာ ပြောလိုက်သည်။
သူ့လိန် မျိုးနွယ်စုသည် ၂၇၀၅ အကြောင်း တစ်စက်လေးမှ ရှာမတွေ့ သော်လည်း ထျန်းဂျီဂိုဏ်း အဆင့် ပြောင်းလဲမှုမှ လမ်းကြောင်း တချို့ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
တုရှီချင်းက နောက်တစ်ကြိမ် ထပ်ရယ်မော လိုက်ပြီး …
“ကျုပ် တုရှီချင်းက ကျင့်ကြံဆင့် မမြင့်ပေမဲ့ ခင်ဗျားလို နတ်ဆိုးက ခြိမ်းခြောက်နိုင်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး ...”
လိန်မန်က ဒေါသ မထွက်သော်လည်း တုရှီချင်းကို စိုက်ကြည့်ကာ …
“ကျုပ် ခင်ဗျားကို သတ်ပြီးသွားရင် ခင်ဗျားတို့ ထျန်းဂျီဂိုဏ်း တစ်ခုလုံးကိုလည်း သတ်ပစ်မယ် … ခင်ဗျား တပည့်တွေနဲ့ မွေးစား သမီးရော အပါအဝင်ပေါ့ …”
တုရှီချင်း အသံက တည်တည်ငြိမ်ငြိမ်ဖြင့် …
“ခင်ဗျားတို့ လိန်မျိုးနွယ်စုရဲ့ စရိုက်နဲ့ ဆိုရင် ဒါက ဖြစ်နိုင်ပါတယ်။ ထူးဆန်းတယ်လို့ မထင်မိပါဘူး ...”
“ခင်ဗျားရဲ့ဂိုဏ်း ဖျက်ဆီး ခံရမှာကို စိတ်မပူဘူးလား ပြီးတော့ ခင်ဗျားရဲ့ တပည့်တွေ၊ ချစ်ရတဲ့သူတွေ အသတ် ခံရမှာကို မစိုးရိမ်ဘူးလား …” လိန်မန်က တုရှီချင်းက နားမလည်စွာ ကြည့်လိုက်သည်။
တုရှီချင်းက အသာအယာ ရယ်မောလိုက်ရင်း …
“ကျုပ်ရဲ့ ထျန်းဂျီဂိုဏ်းက ပျက်စီးသွားမှာ မဟုတ်ဘူး။ ခင်ဗျားတို့ လိန်မျိုးနွယ်စု အသေးလေးက လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး။ ကျုပ် ထျန်းဂျီဂိုဏ်းမှာ သင်ပေးတာက ထျန်းဂျီဂိုဏ်း တပည့်တွေက သူတို့သေသည် အထိ တည့်တည့်မတ်မတ်ပဲ နေသွားမယ်၊ အသက်ရှင် နေသရွေ့တော့ ဒူးထောက်မှာ မဟုတ်ဘူး။ ထျန်းဂျီဂိုဏ်းရဲ့ တပည့်တွေက အခြိမ်းခြောက် ခံရမှာ မဟုတ်ဘူး။ ခင်ဗျားတို့ လိန်မျိုးနွယ်စုက ကျုပ် ထျန်းဂျီဂိုဏ်းကိ ဒူးထောက်ခိုင်းဖို့ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး …”
လိန်မန်၏ မျက်နှာ အမူအရာက အတော်လေး ရုပ်ပျက်လာပြီး ဒေါသတကြီး အော်ဟစ် လိုက်တော့သည်။
“လုပ်တော့ ...”
တုရှီချင်းဆီသို့ လေးဖက်လေးတန်မှ အလင်းတန်းများ ပစ်လွှတ် လိုက်လေသည်။ ထို့နောက်တွင် ပုံရိပ် အများအပြားက သူ့ဆီ ခုန်ဝင် လာကြသည်။
“ခွမ်း …” မိုဝူကျီ လက်ထဲမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးသည် အမှုန့်ဖြစ် သွားလေပြီ။ ထိုသည်က သူရှိသမျှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး သုံးတုံးတွင် ဒုတိယမြောက် ဖြစ်၏။
သူ့ကျင့်ကြံနှုန်း တိုးတက် လာစေရန် မိုဝူကျီက အံကိုကြိတ်၍ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို အသုံးပြုနေခြင်း ဖြစ်သည်။
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး အမှုန့်ဖြစ် သွားခြင်းနှင့်အတူ မိုဝူကျီလည်း လူသား အဆင့်လွန် အဆင့် ၆သို့ ကျော်သွားကာ လူသား အဆင့်လွန် အဆင့် ၇သို့ တက်လှမ်း သွားလေသည်။
လွန်ခဲ့သည့် ခြောက်လအတွင်း မိုဝူကျီက လူသားအဆင့် ခြောက်ဆင့်ကို တိုက်ရိုက် ခုန်တက် လာခဲ့သည်။ သူ့ကျင့်ကြံနှုန်းက ထူးခြားသဘာဝ ဝိညာဉ်ကြော ပိုင်ရှင်ဖြစ်သည့် ယန်အာကို မယှဉ်နိုင်သော်ငြား ကျင့်ကြံဆင့် တူသည့် လူအများထဲတွင် ကျည်ဆန်ရထား အလား မြန်ဆန် လှပေသည်။
မိုဝူကျီက သူ့ကျင့်ကြံနှုန်း မြန်ဆန်နေခြင်း အကြောင်းအရင်းကို သေချာသိသည်။ ဝိညာဉ်စွမ်းအား အခန်းမှ သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများ အပြင် ထျန်းဂျီဂိုဏ်းမှ အင်မော်တယ် မော်တယ် ကျင့်စဉ်မှာလည်း မရှိမဖြစ် ပါဝင်လေသည်။ ပို၍ အရေးကြီးသည့် အကြောင်းပြချက်ကား ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကြောင့် ဖြစ်၏။
နောက်ဆုံး ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကိုတော့ မိုဝူကျီက မသုံးရက်သေးပေ။ သူက လူသား အဆင့်လွန် အဆင့် ၁၀ထိ ရောက်တဲ့အခါ လူသား အဆင့်လွန်ဆုံးသို့ တက်လှမ်းဖို့ရာ သုံးရန် ရည်ရွယ် ထားလေသည်။
ဒဏ္ဍာရီထဲမှ ပြောစကားအရ လူသား အဆင့်လွန်ဆုံး အဆင့် ကျင့်ကြံသူသည် ယွမ်ဒန်အဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင် တိုက်ခိုက် နိုင်လေသည်။ ထို့ကြောင့် သေချာပေါက် ထိုက်တန်လေသည်။ နောက်ဆုံးတော့ သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူကို မြင်တိုင်း အမြီးကုပ် ပြေးစရာ မလိုတော့ပေ။
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး မရှိလျှင်ပင် မိုဝူကျီ တစ်ယောက် ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ကြောက်ခမန်း လိလိ ဖြစ်သည်။ ဝိညာဉ်စွမ်းအား အခန်းထဲမှ သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများက တုန်ခါနေကာ သူ့ခန္ဓာအတွင်းသို့ ဝိညာဉ်စွမ်းအား လေပွေသဖွယ် တိုးဝင် နေကြသည်။
သို့သော်လည်း ဝိညာဉ်စွမ်းအား စုပ်ယူနှုန်း မြန်ခြင်းက ကျင့်ကြံနှုန်း မြန်သည်နှင့် မတူညီပေ။
တစ်လ ကုန်ဆုံး သွားလေသည် …. နှစ်လ ကုန်ဆုံး သွားလေသည် …
သုံးလ အကြာတွင် မိုဝူကျီက လူသား အဆင့်လွန် အဆင့် ၇ကို ချိုးဖျက်၍ လူသား အဆင့်လွန် အဆင့် ၈သို့ တက်လှမ်း သွားလေပြီ။
မိုဝူကျီက အနည်းငယ် ကူကယ်ရာ မဲ့နေသလို ခံစားမိနေသည်။ ဝိညာဉ် စွမ်းအားများ သိပ်သည်းသည့် အချက်နှင့် သူ့ချီသွေးကြော ၁၀၁ခုလုံးနှင့် ပေါင်းစပ် ထားသော်လည်း လူသား အဆင့်လွန် အဆင့် ၇မှ အဆင့် ၈သို့ တက်လှမ်းဖို့ရန် သုံးလတာ အချိန်ယူခဲ့ ရသည်။ သူက ယခင် အကြောင်းအရာကို ပြန်တွေးမိသော အခါ သူက အဆင့် ၁မှ အဆင့်၇ ရောက်လာဖို့ အတွက် ခြောက်လပင် အချိန် မယူခဲ့ရပေ။
အဓိက အခြားနားချက်မှာ သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး သုံးခြင်း၊ မသုံးခြင်း ဖြစ်၏။
သူ၏ နောက်ဆုံး ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ထုတ်လိုက်ပြီး မိုဝူကျီက ခဏတာ တွေဝေ နေသော်လည်း သူ့ကိုယ်သူ ရေရွတ် လိုက်တော့သည်။
“သုံးလိုက်တော့ … စိတ်စွမ်းအင် ကျောက်တုံး ဆိုတာက မင်းအင်အား ဖြစ်လာမှ အသုံးဝင်တာ … အနာဂတ်က စောင့်နိုင်တယ် ... အခု သုံးလိုက်တော့ ...”
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ဆုပ်ကိုင် ထားလိုက်သည့် အခါ မိုဝူကျီ ဘေးနားမှ ဝိညာဉ်စွမ်းအား လေပွေက သိသိသာသာ ပို၍ တိုးလာလေသည်။ မိုဝူကျီ၏ ကျင့်ကြံခြင်းမှာ တစ်ဟုန်ထိုး တိုးတက် သွားလေသည်။
လဝက် အကြာတွင် မိုဝူကျီက လူသား အဆင့်လွန် အဆင့် ၉ သို့ တက်လှမ်း သွားလေပြီ။
တစ်လ အကြာတွင် မိုဝူကျီက အဆင့်ကိုး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိ နေလေသည်။ သူ့ခန္ဓာအတွင်းမှ မမြင်နိုင်သော၊ မထိနိုင်သော ဝိညာဉ်ကွင်း တစ်ခု ဖြစ်ပေါ် လာလေသည်။ ထို ဝိညာဉ်ကွင်း ဖြစ်ပေါ်လာသည့် အခိုက်အတန့်တွင် မိုဝူကျီက လူသား အဆင့်လွန် အဆင့်၉ ချုပ်နှောင်မှုများမှ ကင်းလွတ်သွားကာ အဆင့် ၁၀သို့ ရောက်ရှိ သွားတော့သည်။
ထိုဝိညာဉ်ကွင်းသည် လူသား အဆင့်လွန်ဆုံး၏ လက္ခဏာရပ် ဖြစ်ရမည်။ မိုဝူကျီက အလွန်အမင်း စိတ်လှုပ်ရှား လာပြီး သူ့စိတ်ထဲတွင် အောင်ပွဲခံ လိုက်တော့သည်။ ထိုဝိညာဉ် ကွင်းသည် လူသား အဆင့်လွန်ဆုံးနှင့် ပတ်သက် နေရမည်ဟု သေချာသည်။ တခြားသူများ၏ ဝိညာဉ်စွမ်းအားကို သူတို့ မျက်လုံးနှင့် မြင်နိုင်ခြင်းမှာ ဝိညာဉ်ကြောရှိ၍ ဖြစ်သည်။ သို့သော်လည်း သူ့တွင် သေမျိုး ဝိညာဉ်ကြော ရှိ၍ သူ့ကိုယ်သူ အားကိုး၍ လူသား အဆင့်လွန်ဆုံး အထိ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာတွင် ဝိညာဉ်ကွင်း ဖြစ်ပေါ်လာ သော်လည်း မမြင်နိုင်သလို ထိတွေ့၍လည်း မရပေ။
***