ကျုပ် လက်စားချေဖို့ ပြန်ရောက်လာပြီ
Vol. 15 Ch. 203
မိုဝူကျီက မြေပေါ်သို့ လူဆယ်ယောက်လောက် တက်လာသည်ကို မြင်လိုက်ရသည်။ ထိုလူများက ချက်ချင်းဆိုသလို အမျိုးသမီးက အစ်ကိုကြီးချီဟု ခေါ်သည့် အမျိုးသားကို ‘သခင်’ ဟု ခေါ်ဆိုရင်း တရိုတသေ နှုတ်ဆက် လိုက်ကြသည်။
“ကျွန်မ တောင်းပန်ပါတယ် အစ်ကိုကြီးချီ ... အကုန် ကျွန်မ အမှားတွေပါ ...” မိုဝူကျီကို ဆွဲခေါ်လာသည့် အမျိုးသမီးက စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ပြန်လည် တည်ငြိမ် လာလေသည်။
“လန်ဟယ် အဲဒီလို မပြောပါနဲ့ မင်းက အဲဒီလို မကောင်းတဲ့ အရာတွေ တွေးမဲ့လူ မဟုတ်မှန်း သိပါတယ်။ မင်းက စီရင်စု သခင်လေးကို ပြန်ခေါ်လာ နိုင်တာကိုက မင်းအတွက် ဂုဏ်ယူစရာပဲ ...” အစ်ကိုကြီးချီက အမျိုးသမီးဘေး လျှောက်လာကာ သူမ လက်ကို ပုတ်ပေးလိုက်သည်။
မိုဝူကျီက ရုတ်တရက် ထပြောလိုက်သည်။
“လန်ဟယ်နဲ့ ကျုပ်က ဒီနေရာက ထွက်သွား လိုက်မယ်လေ၊ အဆိုးဆုံး ကျုပ်တို့ နှစ်ယောက်ပဲ မိတာပေါ့ ... ”
အစ်ကိုကြီးချီက ရယ်မောရင်း ထပြောလိုက်သည်။
“စီရင်စု သခင်လေး ... ကျုပ် မိုချီက မိုမျိုးနွယ်စုရဲ့ လက်ခွဲ အပွားလေး ဖြစ်ပေမဲ့ မိုသွေးတွေ အပြည့် ရှိပါတယ်ဗျ။ ကျုပ်တို့ စီရင်စု သခင်လေးကို ပစ်ပယ်ပြီးတော့ ကိုယ့်ဘာသာ ထွက်ပြေးဖို့ ဆိုတာ လုံးဝ မလုပ်နိုင်တဲ့ အရာပဲ ... ”
နောက်ဆုံးတွင် မိုချီက မိုဝူကျီကို လေးလေးစားစား ဦးညွှတ်ကာ …
“မိုမျိုးနွယ်စုရဲ့ မိုချီက စီရင်စု သခင်လေးကို နှုတ်ဆက်ပါတယ် ကျုပ်တို့တွေကို မကြာခင် ဂျုမျိုးနွယ်ကနေ လာသတ်ဖြတ်တော့မယ် ဆိုပေမဲ့ ကျုပ် ဂါရဝတော့ ပြုရမယ် ... ”
သူ့စကား အဆုံးတွင် မိုချီက လှည့်၍ သူ့နောက်မှ လူများကို ပြောလိုက်သည်။
“အားလုံး နောင်ကျရင် သခင်ဆိုတာ မရှိတော့ဘူး စီရင်စု သခင်လေးပဲ ရှိတော့မယ် ... ”
“ဟုတ်ကဲ့ပါ ...” အားလုံးက တညီတညွတ်တည်း ပြောကာ မိုဝူကျီကို အော်ကာ နှုတ်ဆက် လိုက်လေသည်။
“စီရင်စု သခင်လေးကို နှုတ်ဆက်ပါတယ် ...”
မိုချီက သူတို့နှင့် အတူ လိုက်ပြောပြီးနောက် သူက အသံနိမ့်ကာ ပြောလိုက်သည်။
“စီရင်စု သခင်လေး ကျုပ်က မိုမျိုးနွယ်စုကို လက်စားချေဖို့ ဂျုဟွေ့ကို တိတ်တဆိတ် သတ်ဖို့ ကြံနေတာ ... ဒါပေမဲ့လည်း အခု ကျုပ်တို့က မိသွားပြီ ဆိုတော့ သတ်နိုင်သမျှ များများ သတ်ကြတာပေါ့ ...”
မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ ဂျုဟွေ့မှာ လက်ရှိ စီရင်စုသခင် ဖြစ်သည့်အတွက် မိုချီအနေနှင့် မိုမျိုးနွယ်စု အတွက် လက်စားချေရန် သူ့ကို သတ်ပစ်ချင်သည်မှာ ပုံမှန် ဖြစ်သည်။
မိုဝူကျီ၏ မူလ အကြံစည်မှာ မိုမျိုးနွယ် အတွက် လက်စား ချေပြီးသည်နှင့် လောင်အန်းမှ ထွက်သွားဖို့ရန် ဖြစ်သည်။ မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာ အတွက် သူက အများကြီး တွေးမထားပေ။ သို့သော်လည်း မိုချီ၏ အပြုအမူ၊ စကားလုံးများ အရ မိုဝူကျီအတွက် သူသည် အရိုက်အရာ ဆက်ခံရန် အသင့်တော်ဆုံးသူ ဖြစ်လိမ့်မည်။ လောင်အန်းတွင် ရုတ်တရက် ပေါ်လာပြီး မိုဝူကျီက သူ့မိုမျိုးနွယ်စု ဖြစ်ကြောင်းကိုပင် ပွင့်လင်းမြင်သာ ချပြရုံသာမက မိုချီအကြောင်းကိုလည်း ချပြမိသလို ဖြစ်သွားလေပြီ။ သို့သော် မိုချီက ဘာဆိုဘာမှ မပြောဘဲ သူနှင့်အတူ တိုက်ခိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
“မိုချီ ... ခင်ဗျားက ကျုပ်ကို စီရင်စု သခင်လေး ဖြစ်မှန်း ဘယ်လိုလုပ် သေချာ နေရတာလဲ ... ကျုပ်ပြောလို့လား ...” မိုဝူကျီက သိချင်စွာ မေးလိုက်သည်။
မိုချီက မိုဝူကျီ မေးခွန်းကို ကြားသောအခါ ခဏတာ မိန်းမောသွားပြီး …
“ဘယ်သူက မိုမျိုးနွယ်စုဝင် အဖြစ် ဟန်ဆောင် ရဲမှာလဲ။ လောင်အန်းမှာ မိုမျိုးနွယ်စုက မဟုတ်ဘဲနဲ့တောင် သူတို့ မျိုးရိုး နာမည်တွေ ပြောင်းကုန်ကြတာ။ မိုမျိုးနွယ်စုတင် မဟုတ်ဘူး မိုနဲ့ ဆင်တူတဲ့ မူရော နာမည်တွေ ပြောင်းကုန်ကြတာပဲ ...”
“ဂျူမျိုးနွယ်စု လူတွေက အဲဒီလောက်တောင် ခြယ်လှယ်လွန်း နေတာလား ...” မိုဝူကျီက ပြောရင်း သူ့စိတ်စွမ်းအားဖြင့် တံခါးဝမှ ကျင့်ကြံသူ တချို့ကို ခံစားမိ လိုက်သည်။ ထို့အပြင် စစ်သားများလည်း အစုလိုက် ချဉ်းကပ် လာနေကြသေး၏။
“ဘမ်း ...” တံခါးကို ဆောင့်ကန် လိုက်သည့်အခါ နေအလင်းရောင်က မှောင်မည်းနေသည့် အိမ်အတွင်းသို့ ဖြာကျ လာလေသည်။
မိုချီ မျက်နှာက ချက်ချင်း ဖြူဖျော့ သွားလေသည်။ သူက အချိန်အတော်ကြာ မြေအောက်တွင် နေခဲ့ရကြောင်း သိသာလှသည်။
“မင်းပြောတာ မှန်တယ်။ ငါတို့ ဂျုမျိုးနွယ်စုက လူတွေက အမှန်တကယ် ခြယ်လှယ်နိုင်တယ် …” မာနကြီး အထက်စီး အသံကို ကြားလိုက်ရသည်။
ပြောသည့်သူမှာ ဘရိုကိတ် ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်အမျိုးသား တစ်ယောက်ဖြစ်ကာ မိုဝူကျီက တစ်ချက် ကြည့်ရုံဖြင့် ထိုသူမှာ ကျင့်ကြံသူ ဖြစ်ကြောင်း ပြောနိုင်သည်။ သူ့ဘေးပတ်လည်မှ ဝိညာဉ် စွမ်းအားများကို ခံစားမိပြီး သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အလယ်အလတ် အဆင့်သို့ ရောက်နေမှန်း သိလိုက်သည်။ ဘရိုကိတ် ဝတ်ရုံနှင့် လူနောက်ရှိ လူတချို့မှာလည်း တူညီသော ဝိညာဉ် စွမ်းအားများ ရှိကြသည်။
“သူ့နာမည်က ဂျူဟန်တဲ့ ဂျုဟွေ့သားလေ ... ” မိုချီက ဂျူဟန်ကို ကြည့်ရင်း မိုဝူကျီနား ကပ်ပြောလိုက်သည်။
မိုဝူကျီက ခေါင်းခါလိုက်ကာ မိုချီကို အမှန်ပင် ချီးကျူးမိ သွားသည်။ မိုချီအတွက် ဂျူဟွေ့ကို သတ်နိုင်ရန် မဖြစ်နိုင်မှန်း သိ၏။ အကယ်၍ ဂျူဟန်ပင် ဝိညာဉ် လမ်းကြောင်းဖွင့် အလယ်အလတ် အဆင့် ရောက်နေလျှင် ဂျူဟွေ့က ထိုထက် အားနည်းလိမ့်မည် မဟုတ်ပေ။ ထို့အပြင် မိုချီတွင် ဝိညာဉ် စွမ်းအားများ မရှိသည်မှာ သိသာလှ၍ သူ့တွင်သေမျိုး ဝိညာဉ်ကြော ရှိကြောင်းက ထင်ရှားလှသည်။ သေမျိုး ဝိညာဉ်ကြောနှင့် လူက ဝိညာဉ်ကြော ရှိသည့် ဂျူဟွေ့လိုလူကို သွားသတ်မည် ဆိုလျှင် ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်သလိုသာ ဖြစ်နေလိမ့်မည်။
“ငါတို့ ဂျုမျိုးနွယ်က မိုမျိုးနွယ်စု ဝင်တိုင်းကို သတ်ပြီးပြီလို့ ထင်နေတာ ... လွတ်နေတဲ့ လူတွေ ရှိလိမ့်မယ်လို့ ထင်မထားဘူး။ ဒါနဲ့ မင်းနာမည် ဘယ်သူလဲ ...” ဂျူဟန်က မိုဝူကျီကို ကြည့်ရင်း မောက်မာဟန်ဖြင့် ပြောလိုက်သည်။
မိုဝူကျီက အေးစက်စက် ပြန်ဖြေလိုက်သည်။
“ကျုပ်နာမည်က မိုဝူကျီပဲ ... မင်း အရင်က ကြားဖူးမှာပါ ... မင်းပြောတာတွေ အရ မိုမျိုးနွယ်စုကို မင်းတို့ ဂျုမျိုးနွယ်က သတ်ခဲ့တာပေါ့ ...”
ဂျုဟန်က ပြန်ဖြေရင်း လှောင်ပြောင်လိုက်သည်။
“မင်း မှန်တယ် ... မိုမျိုးနွယ်စုဝင်တွေ အားလုံးကို ငါတို့ ဂျုမျိုးနွယ်က သတ်ပစ် လိုက်တာပဲ ... ဒါပေမဲ့လည်း အကုန်လုံးတော့ မဟုတ်သေးဘူး ပေါ့ကွာ မင်းတို့တွေက ငါ့ရှေ့ ရပ်နေသေးတယ် မလား ... မင်းတို့တွေက ငါ့ကိုသိဖို့တောင် မထိုက်တန်ဘူး ...”
ရုတ်တရက် ဆိုသလို ဂျူဟန် စကားလုံးများက လည်ချောင်းတွင် တစ်ဆို့သွားကာ တစ်ခုကို အမှတ်ရ သွားလေသည်။ လွန်ခဲ့သည့် လအနည်းငယ်က သူ့အဖေက မိုမျိုးနွယ်စုမှ အသက်ရှင် ကျန်နေသော မိုဝူကျီအကြောင်း ပြောဖူးသည်။ သူသည် မိုထင်းချန်၏ မြေးဖြစ်နေသေးသည်။ ထိုမျှတင်မက မိုဝူကျီက ကံအကောင်းလွန်၍ ကောင်းကင်ဖွေရှာ နန်းတော်တွင် အပြင်စည်း တပည့်အဖြစ် ဝင်ခွင့်ရသေးသည်။
သူ့ရှေ့က မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်မှ မိုဝူကျီနှင့် တူနေသည်များလား .... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ကောင်းကင်ဖွေရှာ နန်းတော်မှ ဤနေရာသို့ လာဖို့ရန် သားရဲပျံနှင့်ပင် အနည်းဆုံး လချီကြာမှာ ဖြစ်၏။
“ကြည့်ရတာ မင်းမှန်းတာ မှန်တဲ့ပုံပဲ ... ငါက ကောင်းကင်ဖွေရှာ နန်းတော်က မိုဝူကျီပဲ ...” မိုဝူကျီက ငေါ့တော့တော့ ပြောလိုက်သည်။
ဂျူဟန်က ကောင်းကင်ဖွေရှာ နန်းတော်ကို သိသော်လည်း မိုချီနှင့် ကျန်သူများက ဘာမှန်း မသိကြချေ။ သူတို့သည် မိုဝူကျီနှင့် ဂျုဟန်တို့က မတိုက်သေးဘဲ အဘယ်ကြောင့် စကားပြော နေကြောင်းလည်း နားမလည်ကြပေ။
မိုဝူကျီက စီရင်စု သခင်လေး ဖြစ်ကာ သူတို့သည် သူတို့၏ စီရင်စု သခင်လေးက မတိုက်သေးသည့် အတွက် မတိုက်ကြသေးပေ။
“ငါ့ ဂျူမျိုးနွယ်က ဦးလေးချီဂျန်းက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အတွင်းစည်း တပည့်ပဲ မင်းက အပြင်စည်း တပည့်ပဲ ရှိသေးတာပါ ... တကယ်လို့ ငါ့ကို ထိရဲရင် ...” ဂျုဟန်က နောက်ဆုံးတွင် ထိုသူက ကောင်းကင်ဖွေရှာ နန်းတော်မှ မိုဝူကျီ ဖြစ်နေကြောင်း အတည်ပြုနိုင် လိုက်သည်။ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့် ဖြစ်နေသော်လည်း ဂျုဟန်က သူ့ကံကို စမ်းမကြည့်ရဲပေ။ ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့်တစ်ယောက် အတွက် သူ့ကို သတ်ဖို့ရန် လွယ်ကူလွန်း လှသည်။
သူက ပြောလိုက်ရင်း ဂျူဟန်က ဓားပျံကို ဆွဲထုတ်လိုက်သည်။ ထိုဓားပျံက အနီရောင် အလင်းအဖြစ် ဖြစ်ပေါ်လာပြီး ကောင်းကင်ထဲရှိ အဝေး တစ်နေရာတွင် ပျောက်ကွယ် သွားလေသည်။
မိုဝူကျီက ဓားပျံ အချက်ပေးမှုကို မမြင်လိုက် သကဲ့သို့ ဟန်ဆောင်ကာ တားဆီးဖို့လည်း မကြိုးစားခဲ့ပေ။ သူလုပ်လိုက်သည့် အရာကား ပြုံးကာ ပြောလိုက်ခြင်း ဖြစ်၏။
“ငါက မင်းကို မထိရဲပါဘူး ...”
ဂျူဟန်က သက်ပြင်း ချလိုက်ကာ သူက နဂိုအခြေအနေ အတိုင်း မတည်ငြိမ်သေးခင် အပြာရောင် ထိပ်ဖျားလေးနှင့် ဓားရှည် တစ်လက်က သူ့ပေါင်တံ နှစ်ဖက်လုံးကို ဖြတ်သွားလေသည်။
“ရွပ် ...” ဂျူဟန်က ဒူးထောက်ကာ လဲကျသွားပြီး သွေးများ ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ သူ့ဒူးအောက်မှ အရာအားလုံးက ဖြည်းဖြည်းချင်းစီ ကွာကျလာပြီး အသားမျှင်များ ဖြစ်လာကာ သွေးများပန်းထွက် လာတော့သည်။
“မင်း ...” ခြေနှစ်ဖက်လုံး ဆုံးရှုံးသွားသည့် ဂျူဟန်က မိုဝူကျီကို လက်ညှိုးထိုးရင်း စကားတစ်လုံးသာ ရေရွတ် နိုင်တော့သည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး ကျင့်ကြံသူ ဖြစ်သည့် ဂျူဟန်က မိုဝူကျီ၏ ဓားရောက်ရှိ လာသည်ကို မြင်လိုက် ရသော်လည်း ရှောင်ချိန်ရော ခုခံချိန်ပါ မရရှိလိုက်ပေ။
မိုဝူကျီက ရှေ့တိုးလာကာ ဂျုဟန် ခေါင်းပေါ် ခြေတင် ထားလိုက်ပြီး …
“ငါ မင်းကို မထိရဲပေမဲ့ သတ်ရဲတယ် ...”
“ကျုပ်ကို မသတ်ပါနဲ့ ...” ဂျူဟန်က သူ့ဆီ သေမင်းအလည် ရောက်လာသည်ကို ခံစားမိပြီး အမှန်တကယ် ကြောက်ရွံ့မိ သွားသည်။ သူ့ရှေ့တွင် တောက်ပသော အနာဂတ်က ဆီးကြိုနေသည့် အတွက် ယခုအချိန် အသတ်ခံ လိုက်ရလျှင် နှမြောစရာ အလွန် ကောင်းလှသည်။ အကယ်၍ သူ့ဂျူမျိုးနွယ်စု၏ အနာဂတ်ကား မတောက်ပ နိုင်တော့မှန်း ပြောနိုင်လျှင် အခုထက်ပိုပြီး ပျော်ပျော် သေသွား နိုင်ပေလိမ့်မည်။
“ငါက မင်းကို မသတ်ပါဘူး မင်းသေတဲ့အထိ တက်နင်းထားမှာ ...” မိုဝူကျီ အားအနည်းငယ် ထည့်လိုက်သည့် အခါ သူ့ခြေထောက် အောက်မှ ဦးခေါင်းခွံ ကွဲကြေ သွားသံကို ကြားလိုက်ရသည်။ မိုဝူကျီ၏ ခြေဆောင့်နင်းမှု အောက်တွင် ဂျူဟန် ဦးခေါင်းခွံမှ ဦးနှောက်များပင် ထွက်လာလေသည်။
ဤနေရာတွင် အချိန်အတော်ကြာ နေခဲ့ရ သောကြောင့် မိုဝူကျီက သွေးသံရဲရဲ မြင်ကွင်းများနှင့် သတ်ဖြတ်ခြင်းကို အသားကျ နေလေပြီ။
ထိုအရာများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီး နောက်တွင် ဂျုဟန်နောက်မှ လိုက်ပါ လာကြသော ကျင့်ကြံသူများက အကြောက်တရားကြောင့် နောက်တစ်လှမ်း ဆုတ်လိုက်တော့သည်။ သူတို့က မိုဝူကျီ၏ အင်အားမှာ သူတို့ ရင်မဆိုင်နိုင်မှန်း သိလိုက်ကြသည်။ သူတို့အားလုံးက အဆက်မပြတ် တိုက်ခိုက်လျှင်ပင် သူတို့သည် သေခြင်းတရားကို လက်ယက် ခေါ်နေသည်သာ ဖြစ်လိမ့်မည်။
သို့သော်လည်း သူတို့က နောက်ဆုတ် လိုက်သည်နှင့် ဓားအလင်းက ဖြတ်ပြေးသွားကာ သူတို့ လေးယောက်ကား ထွက်မပြေး ရသေးခင် ခေါင်းပြတ် သွားလေ၏။
မိုချီနှင့် ကျန်လူများက မိုဝူကျီကို ငေးကြည့်နေရင်း အတော်လေးကြာမှ အသိပြန်ဝင် လာလေသည်။ မိုဝူကျီက မြို့အဝင်တွင် သူ့မျိုးနွယ်စုကို တင်ပြစဉ်က အကြောင်းမှာ သူက ရူးမိုက်၍ မဟုတ်ဘဲ လက်စားချေရန် ရောက်လာခြင်းကြောင့် ဖြစ်သည်။
မိုမျိုးနွယ်စု၏ မျိုးဆက်က လက်စားချေရန် ပြန်လာလေပြီ။ အသိပြန်ဝင် လာသည့် မိုချီက စိတ်လှုပ်ရှား လွန်း၍ တုန်ယင် နေလေသည်။ နောက်ဆုံးတွင် သူမှလွဲ၍ မိုမျိုးနွယ်စု အစား လက်စားချေ ပေးမည့်သူ ပေါ်လာလေပြီ။ ထိုသူမှာ တခြားသူ မဟုတ်ဘဲ စီရင်စု သခင်လေး ဖြစ်နေသေးသည်။
“ကျုပ်နဲ့ အတူတူ လိုက်ခဲ့ကြ ...” မိုဝူကျီက လက်ဝှေ့ပြပြီး မိုချီနောက်မှ လူများကို ပြောလိုက်သည်။
မိုချီနှင့် ကျန်သူများက မိုဝူကျီ နောက်သို့ လိုက်ပါကာ အိမ်အပြင်သို့ ထွက်လာကြသည်။ သူတို့သည် မြေအောက်ထဲတွင် အချိန်အတော်ကြာ နေခဲ့ရသည့် အတွက် အပြင်ဘက်မှ နေရာင်သည် သူ့တို့အတွက် အတော်လေး အဆင် မပြေစေပေ။
မိုဝူကျီက လျှပ်စီးအားကို အသုံးပြု၍ ဂျူဟန်လိုမျိုး ကျင့်ကြံသူကိုပင် အသာလေး သတ်သွားသည်ကို မြင်သောအခါ အပြင်ဘက်မှ စစ်သားများက ကြောင်သွားလေသည်။ သူတို့သည် မိုဝူကျီကို သတ်ဖို့ရန် ရောက်လာကြောင်းကိုပင် မေ့လျော့ သွားကြသည်။ သူတို့သည် မိုဝူကျီကဲ့သို့ အင်မော်တယ် ဆရာ တစ်ယောက်သည် သူတို့ သတ်နိုင်မည့် လူစားမျိုး မဟုတ်ပေ။
မိုဝူကျီက ရှေ့တက်လာကာ ဂျူဟန် ဖျက်ဆီးထားသည့် တံခါး အပျက်အစီးများရှေ့ ရပ်လိုက်ပြီး စစ်သားများကို လှည့်ပတ် ကြည့်လိုက်ကာ ပြောလိုက်တော့သည်။
“ကျုပ်နာမည် မိုဝူကျီပဲ ... မြောက်ဘက်ပိုင်း ချင်စီရင်စု သခင် မိုထင်းချန်ရဲ့ မျိုးဆက်ပဲ။ ဒီနေရာကို ကျုပ်မိုမျိုးနွယ်စု အတွက် လက်စား ချေပေးဖို့ ရောက်လာခဲ့တာ ... စစ်သား အပေါင်းတို့ ခင်ဗျားတို့က အရင်ကတည်းက မြောက်ဘက်ပိုင်း ချင်စီရင်စုရဲ့ ထောက်တိုင်တွေပါ နောင်လည်း ထောက်တိုင် ဖြစ်မဲ့သူတွေပါ ... အဲဒါကို ဘာလို့ အသက်ကို စတေးပြီးတော့ ဂျူမျိုးနွယ်ဘက်က ပါနေမှာလဲ ...”
မိုဝူကျီ ပြောပြီးသည့် နောက်တွင် စစ်သားများက မိုဝူကျီကို ပို၍ပင် မဆန့်ကျင် ရဲကြတော့ပေ။ မိုမျိုးနွယ်စုသည် မြောက်ဘက်ပိုင်း ချင်စီရင်စုကို အုပ်ချုပ် လာသည်မှာ ကြာလှပြီ ဖြစ်၍ အတော်အသင့် အာဏာစက် ရှိလေသည်။
“ဟားဟား … မိုမျိုးနွယ်စုရဲ့ လက်ကျန်လေးက ဂျူနယ်မြေကို လာပြီး ဝင်နှောင့်ယှက် ရဲတယ်လား ...” အသံဩဩ တစ်ခု ပျံ့လွင့်လာပြီး အနီရောင် မြင်းအုပ်ကို ဦးဆောင်လာသည့် သူကို မြင်လိုက်ရသည်။
“စီရင်စု သခင်လေး သူက ဂျူဟွေ့ပါ ...” မိုချီက မိုဝူကျီကို ကပ်၍ သတိပေးလိုက်သည်။ သူက မိုဝူကျီသည် ဂျူဟန်ကို အလွယ်လေး သတ်လိုက်သည်ကို မြင်တွေ့ပြီးသော အခါ သူ့သခင်လေးသည် မည်မျှ အားကောင်းကြောင်း သိလိုက်ရတော့သည်။
ဂျူဟွေ့က ပြောရင်း မျက်နှာထား ပျက်လာကာ …
“ခွေးသား ဘယ်လိုလုပ် ငါ့သားကို သတ်ရဲ ...”
သူ့စကား မဆုံးခင် ဂျူဟွေ့က သူ့ခန္ဓာ တစ်ကိုယ်လုံး တုန်ယင် လာသောကြောင့် ရပ်တန့်လိုက် ရသည်။ ယခုအချိန်အထိ သူ့တွင် သားနှစ်ယောက် ရှိပြီး တစ်ယောက်မှာ အနည်းငယ် မစွမ်းဆောင်နိုင်ပေ။ သူ့တွင် ဂျူဟန်သာ ရှိလေ၏။ ဂျူဟန်တွင် ဝိညာဉ်ကြော ရှိရုံသာမက အလုပ် လုပ်သည့်အ ခါတွင်လည်း ဆုံးဖြတ်ချက် ပြတ်သားလှသည်။ သူက ဂျူမျိုးနွယ်စု အတွက် အနာဂတ်နှင့် မျှော်လင့်ချက် ဖြစ်သည်။
သူက ဂျူမျိုးနွယ်စု၏ အနာဂတ် အလောင်းအလျာကို ခေါင်းမပါဘဲ မြင်ရလိမ့်မည်ဟု ထင်မထားဖူးပေ။ မှားယွင်း နေသေး၏ ... ခေါင်းမပါခြင်း မဟုတ်ပေ။ ခေါင်းက ကြေမွသွားတာ ဖြစ်၏။
“သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်လိုက် ...” ဂျူဟွေ့က အံကိုကြိတ်ရင်း အော်လိုက်တော့သည်။ သူ့နောက်မှ စစ်သားများက ချက်ချင်းပင် လှံများ ထုတ်ယူကြပြီး မိုဝူကျီကို ဝိုင်းထား လိုက်ကြတော့သည်။
***