← Chapters

သိမ်မွေ့အမဲလိုက် သုံးဖော်

Vol. 15 Ch. 208

သိမ်မွေ့အမဲလိုက် သုံးဖော်

Vol. 15 Ch. 208

နောက်ကျောတွင် မှိန်းလက်နက် ချိတ်ဆွဲထားသည့် အနီရောင် ဝတ်ရုံနှင့် ခြေတံရှည် အမျိုးသမီး တစ်ဦးက ရှေ့ထွက်လာကာ မိုဝူကျီကို ခြုံငုံ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မိတ်ဆွေက ဘယ်ကို ဦးတည် နေတာလဲ ...”

သူမ ဝတ်ရုံမှာ သွေးများ ပေစွန်းနေပြီး လည်ပင်းတွင်လည်း သွေးရာများ ကျန်ရှိနေသည်။ အကြည့်နှင့်တင် သူမက ခရီးတစ်လျှောက် တိုက်ပွဲများစွာကို ဆင်နွှဲလာရမှန်း သိ၏။

မိုဝူကျီက ပြန်ဖြေလိုက်သည်။

“ကျုပ်က ဝူရှုးစီရင်စုကို ဦးတည် နေတာပါ ... လမ်းကို သိလား ...”

အမျိုးသမီး အရှေ့အရပ်ကို ညွှန်ပြလိုက်ပြီး …

“ဒီအတိုင်း တည့်တည့်သာသွား ... ချန်းတိုင်း ပြည်နယ်ကို ရောက်သွားလိမ့်မယ်။ ချန်းတိုင်း ပြည်နယ်ကနေ သွားချင်တဲ့ မြေပုံကို ရှာဝယ်လို့ ရတယ်။ ပြီးတော့ သားရဲပျံလည်း ငှားလို့ရတယ် ...”

“အဲဒါဆို အခုက ကျုပ်တို့ ဘယ်နေရာ ရောက်နေတာလဲ ...” မိုဝူကျီက နောက်တစ်ခု ထပ်မေးလိုက်သည်။

အမျိုးသမီးက ရှေ့အရပ်ကို ထိုးပြလိုက်ကာ …

“ဟိုးဘက်မှာ ဆိုရင် ယွီကောင်းပြည်နယ် ပိုင်နက်ပဲ ... ဒါက ချန်းတိုင်း ပြည်နယ်နဲ့ ယွီကောင်း ပြည်နယ်ကြား အလယ်ကောင် ငြီးငွေ့တောအုပ်လို့ ခေါ်တယ် ...”

အမျိုးသမီးက ပတ်ဝန်းကျင် အနေအထားကို ရှင်းရှင်းလင်းလင်း သိသည့်ပုံ ပေါ်ကာ သူမက ကြေးစားအုပ်စု အဖွဲ့ဝင် တစ်ယောက် ဖြစ်ရမည်။ မိုဝူကျီက မေးခွန်း မမေးခင် နှလုံးခုန် တစ်ချက် မြန်သွားလေသည်။

“ဝူရှူး စီရင်စုကိုရော ကြားဖူးလားဗျ ...”

“ကျွန်မ ကိုယ်တိုင် ရောက်ဖူးပါတယ် ...” အမျိုးသမီးက ရိုးရိုးရှင်းရှင်း ဖြေလိုက်သည်။

“ကျုပ်ကြားတာတော့ ဝူရှုးစီရင်စုမှာ အနက်ရောင် ပျားမြီးလို့ခေါ်တဲ့ မြင်းစီးဓားပြ အုပ်စု ရှိတယ်တဲ့ ... အဲဒီ အကြောင်းရော ကြားဖူးလား ...” မိုဝူကျီက ထပ်မေးလိုက်သည်။ အနက်ရောင် ပျားမြီးသည် ကျင်းလန်ပေးတို့ တစ်မိသားစုလုံးကို သတ်သွားသော အုပ်စုဖြစ်သည်။ သူတို့သည် ဝူရှူးစီရင်စုတွင် စတည်းချ ထားကြသည်။

ကျင်းလန်ပေး၊ ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်တို့က အတူတကွ ရှိနေကြ၍ အကယ်၍ သူတို့သာ လက်စား ချေလိုလျှင် သေချာပေါက် ဝူရှုးစီရင်စုသို့ သွား၍ အနက်ရောင် ပျားမြီးကို သွားရှာကြ လိမ့်မည်။

“ကျွန်မလည်း မသိဘူး ...” အမျိုးသမီးက ပြောပြီးနောက် လှည့်ထွက် သွားလေသည်။ သူမ မျက်နှာမှာ ယခင်ကလို မတည်ငြိမ် နေတော့ပေ။ အမျိုးသမီး ထွက်သွားသည်နှင့် အဖွဲ့ဝင် တချို့က မိုဝူကျီကို သတိထားကာ ကြည့်လိုက်သည်။

မိုဝူကျီက ချက်ချင်းဆိုသလို ထိုအမျိုးသမီးသည် သေချာပေါက် အနက်ရောင် ပျားမြီးနှင့် ဆက်နွှယ် နေရမည်ဟု သိလိုက်သည်။ မဟုတ်လျှင် သူမက ထိုသို့ မျက်နှာထား ပြောင်းလဲသွားစရာ အကြောင်း မရှိပေ။

“အဲဒီလူက အနက်ရောင် ပျားမြီးကို သိနေတယ် ... ရှင်းလိုက်ရ မလား ...” မိုဝူကျီက သူတို့နောက် လိုက်မသွား သော်လည်း သူက တစ်ယောက်က တီးတိုး မေးနေသည်ကို ကြားလိုက်ရသည်။ သူ့တွင် စိတ်စွမ်းအား ရှိ၍ သူ့စွမ်းအားက တခြားသူထက် များစွာပိုသည့် အတွက် တခြားသူက တီးတိုး ပြောသော်လည်း မိုဝူကျီက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ပြဿနာ အသစ်ကို ဆွဲမထည့်ဘဲ နေကြစို့ .. ... သူက အနက်ရောင် ပျားမြီးကို ဓားပြအုပ်စုလို့ ပြောတာဆိုတော့ တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး ...” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။

“ဟမ် အနက်ရောင် ပျားမြီးက ဓားပြ အုပ်စုပဲလေ ...”

ဆွေးနွေးချက်များမှ မိုဝူကျီက ဤအုပ်စုသည် အနက်ရောင် ပျားမြီးအုပ်စုနှင့် ရန်ငြိုးရန်စ ရှိကြောင်း သိလိုက်ရသည်။

မိုဝူကျီက ရှေ့ကို တက်လာပြီး သူတွင်လည်း အနက်ရောင် ပျားမြီးနှင့် ရန်စရှိကြောင်း ရှင်းပြဖို့ လုပ်စဉ် ခွာသံများကို ကြားလိုက်ရသည်။

“ရန်သူ ...” မြင်းသမား နှစ်ယောက် ရောက်ရှိလာသော အခါ အသံစူးစူး ထွက်ပေါ် လာလေလည်။ ချက်ချင်းဆိုသလို သူတို့က အဖွဲ့ဆီ ရောက်ရှိ သွားကြသည်။ ထိုနှစ်ယောက်မှာ အဖွဲ့၏ ကင်းထောက် ဖြစ်ရမည်။

မိုဝူကျီက အတော်လေး တုန်လှုပ်မိ သွားသည်။ ထိုခွာသံများ ပေါ်လာမှုက ရုတ်တရက် ဖြစ်သောကြောင့် ထိုနှစ်ယောက်မှာ စောစောစီးစီး သတိမထား မိခဲ့ခြင်း ဖြစ်သည်။

“မြန်မြန်လုပ် သွားကြစို့ ...” ချက်ပြုတ် နေသူများ အပါအဝင် အားလုံးက လက်နက်ကိုယ်စီ ကိုင်ဆွဲရင်း သူတို့၏ မြင်းများနှင့် မြင်းလှည်းများဆီ အပြေးအလွှား သွားကြတော့သည်။ မိုဝူကျီကို စိုက်ကြည့် နေခဲ့သော တချို့လူများက ဆက်မကြည့် နိုင်တော့ပေ။ ကျန်သူများနှင့် အတူ အထုပ်အပိုးများ ကူသိမ်းပေး လိုက်ရသည်။

မိုဝူကျီက အတော်လေး ပြောစရာမဲ့ သွားလေသည်။ သူသည် အဝေးမှ မြင်းများ စီးလာသော လူအတန်းလိုက်ကို တွေ့နိုင်သည်။ သူတို့ အထုပ်သိမ်း ပြီးလောက်သည့် အချိန်တွင် သူတို့ကို ဝန်းရံပြီး လောက်လေပြီ။ ခြေတစ်လှမ်း နောက်ဆုတ်ပြီး သူတို့ ပိုင်ဆိုင်သမျှကို ပစ်ထားခဲ့လျှင်ပင် သူတို့က ထိုမြင်းသမားများထံမှ လွတ်မြောက် နိုင်ပါ့မလား ..

“ပစ္စည်း မသိမ်းနဲ့တော့ ... အဖွဲ့ ဖွဲ့လိုက်ကြ ...” မိုဝူကျီနှင့် စကားပြောခဲ့သည့် အမျိုးသမီးက နားလည်လာပြီး သူတို့သည် ရန်သူကို နောက်ကျစွာ သတိထားမိခဲ့၍ ပြေးဖို့ရာ အချိန် မမီတော့ပေ။

အဖွဲ့က ပုံစံဖွဲ့ပြီးသည့် အချိန်တွင် မြင်းစီးသမားများက ရောက်ရှိလာလေပြီ။ မြင်းစီးသမား အနည်းဆုံး ၃၀၊ ၄၀ လောက်ပါသည်။ အမျိုးသမီးဘေးတွင် ကင်းထောက် နှစ်ယောက်နှင့် အတူ အဖွဲ့တွင် ကိုးယောက်သာ ပါဝင်လေသည်။ ထို့အပြင် မိုဝူကျီ အမြင်အရ ကိုးယောက်လုံးမှာ ဒဏ်ရာ ရနေလေ၏။

မြင်းစီးသမား အုပ်စု ရောက်လာသည့် အခါ သူတို့က ရှေ့သို့ တစ်ဟုန်ထိုး ပြေးမလာဘဲ ကိုးယောက် အုပ်စုနှင့် မီတာအနည်းငယ် အကွာတွင် ရပ်လိုက်လေသည်။

“ပစ္စည်းကို ပေးစမ်း ...” အဖွဲ့ထဲမှ တစ်ယောက်က ရှေ့ထွက်ကာ ပြောလိုက်သည်။ ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် မြင်းစီးသူက အမျိုးသမီးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်တော့သည်။

မိုဝူကျီက အခြေအနေကို နားလည် သွားလေသည်။ အဖွဲ့နှစ်ဖွဲ့မှာ တစ်စုံတစ်ခု အတွက် တိုက်ခိုက် နေကြခြင်း ဖြစ်ရမည်။ ထိုတစ်စုံတစ်ခုမှာ အဖွဲ့ငယ်လေး လက်တွင်းတွင် ရှိနေလေသည်။ ယခု မြင်းစီးသမား အုပ်စုက ထိုအရာအတွက် လိုက်လာကြခြင်း ဖြစ်သည်။

မိုဝူကျီက ထိုလူများသည် မည်သည့် အရာအတွက် တိုက်ခိုက် နေကြမှန်း မသိသော်လည်း ဂရုမစိုက်ပေ။ သူက ချက်ချင်း လှည့်ထွက် သွားတော့သည်။ သူက ဤနေရာမှ ထွက်သွားဖို့ မရည်ရွယ်ထားပေ။ ဘေးတွင် ပုန်းကာ အခြေအနေကို စောင့်ကြည့်ရမည်။

“သူ့ကို သတ်ကြစမ်း ...” မိုဝူကျီ မျှော်လင့် မထားသည်က သူလှည့်လိုက်သည့် အခိုက်အတန့်တွင် အုပ်စုထဲမှ မြင်းစီးသမားက အမိန့်ပေး လိုက်လေသည်။ ထိုအမိန့် နောက်တွင် မြားတစ်စင်းက ပျံသန်းကာ ထွက်လာလေသည်။

မိုဝူကျီက ခေါင်းအသာ စောင်းလိုက်သောကြောင့် မြားမှာ သူ့နားရွက်ဘေးမှ ဖြတ်သွားလေသည်။

ထိုမြားက မိုဝူကျီကို ဒေါသ ထွက်စေသည်။ အကယ်၍ သူသာ ခေါင်းမစောင်း လိုက်ပါက ထိုမြားသည် သူ့ဦးခေါင်း နောက်တည့်တည့်မှ နဖူးအထိ ထိုးဖောက် နေလောက်လေပြီ။

“ကျုပ်က သူတို့နဲ့ မဟုတ်ဘူး။ မိတ်ဆွေ လက်လွတ်စပယ် လုပ်တာကို ဖြေရှင်းချက် မပေးသင့်ဘူးလား ...” မိုဝူကျီက လှည့်လာပြီး သူ့အသံတွင် လူသတ်ငွေ့များ လွှမ်းခြုံနေလေသည်။ အကယ်၍ တခြား ကျင့်ကြံသူဆိုလျှင် ထိုမေးခွန်းကို မေးနေမည် မဟုတ်ဘဲ စတင် သတ်ဖြတ် လိုက်လိမ့်မည်။ မိုဝူကျီက ကျင့်ကြံသူ ဖြစ်လာသော်လည်း အကြောင်း ပြချက်မရှိ သတ်ဖြတ်တတ်သည့် ထိုရက်စက် လှသော အပြုအမူနှင့် ကျင့်သား မရသေးချေ။

“ဟားဟား မင်းက ငါတို့ ဝူချောင်ဝူရွှောင်ကို ဖြေရှင်းချက် ပေးဖို့ မျှော်လင့် နေတာလား ... မင်းက သူတို့နဲ့ မဟုတ်တော့ရော ဘယ်သူက ဂရုစိုက်မှာလဲ ... ငါတို့ ဝူချောင်ဝူရွှောင် လူတွေ ရောက်လာရင် တစ်ယောက်မှ မလှုပ်ဖို့က ငါတို့ စည်းကမ်းပဲ ... မင်းက ငါတို့စည်းကမ်း ကိုလည်း ချိုးဖောက်သေးတယ်။ အားလုံး သူ့ကို ငါတို့ စည်းကမ်းတွေက မထီမဲ့မြင်လုပ်ဖို့ မဟုတ်ဘူးလို့ သင်ပြပေး လိုက်ကြပါကွာ ...” ရှေ့ဆုံးမှ မြင်းစီးသူက ရယ်မောကာ လက်ဝှေ့ပြ လိုက်သည်။

ဤတစ်ကြိမ်တွင် မြားတစ်စင်းတည်း မဟုတ်တော့ပေ။ မြား ၃၀၊ ၄၀လောက်က မိုဝူကျီဆီ ရောက်ရှိ လာလေသည်။

မိုဝူကျီက လက်ကိုမြှောက်ကာ ထိုမြားများက သူ့မျက်လုံးထဲတွင် အင်မတန် နှေးကွေး လွန်းလှသည်။ မျက်စိတစ်မှိတ် အတွင်း မြား၃၀ကျော်က မိုဝူကျီလက်ထဲ ရောက်ရှိ နေလေပြီ။ တစ်ယောက်မှ ဤအခြေအနေကို မယုံကြည်ကြပေ။ မိုဝူကျီက လက်ကို ယမ်းလိုက်သည့် အခါ မြားအားလုံးက လွင့်ထွက် သွားတော့သည်။

“အား ... အား ...” မချိမဆံ့ အော်ဟစ်သံများကို ကြားလိုက် ရပြီးနောက် သွေးချောင်းစီး သွားလေသည်။ မြင်းစီးသမား ၃၅ယောက်လောက်က မြင်းပေါ်က မြေပြင်ပေါ်သို့ ပြုတ်ကျ လာလေသည်။

ထိုမြင်းစီးသမား အားလုံးတွင် ခေါင်းပေါ် မြားစိုက် နေကြလေသည်။ သူတို့၏ ပိုင်ရှင် လဲကျ သွားသောကြောင့် မြင်းသုံးဆယ်ကျော်မှာ ဆောက်တည်ရာမရ ဖြစ်နေလေသည်။ သို့သော် ထိုမြင်းများကို ကောင်းကောင်း လေ့ကျင့် ထားပေးသည့် အတွက် သူတို့က ချက်ချင်းပင် ဂနာမငြိမ် ဖြစ်နေရမှ ပြန်ငြိမ် သွားကြလေသည်။

ရှေ့ထွက်နေသည့် မြင်းစီးသမား တစ်ယောက်သာ အသက်ရှင်လျက် ကျန်နေလေသည်။ သူက မြင်းစီးသမား အားလုံး လဲကျ သွားသည်ကို မြင်သောအခါ ကြောင်သွားလေသည်။ ထိုမြင်းစီးသမား တစ်ယောက်ချင်းစီ၏ ဦးခေါင်းတွင် မြားစိုက် နေကြပြီး ထိုမြားများမှာ နေရာ အတူတူပင် ဖြစ်နေသေး၏။သူက ချက်ချင်းလက်ငင်း တုန်လှုပ်တကြီး ဖြစ်သွားတော့သည်။

စိုးရိမ်နေသည့် ကိုးယောက်သား အုပ်စုမှာ တုန်လှုပ်နေဆဲ ဖြစ်သည်။ မြင်းစီးသမား ၃၆ ထဲမှ ၃၅ ယောက်ကို တစ်ချက်တည်းဖြင့် အသေသတ် လိုက်နိုင်ကာ နောက်ဆုံး တစ်ယောက်မှာ တုံ့ပြန်ဖို့ပင် ကြောင်နေဆဲ ဖြစ်သည်။

မိုဝူကျီက အသက်ရှင်လျက် ရှိနေသည့် မြင်းစီးသမားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး သူ့အသံက ကြောင်အနေသည့် မြင်းစီးသမားကို ပြန်၍ သတိဝင် လာစေကာ …

“အခုတော့ ဘာလဲ ... ကျုပ်က မင်းတို့ ဝူချောင်ဝူရွှောင် စည်းကမ်းတွေကို ထပ်မထီမဲ့မြင် လုပ်မိပြန်ပြီ ...”

သူက ပြောရင်း မိုဝူကျီက ခြေဖြတ်ကန် လိုက်သည့်အခါ ချက်ချင်းဆိုသလို မြင်းခြေထောက်က တုန်ယင် လာလေသည်။ မြင်းက မြည်ဟည်းလိုက်ပြီး မြေပြင်ပေါ် ဘုန်းခနဲ လဲကျ သွားလေသည်။ မြင်းစီးသမားက မြေပြင်ပေါ်သို့ ဖြစ်ကတတ်ဆန်း ကျသွားတော့သည်။ မြင်းစီးသူသည် အရပ်ရှည်ရှည် တုတ်ခိုင် အားကောင်းသော အမျိုးသား ဖြစ်၏။ သို့သော် သူက ဘာမှ မပြောနိုင်ပေ။ သူ့ယခင်က အထက်စီး ဆန်မှုနှင့် အေးစက်မှုများပင် လက်ရှိ အခြေအနေတွင် ပြက်လုံးတစ်ခု အလား ဖြစ်နေလေသည်။

“သိမ်မွေ့အမဲလိုက် သုံးဖော်အဖွဲ့မှ ဟွားရွမ်က စီနီယာကို နှုတ်ဆက်ပါတယ်။ အရင်က မနှုတ်ဆက်မိတဲ့ အတွက် ခွင့်လွှတ်ပေးစေ ချင်ပါတယ် ...” မိုဝူကျီကို နေရာညွှန်ပြ ပေးခဲ့ပြီး အနက်ရောင် ပျားမြီးအကြောင်း မေးလိုက်သည့်အခါ လှည့်ထွက် သွားခဲ့သည့် အမျိုးသမီးက မြန်မြန် ရောက်လာကာ မိုဝူကျီကို ဦးညွှတ်၍ နှုတ်ဆက် လိုက်လေသည်။

မိုဝူကျီက မေးလိုက်သည်။

“သိမ်မွေ့အမဲလိုက် သုံးဖော်အဖွဲ့ ဆိုတော့ စွန့်စားသူ အုပ်စုများလား ...”

ဟွားရွမ်က မြန်မြန် သွက်သွက်လက်လက် ရှင်းပြလိုက်သည်။

“ကျွန်မတို့ကို စွန့်စားသူ အုပ်စုလို့တော့ ယူဆလို့ မရဘူး၊ ကျွန်မတို့ကို ကြေးစားတွေလို့ ယူဆလို့တော့ ရတယ်။ လတ်တလောမှာ ကျွန်မတို့က အစောင့်အကြပ် အလုပ်တချို့ကို လုပ်ကြတယ် ...”

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး …

“အဲဒါဆို ဝူချောင်ဝူရွှောင်က ဘာလဲ ...”

ဟွားရွမ်က လေးလေးနက်နက် ရှင်းပြလိုက်သည်။

“ဝူချောင်ဝူရွှောင်က ငြီးငွေ့တောအုပ်ရဲ့ အားအကောင်းဆုံး ကြေးစားပဲ ... ပြီးတော့ အတိအကျ ပြောရရင် သူတို့က မြင်းစီးဓားပြ အုပ်စုတွေပဲ ... သူတို့ရဲ့ ခေါင်းဆောင်က ဝူချောင်နဲ့ ဝူရွှောင်လို့ ခေါ်တဲ့ မောင်နှမ နှစ်ယောက်ပဲ ... သူတို့က ဒီနေရာမှာ ကျက်စားလာတာ အတော်ကြာပြီ ပြီးတော့ သူတို့ အင်အားကလည်း အတော်မြင့်တယ် ... ပြီးတော့ အနည်းဆုံး မြင်းစစ်သည် ၁၀၀၀၀လောက် ရှိသေးတယ်။ သူတို့က ဒီနေရာတစ်ဝိုက် ကျက်စားပြီးတော့ မကောင်းမှု မှန်သမျှ အကုန်လုပ်တယ် လူတွေကိုလည်း ပုရွက်ဆိတ် လေးတွေလို သတ်ပစ်တယ်။ အရင်တုန်းက ဘယ်ကြေးစား အဖွဲ့မဆို ဝူချောင်ဝူရွှောင်တို့က သတ်ပစ်နေတာ ... ဒါပေမဲ့ သူတို့က စည်းကမ်း ပြောင်းလိုက်ပြီးတော့ ကုန်တစ်ဝက်ကိုပဲ ပေးခဲ့ဖို့ ပြောတယ် ... ခုခံတဲ့သူ ဘယ်သူမဆို အသတ် ခံရမယ်ပေါ့ ... ”

မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။

“အဲလိုဆိုရင် သူတို့ကို ပြည်နယ်နှစ်ခုက မနှိမ်နင်းဘူးလား ...”

ဟွားရွမ်က သက်ပြင်းချကာ …

“ဝူချောင်ဝူရွှောင် စစ်တပ် အင်အားက အတော်လေး အားကောင်းပြီးတော့ အင်မတန် မြန်ကြတာ ဆိုတော့ သူတို့က မနှိမ်နင်း နိုင်ကြဘူး။ ပြီးတော့ ဝူချောင်ဝူရွောင်က ပြည်နယ် နှစ်ခုနဲ့ သဘောတူချက် အချို့ လုပ်ထားလား တာတောင် သံသယ ရှိမိတယ် ...”

“စီနီယာ ကျုပ်တို့ခေါင်းဆောင် သခင်ဝူချောင်နဲ့ သခင်ဝူရွှောင်တို့က အင်မော်တယ် ဆရာတွေပါ ...”

မိုဝူကျီကြောင့် ပြုတ်ကျထားသည့် မြင်းစီးသမားက ထိုအခွင့်အရေးကို အသုံးချ၍ ဝင်ပြောလိုက်သည်။ သူက မိုဝူကျီ စိတ်ထဲတွင် တွေဝေ သွားအောင် ပြုလုပ်စေချင်သာ ဖြစ်ရာ ထိုမျှသာ သူ့အသက်ကို ချမ်းသာပေး လိမ့်မည်။ သို့သော်လည်း သူက စကားဆုံးအောင် မပြောရသေးခင် မိုဝူကျီက တက်နင်း လိုက်လေသည်။

“သူတို့က မင်းဆီက ဘာလိုချင်တာလဲ ...” မူလက မိုဝူကျီသည် ထိုမေးခွန်းကို မေးဖို့ရာ ရည်ရွယ်ချက် မရှိသော်လည်း သေမျိုးများကြား အရှုပ်အထွေး အတွင်း သူ့အတွက် ကောင်းမည့်အရာ ရှိနိုင်ပါ့မလား ... သို့သော် သူက ဝူချောင်နှင့် ဝူရွှောင်တို့က အင်မော်တယ် ဖြစ်ကြောင်း သိသည့်အခါ သူက ချက်ချင်းပင် စိတ်ဝင်စားမိ သွားတော့သည်။

ဟွားရွမ်က ဦးညွှတ်ကာ ပြောလိုက်သည်။

“စီနီယာ အဲဒီဟာက မြေပုံပါ ... မြေပုံက ပင်လယ်ထဲက အင်မော်တယ် တည်နေရာကို လမ်းပြ ထားတာပါ ... ဒါပေမဲ့ မြေပုံက ကျွန်မဆီမှာ မဟုတ်ပါဘူး ကျွန်မက အစ်မကြီး ဒေါ်လေး ဆယ့်တစ်ကို ပေးလိုက်ပါပြီ ...”

ဝူချောင်နှင့် ဝူရွှောင်တို့က ထိုမြေပုံကို သိသော်လည်း အားကောင်းသည့် အင်မော်တယ် ရှေ့တွင် သူမအတွက် ထိုအချက်ကို ဖုံးထားရန် မလိုအပ်ပေ။

“ဒေါ်လေး ဆယ့်တစ်လား ...” မိုဝူကျီက ရုတ်တရက် အလွန် ရင်းနှီးလှသည့် နာမည်ကို ကြားလိုက် ရသည့်အခါ ချက်ချင်း မေးလိုက်တော့သည်။

ဟွားရွမ်က အလောတကြီး ပြောလိုက်သည်။

“ဒေါ်လေး ဆယ့်တစ်က ကျွန်မတို့ သိမ်မွေ့အမဲလိုက် သုံးဖော်ထဲမှာ အစ်မကြီးပါ ...”

“အစ်မကြီး ရှိတယ်ဆိုတော့ ဒုတိယ အစ်မလည်း ရှိတယ်မလား ...” မိုဝူကျီက ထပ်မေးလိုက်သည်။

“ဟုတ် ရှိပါတယ်။ ကျွန်မတို့ ဒုတိယအစ်အက ကျင်းလင်းပေးပါ တတိယအစ်မက မိုရှင်းထောင်ပါ ...”

“သူတို့က အခု ဘယ်မှာလဲ ...” မိုဝူကျီက ဟွားရွမ်စကားကို ဖြတ်ကာ မေးလိုက်တော့သည်။ ဟွားရွမ်မျက်နှာတွင် တုန်လှုပ်တကြီး ဖြစ်သွားသည်ကို တွေ့၍ မိုဝူကျီက ရှင်းပြ လိုက်ရသည်။

“ဒေါ်လေး ဆယ့်တစ်က ကျုပ်မိတ်ဆွေပါ ... မိုရှင်းထောင်က ကျုပ်အဒေါ် တော်စပ်ပါတယ်။ အနက်ရောင် ပျားမြီးအကြောင်း‌ မေးတာ ... ကျင်းလင်းပေးက လက်စား ချေချင်နေလို့ အဲဒါကြောင့် စုံစမ်း နေတာပါ ...”

***

All Chapters