ထျန်းဂျီဂိုဏ်း၏ သင်ကြားမှု
Vol. 15 Ch. 202
ယန်မြို့တော် ထျန်းဂျီဂိုဏ်း ယာယီစခန်း …
လူအများက အတူတကွ ထိုင်နေကြပြီး သူတို့မျက်နှာ အမူအရာများက လေးနက် နေလေသည်။ ထျန်းဂျီဂိုဏ်း ပထမ အကြီးအကဲ ဝမ်ကျန်းဝေ အပြင် ဂိုဏ်းချုပ် တုရှီချင်း၏ အကြီးဆုံး တပည့် ဖန်ချူကျီနှင့် တုရှီချင်း၏ နောက်ဆုံး တပည့်လည်း ဖြစ်ပြီး မွေးစားသမီးလည်း ဖြစ်သည့် စန်ယီပင်းလည်း ပါဝင်၏။
“ဂိုဏ်းခေါင်းဆောင် ယန်မြို့တော်ကနေ ထွက်သွားတာ ခြောက်လတောင် ရှိနေပြီ။ သူ့ဆီက ဘာသတင်းမှလည်း မကြားသေးဘူး။ ကြည့်ရတာ ဂိုဏ်းချုပ်တုတော့ ကျဆုံးသွားပြီ ထင်တယ် …” ပထမ အကြီးအကဲက တုရှီချင်းထက် အနည်းငယ် ပိုငယ်ဟန် ပေါ်သည်။ သို့သော် လက်တွေ့တွင် သူ့အသက်က တုရှီချင်းထက် များစွာ ကြီးလေသည်။ ထိုစဉ် သူ့အသံက စိတ်ပျက် အားငယ်ဖွယ် ဖြစ်နေလေသည်။
“မဖြစ်နိုင်လောက်ပါဘူး …” စန်ယီပင်းက ရုတ်တရက် ထပြောလိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်က ဆရာက စာတစ်စောင် ပို့လိုက်တယ် သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ဆီက ဖိတ်ကြားချက် ရတယ်လို့ ပြောတယ်။ ကျွန်မ ထင်တာတော့ ဆရာနဲ့ ၂၇၀၅တို့က ကျင့်စဉ်ကို လေ့လာနေရင်းနဲ့ အားလုံး မေ့သွားတာ ဖြစ်နေနိုင်တယ် …”
ဝမ်ကျန်းဝေက လေးလေးနက်နက် ပြောလိုက်သည်။
“၂၇၀၅ကို မမြင်ရတာ တစ်နှစ်လောက် ရှိနေပြီ။ ပြီးတော့ သူက ငါတို့ ထျန်းဂျီဂိုဏ်းချုပ်နဲ့ တွေ့ဖို့ မလိုဘူးလေ။ တကယ်လို့ တခြားတစ်ယောက် ဆိုရင် အင်မော်တယ် မော်တယ် ကျင့်စဉ် လျှို့ဝှက်ချက်ကို သိပြီးပြီ ဆိုရင် ငါတို့ ထျန်းဂျီဂိုဏ်းကို ပြောနေပါ့ မလား … တကယ်လို့ သူက လျှို့ဝှက်ချက်တွေ မဖော်နိုင်ခဲ့ဘူး ဆိုရင် ငါတို့ ထျန်းဂျီဂိုဏ်းကို ရှာနေပါ့မလား … ငါတို့ဂိုဏ်းသာ ကျင့်စဉ် နောက်ကွယ်က လျှို့ဝှက်ချက် သိခဲ့ရင် အဲဒီလိုအမှတ်နဲ့ လဲလှယ်တဲ့ အထဲ ရောက်သွားမှာ မဟုတ်ဘူး …”
“၂၇၀၅က သူ နားမလည်တဲ့ အပိုင်းရှိလို့ ထျန်းဂျီဂိုဏ်း ခေါင်းဆောင်ကို ဖိတ်ပြီးတော့ ဆွေးနွေးတာများ ဖြစ်နေမလား … ဒါမှမဟုတ် လျှို့ဝှက်ချက်ကို ဖော်နိုင်ပြီးတော့ သူ့မှာ တခြား မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလား …” နောက်ထပ် အကြီးအကဲ တစ်ယောက်က ဝင်ပြောလိုက်သည်။
ဝမ်ကျန်းဝေက ခေါင်းခါပြ လိုက်ပြီး …
“ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို စစ်ဆေး ပြီးသွားပြီ။ သူက အသက်ကိုတောင် စတေးပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်က တပည့်ကို ကယ်တင်ပေးခဲ့တာ ပြီးတော့ အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှာ ဟော်ယွီချန် အတွက် လူအုပ်ကြီးကို ဆန့်ကျင်ပြီးတော့ ပြောပေးခဲ့တာ။ အဲဒါတွေ အပြင် သူက နယ်ခြား ကျင့်ကြံသူ အများကြီးကိုလည်း သတ်ခဲ့သေးတယ်။ အဲဒီလိုလူက အကျင့်စာရိတ္တ ဖြောင့်မတ်တဲ့သူပဲ ဖြစ်ရမယ်။ အဲဒီလို လူစားမျိုးက သေချာပေါက် ငါတို့ ထျန်းဂျီဂိုဏ်းချုပ်ကို သတ်မဲ့ကိစ္စ ကျူးလွန်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကျင့်ကြံဆင့်က ရှီချင်းနဲ့ ရင်မဆိုင်နိုင်သေးဘူး … လိန်မျိုးနွယ်စုနဲ့ ရန်စကြောင့် သူက ယန်မြို့တော်ကို အတော်ကြာတဲ့ အထိ ပြန်လာဦးမှာ မဟုတ်ဘူး။ လိန်မျိုးနွယ်စု တွေကလည်း သူ့ကို လိုက်ရှာနေကြတာ အခု ကျုပ်တို့ ဂိုဏ်းချုပ် ပျောက်သွားတာ ဆိုတော့ ကြည့်ရတာ လိန်မျိုးနွယ်စုတွေက ကျုပ်တို့ ထျန်းဂျီဂိုဏ်းနဲ့ ၂၇၀၅အမှတ်တွေ ဆက်စပ်နေတာ သိသွားပုံပဲ … ပြီးတော့ ရှီချင်းကို တွေ့ဖို့ ၂၇၀၅ နာမည်ကို သုံးခဲ့တာ ဖြစ်နိုင်တယ်”
“ဆရာ ဦးလေးဝမ် ပြောချင်တာက လိန်မျိုးနွယ်စုက …” တုရှီချင်း၏ ပထမတပည့် ဖြစ်သူ ဖန်ချူကျီက အလောတကြီး ဝင်မေးလိုက်သည်။
သူ့စကား မဆုံးခင် ဝမ်ကျန်းဝေက ဖြတ်ပြော လိုက်တော့သည်။
“ကိစ္စတွေက အခုထိ မရှင်းလင်း သေးပေမဲ့ ငါတို့တွေ ဒီကိစ္စကို အလေးထားဖို့ လိုတယ်။ တကယ်လို့ သူတို့ ဖြစ်နေရင် ရှီချင်းမှာ ဆိုးရွားတာ ဖြစ်နေလောက်ပြီ။ ငါတို့ ထျန်းဂျီဂိုဏ်းလည်း အခြေအနေဟန်မှာ မဟုတ်တော့ဘူး။ အဲဒီမိသားစုကို ငါသိတယ် သူတို့က သွေးနဲ့ သတ်တာတွေနဲ့ သမိုင်းကြောင်း ဖြစ်နေတာ ... ငါတို့ ထျန်းဂျီဂိုဏ်းမှာ အမှတ်သောင်းချီ လဲလှယ် သွားတဲ့ဟာ သိထားရင် သူတို့က ငြိမ်ငြိမ်လေး နေနေမှာ မဟုတ်တာ သေချာတယ်။ အဲဒါဆိုရင်တောင် ငါတို့ဂိုဏ်းက သင်ကြားချက်တွေကို မေ့မထားသင့်ဘူး …”
“ကျုပ်တို့တွေ ဘာလုပ်ကြမလဲ …” နောက်ထပ် အကြီးအကဲက စိုးရိမ်စွာ မေးလိုက်သည်။
ဝမ်ကျန်းဝေ အသံက ပျော့ပျောင်းလာကာ …
“ဂိုဏ်းကိစ္စတွေကို ချူကျီ လက်အောက် အပ်ထားခဲ့ရမယ်။ ပင်းအာနဲ့ တိုက်ရိုက် တပည့်တွေက ရုပ်ဖျက်ပြီးတော့ ဂိုဏ်းက ထွက်သွားရမယ်။ တကယ်လို့ ဂိုဏ်းက ဘာမှ မဖြစ်ခဲ့ရင် သုံးနှစ်ကြာရင် ပြန်ဆုံစည်း ကြမယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲဒီ တပည့်တွေက သူတို့ကိုယ်တိုင် ထျန်းဂျီဂိုဏ်းရဲ့ သင်ကြားချက်များကို ဖြန့်ဝေပြီးတော့ လိန်မျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ ထျန်းဂျီဂိုဏ်း နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်း ပေးရမယ်။ ငါတို့ ထျန်းဂျီဂိုဏ်းရဲ့ သင်ကြားချက်အရ ငါတို့ တပည့်တွေက သေသည့်အထိ မားမားမတ်မတ်ပဲ ရပ်တည် သွားကြမယ် အသက် ရှင်နေသရွေ့ ဒူးထောက်မှာ မဟုတ်ဘူး။ ဘယ်သူပင် ဖြစ်ဖြစ် သူတို့က လိန်မျိုးနွယ်စု လက်ထဲကျရောက် သွားခဲ့ရင်တောင် ငါတို့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်း ထားရမယ် …”
“ဟုတ်ကဲ့ပါ ...” အခန်းအတွင်းမှာ အားလုံးက တညီတညွတ်တည်း မတ်တတ်ရပ်ကာ ပြောလိုက်ကြသည်။
“ပြီးတော့ ငါတို့ထျန်းဂျီဂိုဏ်း ပျက်စီးသွားရင်တောင် ငါတို့ရဲ့ ရှင်ကျန်သူတွေက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တွေ့အောင်ရှာပြီး ဒီဖြစ်စဉ်ကို ပြောပြကြရမယ်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ရဲ့ သွေးပူတဲ့ စရိုက်နဲ့ဆိုရင် သူသာ အင်မော်တယ် မော်တယ် ကျင့်စဉ် အမွေအနှစ်ကို ရသရွေ့ ငါတို့ ထျန်းဂျီဂိုဏ်း ပျက်စီး သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့ ငါယုံတယ် …” ဝမ်ကျန်းဝေက ပြောရင်း သူ့အသံတွင် မလိုလားမှုနှင့် ပင်ပန်း နွမ်းလျှမှုများ ပါဝင်နေလေသည်။
ထျန်းဂျီဂိုဏ်းမှာ ရွမ်အဆင့် ဂိုဏ်းလေး ဖြစ်သော်လည်း နှစ်များစွာ သမိုင်းများ ရှိသည်။ ရုတ်တရက် လူတစ်ယောက်က ပေါ်လာပြီး ဂိုဏ်းကို ဖျက်ဆီး ပစ်ချင်နေသည်။ ထျန်းဂျီဂိုဏ်းသာ တစ်ဦး အနေနှင့် မလိုလားသည်မှာ ဖြစ်သင့်သည့် ကိစ္စဖြစ်၏။
“ဝုန်း …” မိုဝူကျီ တစ်ကိုယ်လုံးကား ဝိညာဉ်လှိုင်းများ ဗြုန်းခနဲ ထွက်ပေါ် လာလေသည်။ သူက မျက်လုံးဖွင့်ကြည့် လိုက်သည့်အခါ တောက်ပနေမှုကို ငေးကြည့် နေမိသည်။ ထိုအလင်းက လျှပ်တစ်ပြက်သာ ဖြစ်သော်လည်း ဝိညာဉ်စွမ်းအား အခန်းတစ်ခုလုံးကို လင်းထိန် သွားစေသည်။
သူ့လက်ကို မြောက်ကာ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး အမှုန့်များကို ဖယ်ရှား လိုက်လေ၏။ မိုဝူကျီ တစ်ကိုယ်လုံးမှာ ခန့်ညား ထည်ဝါမှုနှင့် ပြည့်နေလေသည်။
သူက လူသား အဆင့်လွန် အဆင့် ၁၁ကို ကျော်ဖြတ်သွားပြီး လူသား အဆင့်လွန် အဆင့် ၁၂သို့ ရောက်ရှိ သွားလေပြီ။ သူက ချီသွေးကြော ၁၀၂ခုမြောက်ကို မဖွင့်ရ သေးသော်လည်း မိုဝူကျီက သူ့တွင် နောက်ထပ် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးသာ ထပ်ရှိပါက ၁၀၂ခုမြောက် ချီသွေးကြောကို ဖွင့်ပြီး မြေကမ္ဘာအဆင့် ယွမ်ဒန်ကို ရောက်ရှိဖို့က မဖြစ်နိုင်ခြင်း မဟုတ်မှန်း သိသည်။
သူ့ခန္ဓာကိုယ် ထဲတွင် ပုန်းကွယ်နေသည့် ဝိညာဉ်ကွင်းက ပို၍ ထူကာ ရှင်းလင်း လာလေသည်။ ဤသည်က လူသား အဆင့်လွန်ဆုံး၏ စွမ်းအား ဖြစ်ရမည်။
သူ့ကျင့်ကြံဆင့် တည်ငြိမ်ရန် ရက်အနည်းငယ် ကျင့်ကြံပြီး နောက်တွင် မိုဝူကျီက မတ်တတ်ရပ် လိုက်တော့သည်။ သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး မပါရှိဘဲ လူသား အဆင့်လွန် အဆင့် ၁၂မှ ယွမ်ဒန် အဆင့်သို့ အချိန်တို အတွင်း ရောက်ရန်မှာ မဖြစ်နိုင် လောက်ကြောင်း သိသည်။
မိုဝူကျီက မတ်တတ်ရပ်ကာ သူ့ကိုယ်သူ သန့်ရှင်းလိုက်ပြီး အဝတ်အသစ် လဲဝယ်လိုက်သည်။ သူက အဆာခံ ဆေးလုံးများကို တစ်နှစ်လုံး မှီဝဲလာရသည့် အတွက် ကောင်းကင်ဖွေရှာ မြို့တွင် တစ်ခုခု သွားစားရန် ဆုံးဖြတ် လိုက်တော့သည်။ သူက ကျန်းရှောက်ခယ်တို့ ရောက်ပြီလားဟုပင် စုံစမ်းကြည့် ရဦးမည်။ အကယ်၍ ကျန်းရှောက်ခယ်တို့ မရောက်သေးပါက သူက ချန်ယွီပြည်နယ်သို့ ခရီး တစ်ခေါက်လောက် ထွက်ရမည်။
တချို့သော အကြွေးများက ပြန်လည် ပေးဆပ်ဖို့ လိုအပ်လေသည်။ သူက မိုမျိုးနွယ်စု၏ နောက်ဆုံးမျိုးဆက် အမွေဆက်ခံသူ ဖြစ်လာမှတော့ သူက မိုမျိုးနွယ်စု၏ ကိစ္စရပ်ကိုလည်း ဖြေရှင်းပေးရမည်။
စစ်ထူချင်က မိုမျိုးနွယ်စုကို အကြွေးတင် နေသည်ကို သူက တစ်ခါတည်း ပြန်ယူရမည်။ မြောက်ဘက်ပိုင်း ချင်စီရင်စုသည် သူ့မိုမျိုးနွယ်စု ပိုင်ဆိုင်ခြင်း ဖြစ်၏။ ထိုဂျုမျိုးနွယ် ကသာ မိုမျိုးနွယ်စု အများအပြားကို သတ်ခဲ့သည့် အတွက် ဂျုမျိုးနွယ်ကိုလည်း တူညီစွာ ပြန်လည်ပေးဆပ် ခိုင်းရမည်။ သူက မိုရှင်းထောင်ကို တစ်ခါက ကတိပေးထား ခဲ့ဖူးသည်။ သူ့တွင် စွမ်းဆောင်ရည် ရှိလာပါက သူက မိုမျိုးနွယ်စု အတွက် လက်စားချေပေးဖို့ ကူညီပေးပါ့မည်ဟု ဖြစ်သည်။
ယခု သူက လူသား အဆင့်လွန် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေလေပြီး လူသား အဆင့်လွန်ဆုံးအထိ ရရှိထားလေသည်။ ယွမ်ဒန်အဆင့်သို့ ခြေလှမ်းဝက် ချထားနိုင်သည့် အတွက် အချိန် ရောက်လာပြီဟု ယုံကြည်ထားသည်။
တစ်ချိန်တည်းတွင် သူက မိုရှင်းထောင်ကို ရှာဖွေရမည်။ သူ့ဘေးတွင် မိုရှင်းထောင်က မိုမျိုးနွယ်စုမှ တစ်ဦးတည်းသော ဆွေမျိုးဖြစ်၏။
လဝက် အကြာတွင် မိုဝူကျီက မြို့အသစ် လောင်အန်းသို့ ရောက်ရှိ လာလေသည်။ သူက ကောင်းကင်ဖွေရှာ မြို့တွင် ကျန်းရှောက်ခယ်အ ကြောင်း စုံစမ်းခဲ့သော်လည်း ဘာသတင်းမှ မရခဲ့ပေ။ ထို့ကြောင့် သူက မိုမျိုးနွယ်စု၏ သွေးကြွေးကို ပြန်ဆပ်ဖို့ရာ အရင်ဦးတည် လိုက်လေသည်။
လောင်အန်းသည် မြောက်ဘက်ပိုင်း ချင်စီရင်စု မြို့တော်ဖြစ်၏။ မိုဝူကျီက မြောက်ဘက်ပိုင်း ချင်စီရင်စုမှ သခင်လေး ဖြစ်သော်လည်း သူ့အတွက် ဤနေရာသို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
“မင်း အမှတ်အသားပြားပြ ...” မိုဝူကျီက လောင်အန်းမြို့ဂိတ်ကို ဝင်လာသည့်အခါ အစောင့် နှစ်ယောက်မှ တားလိုက်သည်။
မိုဝူကျီက သူ့ကျောမှ အိတ်ကို ပုတ်ပြပြီး လက်သီး ဆုပ်ထားလျက် ပြောလိုက်သည်။
“ကျုပ်က လောင်အန်းရဲ့ မိုမျိုးနွယ်စုကပါ ... နှစ်တွေ အကြာကြီး အဝေး ရောက်နေလို့ အခုမှ ပြန်ရောက် လာတာပါ အဲဒါကြောင့် ကျုပ်မှာ အမှတ်အသားပြား မရှိဘူး …”
ဂျုမျိုးနွယ်က လောင်အန်းမှ မိုမျိုးနွယ်စုကို သုတ်သင်ပစ် လိုက်ပြီး ဖြစ်ကြောင်း မိုရှင်းထောင်က မိုဝူကျီကို ပြောပြဖူးသည်။ သို့သော်လည်း မိုဝူကျီက မပြုမူခင် ဂျုမျိုးနွယ်က မိုမျိုးနွယ်ကို အမှန်တကယ် သုတ်သင်ပစ် လိုက်ပြီးလားဟု အတည် ပြုချင်သေး၏။ ထိုသို့ လုပ်ဆောင်ရန် အရိုးရှင်းဆုံး ကိစ္စကား သူ့မိုမျိုးနွယ် နာမည်ကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။
အစောင့် နှစ်ယောက်က မိုဝူကျီသည် မိုမျိုးနွယ်စုက ဖြစ်ကြောင်း ကြားသောအခါ သူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ မိုဝူကျီက ထိုအစောင့် မျက်လုံးများထဲတွင် သနားမှုများကို တွေ့မြင် နေရသည်။ ထိုသနားမှုက အစောင့်အကြည့် များတွင်သာမက ဘေးပတ်လည်မှ လူအများသည်လည်း ထိုနည်းလည်းကောင်း ဖြစ်ကြသည်။ တချို့လူများက သတင်းဆိုးကို ပြောပြ နေချင်ကြောင်း စိတ်မရှည်မှုများပါ တွေ့နေ ရသေးသည်။ သို့သော်လည်း မည်သူကမှ ရှေ့တက်လာကာ လောင်အန်းမြို့သို့ မဝင်ရန် မပြောကြပေ။
“ဒီလိုဆိုမှတော့ မင်း ဝင်လို့ ရပါတယ် ...” အစောင့် တစ်ယောက်က မိုဝူကျီကို ခေါင်းညိတ်ကာ ပြောလိုက်သည်။
လောင်အန်းသို့ ဝင်လာပြီးနောက် သူ့စိတ် စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ ထိုအစောင့် နှစ်ယောက်နောက်မှ တစ်ယောက်ကား မြို့ထဲသို့ အလောတကြီး ပြေးသွားသည်ကို ခံစားမိ လိုက်သည်။
“လောင်အန်း မိုမျိုးနွယ်စုက ဘယ်နေရာမှာများ နေကြလဲ ...” မိုဝူကျီက လှည့်ကြည့် လိုက်သည့်အခါ သူမခေါင်းပေါ်တွင် ပဝါခြုံထားသည့် အမျိုးသမီးကို တွေ့၍ မေးလိုက်သည်။ သူက မိုမျိုးနွယ် အပျက်အစီးကို မြင်တွေ့ချင်သည်။
မိုဝူကျီက ထိုအမျိုးသမီးက သူ့လက်ကို ဆွဲလိမ့်မည်ဟု မျှော်လင့်မထားပေ။
“စကားမပြောနဲ့ ကျွန်မနောက်က လိုက်ခဲ့ ...”
တစ်ဖက်လူတွင် မကောင်းသည့် ရည်ရွယ်ချက် မရှိသည်ကို မြင်၍ မိုဝူကျီက မိန်းလမ်းမကြီးမှ ထွက်ကာ သူမနောက်သို့ လိုက်သွားလိုက်သည်။ အချိုးအကွေ့ အများအပြား ဖြတ်သန်းပြီးနောက် ချိုင့်အကြား အသေးလေးဆီ ရောက်ရှိ သွားလေသည်။
“ဒီက အစ်မကြီး ကျုပ်ကို ဘာလို့ ဒီကို ခေါ်လာတာလဲ …” တစ်ယောက်မှ မရှိသည်ကို မြင်သောအခါ မိုဝူကျီက အမျိုးသမီးလက်ကို ရုန်းလိုက်တော့သည်။
“မိုမျိုးနွယ်ရဲ့ ဘယ်မျိုးနွယ် ခွဲကလဲ …” အမျိုးသမီးက မိုဝူကျီ အပြုအမူကို စိတ်ထဲ မထားဟန်ဖြင့် စိတ်ပူပန်စွာ မေးလိုက်သည်။
“ကျုပ်အဘိုးက မိုထင်းချန်၊ ကျုပ်အဖေက မိုဂေါင်ယွမ် ကျုပ်က မိုရှင်းဟယ်ပဲ ...” မိုဝူကျီက ပြန်ဖြေလိုက်သည်။
“ရှင်က စီရင်စု သခင်လေးပေါ့ …” အမျိုးသမီးက အတော်သင့် အံ့အားသင့် သွားပြီး တုန်လှုပ်တကြီး အော်မိသလို ဖြစ်သွားလေသည်။ သို့သော်လည်း သူမက ပါးစပ်ကို ပိတ်ထားရင် စကား အနည်းငယ်သာ ပြောနိုင် လိုက်လေသည်။ ထို့ကြောင့် သူမအသံမှာ အနည်းငယ် ထူးဆန်း သွားလေသည်။
ထို့နောက်တွင် သူမက မိုဝူကျီကို ဘေးမှ အိမ်တစ်လုံးစီ ဆွဲခေါ် သွားလေသည်။ နှစ်ယောက်သား ဝင်ပြီးသည်နှင့် တံခါးကို ပြန်ပိတ်လိုက်သည်။ အထဲတွင် နည်းနည်း မှောင်နေလေ၏။
မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ ကလန်ကာ နောက်တွင် ပုန်းနေသည့် အမျိုးသား တစ်ယောက်ကို မြင်လိုက်ရသည်။ သူ့နောက်တွင် မြေကြီးကို တူးထားသော တွင်းပေါက် တစ်ခု ရှိနေသည်။ တစ်ခုခုသာ ဖြစ်သွားပါက ထိုလူက ချက်ချင်း ထိုတွင်းထဲ ဝင်ပြေး သွားလိမ့်မည်။
“ဒေါက် ...” အမျိုးသမီးက မီးကို ဖွင့်လိုက်ပြီး လှမ်းခေါ်လိုက်သည်။
“အစ်ကိုကြီးချီ မြန်မြန် ထွက်လာပါဦး … စီရင်စု သခင်လေး ပြန်ရောက်လာပြီ …”
နောက်ကွယ်က အမျိုးသားက ထွက်လာကာ မိုဝူကျီနှင့် အမျိုးသမီးရှေ့တွင် ရပ်ကာ အသံ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ဘာ ... မင်းပြောတာ စီရင်စု သခင်လေးလား …”
တစ်ချိန်တည်းတွင် သူ့အကြည့်က မိုဝူကျီဆီ ရောက်လာပြီး ခြုံငုံကြည့် လိုက်သည်။
အမျိုးသမီးက ခေါင်းညိတ်ကာ …
“ဟုတ်တယ် သူပဲ ... ကျွန်မတို့ မြောက်ဘက်ပိုင်း ချင်စီရင်စု မိုမျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက် သခင်ကြီး ထင်းချန်ရဲ့မြေး မိုရှင်းဟယ်ပဲ …”
“မင်းက သခင်ကြီး ထင်းချန်ရဲ့ မျိုးဆက်လား ... ” အမျိုးသား အသံက တုန်ယင်နေရုံ သာမက အတော်လေး စိတ်လှုပ်ရှား နေလေသည်။
မိုဝူကျီက လက်သီးဆုပ်ကာ …
“ဟုတ်ပါတယ် ကျုပ်က မိုရှင်းဟယ်ပါ ... အခုတော့ နာမည်ကို မိုဝူကျီလို့ ပြောင်းထားပါတယ် … ကျုပ်က မြောက်ဘက်ပိုင်း ချင်စီရင်စုရဲ့ အမွေ ဆက်ခံသူပါ …”
“အခုလေးတင် သူက သူ့ကိုယ်သူ မိုမျိုးနွယ်စုလို့ ပြောနေလို့ ကျွန်မက မြန်မြန် ဆွဲခေါ်လာတာ ...” ဘေးမှ အမျိုးသမီးက ရှင်းပြလိုက်သည်။
“ဘာ ...” အမျိုးသား မျက်နှာက ရုတ်တရက် ဖြူဖျော့သွားကာ တစ်ကိုယ်လုံးက စတင်၍ တုန်ခါ လာလေသည်။
မိုဝူကျီက ထိုအရာမှာ ယခင်ဖြစ်သည့် စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ အကြောက် တရားကြောင့် ဖြစ်မှန်း သိလိုက်သည်။
အချိန်တချို့ အကြာတွင် အမျိုးသားက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားပြီး အသက်ပြင်းပြင်း ရှူကာ …
“မိုမျိုးနွယ်စုကို ပျက်စီး သွားစေဖို့က ကောင်းကင်ရဲ့ အလိုဆန္ဒ ဆိုရင်လည်း ရှိပါစေတော့ …”
ထိုသို့ပြောပြီး အမျိုးသားက လှည့်ကာ ခေါ်လိုက်သည်။
“မိုချင်း၊ မိုလီ၊ မိုကျန်း မြန်မြန် ထွက်ခဲ့ကြ … ငါတို့ရဲ့ နောက်ဆုံး အခွင့်အရေးက ရောက်လာပြီ ...”
အမျိုးသား စကားများကို ကြားပြီး မိုဝူကျီကို ခေါ်လာသည့် အမျိုးသမီးက ရုတ်တရက် တွေးမိသွားဟန် ရှိသည်။ လောင်အန်း တစ်ခုလုံးကား ဂျုမျိုးနွယ် လက်အောက် ရောက်နေလေပြီ။ အကယ်၍ သူမသာ တစ်ခုခု မဖော်ထုတ်ခဲ့ပါက ဂျူမျိုးနွယ်က ဤနေရာကို သိမည် မဟုတ်ပေ။ သို့သော် သူမက အခု ဖော်ထုတ်မိ သလို ဖြစ်သွားသည့် အတွက် အနှေးနှင့်အမြန် ဂျူမျိုးနွယ်က ရောက်ရှိ လာလိမ့်မည်။
***