ကျုပ်ရောက်နေပြီ
Vol. 15 Ch. 205
“စီနီယာဂျုကို ကျေးဇူးအများကြီး တင်ပါတယ် ...” ကျုးကန်ဖူက မြန်မြန် ကျေးဇူးတင် လိုက်သည်။ အရိုးသားဆုံး ပြောရလျှင် သူက မိုဝူကျီ၏ စွမ်းဆောင်ရည်များက သူ့ထက် ကျော်လွန် နေမည်ကို မစိုးထိတ်ပေ။ သူ ကြောက်ရွံ့သည့် အရာကား မိုဝူကျီ၏ ကောင်းကင်ဖွေရှာ နန်းတော်တပည့် ဖြစ်သည့် အနေအထား ဖြစ်၏။ ယွမ်ဒန်အဆင့် ကျင့်ကြံသူ အနေနှင့် ကောင်းကင်ဖွေရှာ နန်းတော်သည် သူ့ကို ဝရမ်း ချလိုက်ပါက တစ်လတောင် ခံမည် မဟုတ်ပေ။
“လာ အားလုံး သောက်ကြစို့ ... ဒါက ကျုပ်တို့ ချင်ယွီပြည်နယ်ရဲ့ အကောင်းဆုံး ဝိုင်ပဲ …” စစ်ထူချင်က သူ့ခွက်ကို မြောက်ကာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူက စိတ်အေး သွားလေပြီ။
“သခင် အရေးတကြီး သတင်း ရောက်လာပါတယ် ...” အမျိုးသမီး တစ်ဦးက အလျင်စလို ဝင်ရောက်လာကာ စစ်ထူချင်ဆီ စာတစ်စောင် ပေးလိုက်သည်။
စစ်ထူချင်က စာပေါ်က အမှတ်အသားကို မြင်သောအခါ စတင်၍ တုန်ယင် လာလေသည်။ သူ့ခွက်ပင် မြေပေါ်သို့ ပြုတ်ကျလု မတတ် ဖြစ်သွားလေသည်။ အနီရောင် ချိပ်ပိတ်ထားသည့် စာသည် ပြည်နယ်၏ အရေးကြီးဆုံး သတင်းများကို ကိုယ်စားပြု၏။ ယခု ထိုစာကြောင့် သူ့နောက်လိုက်သည် သူအား မနှုတ်ဆက်နိုင်ပဲ အလောတကြီး ပြေးလာပေး နေသည်။
“ငါ နားလည်ပြီ … မင်းထွက်သွားတော့ ...” စစ်ထူချင်က တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူ့တွင် ကောင်းကင်ဖွေရှာ နန်းတော်၏ အတွင်းစည်း တပည့် ဂျူချီဂျန်း ရှိနေသည့် အတွက် ဘာကိုများ စိုးရိမ်စရာ လိုမည်နည်း။
ဂျူချီဂျန်းနှင့် ကျူးကန်ဖူတို့လည်း မျက်နှာထားက တည်ငြိမ် နေလေသည်။ သူတို့ကဲ့သို့ ကျင့်ကြံသူများသည် ချင်ယွီပြည်နယ်၏ အရေးကြီးဆုံး ကိစ္စအရေးများပင် သူတို့အတွက် များစွာ အဓိပ္ပာယ် မရှိပေ။ ယောင်ကျိုး အပြင်ဘက်မှ စစ်တပ် တစ်ခုလုံး ချီတက် လာလျှင်ပင် သူတို့ရှေ့တွင် ပြောဖို့ အတွက်ပင် မထိုက်တန်ပေ။
စစ်ထူချင်က စာကို ဖွင့်ကြည့်လိုက်ပြီး စာထဲမှ အကြောင်းအရာ များကို မြင်သောအခါ လက်များပင် တုန်ယင် လာတော့သည်။ စောစောလေးမှ စားပွဲပေါ် တင်လိုက်သော ခွက်ပင် မြေပေါ်သို့ ကျသွားတော့သည်။
“ခွမ်း ...” ခွက်က ကွဲကြေသွားပြီး ဝိုင်များက နေရာအနှံ့ ဖိတ်စဉ် သွားလေသည်။
“ပြည်နယ်သခင် စစ်ထူ … ပြည်နယ်သခင် တစ်ယောက် အနေနဲ့ မပြောင်းမလဲတဲ့ သဘောထား ရှိသင့်တယ် ...” ဂျူချီဂျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ အရိုးသားဆုံး ပြောရလျှင် သူက ပြည်နယ်သခင် တစ်ယောက်ကိုပင် မျက်လုံးထဲ မထည့်ပေ။ ဤနေရာတွင် ရှိနေသည့် အကြောင်းအရင်းမှာ စစ်ထူချင်ကြောင့် မဟုတ်ဘဲ သူ့ဂျူမျိုးနွယ်သည် စစ်ထူချင် ပိုင်နက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် စစ်ထူချင်က မတည်မငြိမ် ဖြစ်နေသည်ကို မြင်သောအခါ သူက မျက်နှာသာ ပေးမိလွန်း သွားလားဟု ပြန်တွေးမိ သွားသည်။
စစ်ထူချင်က သူ့လက်ထဲမှ စာကို ဂျူချီဂျန်းဆီ အမြန်အဆန် ပေးလိုက်ကာ ပြောလိုက်သည်။
“အင်မော်တယ် ဆရာချီဂျန်း ... မိုမျိုးနွယ်စုရဲ့ လက်ကျန် နတ်ဆိုးက မြောက်ဘက်ပိုင်း ချင်စီရင်စု လောင်အန်းထိ ရောက်သွားပြီ။ လောင်အန်းမှာ ရှိနေတဲ့ ဂျူမျိုးနွယ်တွေ အသတ်ခံ လိုက်ရပြီးတော့ အရိုက်အရာက မိုမျိုးနွယ်စုဆီ ပြန်ရောက်သွားပြီ …”
“ဘာ ...” ဂျုချီဂျန်း မျက်ခုံးက တွန့်ချိုးသွားပြီးတော့ ရုတ်တရက် ထရပ်ကာ ရှေ့မှ စားပွဲကို ရိုက်ချလိုက်သည်။ သူ့ရိုက်ချက် အောက်တွင် လက်ရာ မြောက်လှသည့် ကျောက်စိမ်း စားပွဲကား ဖုန်မှုန့်အဖြစ် ပြောင်းသွားတော့သည်။ သူက စစ်ထူချင် လှမ်းပေးသည့် စာကိုပင် ဖွင့်မကြည့် နေတော့ပေ။
“မိုဝူကျီ မင်းစောင့်နေစမ်း …” ဂျူချီဂျန်းက အံကိုကြိတ်၍ ပြောလိုက်သည်။ ထို့နောက် သူက စစ်ထူချင်ကို စိုက်ကြည့်ကာ …
“လောင်အန်းကနေ စာရောက်လာဖို့ ဘယ်လောက်ကြာလဲ …”
ဂျူမျိုးနွယ် ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်ကာ ဂျူချီဂျန်းက စစ်ထူချင်ကို ဆက်၍ မျက်နှာသာ ပေးမနေတော့ပေ။
ဒေါသ ထွက်နေသည့် ဂျူချီဂျန်းနှင့် မျက်နှာချင်း ဆိုင်နေရ၍ စစ်ထူချင်က အချိန်မဆွဲရဲပဲ မြန်မြန် ပြောလိုက်တော့သည်။
“သားရဲပျံနဲ့ ပို့လိုက်တာ ဆိုတော့ အနည်းဆုံး နေ့တစ်ဝက် လောက်တော့ ကြာမယ် …”
ဂျုချီဂျန်းက အေးစက်စက် ပြောလိုက်သည်။
“ကြည့်ရတာ သူ လောင်အန်းက ထွက်မသွားရ သေးတဲ့ပုံပဲ … ကျုပ် လောင်အန်းကို သွားလိုက်ဦးမယ်။ သူ ထွက်သွားရဲရင် လောင်အန်း တစ်မြို့လုံးက လူတိုင်းကို သတ်ပစ်မယ် ...”
“အမ် ...” ဂျူချီဂျန်းက မြို့သူ မြို့သားတွေပါ သတ်ပစ်မည်ဟု ပြောသောအခါ စစ်ထူချင်၏ စိတ်ထဲ လေးလံ သွားလေသည်။ သို့သော်လည်း ဂျူချီဂျန်း စကားများကို ဝင်မစွက်ဖက် ရဲပေ။
အစပိုင်းတွင် ကျူးကန်ဖူက ဂျူချီဂျန်းကို ကျေနပ်စေဖို့ လောင်အန်းအထိ လိုက်ဖို့ရာ ရည်ရွယ်ထား၏။ သို့သော်လည်း ဂျူချီဂျန်းက လောင်အန်း မြို့သားတွေအပေါ် ဒေါသ ပုံချမည့် ကိစ္စကို ကြားသောအခါ သူက ချက်ချင်းပင် ပါးစပ်ပိတ် သွားတော့သည်။
ဂျူချီဂျန်းက ခံပြင်းလွန်း၍ ရူးမိုက်သော အရာများကို လုပ်နိုင်သော်လည်း ကျူးကန်ဖူက သူ့နောက်သို့ သေသည်အထိ လိုက်ရန် မရည်ရွယ်ပေ။ ကျင့်ကြံသူများက သေမျိုး လောကတွင် မြင့်မြတ်သော တည်ရှိမှုမျိုး ဖြစ်သော်ငြား သေမျိုး လောကတွင် သောင်းကျန်းပါက အကျိုးဆက်တော့ ခံစားရ လိမ့်မည်။ ကျူးကန်ဖူက ဂျူချီဂျန်းသည် ကောင်းကင်ဖွေရှာ နန်းတော်မှ ဖြစ်နေလျှင်ပင် သူကား အဆုံးသတ် ကောင်းမည် မဟုတ်ပေ။
ကျူးကန်ဖူက ဂျူချီဂျန်းနှင့်အတူ လောင်အန်းသို့ လိုက်သွားရန် စိတ်ကူး မရှိသည်ကို တွေ့သောအခါ စစ်ထူချင်က စိတ်အေးလက်အေး သက်ပြင်း ချမိလိုက်သည်။ ဂျူချီဂျန်းနှင့် ကျူးကန်ဖူ နှစ်ယောက်လုံး ထွက်သွားလျှင် မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ သူ့ဆီ ရောက်လာမည်ကို စိုးရိမ် နေမိသည်။ ထိုသို့ဆိုလျှင် သူသေသွား လိမ့်မည်။
“ဘုန်း ...” ပြင်းထန်သည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ကြမ်းပြင်ပင် တုန်ခါ သွားလေသည်။ ဂျူချီဂျင်းနှင့် အခြားလူများက မြန်မြန်ဘေးသို့ ကပ်လိုက်ကြသည်။
“ဟူးလားလား ...” အဆောက်အဦ အတွင်းမှ သစ်သားတုံးများက ပြိုကျ လာလေသည်။ ချင်ယွီပြည်နယ်၏ အကြီးကျယ်ဆုံး တော်ဝင် နန်းတော်တွင် အပေါက်ကြီး ဖြစ်သွားလေပြီ။ မြေကြီးများ တုန်ခါလာပြီး နန်းတော်က ပြိုကျသွားတော့သည်။
အကူအညီ တောင်းသံများကိုပင် ကြားနိုင်လေသည်။ အစောင့်များလည်း နန်းတော်မှ အပြေးအလွှား ထွက်လာကြသည်။
အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်လေးက ပြည်နယ်သခင် အိမ်တော်ရှေ့ရှိ တိုင်လုံးကြီး ထိပ်တွင် ရပ်နေကာ ဂျူချီဂျန်းနှင့် ကျန်လူများကို ကြည့်နေလေသည်။ သူ့လက်များက ဗလာဖြစ်နေသည့် အတွက် နန်းတော်ကို မည်သည့် အရာနှင့် ဖျက်ဆီးလိုက်မှန်း မသိကြပေ။
“ဂျူချီဂျန်း ကမ္ဘာကြီးက ကျဉ်းလိုက်တာ ... မင်း သတင်း ကြားပြီးပြီ ဆိုတော့ လောင်အန်းကို သွားတော့ မလို့လား … ဒါပေမဲ့ မင်းမြင်တဲ့အတိုင်း သွားစရာ မလိုတော့ဘူး … ငါရောက်နေပြီ …” လူငယ်လေးက လက်နှစ်ဖက် နောက်ပစ်ထားရင်း ဂျူချီဂျန်းကို စိုက်ကြည့်လိုက်သည်။ သူ့လေသံကား အတော်လေး မောက်မာနေလေ၏။
“မိုဝူကျီ ...” စစ်ထူချင်ကို ဖုန်များ ဖုံးလွှမ်း နေလေသည်။ သူ့တစ်ကိုယ်လုံးကား တုန်ယင်နေကာ အကြောက် တရားကြောင့်လား သို့မဟုတ် ဒေါသကြောင့်လား မပြောတတ်ပေ။
ကျူးကန်ဖူက “မိုဝူကျီ” ဟု ကြားသောအခါ မည်သူ ရောက်ရှိလာမှန်း သိလိုက်သည်။ မိုဝူကျီတွင် ဝိညာဉ် စွမ်းအားများ ဝန်းရံ မနေသော်လည်း သူက တိုင်လုံးထိပ်တွင် ရပ်နေသောကြောင့် ကျူးကန်ဖူ အနေဖြင့် မိုဝူကျီသည် သွားနှောင့်ယှက်သင့်သူ မဟုတ်ကြောင်း ခံစားနေမိသည်။
အပြာရောင် ဝတ်ရုံနှင့် လူငယ်က မိုဝူကျီ ဖြစ်၏။ ဂျူချီဂျန်း ဤနေရာသို့ ရောက်နေသည့် သတင်းကို ရသည်နှင့် ချက်ချင်း ထွက်လာခြင်း ဖြစ်သည်။ ဂျူချီဂျန်းကို သတ်ပြီးမှသာ သူက အေးအေးဆေးဆေး ထွက်သွား နိုင်လိမ့်မည်။
ချင်ယွီပြည်နယ်၏ တော်ဝင်နန်းတော် အတွက် သူ့ထျန်းဂျီတုတ်ဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ယခင်က သူသည် စစ်ထူချင်ကြောင့် အသတ် ခံရလုနီးပါး ဖြစ်ခဲ့သောကြောင့် သူက ဤနေရာသို့ ပြန်လာပြီး ဖျက်ဆီးပစ်မည်ဟု ကျိန်ဆို ထားလေသည်။ ယနေ့တွင် သူ့ဆန္ဒများ ပြည့်ဝ သွားလေပြီ။
သူက ထျန်းဂျီတုတ်ကို ထုတ်မပြချင်ပေ။ ထို့ကြောင့် နန်းတော်ကို ဖျက်ဆီး ပြီးသည်နှင့် သိမ်းထား လိုက်လေသည်။
“မိုမျိုးနွယ် ဒီနေ့တော့ မင်းကိုငါ့လက် ကနေ ဘယ်သူ ကယ်နိုင်မလဲ ကြည့်ကြတာပေါ့ ...” ဂျူချီဂျန်းက သူ့ဓားရှည်ကို ဆွဲထုတ် လိုက်တော့သည်။ ဓားသွားက မိုဝူကျီ ရပ်နေသည့် တိုင်လုံးကို ဖြတ်သွားတော့သည်။
မိုဝူကျီက ခြေချစရာ နေရာ မရှိတော့ချေ။ သူက ဘာမှမပြောဘဲ ချက်ချင်း ဆိုသလို ယောင်ကျိုး အပြင်ဘက်သို့ ပြေးထွက် သွားတော့သည်။ ဂျူချီဂျန်း၏ မာနအရ သူက သေချာပေါက် လိုက်လာလိမ့်မည်။
သူက ယောင်ကျိုးတွင် မတိုက်ခိုက် ချင်ပေ။ ပထမဆုံး အချက်က ဤနေရာတွင် သူတို့နှစ်ယောက် တိုက်ခိုက်ပါက အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံး သွားလိမ့်မည်။ ဒုတိယ အချက်က သူ့ထျန်းဂျီတုတ်ကို ယောင်ကျိုးတွင် ထုတ်ပြလို့ မဖြစ်ချေ။ မြင်လိုက်ရပါက သူ့ကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅မှန်း သိသွားကြ လိမ့်မည်။ သူ့တွင် အပိုရန်သူ လိန်မျိုးနွယ်စု ရှိနေသေးသည် မဟုတ်ပါလော ... ထို့ကြောင့် သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ဖြစ်ကြောင်း အားလုံးကို မသိစေလိုပေ။
တွေးထားသည့် အတိုင်း မိုဝူကျီ မြို့က ထွက်လာသည်နှင့် ဂျူချီဂျန်းက သူ့နောက်ကို တန်းလိုက် လာလေသည်။
ကျူးကန်ဖူက မျက်နှာထား တည်တည်ဖြင့် ဂျူချီဂျန်းနောက်သို့ လိုက်မသွားပေ။ သူက ဂျုချီဂျန်း အရည်အချင်းများကို လိုက်မမီ နိုင်သော်လည်း သူက အတွေ့အကြုံ ပိုများလေသည်။ မိုဝူကျီကို မြင်လိုက်သည့် အခိုက်အတန့် သူ့စိတ်ထဲတွင် ထိတ်လန့်မှုကို ခံစားမိ လိုက်သည်။ မိုဝူကျီတွင် ဝိညာဉ် စွမ်းအားများ မခံစားမိ သော်လည်း မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တွင် မဟုတ်ကြောင်း ယုံကြည်သည်။
စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူက ဂျူချီဂျန်းကို မြို့ပြင်သို့ ခေါ်ထုတ် သွားရဲသည်။ သူက ရူးနေတာလား …
စစ်ထူချင်၏ မတည်မငြိမ် မျက်နှာထားကို ကြည့်ကာ ကျူးကန်ဖူက ပြောလိုက်သည်။
“သခင် အများကြီး စိုးရိမ်စရာ မလိုပါဘူး။ စီနီယာဂျူက ကောင်းကင်ဖွေရှာ နန်းတော်က အတွင်းစည်း တပည့်ပါ။ သာမန် အပြင်စည်း တပည့်ကို သတ်ဖို့က သူ့အတွက် ငှက်ပျောသီး အခွံခွာ စားရသလိုပဲ နေမှာပါ … ကျုပ်က ဒီမှာနေပြီးတော့ သခင်ကို ကာကွယ်ပေးမယ် အဲဒါမှ အဲဒီကောင် ပြန်ရောက်လာပြီး တစ်ခုခု မလုပ်နိုင်မှာ …”
စစ်ထူချင် အမူအရာကား နည်းနည်း ပိုကောင်းလာပြီး …
“ပြည်နယ် ကာကွယ်သူကို ကျေးဇူး တင်ပါတယ် ...”
ကျူးကန်ဖူက အသာ ပြုံးလိုက်သည်။ သူက စိတ်ထဲတွင် ဆုံးဖြတ်ချက် ချထားပြီး လေပြီ။ အကယ်၍ ဂျုချီဂျန်းကို တစ်နာရီ အတွင်း ပြန်မမြင်ပါက သူက ချင်ယွီ ပြည်နယ်နှင့် ယောင်ကျိုးကနေ ချက်ချင်း ထွက်သွားမည် ဖြစ်သည်။
သူ့အတွေ့အကြုံနှင့် မြော်မြင်မှုအရ မိုဝူကျီသာ သူတို့ပြောသည့် အတိုင်း အားနည်းသည် ဆိုလျှင် ဂျုချီဂျန်းက မိုဝူကျီကို တစ်နာရီ အတွင်း သတ်နိုင်လိမ့်မည်။ အကယ်၍ မိုဝူကျီသာ တစ်နာရီအတွင်း မသေဆုံးပါက သူက ဂျူချီဂျန်းထက် အားနည်းမည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာလျှင် မည်သူ အနိုင်ရရ အရေး မပါတော့ပေ။ သူက ထိုကိစ္စ အရှုပ်အထွေး များကြား ဝင်မပါချင်ပေ။ ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးရမည်။ ပြည်နယ် ကာကွယ်သူ အနေနှင့် သူက သေမျိုး သာယာမှုများနှင့် ရှားပါးလှသော ကျင့်ကြံခြင်း အထောက်အပံ့ တချို့သာ တွေ့ကြုံဖူး လေသည်။ စစ်ထူချင်က သူ့အသက်နှင့် မထိုက်တန်လှပေ။
မိုဝူကျီက ယောင်ကျိုးမြို့ အပြင်မှ တောအုပ်တွင် ရပ်သွားလေသည်။ ကမ္ဘာ အလှည့်အပြောင်း ဖြစ်လာပြီးနောက် သူ ပထမဆုံး နိုးလာသည့် တောင်ကုန်း နေရာလေးတွင် ဖြစ်သည်။
ဤနေရာတွင် တောင်ကုန်းလေး ရှိနေသော်လည်း သူ့ကို “ဘုရင်ကြီး” ဟု ခေါ်ဆိုတတ်သည့် ယန်အာတော့ မရှိတော့ချေ။
“မင်းအုတ်ဂူကို ဒီနေရာ ရွေးထားတာလား ...” ဂျူချီဂျန်းက မိုဝူကျီနှင့် မနီးမဝေးတွင် ရပ်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။
မိုဝူကျီက ဂျူချီဂျန်းကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“ဒါက ငါ့အတွက် မဟုတ်ဘူး … မင်းနေရာပဲ ... ငါ ဒီနေရာက ထွက်လာ ကတည်းက ဒီမှာ တစ်ခုခု မြှုပ်ထားရင် ကောင်းမှာလို့ အမြဲ တွေးမိနေတာ ... အခု နောက်ဆုံးတော့ ဖြစ်လာတော့ မှာပေါ့ ...”
“ဟားဟား …” ဂျုချီဂျန်းက အူတက်မတတ် ရယ်မော လိုက်လေသည်။ ထို့နောက်တွင် သူ့တစ်ကိုယ်လုံးတွင် စွမ်းအားများ ထွက်ပေါ်လာပြီး မိုဝူကျီဆီ ဖိအားများ သက်ရောက်လာသည်။
မိုဝူကျီက ထိုစွမ်းအားကို ခံစားမိပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ခင်ဗျားကို မြေကမ္ဘာအဆင့် တက်လှမ်းပြီးတော့ ယွမ်ဒန်အဆင့်၁ ရောက်သွားမယ်လို့ ထင်မထားဘူး ...”
ဂျူချီဂျန်း နောက်ကျောမှ ဓားရှည်က လေထဲပျံထွက် လာပြီး သူ့လက်ထဲသို့ ကျဆင်း လာလေသည်။
“မင်းမှန်းတာ မှန်တယ်။ မင်းတွက် ထားတာနဲ့ လွဲသွားလို့ ကြောက်သွားပြီလား … မင်းက ငါ့ကို ဒီနေရာအထိ မျှားခေါ်လာ ရဲတယ် ဆိုတော့ မင်းက လူသား အဆင့်လွန်အထိ ရောက်သွားတာ ဖြစ်ရမယ်။ မင်းလိုမျိုး အမှိုက်တောင် လူသားအဆင့်လွန် အဆင့်ထိ တက်လှမ်းနိုင်တယ် ဆိုတော့ မင်းဆီက အရာက ရိုးမှာ မဟုတ်ဘူး … ငါ့ကို ဘာမှပြောစရာ မလိုဘူး ငါ့ဘာသာ ရှာမယ် ...”
“မင်းအလောင်း ဆီကနေ …” ထိုသို့ ပြောပြီး ဂျူချီဂျန်းလက်များက ဓားမျက်နှာပြင်များ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး မိုဝူကျီဆီ ပျံဝင် လာတော့သည်။
ဂျူချီဂျန်း တစ်ကိုယ်လုံးကား ဓားမျက်နှာပြင်နှင့် အတူ မြင့်တက်လာပြီး ကောင်းကင် တစ်ခွင်အထိ ထိုးတက် လာလေသည်။
“မင်း သေပြီးသွားရင် မင်းကို အဖော်ရအောင် တစ်ယောက် ထည့်ပေးလိုက်မယ်။ သူက ပြည်နယ် ကာကွယ်သူ ဆိုတော့ မင်းအတွက် အဝါရောင် စမ်းချောင်းဆီ သွားတဲ့လမ်း တစ်ယောက်တည်း ဖြစ်နေမှာ စိုးရိမ်ဖို့ မလိုတော့တာပေါ့ ...”
ကျူးကန်ဖူက နောက်က လိုက်မလာသောကြောင့် ဂျူချီဂျန်းက သူ့ကို သတ်ချင်စိတ်များ ဖြစ်ပေါ် နေလေသည်။ ကျူးကန်ဖူက သူ့နောက်ကွယ်တွင် ထိုသို့ လှည့်စား ရဲသည်လား … သေးနုပ်သည့် ယွမ်ဒန်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့် ဖြစ်သည့် သူ့အတွက် ဘာမှမဟုတ်ပေ။
“ဓားလျှို့ဝှက် ပညာလား … ငါလည်း တစ်ခုသိတယ် ...” မိုဝူကျီက လက်ကို မြှောက်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်းမှ မရှိသော်လည်း ဓားအလင်းကို ပစ်လွှတ် လိုက်တော့သည်။ ထိုဓား အလင်းများက ဂျူချီဂျန်း၏ ဓားမျက်နှာပြင်များကို ဖြတ်သွားသည့် အခါ ပြစ်ချက် ကင်းစင်လှသည့် မျက်နှာပြင်များက တိုက်ရိုက် ပျောက်ကွယ် သွားတော့သည်။
“ဘယ်ဓား လျှို့ဝှက် ပညာလဲ …” ဂျူချီဂျန်းက လက်ဗလာ မိုဝူကျီကို မြင်သောအခါ မှင်တက်မိ သွားသည်။ သူ့ဓား မျက်နှာပြင်များသည် ဓားပညာရပ် အစိတ်အပိုင်း တစ်ခုဖြစ်ကာ ဟန်ပြသာ ဖြစ်၏။ သူက သူ့ဓား လျှို့ဝှက်ပညာရပ် အပြည့်အဝ မသုံးရသေးခင် မိုဝူကျီ လက်ဗလာကြောင့် ဖျက်ဆီး ခံရလိမ့်မည်ဟု ထင်မထားပေ။
မဟုတ်သေးပါဘူး …
ဂျူချီဂျန်းက ရုတ်တရက် နောက်တစ်ခုကို တွေးမိသွားသည်။ မိုဝူကျီသည် လူသားအဆင့်လွန် အဆင့်သို့ တက်လှမ်းပြီးခါစ ဖြစ်သည့်အတွက် အလွန်ဆုံး အဆင့်၁သာ ဖြစ်ရမည်။ သူက ဓားကို သီးသန့်လေ့ကျင့် ထားလျှင်ပင် သူ့ရှေ့တွင် ဟန်ရေး လာပြနိုင် လောက်အောင်အထိ အားမကောင်း သင့်ပေ။
***