← Chapters

စစ်ထူချင်၏ ဂုဏ်ပြု ညစာစားပွဲ

Vol. 15 Ch. 204

စစ်ထူချင်၏ ဂုဏ်ပြု ညစာစားပွဲ

Vol. 15 Ch. 204

မိုဝူကျီက လက်ကိုမြှောက်ကာ လျှပ်တစ်ပြက် လျှပ်စီး ဆယ်ချက်ကို ပစ်လွှတ် လိုက်တော့သည်။ လျှပ်စီးအားများက ဝန်းရံထားသည့် စစ်သားများကို သွားမှန်သည့် အခါ အသက်ရှင်ဖို့ရာ အခွင့်အရေးပင် မရှိတော့ချေ။

“အင်မော်တယ် ဆရာပဲ … ဒါက အဆင့်မြင့် အင်မော်တယ် ဆရာပဲ ...” ရှေ့မှ စစ်သားများက စတင်၍ တုန်လှုပ်လာကာ ဝန်းရံထားသည့် ပုံစံမှာလည်း အစီအစဉ်မကျ ဖြစ်လာကာ တချို့ စစ်သားများက နောက်ပြန်ဆုတ် သွားကြသည်။

ဂျူဟွေ့က မိုဝူကျီ၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့် အတွက် ခြေဖျား လက်ဖျားများပင် အေးစက် သွားလေသည်။ သူက သေမင်း ရောက်လာမှန်း သိလိုက်တော့သည်။ သိပ်မကြာသေးခင်က သူသည် စစ်ထူချင်၏ ဂုဏ်ပြုညစာ စားပွဲကို ဖိတ်ကြားခံခဲ့ ရသည်။ သူတို့ ဆက်ဆံရေး ရင်းနှီးစေရန် စစ်ထူချင်က ဂျူဟွေ့ကို ကောင်းကောင်း ဆက်ဆံလေသည်။ အကြောင်းမှာ ဂျုမျိုးနွယ်မှ ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့် ဂျူချီဂျန်းကို မွေးထုတ် ပေးထားနိုင်၍ ဖြစ်သည်။

အကြောင်းမှာ ဂျူချီဂျန်းကြောင့် ဖြစ်ပြီး ဂျူဟွေ့က စစ်ထူချင်ဆီမှ မိုမျိုးနွယ်စုမှ အသက်ရှင်လျက် ရှိနေသေးသည့် မိုဝူကျီ ရှိနေသေးကြောင်း သိလိုက်ရသည်။ ဤမိုဝူကျီသည် ကံကောင်း၍ ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့်ပင် ဖြစ်သွားသေး၏။

သူ့ရှေ့မှ လျှပ်စီးများ ဆက်တိုက် ပစ်လွှတ်နေသည့် လူကို မြင်၍ ထိုသည်က မိုမျိုးနွယ်စု၏ လက်ကျန် မိုဝူကျီ ဖြစ်ကြောင်း သေချာ သွားလေသည်။

“မြောက်ဘက်ပိုင်း စီရင်စုက ရဲရင့်သူတို့ သူ့ကို ကြောက်စရာ မလိုပါဘူး။ ကျုပ်တို့ ဂျုမျိုးနွယ်စုလည်း အင်မော်တယ် ဆရာတစ်ယောက် ရှိပါတယ် ...” ဂျူဟွေ့က အသံဩဩဖြင့် အော်ပြောလိုက်သည်။ သူက သူ့စစ်တပ်ကို ထိန်းချုပ်ချင်သည်။ မိုဝူကျီက မည်မျှပင် သန်မာ စေကာမူ သူက ထောင်ချီစစ်သား ဦးရေဖြင့် ခဏတာ ပိတ်ထားလို့ ရလိမ့်မည်။ ထိုအချိန်အတွင်း သူက ထွက်ပြေးချိန် ရနိုင်လိမ့်မည်။

သူက စကားမဆုံးခင် လျှပ်စီးချက်က သူ့ရင်ဘတ်ကို ဖြတ်သွားတော့သည်။

ဂျူဟွေ့က စကား ရပ်တန့်သွားပြီး ခေါင်းကို ငုံ့၍ သူ့ရင်ဘတ်မှ အပေါက်ကို ကြည့်လိုက်တော့သည်။ နောက်အခိုက်အတန့်တွင် သူက မြေပြင်ပေါ် လဲကျ သွားတော့သည်။

“ဘမ်းဘမ်းဘမ်း ...” လျှပ်စီးချက်များက ဂျူဟွေ့ လဲကျသွားသည့် နေရာသို့ ဆက်တိုက် ကျရောက် လာလေသည်။ ဂျူဟွေ့ဘေးမှ တစ်ယောက်ကိုမျှ ချမ်းသာမပေးပေ။ သူတို့ အားလုံးကား မိုဝူကျီ၏ လျှပ်စီးချက်ဖြင့် သေဆုံး သွားကြသည်။

ဂျူဟွေ့ သေဆုံးခြင်းနှင့် အတူ ဘေးပတ်လည်မှ အဆင့်မြင့်များ သေဆုံး သွားသောကြောင့် စစ်သားများက အကြောက်တရားများနှင့် ပြည့်နှက် သွားလေသည်။

မိုဝူကျီက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အခုက စပြီးတော့ မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာကို မိုမျိုးနွယ်စုရဲ့ မိုချီက ဆက်ခံလိမ့်မယ် ... မိုမျိုးနွယ်စုနဲ့ အတူတူ အလုပ် တွဲလုပ်ချင်ရင် ဆက်နေပြီးတော့ အရိုက်အရာ ပြောင်းတာကို စောင့်ကြပါ။ အလိုမရှိတဲ့ သူတွေက လောင်အန်း မြို့တော်ကနေ ထွက်သွားချင် ထွက်သွား ဒါမှမဟုတ်ရင် သက်ညှာမှုမရှိဘဲ အသတ်ခံရမယ် … မိုချီ ရှေ့ထွက် လာပေးပါ ... ”

“ဟုတ်ကဲ့ ...” မိုချီက မိုဝူကျီသည် အင်မော်တယ် ဆရာ ဖြစ်မှန်း သိသွားသည့်အခါ စီရင်စု သခင်လေးက ဤနေရာတွင် ဆက်နေလိမ့်မည် မဟုတ်မှန်း ခံစားချက် ရနေသည်။ ယခု မိုဝူကျီက သူ့ကို ခေါ်သောအခါ သူက ချက်ချင်း ရှေ့ထွက် လာလိုက်သည်။

“မြောက်ဘက်ပိုင်း ချင်စီရင်စုရဲ့ စစ်သားအပေါင်းတို့ ဂျူဟွေ့က ကျုပ်တို့ မိုမျိုးနွယ်စုရဲ့ အရိုက်အရာကို ခိုးယူခဲ့တယ်။ အခု ကျုပ်တို့ မိုမျိုးနွယ်စုရဲ့ အင်မော်တယ် ဆရာက ဖြေရှင်း လိုက်ပါပြီ ... ကျုပ် မိုချီက အင်မော်တယ် ဆရာ ပြောစကား အတိုင်း မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာကို ဆက်ခံပါ့မယ်။ တကယ်လို့ ကျုပ်နောက်ကို လိုက်ချင်တဲ့ သူတွေက ကျုပ်နောက်မှာ ရပ်နေပေးပါ ... မြောက်ဘက်ပိုင်း ချင်စီရင်စုကို ပြန်လည် ပြင်ဆင်ပြီးတာနဲ့ ခင်ဗျားတို့တွေက ကျုပ်တို့ စီရင်စုရဲ့ အကြီးမြတ်ဆုံး နောက်လိုက်တွေ ဖြစ်လာကြမယ် ... မြောက်ဘက် ချင်စီရင်စုကို ပြန်လည် ထွန်းတောက် လာစေတဲ့ သူရဲကောင်းတွေ အဖြစ် ကျန်ရှိ နေလိမ့်မယ် ...”

မိုချီက စိတ်အား တက်ကြွစွာ ပြောလိုက်သည်။ သိသာလှစွာ ထိုသည်က ဖြစ်ကတတ်ဆန်း မိန့်ခွန်း မဟုတ်ပေ။ သူက သူ့ကိုယ်သူ ဖုံးကွယ်ရင်း လောင်အန်းတွင် နေနေစဉ်က သူ့တွင် အရိုက်အရာကို ပြန်ယူမည့် စိတ်ကူးရှိခဲ့သည်။ သူ့နောက်တွင် ဗလတောင့်တောင့် အမျိုးသား ဆယ်ယောက် ရပ်နေခြင်းက သူ့ကို ပို၍ ခန့်ညား သွားစေသည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ အထက်စီး ဆန်ခြင်းက ကောင်း၏။ မာနမရှိသည့် ဘုရင်သည် ဆိုးရွားသော အရာ ဖြစ်၏။

မျက်လုံးပါသည့် သူတိုင်း မြောက်ဘက်ပိုင်း ချင်စီရင်စုသည် မိုမျိုးနွယ်စုဆီ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နားလည်ကြသည်။ ဂျူဟွေ့ကဲ့သို့ အဆင့်မြင့်သူပင် မိုမျိုးနွယ်စု၏ အင်မော်တယ်ဆရာ ရှေ့တွင် ပုရွတ်ဆိတ် အလား ဖြစ်သည်။ ထို့အပြင် မိုမျိုးနွယ်စုကို ယခင်ကတည်းမှ ခစား လာကြသော စစ်သားများက သူတို့သည် မကျေနပ်ခြင်း မရှိဘဲ မူလနေရာသို့ ပြန်ရောက် သွားတော့သည်။

မိုမျိုးနွယ်စုသည် အရိုက်အရာ ပြန်ရယူနိုင် သွားပြီလို့ပင် ပြောနိုင်လေသည်။ ကျန်ရှိနေသည်က မြောက်ဘက်ပိုင်း ချင်စီရင်စု နန်းတော်ကို သိမ်းပိုက်ရန်သာ ဖြစ်သည်။

“ညာလက်ရုံး စစ်တပ်က တင်းချန်ရှန်းက မိုမျိုးနွယ်စုကို ခစားဖို့ ဆန္ဒရှိပါတယ် ...”

“မြို့ကာကွယ်ရေးရဲ့ ဖူချန်းလည်း မိုမျိုးနွယ်စုကို ခစားပြီးတော့ မြောက်ဘက်ပိုင်း ချင်စီရင်စုကို ဆက်လက် ထူထောင်ဖို့ ဆန္ဒရှိပါတယ် ...”

သူတို့ စစ်တပ်များကို ဦးစီးနေသော ဗိုလ်ချုပ် အမျိုးမျိုးက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကာ ပူးပေါင်း ကုန်ကြသည်။ ဗိုလ်ချုပ်များက ထောက်ခံ နေသောကြောင့် စစ်သားများလည်း မိုချီနောက်သို့ ရောက်လာ ကြတော့သည်။

“စီရင်စု သခင်လေး ... ကျုပ် မြောက်ဘက်ပိုင်း ချင်နန်းတော်ကို သွားသိမ်းဖို့ လူတချို့ ခေါ်သွားလိုက်မယ် ...” မိုချီက မိုဝူကျီကို လေးလေးစားစား အရိုအသေ ပေးလိုက်သည်။ သူ့ဖြူဖျော့ဖျော့ မျက်နှာတွင် စိတ်ခံစားချက်များ ဖြတ်ပြေးနေလေ၏။ သူက မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာကို တစ်ရက်တည်းဖြင့် ပြန်ရနိုင် လိမ့်မည်ဟု တစ်ခါမှ တွေးမထားဖူးပေ။

မိုဝူကျီက ခေါင်းညိတ်ပြကာ …

“အခုက စပြီးတော့ ကျုပ်ကို စီရင်စု သခင်လေးလို့ မခေါ်နဲ့တော့ ... ကျုပ်က မြောက်ဘက်ပိုင်း ချင်စီရင်စု သခင် မဟုတ်တော့ဘူး။ ခင်ဗျားက ဦးဆောင်ရမယ်။

ခင်ဗျားက အခု မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာကို လက်ခံရမယ်။ ပြီးတော့ ဂျူမျိုးနွယ်တွေကို အမြစ်ဖြတ် သုတ်သင်ပစ် ရမယ်။ ကျုပ်က မကြာခင် ဒီနေရာက ထွက်သွားမှာ ဆိုပေမဲ့ ခင်ဗျားကို ဒီတစ်ခု‌တော့ မျှော်လင့်ထားတယ်။ မြောက်ဘက်ပိုင်း ချင်စီရင်စု သားတွေကို ကောင်းကောင်း ဆက်ဆံပြီးတော့ သူတို့ရဲ့ အခွန်နှုန်းလည်း လျှော့ပေးပါ။ တစ်ရက် ကျုပ်ပြန်လာတဲ့ အခါ သူတို့ဘဝတွေက အခုထက် ဆိုးနေတာ တွေ့ရင် ခင်ဗျားဦးခေါင်းကို လောင်အန်းမြို့ ဂိတ်မှာ ချိတ်ထား ခံရမယ် ...”

“ဟုတ်ကဲ့ပါ ...” မိုချီက စိတ်ထဲ အနည်းငယ် လန့်လန့်ဖြင့် တုံ့ပြန် လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက မြောက်ဘက်ပိုင်း ချင်စီရင်စုကို ယခုထက် ပိုကောင်းအောင် လုပ်မည်ဟု တိုင်တည်လိုက်သည်။ စီရင်စု သခင်လေးက သူ့ကို အရိုက်အရာ အပ်နှင်းခဲ့၍ သူက သေချာပေါက် စိတ်ပျက်စေ၍ မဖြစ်ပေ။

“ဆက်လုပ်ပါ ...” မိုဝူကျီက မိုချီတွင် ရည်မှန်းချက် ရှိရုံသာမက လေးစားဖွယ် စိတ်ထားကိုပါ သတိထားမိ လိုက်သည်။

မိုချီက လက်ကို ဝှေ့ပြကာ စစ်တပ်ကို ဦးဆောင်သွားပြီး မြောက်ဘက်ပိုင်း ချင်နန်းတော်ဆီ ချီတက် သွားတော့သည်။ အင်မော်တယ် ဆရာဖြစ်သည့် မိုဝူကျီ ရှိ၍ သူက နန်းတော်ဂိတ် အမျိုးမျိုးကို ဖြတ်သန်းနေစရာ မလိုပေ။ သူက တဲ့တိုးသာ နန်းတော်ထဲ တိုက်ရိုက်ဝင်သွား လိုက်တော့သည်။

မိုဝူကျီက သူ့နောက်မှ လိုက်မသွားပေ။ ဂျူမျိုးနွယ်၏ ဂျူဟွေ့က အသတ် ခံရပြီးပြီ ဖြစ်၍ မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာသည် မိုမျိုးနွယ်စုထံ ပြန်ရောက် လာလေပြီ။ ထို့ကြောင့် ခုခံနိုင်တော့မည် မဟုတ်တော့ပေ။ ဂျူမျိုးနွယ် တစ်ခုလုံး ပျက်စီး သွားလိမ့်မည်ဟု သေချာသည်။ သူက တစ်ခါက ကဲ့သို့ ခေါင်းပူနေသည့် အနေအထား မဟုတ်တော့ပေ။ ဤနေရာက ကိစ္စများကို အသားကျ လာလေပြီ။ ဤနေရာတွင် သွေးကြွေးကို သွေးဖြင့်သာ ဆေးကြောရမည်။ ထိုသို့ ကိစ္စရပ်မျိုးတွင် လူသားဆန်မှု၊ ကျင့်ဝတ်တွေ ရှိမနေပေ။

မိုဝူကျီက လောင်အန်းက ချက်ချင်း ထွက်မသွားသေးပေ။ ဤကိစ္စက အလုံးစုံ ဖြေရှင်း မပြီးသေးပေ။ အကယ်၍ သူက ဂျူချီဂျန်းကို မသတ်လျှင် မိုချီ၏ အရိုက်အရာက ကြာရှည်ခံမည် မဟုတ်ပေ။ သူက ဂျူချီဂျန်းသည် ဘယ်မှာမှန်း မသိသော်လည်း ဂျူမျိုးနွယ်ကို အမြစ်ဖြတ် သုတ်သင်လိုက်သည့် အတွက် ဂျူချီဂျန်းသည် သေချာပေါက် ရောက်လာလိမ့်မည်။

မိုဝူကျီသည် ဂျူချီဂျန်း ရောက်လာသည့် အချိန်ကို စောင့်ဆိုင်းရင်း တံခါးပိတ် ကျင့်ကြံဖို့ တွေးတောနေစဉ် မိုချီက သူ့လူအုပ်ကြီးဖြင့် အလောတကြီး ရောက်ရှိ လာလေသည်။

မိုဝူကျီက မိုချီ၏ အလောကြီးမှုကို နားမလည်စွာ ကြည့်လိုက်ပြီး …

“ခင်ဗျားက စီရင်စုသခင် ဖြစ်ပြီးတော့ မြောက်ဘက်ပိုင်း ချင်စီရင်စုရဲ့ အဓိကသော့ချက် ဖြစ်နေပြီ‌လေ ဘာလို့ ကျုပ်ကို လာရှာတာလဲ ...”

“အထွတ်အထိပ် ဧကရာဇ်ကို သတင်း လာပို့တာပါ။ မြောက်ဘက်ပိုင်း ချင်စီရင်စုကို ပြန်ထူထောင်ဖို့ ဘာပြဿနာမှ မရှိပေမဲ့ အရေးကြီး သတင်းတချို့ ရောက်လာလို့ပါ။ ဂျူမျိုးနွယ်ရဲ့ အင်မော်တယ် ဆရာက စစ်ထူချင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီးတော့ အခု ယောင်ကျိုးကို ရောက်နေပါတယ် ...” မိုချီက တရိုတသေ ပြောလိုက်သည်။

ငါက ဘယ်တုန်းက အထွတ်အထိပ် ဧကရာဇ် ဖြစ်သွားတာလဲ ...

မိုဝူကျီက မိုချီ အသက်အရွယ်သည် သူ့ထက်များစွာ ကြီးနေသည်ကို တွေးမိပြီး သူ့နှုတ်ခမ်းများ တွန့်ချိုး သွားတော့သည်။

ထိုမေးခွန်းကို ဘေးချိတ်ထားပြီး တည့်တည့်သာ မေးလိုက်တော့သည်။

“ဂျူမျိုးနွယ်ရဲ့ အင်မော်တယ် ဆရာက ယောင်ကျိုးကို ရောက်နေတာ သေချာရဲ့လား ...”

“ဟုတ် သေချာပါတယ် ... သူက ယောင်ကျိုးမှာပါ။ မကြာခင် ဒီက သတင်းတွေ ယောင်ကျိုးကို ရောက်သွားလိမ့်မယ်လို့ ထင်တယ် ...” မိုဝူကျီက အပြည့်အစုံ ပြောပြလိုက်သည်။

မိုဝူကျီက သဘောတူစွာ ခေါင်းညိတ်ပြ လိုက်သည်။ မိုချီသည် သူ့အရေးကြီးဆုံး ကိစ္စရပ်ကို ဘေးဖယ်ထားပြီး မိုဝူကျီဆီ သတင်း လာပို့ခြင်း ဖြစ်သည်။ ပထမ တစ်ချက်က သူ့၏ ထောင်လွှားမှု မရှိသည့် သဘောထားကြောင့် ဖြစ်လိမ့်မည်။ ဒုတိယ တစ်ချက်က ဂျူချီဂျန်း ရောက်လာသည့် အချိန်တွင် မိုဝူကျီ ရှိမနေပါက သူလုပ်ထားသမျှ အရာအားလုံးက လေထဲ သဲအိမ်ဆောက် သလို ဖြစ်သွားပေ လိမ့်မည်။

“ကျုပ်နားလည်ပြီ ... ဂျူမျိုးနွယ် ရောက်လာမှာကို စိတ်ပူစရာ မလိုဘူး။ အေးအေးဆေးဆေး အရိုက်အရာကို လက်ခံပြီးတော့ ကောင်းကောင်း အုပ်ချုပ်ပါ ...” မိုဝူကျီက ပြန်ဖြေလိုက်သည်။ သူက သူ့ကားပျံဖြင့် ယောင်ကျိုးသို့ သွားရန် အချိန်သိပ်ကြာ လိမ့်မည် မဟုတ်ကြောင်းကို ခန့်မှန်းတွက်ချက် လိုက်သည်။

“ဟုတ်ကဲ့ပါ ... အထွတ်အထိပ် ဧကရာဇ် လိုတာများ ရှိသေးလား ...” မိုချီမျက်လုံးတွင် ပျော်ရွှင်မှုတို့ ဖုံးလွှမ်းနေပြီး သူက ပို၍ပင် ဦးညွှတ် လိုက်သေးသည်။

ခဏတာ တိတ်ဆိတ်သွားပြီး မိုဝူကျီက ပြောလိုက်သည်။

“အရင်တစ်ခါက ပြောသလိုပဲ အခွန်ကို လျှော့ကောက်ပါ။ မြို့သားတွေရဲ့ ပျော်ရွှင်မှုက တကယ့် ပျော်ရွှင်မှု အစစ်အမှန်ပဲ ... ပြီးတော့ နောက်ထပ် အကြံတချို့က နည်းပညာကို ဖွံ့ဖြိုးအောင် လုပ်ဖို့ပဲ ... တခြား ပြည်နယ်တွေက နည်းပညာကို တန်ဖိုး မထားပေမဲ့ ခင်ဗျားက အားစိုက်ပြီးတော့ လုပ်ဆောင်လို့ ရတယ်။ တစ်ချိန်တည်းမှာ ပညာရေး စနစ်ကိုလည်း ပြင်ဆင်ပါ။ ကလေးတွေကို ကျောင်းကတည်းက စပြီးတော့ နည်းပညာ အကြောင်း သင်ပေးပါ ...”

“မိုချီ နားလည်ပါပြီ ...” မိုချီက မြန်မြန် သွက်သွက်လက်လက် ပြောလိုက်သည်။

မူလက သူသည် ချင်ယွီပြည်နယ်ထဲက အခြားသော စီရင်စုများ ကဲ့သို့ လုပ်ဆောင်ရန် ကြံရွယ် ထားမိသည်။ သတ္တုနှင့် ဆေးပင် ထုတ်လုပ်ရေးကို ကျယ်ပြန့် စေပြီးနောက် ရွှေပြားသုံးကာ သားရဲပျံများ၊ အစီအရင်များ ဝယ်ယူရန် တွေးထားမိသည်။

ယခု မိုဝူကျီက နည်းပညာ ဖွံ့ဖြိုးရန် အကြံတချို့ ပေးသွားသောကြောင့် သူက အထွတ်အထိပ် ဧကရာဇ် ပြောသည့်အတိုင်း လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤစီရင်စုသခင် နေရာသည် မိုဝူကျီက ပေးအပ်ထားခြင်း ဖြစ်ရာ မိုဝူကျီကို အထွတ်အထိပ် ဧကရာဇ် နေရာ ထားလိုက်မည်။ အကယ်၍ အထွတ်အထိပ် ဧကရာဇ်၏ မျိုးဆက်များ ပြန်ရောက်လာလျှင် သူက ချက်ချင်း အရိုက်အရာကို ပြန်လည်ပေးအပ် လိုက်မည်။

ရှင်းဟန် အင်ပါယာတွင် မိုဝူကျီ တွေ့ပြီးစဉ်မှ စ၍ စစ်ထူချင်သည် အမြဲတမ်း ဆိုသလို စိုးရိမ် သောကများနှင့် ပြည့်နေလေသည်။ သူက မိုထင်းချန်၏ မြေးသည် ကောင်းကင်ဖွေရှာ နန်းတော်သို့ ဝင်ရောက် နိုင်လိမ့်မည်ဟု တွေးမထားဖူးပေ။ ကောင်းကင်ဖွေရှာ နန်းတော်သည် ပြည်နယ်သခင် ဖြစ်သည့် သူ့အတွက်ပင် ဒဏ္ဍာရီထဲမှ နေရာတစ်ခုလို ဖြစ်၏။

ကံကောင်းလှစွာ သတင်းကောင်း တချို့လည်း ရှိသေး၏။ သူ ထောက်ခံ ပေးထားသော ဂျူမျိုးနွယ်စုတွင်လည်း‌ ကောင်းကင်ဖွေရှာ နန်းတော်၏ အတွင်းစည်း တပည့် တစ်ယောက် ရှိနေသည်။ ဂျူချီဂျန်းအရ မိုဝူကျီသည် ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သာသာ ရှိသေးသော ကျင့်ကြံသူ ဖြစ်၍ သူ့အတွက် များစွာ စိုးရိမ်စရာ မလိုပေ။

သို့သော်လည်း စစ်ထူချင် စိတ်ထဲတွင် လေးလံ နေမိသည်။ ထို့ကြောင့် သူ ပြန်ရောက် လာသည်နှင့် ပြည်နယ် ကာကွယ်သူကို အထူးဂရုစိုက် ပေးခဲ့သည်။ ချင်ယွီပြည်နယ် ကာကွယ်သူသည် ယွမ်ဒန်အဆင့် ဖြစ်၏။ မိုဝူကျီလို စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်နှင့် ရင်ဆိုင်ဖို့ရာ အခက်အခဲများ ရင်မဆိုင် ရလောက်ပေ။

ယောင်ကျိုးမြို့၊ ချင်ယွီပြည်နယ်၊ တော်ဝင်နန်းတော် …

ထိုစဉ် စစ်ထူချင်က ပြည်နယ် ကာကွယ်သူ ကျူးကန်ဖူနှင့် ယောင်ကျိုးသို့ ဖိတ်ကြား ထားသော ဂျုချီဂျန်း တို့ကို ဧည့်ခံနေလေသည်။

ဂျူချီဂျန်း ရောက်ရှိ လာမှုကြောင့် စစ်ထူချင်သည် စိတ်အေး သွားတော့သည်။ ဂျူချီဂျန်းသာ သူ့အကြောင်းကို ပြောလိုက်သည်နှင့် သူ့ချင်ယွီပြည်နယ် ကာကွယ်သူ ကျူးကန်ဖူက ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်းတပည့် ဖြစ်သည့် မိုဝူကျီ အနေအထားကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။

“ကောင်းကင်ဖွေရှာ နန်းတော်က ကျုပ်အလေးစားရဆုံး နေရာပါ။ ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့်နဲ့ အတူတူ ထိုင်ပြီး သောက်ခွင့်ရတာက ကျုပ် ကျူးကန်ဖူ အတွက် ဂုဏ်ယူမှုပါပဲ ... စီနီယာဂျူအတွက် တစ်ခွက် သောက်ပေးပါရစေ ...” ကျူးကန်ဖူက မတ်တတ်ရပ်ကာ သူ့ခွက်ကို မြှောက်ရင်း လေးလေးစားစား ပြောလိုက်သည်။

သူ့ကို မြေကမ္ဘာအဆင့်မှ ယွန်ဒန် အဆင့်တစ် ကျင့်ကြံသူဟု မြင်၍ မရပေ။ သူက ပြည်နယ် သခင်ထက်ပင် မြင့်မားသော တည်ရှိမှုမျိုး ဖြစ်၏။ သို့သော် ကောင်းကင်ဖွေရှာ နန်းတော်တပည့် ရှေ့တွင် သူက ဂရုစိုက်နေရသည်။

ဂျူချီဂျန်းက ရယ်မောကာ …

“ဆရာကျူး ထိုင်ပါဗျ ... ဒါနဲ့ ကျုပ်ဂျူမျိုးနွယ်က မြောက်ဘက်ပိုင်း ချင်စီရင်စုထဲ ရောက်နေမှတော့ ဆရာကျူးဆီ အပ်ထားရတော့မှာပဲ ... အရမ်းကြီး သမားရိုးကျ ဆန်မနေပါနဲ့ဗျာ ...”

ကျုးကန်ဖူက ရင်ဘတ် ပုတ်ပြပြီး …

“စီနီယာဂျု စိတ်ချနေပါ ... မြောက်ဘက်ပိုင်း ချင်ရဲ့ ဂျူမျိုးနွယ် အရေးက ကျုပ်အရေးပဲ ပေါ့ဗျာ ...”

ဂျူချီဂျန်း အသက်သည် သူ့ထက်များစွာ ငယ်သော်လည်း စစ်ထူချင်ဆီမှ ဂျူချီဂျန်း ကျင့်ကြံဆင့်ကို ကြားဖူးကာ သူ့ထက်နိမ့်ကြောင်း သိ၏။ သို့သော်လည်း သူ့ကို “စီနီယာဂျူ” ဟု ခေါ်ဆိုနေရသည်။

“ကောင်းပြီလေ ...” ဂျူချီဂျန်းက ခွက်ကို သောက်လိုက်တော့သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဆရာကျူးက အဲဒီအပြင်စည်း တပည့်ကို သိပ်စိတ်ပူဖို့ မလိုပါဘူး။ သူက အခုမှ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ပဲ ရှိသေးတာ ... တကယ်လို့ သူ ရောက်လာရင် ဆရာကျူးက သွားသတ်လိုက်ရုံပဲ ... ကျုပ် ဂျူချီဂျန်းက တာဝန် အပြည့်အဝ ယူပေးမှာပါ ...”

***

All Chapters