ထွက်ပြေး နေရသော ဘွားဘွား လင်းလောင်
Vol. 15 Ch. 207
“မမလေးနင်က ကျင့်ကြံဖို့ အချိန်ဇယားတွေနဲ့ ပြည့်နေလို့ ပြန်မလာနိုင်တာ နေမှာ ...” မိုဝူကျီက အကြောင်းပြချက် တစ်ခုရှာကာ ပြောလိုက်သည်။
“အင်မော်တယ် ဆရာမို ... အန်ယန်းတုန်းက ကျုပ်တကယ်ကို စကား ပြောချင်ပါတယ်။ ဟုတ်သား မြောက်ဘက်ပိုင်း ချင်စီရင်စုနဲ့ ပတ်သက်ပြီးတော့ ကျုပ် ပြန်ရောက်တာနဲ့ မိုမျိုးနွယ်စုကို ပြန်ပေးမလို့ပါ ... ဒါပေမဲ့ ဂျူချီဂျန်းက အရမ်းရိုင်းလို့ ...” စစ်ထူချင်က မိုဝူကျီနှင့် ဟန်ချန်အန်း စကားဝိုင်းကို မြင်သောအခါ အလျင်အမြန် ဝင်ပြော လိုက်လေသည်။
သူ့သမီး အကြောင်း ပြောနေသည့် ဟန်ချန်အန်းက ရုတ်တရက် အတွေးပေါက် လာသည်။ သူ့ရှေ့တွင် ရှိနေသော မိုဝူကျီက စစ်ထူချင်ကို နာမည်သာ တပ်ခေါ် နေလေသည်။ သူက စစ်ထူချင်ကို မမြင်သေး သော်လည်း စစ်ထူချင်က ဦးစွာ စကားစရှာ၍ ပြောနေလေသည်။ ထို့အပြင် စစ်ထူချင်က သူ့ကို အင်မော်တယ် ဆရာဟု တရိုတသေ ခေါ်နေသေးသည်။ ဖြစ်နိုင်သည်က မိုဝူကျီတွင် ကျင့်ကြံနိုင်စွမ်း ပါလာပြီးတော့ အစစ်အမှန် အင်မော်တယ် ဆရာ တစ်ယောက် ဖြစ်လာတာလား ...
“ခင်ဗျား ပါးစပ်ပိတ်နေ ...” မိုဝူကျီက စစ်ထူချင် စကားများကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
ဟန်ချန်အန်းက သူ့ဘဝ တစ်လျှောက်လုံး ကုန်ဆုံး သွားလျှင်ပင် ဘာတွေဖြစ်ပျက် နေမည်မှန်း သိမည် မဟုတ်ပေ။ အခြေအနေကား အလွန် ရှုပ်ထွေးလှသည်။ မိုမျိုးနွယ်စု၏ မျိုးဆက်က လက်စားချေရန် ပြန်ရောက် လာလေသည်။ ထို့ကြောင့် စစ်ထူချင်သည် သူ့ကို ရှာနေသည့် အကြောင်းအရင်းကို နားလည် သွားတော့သည်။ အကြောင်းမှာ ဟန်ချန်အန်း တစ်ယောက်တည်းသာ မိုဝူကျီနှင့် ကျေးဇူးကြွေး ရှိဖူး၍ စစ်ထူချင်သည် သူ့ကို ကယ်တင်ပေးရန် တောင်းဆိုလိမ့်မည်။
ထိုသည်က ဟန်ချန်အန်းကို အတော်လေး အကျပ်တွေ့ သွားစေသည်။ အကြောင်းမှာ မိုဝူကျီက သူ့အပေါ် အကြွေးတင် နေသော်လည်း ထိုကိစ္စရပ်မှာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် သူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု မိုမျိုးနွယ်စုက စစ်ထူချင်ကို အလွန် မုန်းတီးနေ၍ သူက မည်သို့ ကူညီပေးသင့် သနည်း။
ဟန်ချန်အန်းက တော်ဝင်နန်းတော်က ထိုမျှ ရှုပ်ယှက်ခတ်နေသည့် အကြောင်းအရင်းကို တစ်ဆက်တည်း နားလည် သွားလေသည်။ ထိုသည်က မိုဝူကျီ လက်ချက်သာ ဖြစ်ရမည်။
အမြဲတမ်း အကောင်းနှင့်သာ ကြုံတွေ့ဖူသော ဘဝတွင် လူအများက ကိုယ့်အပေါ် တကယ်ကောင်း၊ မကောင်း ဘယ်တော့မှ မသိနိုင်ပေ။ အနာဂတ်သည် မသေချာ သောကြောင့် မည်သူကမှ ရက်ရက်စက်စက် မပြုမူသင့်ပေ။
ဟန်ချန်အန်း ဘေးတွင် ရပ်နေကြသော မြို့စားတချို့က အဖြစ်အပျက်ကို နားလည်သွားပြီး မိုဝူကျီသည် မြောက်ဘက်ပိုင်း ချင်စီရင်စု သခင် မိုထင်းချန် မြေးဖြစ်နေမှန်း သိလိုက်ကြသည်။ ယခု မိုဝူကျီက အင်မော်တယ် ဆရာ တစ်ယောက် ဖြစ်လာ၍ လက်စား လာချေခြင်းသာ ဖြစ်ရမည်။
“စစ်ထူချင် ကျုပ်အဘိုးက ဘယ်ရောက် သွားတာလဲ ... ယောင်ကျိုးရောက်တာနဲ့ ဘာလို့ ပျောက်သွား ရတာလဲ ...” မိုဝူကျီက စစ်ထူချင်ကို စိုက်ကြည့်ရင်း ထိုမေးခွန်းကို တိုက်ရိုက် မေးလိုက်သည်။
စစ်ထူချင်က ဟန်ချန်အန်းကို ခဏငေးကြည့် နေပြီးနောက် တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် ဦးညွှတ်ကာ …
“အင်မော်တယ် ဆရာမို ... သခင်ထင်းချန်က ယောင်ကျိုးကို တစ်ခါ လာလည်ခဲ့ပေမဲ့ သူ ထွက်မသွားခင် မျက်နှာ လာပြရုံလေးပါ။ နောက်ပိုင်းကျမှ သူက လောင်အန်းကို မပြန်တာကို သိလိုက်ရတာ ... သူတည်နေရာကိုတော့ ကျုပ်လည်း မသိဘူး ...”
သူက ထိုသို့ ပြောနေစဉ်က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက မိုဂေါင်ယွမ် အရိုက်အရာ မဆက်ခံနိုင်အောင် စီစဉ်ခဲ့ သော်လည်း သူက မိုမျိုးနွယ်စုဝင်များကို တိုက်ရိုက် မထိခိုက်စေပေ။
မိုဂေါင်ယွမ်ကို ယောင်ကျိုးက ထွက်သွားခွင့် မပြုသည်မှာ ဂျူချိုင်ယွမ်ကြောင့် ဖြစ်ပြီး သူလုပ်ခဲ့သည်က စောင့်ကြည့်နေရုံသာ ဖြစ်သည်။
မိုဝူကျီ အကြည့်မှ လူသတ်ငွေ့ အရိပ်အယောင်ကို မြင်၍ ဟန်ချန်အန်းက သူသည် စစ်ထူချင် အဖြေကို မကျေနပ်သေးကြောင်း သေချာပေါက် သိလိုက်သည်။ ထို့ကြောင့် သူက မြန်မြန် ဝင်ပြောလိုက် ရသည်။
“ဆေးလုံးဆရာမို ... ဒီကိစ္စမှာတော့ သူ့ကို အာမခံပေး နိုင်ပါတယ်။ သခင်စစ်ထူက သခင်ထင်းချန် ဘယ်ရောက် သွားတယ်ဆိုတာကို တကယ် မသိတာပါ။ ပြီးတော့ သူက သခင်ထင်းချန်ရဲ့ လှုပ်ရှားမှုတွေ ကိုလည်း မကန့်သတ်ထားလို့ ယောင်ကျိုးထဲမှာ ပိတ်မိနေတဲ့ ကိစ္စက အားလုံးက ဂျူချိုင်ယွမ် တာဝန်ရှိတာပါ ...”
“ဂျူချိုင်ယွမ်က လောင်အန်းက ထွက်သွားတာ ကြာပြီ ...” စစ်ထူချင်က ဟန်ချင်အန်းသည် သူ့ကို ကူညီနေသည်ကို ကြားသည့်အခါ ဝင်ပြောလိုက်သည်။
ဟန်ချန်အန်းက လေးလေးစားစား ဦးညွှတ်ကာ …
“ဆေးလုံး ဆရာမိုက ကျုပ်မျက်နှာ ထောက်ထားပြီးတော့ စစ်ထူချင်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ...”
သူက စစ်ထူချင်ကို သခင်ဟု တပ်မပြောရဲပေ။ အကြောင်းမှာ မိုဝူကျီ ဒေါသကို ဆွမိမှာ စိုးရိမ်၍ ဖြစ်သည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ ဟန်ချန်အန်းသည် သူ့ကို မလိမ်ညာမှန်း ယုံကြည်သည်။ သူက ဂျူချိုင်ယွမ် လောင်အန်းမှ ထွက်သွားသည့် ကိစ္စကို မစိုးရိမ်ပေ။ အကြောင်းမှာ သူမက သေမှာ သေချာနေ၍ ဖြစ်၏။ ယခင်က ဟန်ချန်အန်းသည် မိုဝူကျီအတွက် စစ်ထူချင်ဆီမှ ကယ်တင်ရန် အတွက် ပြောပေးခဲ့သည်။ ယခုတွင် ဟန်ချန်အန်းက သူ့ဆီမှ စစ်ထူချင်ကို ကယ်တင်ဖို့ရန် ပြောနေလေရာ သူ့ကို နည်းနည်း အခက် တွေ့စေသည်။ သူ့ဘက် အမြင်အရ အကောင်းဆုံး လှုပ်ရှားမှုမှာ စစ်ထူချင်နှင့် စစ်ထူမျိုးနွယ်စုကို အရိုက်အရာမှ ကန်ထုတ်ခြင်း ဖြစ်သည်။
“ဆေးလုံးဆရာမို ... ကျုပ် ချင်ယွီမှာ ရှိနေသရွေ့ မြောက်ဘက်ပိုင်း ချင်စီရင်စုကို နောက်တစ်ကြိမ် ထွန်းတောက်လာအောင် လုပ်ပေးဖို့ ကတိပေး ပါတယ် ...”
ဘေးတွင် ရပ်နေသည့် စစ်ထူချင်က မိုဝူကျီ မျက်မှောင်ကြုတ်တာကို မြင်၍ ချက်ချင်း ဝင်ပြောလိုက်သည်။ သူက မိုဝူကျီသည် ရုတ်တရက် လှုပ်ရှား၍ သူ့ကို သတ်မည်ကို စိုးရိမ် နေလေသည်။ အင်မော်တယ် ဆရာအတွက် နိုင်ငံသခင် တစ်ယောက်ကို သတ်တာက ဥပဒေနှင့် မလွတ်ကင်း သော်လည်း ပြစ်ဒဏ်ကား မပြောပလောက်ပေ။ ထို့အပြင် မိုဝူကျီသည် ကောင်းကင်ဖွေရှာ နန်းတော်တပည့် ဖြစ်နေသေးသည့် အတွက် သူက အပြစ်ပေး ခံရဖို့ပင် မသေချာပေ။
မိုဝူကျီက တွေဝေနေစဉ် အားလုံး၏ အပေါ်မှ တိတ်ဆိတ်မှုကို ချိုးဖျက်စေသည့် အသံ ထွက်ပေါ် လာလေသည်။ လူတိုင်း ခေါင်းမော့ကြည့် လိုက်သည့်အခါ မှော်ရတနာပျံကို မြင်လိုက်ရသည်။ ပျံသန်းရေး မှော်ရတနာသည် အနိမ့်လေး ပျံသန်းနေတာ ဖြစ်ပြီး အားလုံးက သင်္ဘောပျံမှန်း တန်းသိ လိုက်ကြသည်။
မိုဝူကျီက သူ့စိတ် စွမ်းအားကြောင့် အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ထိုပေါ်တွင် ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပေပွနေပြီး အပြင်းအထန် ဒဏ်ရာ ရနေသည့် အမျိုးသမီး တစ်ဦး ပါရှိသည်။ သူမက ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီမှ ဘွားဘွား လင်းလောင်သာ ဖြစ်၏။
သူမက ဘယ်လိုဖြစ်လို့ ဒီအခြေအနေထိ ဖြစ်သွားတာလဲ ...
အားလုံးက သင်္ဘောပျံကို မတုံ့ပြန်နိုင်ခင် နောက်ထပ် သင်္ဘောပျံ တစ်စင်း ဝှီးခနဲ ထပ်ပျံသန်း လာလေသည်။
မိုဝူကျီက အဖြစ်အပျက်များကို ခြုံငုံစဉ်းစား လိုက်ကာ ဘွားဘွား လင်းလောင် နောက်မှ လိုက်နေခြင်းသာ ဖြစ်ရမည်။ ဘွားဘွား လင်းလောင်ကို လိုက်ဖမ်းရဲ လောက်အောင် အထိ ထိုလူက မည်မျှ အားကောင်း နေသနည်း။
ဘွားဘွား လင်းလောင်က ခြေသုတ်တင်၍ ထွက်ပြေး လာသည်ကို မြင်၍ မိုဝူကျီက စစ်ထူချင်နှင့် ထပ်၍ ပြောချင်စိတ် မရှိတော့ပေ။ သူက အလေးနက် ပြောလိုက်တော့သည်။
“ကောင်းကင်ဖွေရှာ နန်းတော်ကို ဆေးလုံး ဘုံစေတီရဲ့ ဘွားဘွား လင်းလောင်က အပြင်းအထန် ဒဏ်ရာရနေပြီး နောက်က အလိုက်ဖမ်းခံ နေရတယ် ဆိုပြီး အကြောင်းကြားလိုက် ... အဲဒါကို ကောင်းကောင်း လုပ်နိုင်ရင် ဒီတစ်ကြိမ် မလွှတ်ပေးနိုင်စရာ အကြောင်း မရှိဘူး ....”
မိုဝူကျီက မြန်မြန် သွက်သွက်လက်လက် ပြော၍ ချက်ချင်းဆိုသလို သူ့ကားပျံကို ထုတ်ယူကာ သင်္ဘောပျံ နှစ်စင်း သွားရာ တိမ်တွေထဲ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ ထွက်သွားပြီး နောက်တွင် စစ်ထူချင်က နဖူးမှ ချွေးအေးများကို သုတ်နိုင်တော့သည်။ ထို့နောက် သူက ကျေးဇူးတင်စွာဖြင့် …
“မြို့စားကြီး ဒီတစ်ခါ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ်အသက်တော့ ...”
ဟန်ချန်အန်းက စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။
“သခင် အခုက အဲဒါတွေ ပြောနေဖို့ အချိန်မဟုတ်ဘူး။ ပထမဆုံး ဆေးလုံးဆရာမို ချပေးခဲ့တဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ရဦးမယ် ...”
“ဟုတ်တယ် ဟုတ်တယ် ...” စစ်ထူချင်က နောက်ဆုံးတွင် အသိပြန်ဝင် လာသည်။
နိုင်ငံ့အရေးက မမျှော်လင့်ဘဲ သင်္ဘောပျံနှစ်စင်း ဖြတ်သန်း သွားရာမှ ပြေလည် သွားသောကြောင့် မြိုစားအားလုံး ထိတ်လန့်မိ သွားကြသည်။
လူအုပ်ထဲတွင် ရပ်နေသော လူဝကြီး တစ်ယောက်က ခေါင်းကို ငုံ့ထားရင်း ဖြည်းဖြည်းချင်း နောက်ဆုတ် သွားနေသည်။ သို့သော် မြန်မြန် မှတ်မိသွားပြီး …
“ဝမ်ကျွီ ခင်ဗျားတော့ အရင်က အမှား အကြီးကြီး လုပ်မိခဲ့တာပဲ ... မိုမျိုးနွယ်စု ကိုသာ နှိမ်ချ မကြည့်ခဲ့ရင် ခင်ဗျားက ဆေးလုံးဆရာမိုရဲ့ ယောက္ခမ ဖြစ်နေဦးမှာ ...”
ထိုလူဝကြီးက ဝမ်မန်ကျူ၏ ဖခင် ဖြစ်လေ၏။ ယခင်က မိုမျိုးနွယ်စု ပျက်စီးလာစဉ်မှ သူက မိုမျိုးနွယ်စုနှင့် ဆက်ဆံရေး ပြတ်တောက်လိုက်ကာ သူ့သူငယ်ချင်းကောင်း ဖြစ်သည့် မိုဂေါင်ယွမ်နှင့် မိုမျိုးနွယ်စုကို အဆက်ဖြတ်ပစ် လိုက်လေသည်။
ကမ္ဘာပေါ်တွင် မည်သည့်အရာမှ မတည်မြဲသော်လည်း သူသည် ထိုကမောက်ကမ ဖြစ်စေသည့် သခင်လေးက အင်မော်တယ် ဆရာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု စိတ်ပင် မကူးမိပေ။
ဘာကိုမှ မသိလျှင် ဘာကိုမှ ကြောက်ရွံ့နေဖို့ မလိုအပ်ပေ။ ထိုသည်က လက်ရှိ ဝမ်ကျွီကို ဖော်ပြဖို့ရာ အကောင်းဆုံး စကားစုဖြစ်သည်။
မိုဝူကျီ၏ ကားပျံက သင်္ဘောပျံ နှစ်စင်းထက် များစွာ နှေးကွေးလေ၏။ သူ့စိတ် စွမ်းအားဖြင့် သူက လေထဲမှ လှုပ်ရှားမှုများကို ခံစားနိုင်နေခြင်း ဖြစ်၏။ သူက ထိုနည်းလမ်းဖြင့် သူတို့နောက် လိုက်ပါက လမ်းပျောက်သွားမည် မဟုတ်ပေ။
မိုဝူကျီက သူသည် သူတို့နောက်မှ လိုက်မီသွားလျှင်ပင် ဘွားဘွား လင်းလောင်အတွက် အကူအညီ မဖြစ်မှန်း သိသည်။ သို့သော်လည်း ဤကိစ္စကို သိပြီး၍ ဒီအတိုင်း လက်ပိုက်ကြည့် မနေနိုင်ပေ။
ဘွားဘွား လင်းလောင်သည် ကောလာဟလထဲမှ လူအများ ပြောနေသည့် “လူအများ၏ ခံစားချက်ကို လျစ်လျူရှုသည့်သူ” မဟုတ်ပေ။ အကြောင်းမှာ မိုဝူကျီက သူမကို အကျိုးအကြောင်း ဆင်ခြင်နိုင်သူ ဟုသာ ထင်မြင်မိသည်။ သူက ယန်အာကို ကယ်တင်ရန်နှင့် ဂိုဏ်းသို့ ဝင်ခွင့်ရရန် အဆုံးမဲ့ ဝိညာဉ် ကာကွယ်ရေးပန်းနှင့် လဲလှယ်ခဲ့ရ သော်လည်း ဘွားဘွား လင်းလောင်၏ ကြင်နာမှုများကို မမေ့ပေ။
ယခု သူမက ဒုက္ခ တွေ့နေသည့် အချိန်တွင် သူက မည်သို့ အေးအေးဆေးဆေး ထိုင်ကြည့် နေနိုင်မည်နည်း။
မိုဝူကျီက လေထုထဲရှိ ပြောင်းလဲမှုများကို ခံစားမိပြီး ထိုပြောင်းလဲမှုများကို လိုက်၍ သင်္ဘောပျံ နှစ်စင်းဆီ နောက်မှ လိုက်သွားတော့သည်။ အစပိုင်းတွင် မိုဝူကျီက တည်နေရာ အမှန်ကို ရှာဖွေနိုင် သော်လည်း ရက်အချို့ ကြာလာသည့်အခါ သူတို့နောက်ကို ဆက်၍ လိုက်မမီတော့ပေ။ ထို့အပြင် သူက ရက်အတော်ကြာ စိတ်စွမ်းအားဖြင့် လမ်းကြောင်း လိုက်ခဲ့ရသည့် အတွက် အတော်လေး နွမ်းလျ နေလေပြီ။
ဘွားဘွား လင်းလောင်ကို ပျောက်ဆုံးသွားပြီး မိုဝူကျီက တကယ် လမ်းပျောက်သွားကြောင်း မသေချာခင် အထိ ရက်အတော်ကြာ ရှာဖွေနေ သေးသည်။ ထို့နောက်တွင် လက်လျှော့ရုံမှ အပ တခြား ရွေးစရာ မရှိတော့ချေ။
အကယ်၍ စစ်ထူချင်သာ သေရမှာ စိုးထိတ်လျှင် မိုဝူကျီပေးပို့ခိုင်း လိုက်သည့် သတင်းကား ကောင်းကင်ဖွေရှာ နန်းတော်သွားရာ လမ်းသို့ ရောက်လောက်လေပြီ။ မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော် အကူအညီက ဘွားဘွား လင်းလောင်ကို ကယ်တင်ဖို့ရာ နောက်မကျရန်သာ မျှော်လင့် နိုင်တော့သည်။
ဂိုဏ်းတစ်ခု ဖြစ်နေပါစေ သို့မဟုတ် ကိုယ်ပိုင် အကြောင်းပြချက် ဖြစ်နေပါစေ မိုဝူကျီက ဘွားဘွား လင်းလောင် အန္တရာယ်ကင်းဖို့ မျှော်လင့်မိသည်။ ဘွားဘွား လင်းလောင်သာ တစ်ခုခု ဖြစ်သွားပါက ယန်အာတွင် ယုံကြည်မှီခို ရသည့်သူနှင့် ဆရာကောင်း တစ်ယောက် ဆုံးရှုံး သွားပေလိမ့်မည်။
မိုဝူကျီ အနေနှင့် ယန်အာ၏ စီနီယာ အစ်မကြီးက မှီခိုအားထား နိုင်သော သူ မဟုတ်သေးပေ။ သူမ စရိုက်နှင့် အင်အားက မှီခိုသင့်သော လူစားမျိုးတွင် မပါဝင်ပေ။ မိုးကြိုးမြူ တောတွင် ရှိစဉ်က သူသာ ဝင်မပါလျှင် စီနီယာ အစ်မကြီးက သေလောက်လေပြီ။
တစ်ဝက်တစ်ပျက် အထိ ရောက်လာပြီးနောက် မိုဝူကျီက ဦးတည်ချက် ပျောက်ဆုံးသွားကြောင်း သတိပြုမိ လိုက်သည်။ ထိုရက်အနည်းငယ် အတွင်းတွင် သူက သူရှေ့မှ သင်္ဘောပျံ နှစ်စင်းကို လိုက်ဖို့ရာ အာရုံရှိနေသည့် အတွက် သူ့အနေအထားကို မေ့လျော့ နေခဲ့သည်။ ယခု သူက မြေပုံမပါဘဲ လမ်းပျောက်သွားပြီ ဖြစ်သောကြောင့် လူများဆီမှ အကူအညီ တောင်းရတော့မည်။
သူ့ပတ်ဝန်းကျင်ကား တောရိုင်း ဖြစ်နေသော်လည်း ကံကောင်း၍ လမ်းအကျဉ်းလေး ရှိလေသည်။ လမ်းရှိသရွေ့ မိုဝူကျီသည် တစ်ယောက်ယောက်ကို ရှာမတွေ့မည်ကို စိုးရိမ်မနေပေ။
ထိုလမ်း အကျဉ်းလေးမှ မိုဝူကျီသည် နေ့ဝက်တာ လမ်းလျှောက်လာရင်း တစ်ယောက်ကိုမျှ မတွေ့သေးပေ။ မိုဝူကျီက ဤနေရာတွင် လူနေရဲ့လား ဟုပင် တွေးမိ လာတော့သည်။ ထို့နောက် အဝေး တစ်နေရာမှ မီးခိုးကို တွေ့လိုက်ရသည်။
မိုဝူကျီက အမြန်နှုန်းမြင့်ကာ မီးခိုးရှိရာဆီ ဦးတည် လိုက်တော့သည်။
နာရီဝက် အကြာတွင် မိုဝူကျီက မီးခိုးလာသည့် နေရာကို သေချာ မြင်နိုင်လေပြီ။ သူက အနီးကပ် မသွားခင် အဝေးမှ လက်နက်များကို ကိုင်ဆောင်ထားသည့် လူငါးယောက်၊ ခြောက်ယောက် ရှိနေသည်။
ထိုလူများက သွေးစွန်းနေသော အင်္ကျီများကို ဝတ်ဆင် ထားလေသည်။ ထို့အပြင် ထိုလူထဲမှ နှစ်ယောက်၏ မျက်နှာပေါ်တွင် အမာရွတ် အကြီးကြီး ရှိနေသေးသည်။ မိုဝူကျီက ထိုအုပ်စုသည် စွန့်စားသူ အဖွဲ့လား သို့မဟုတ် ကြေးစား အဖွဲ့လားဟု တွေးမိလိုက်သည်။
“ကျုပ်က ဖြတ်သွား ဖြတ်လာပါ အဲဒီလောက် ရန်လိုစရာ မလိုပါဘူး။ ကျုပ်က လမ်းပျောက်သွားလို့ အခုရောက်နေတဲ့ နေရာကိုများ ပြောနိုင်မလား လို့ပါ ... မြေပုံရှိရင်လည်း ကျုပ်ဝယ်ချင်ပါတယ် ...” မိုဝူကျီက အကောင်းဆုံး ကြိုးစားပြီးတော့ ချိုချိုသာသာ ပြောလိုက်သည်။
မိုဝူကျီ စကားလုံးများကို ကြားပြီးနောက် မိုဝူကျီသည် ကြောက်ရွံ့ နေသည့်ဟန် မရှိသည်ကို တွေ့ပြီး အမျိုးသား အုပ်စုက အနည်းငယ် စိတ်အေး သွားလေသည်။
***