← Chapters

ဝူချောင်ဝူရွှောင်

Vol. 15 Ch. 210

ဝူချောင်ဝူရွှောင်

Vol. 15 Ch. 210

“အစ်ကိုမို ...” နောက်ဆုံးတွင် ဟွားရွှမ်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိ၍ တခြား သူများကို လက်ကာပြရင်း မြင်းဇက်ကြိုးကို ဆွဲထား လိုက်တော့သည်။

မိုဝူကျီက ညင်ညင်သာသာ ပြောလိုက်သည်။

“စိုးရိမ်စရာ မလိုဘူး။ ဒီဟာက ပုန်းကွယ်ရေး အစီအရင် တစ်ခုပဲ ဒီနေရာက မဆိုးဘူးပဲ ...”

“အာ ... မင်းက ဒီဟာကို ပုန်းကွယ်ရေး အစီအရင်မှန်း သိတယ်ပေါ့ ...” ဝူချောင်က အံ့ဩတကြီး ပြော၍ မိုဝူကျီကို ခြုံငုံကြည့် လိုက်သည်။

ထိုသို့ ဆိုလျှင်ပင် သူက မိုဝူကျီကို ပြိုင်ဘက်အဖြစ် သဘော မထားပေ။ မိုဝူကျီက မည်မျှပင် အားကောင်း စေကာမူ သူ့တွင် ဝိညာဉ် စွမ်းအားများ မရှိသည့်အတွက် သူ့က ကျင့်ကြံသူ မဖြစ်နိုင်ပေ။ မိုဝူကျီက လူသားများကြားတွင် အားအကောင်းဆုံး ဖြစ်နေလျှင်ပင် သူ့အတွက် ပုရွက်ဆိတ်ကြီး တစ်ကောင်သာသာ ဖြစ်၏။

မိုဝူကျီက အေးစက်စွာ ပြောလိုက်သည်။

“ကျုပ်က ဒီအစီအရင်ကို သိရုံတင် မဟုတ်ဘူး ခင်ဗျားက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် မှန်းလည်း သိတယ် ...”

စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သည် သေမျိုးများ အမြင်တွင် အသာလွန်ဆုံး တည်ရှိမှုမျိုး ဖြစ်သော်လည်း မိုဝူကျီအတွက် မျက်လုံးထဲပင် မထည့်ပေ။ သူက ယွမ်ဒန်အဆင့် ရောက်နေသည့် ကောင်းကင်ဖွေရှာ နန်းတော်၏ အတွင်းစည်း တပည့် ဂျူချီဂျန်းကိုပင် သတ်နိုင်ခဲ့ လေသည်။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်လောက်က သူ့အတွက် ပြဿနာ မဟုတ်ချေ။

သို့သော်လည်း သူက ဦးစွာ မပြုမူသေး သော်လည်း စိတ်စွမ်းအားဖြင့် ဝူချောင်၏ အလင်းတန်းကို သုံးသပ်နေလေသည်။

ထိုအလင်းတန်းသည် သဘာဝ စွမ်းအားများသုံးကာ ဖြစ်တည်နေ၍ ကျင့်ကြံသူ အများအတွက် များစွာ အကျိုး သက်ရောက်မှု မရှိချေ။ သို့သော်လည်း သေမျိုးများနှင့် ရင်ဆိုင်ပါက လူသတ်လက်နက် ဖြစ်သွားလိမ့်မည်။

ထိုအလင်း၏ သဘာဝ စွမ်းအားက အင်မတန် နည်း၍ လက်တစ်ဖက် မြှောက်ရုံဖြင့် ထိုဓားအလင်း ကဲ့သို့ အလင်းပေါင်း ရာကျော်ကို ထုတ်လွှင့် နိုင်လေသည်။ အကယ်၍ သူက စိတ်စွမ်းအားကို အလင်းတန်းနှင့် တွဲသုံးလျှင် ထိုဓားအလင်း လမ်းကြောင်းကို လှုံ့ဆော်နိုင်ကာ သတ်ဖြတ် နိုင်စွမ်းမှာလည်း မယှဉ်နိုင်ဖွယ် ဖြစ်သွားလိမ့်မည်။ ဤနေရာတွင် မြင်းစီးသမား ရာကျော် ရှိနေကာ သေချာပေါက် ရာကျော်ရုံမျှလေး မဟုတ်ပေ။ ထိုလက်နက်ဖြင့် သူက ထိုမြင်းစီး သမားများကို ကြောက်စရာ မလိုတော့ပေ။

“မင်းက ငါ့ကျင့်ကြံဆင့်ကို မြင်နိုင်တာလား ...” ဝူချောင်က ရုတ်တရက် နောက်ဆုတ် လိုက်လေသည်။ သူက ထိုအလင်းတန်းဖြင့် မိုဝူကျီ ခြေထောက်ကို ဖြတ်ပစ်ချင် သော်လည်း ယခု ထိုအတွေးကို ဘေးဖယ်ထား လိုက်လေတော့သည်။

မိုဝူကျီက သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်နေမှန်း သိသော်လည်း သူ့ရှေ့တွင် ရပ်နေဆဲ ဖြစ်သည်။ ထို့သို့ဆိုလျှင် မိုဝူကျီက ကျင့်ကြံသူ ဖြစ်ရမည်။ သူထက် အဆင့်မြင့်သော ကျင့်ကြံသူ ဖြစ်ရမည်။ ကျင့်ကြံဆင့် မြင့်သည့် ကျင့်ကြံသူတွေ အတွက် မိုဝူကျီ ကျင့်ကြံဆင့်ကို မမြင်နိုင်သည်မှာ ပုံမှန် ဖြစ်လေသည်။

မိုဝူကျီက လက်ဖဝါးကို ဖြန့်လိုက်သည့် အခါ အလင်းတန်း ပေါ်လာကာ ဝူချောင်ဆီ ပို့လွှတ် လိုက်တော့သည်။ ထိုသည်က သဘာဝ စွမ်းအားများဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အလင်းတန်း ဖြစ်သည်။

“ဟားဟား ...” မိုဝူကျီ၏ အလင်းတန်းကို အလွယ်တကူ တားဆီးပြီးသည့် နောက်တွင် ဝူချောင်က အေးစက်စွာ လှောင်ပြောင် ရယ်မော လိုက်တော့သည်။

သူက မိုဝူကျီကို စွမ်းဆောင်ရည် ကောင်းသည့် ကျင့်ကြံသူဟု ထင်ကာ ထိတ်လန့်တကြီး ဖြစ်သွားသော်လည်း မိုဝူကျီဆီမှ အလင်းတန်းကို တွေ့လိုက်သော အခါ ထိုသူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းခါစ ဖြစ်ကာ စွမ်းအားများကိုပင် ကောင်းစွာ မထိန်းချုပ် နိုင်သေးသောသူ ဖြစ်ကြောင်း သိသွားလေသည်။

“ဒီကိုမလာခင် ငါတို့ ဝူချောင်ဝူရွှောင် ပိုင်နက်ကို လာရဲတဲ့ သူတွေအကြောင်း မကြားဖူးဘူးလား ... တစ်ယောက်မှ အသက် မရှင်ဘူးကွ ...” ဝူချောင်က ပြုံးနေရာမှ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ပြကာ ပြောလိုက်တော့သည်။

“သူ့ကို ဖမ်းထား ... အသက် ရှင်ရတာကို နောင်တရအောင် လုပ်ပေးမယ် ပြီးမှ ငါကိုယ်တိုင် သတ်ပစ်မယ် ...”

ထိုသို့ပြောပြီး ဝူချောင်က လျှာဖျားလေးဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ ထိုလူဆယ်ယောက်သည် သူ့မြင်းစီးသမား ၃၆ယောက်ကို သတ်ခဲ့ရုံ သာမက သူတို့က သူ့ဝူချောင် ပိုင်နက်ကိုပင် လာရောက်ကျူးကျော် ရဲကြသေးသည်။ အကယ်၍ သူသာ သူတို့၏ တည်ရှိမှုကို နောင်တ မရအောင် လုပ်နိုင်လျှင် သူက ဝူချောင် မဟုတ်တော့ပေ။

ရာကျော် မြင်းစီးသမားတွေက ရှေ့တက် လာကြသည့်အခါ ဟွားရွမ်နှင့် တခြား ရှစ်ယောက်တို့သည် သူတို့ လက်နက်များ ကိုင်စွဲ လိုက်ကြသည်။ ကိုးယောက်လုံးတွင် ကြောက်ရွံ့ ထိတ်လန့်မှု အမူအရာ စိုးစဉ်းမျှ မရှိကြချေ။ သူတို့မျက်နှာတွင် သူတို့သေသည် အထိ တိုက်ခိုက်ကြမည့် ရူးမိုက်မှုပါ မြင်တွေ့ နိုင်သေးသည်။

မိုဝူကျီက သူတို့ကို အမှန်ပင် ချီးကျူးမိ သွားသည်။ အကြည့်နှင့်တင် ဤတိုက်ပွဲက သူတို့၏ ပထမဆုံး အကြိမ် မဟုတ်ကြောင်း ထင်ရှားလှသည်။

သို့သော်လည်း မိုဝူကျီက ကိုးယောက်လုံးကို သေသည်အထိ ထားရန် စိတ်ကူးမရှိပေ။ သူက လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး တစ်ချက်တည်းဖြင့် အလင်းတန်း ဆယ်ခုကျော်ကို ပစ်လွှတ် လိုက်လေသည်။

မိုဝူကျီ ကျင့်ကြံဆင့်မှာ လူသားအဆင့်လွန် အဆင့် ၁၂ပေါ်တွင် မူတည်၍ တည်ဆောက်ထားသော လူသား အဆင့်လွန်ဆုံး ဖြစ်သည့်အတွက် သူ့စွမ်းအားများက ဝူချောင်ထက် အဆများစွာ သာလေသည်။ ပထမဆုံးအကြိမ် အလင်းတန်း ပစ်လွှတ်စဉ်က သူသည် အလင်းတန်းကို အသားမကျ သေးသည့်အတွက် ထိုမှ စွမ်းအားများက မတည်မငြိမ် ဖြစ်နေခြင်း ဖြစ်သည်။

အလင်းတန်းများက ပထမလူ၏ ရင်ဘတ်ကို ထိုးဖောက် သွားသော်လည်း မရပ်တန့်သွားပေ။ ဒုတိယ မြင်းစီးသမား ရင်ဘတ်ကိုပါ ဆက်လက် ထိုးဖောက်သွားသည်။

အလင်းတန်း ဆယ်ချက်ဖြင့် သူက လူ၂၀ကျော်ကို ရှင်းလင်း နိုင်ခဲ့သည်။ မိုဝူကျီက မရပ်မနားဘဲ နောက်တစ်ကြိမ် အလင်းတန်း ဆယ်ချက်ကို ထပ်မံ ထုတ်လွှင့် လိုက်တော့သည်။ ဤတစ်ကြိမ်တွင် သူ့အလင်းက ပိုပါး၍ တစ်ခုချင်းစီကို တစ်ယောက်ချင်းစီ သတ်ရန် သေချာ ထိန်းချုပ် နိုင်လေသည်။

ဒုတိယ အကြိမ်တွင် သူက ပို၍ တိုးတက် လာလေသည်။ ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ် ....

မြင်းစီးသမားများက မိုဝူကျီနှင့် အနီးဝန်းကျင်ကို မရောက်ခင် မိုဝူကျီက အလင်းတန်းများကို သေစေနိုင် လောက်သည့် အလင်းများ အဖြစ် လေ့ကျင့်ပြီး သွားလေပြီ။

ဝူချောင်ခေါ်လာသည့် ကြေးစား ရာကျော်ကို မိုဝူကျီက အလင်းတန်း အကြိမ်ရေ နည်းနည်းနှင့် သတ်ပစ် လိုက်နိုင်သည်။

ဝူချောင်ဝူရွှောင် နေရာကြောင့် အံ့ဩမှင်တက် နေသည့် ဟွားရွှမ်တို့အဖွဲ့ပင် ကြည့်၍ ပို၍ အံ့ဩတကြီး ဖြစ်နေကြသည်။ မိုဝူကျီ ဆက်တိုက် တိုးတက် လာသည်ကို မြင်၍ ဝူချောင်လည်း တုန်လှုပ်တကြီး ဖြစ်လာလေသည်။

အတော်အတန် ကြာသည့်အခါမှ ဝူချောင်က အတွေးပေါက် သွားတော့သည်။ မိုဝူကျီက သူထက် သေချာပေါက် မြင့်သော အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။

ထွက်ပြေးရမယ် ...

ပျောက်ကွယ်ဓား အလင်းနှစ်ချက်က သူ့ခြေထောက်ကို ဖြတ်သွားသည့် အခါမှ ထိုအတွေးသာ ခေါင်းထဲ ပေါ်လာတော့သည်။

ဖူး ....

သွေးနှစ်ပွက် အန်ထုတ် လိုက်ရသည်။ ဝူချောင်က မြေပေါ်တွင် မလှုပ်မယှက် ထိုင်နေလေသည်။ သူ သတိပြုမိသည့် အခါ သူဦးဆောင် လာသော မြင်းစီးသမား ရာကျော်တွင် တစ်ယောက်မှ မတ်တတ်ရပ်လျက် မရှိတော့ချေ။

သူ ဓားပြတိုက်စဉ်မှ စ၍ ဝူချောင်က ထိုသို့ အားငယ် စိတ်ပျက်မှုကို တစ်ခါမှ မခံစားဖူးပေ။ ယနေ့တွင် သူက အမှန်တကယ်ကို စိတ်အား ငယ်မိသွားသည်။

ဟွားရွှမ်းနှင့် အခြားသော ရှစ်ယောက်လည်း လုံးဝကို ကြောင်နေ ကြလေသည်။ သူတို့က မိုဝူကျီနောက်မှ ကျင်းလင်းပေးကို ကယ်တင်လိုသည့် ဇောနှင့် ဖြစ်သော်လည်း သူတို့သည် ရလဒ်ကို မည်သို့မသိဘဲ နေမည်နည်း။ မိုဝူကျီက မည်မျှ အံ့အားသင့်စရာ ကောင်းသည့်လူ ဖြစ်နေပါစေ သူက အင်မော်တယ် ဆရာများ ဖြစ်သည့် ဝူချောင်နှင့် ဝူရွှောင်တို့နှင့် ရင်မဆိုင် နိုင်လောက်ချေ။

သို့သော် ယခုအချိန်တို အတွင်း မိုဝူကျီက မြင်းစီးသမား ရာကျော်ကို သုတ်သင်ပစ် လိုက်လေ၏။ ထိုမျှတင် မကသေးပေ။ ဝူချောင်ဝူရွှောင် အဖွဲ့၏ ခေါင်း‌ဆောင် ဝူချောင်ပင် မိုဝူကျီကြောင့် မလှုပ်မယှက် ဖြစ်နေလေသည်။ အစတကည်းမှ နာမည်ဆိုးနှင့် ကျော်ကြားလှသော ဝူချောင်က တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။

မကြာခင်တွင် မိုဝူကျီနှင့် လိုက်ပါလာသော ကိုးယောက်လုံးက သူတို့သည် ယနေ့တော့ မသေသေးကြောင်း နားလည် သွားလေသည်။ ထိုကိစ္စက အတော်လေး အံ့အားသင့်စရာ ကောင်းကာ တကယ်တမ်း မည်သူက အမှန်တကယ် သေချင်လို မည်နည်း။

မိုဝူကျီက သူ့မြင်းပေါ်မှ ခုန်ဆင်းလာကာ ဝူချောင်ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်း သွားလိုက်သည်။

“အခုလေးတင် မင်းက ငါ့ကိုသေဖို့ တောင်းဆိုဖို့ ပြောတယ် ... ဒါပေမဲ့ ငါက ကောင်းကောင်း နေနေတာဆိုတော့ တကယ်ကို သေဖို့ မဖြစ်သေးဘူး ...”

“စီနီယာ ...” ဝူချောင်နှုတ်ခမ်းများက တုန်ယင်နေကာ …

“ကျုပ် ဝူချောင်က မျက်လုံးပါ ပါပေမဲ့ ကန်းနေခဲ့တာပါ ... စီနီယာသာ ချမ်းသာပေးမယ် ဆိုရင် စီနီယာကို ကျုပ်ရတနာတွေ အားလုံးကို ပေးပါ့မယ် ...”

ဟွားရွှမ်က ရှေ့တက်လာပြီး ဝူချောင်ပါးကို ချလိုက်ကာ …

“ငါ့စီနီယာ အစ်မ ဘယ်မှာလဲ ...”

ဝူချောင်က ရုတ်တရက် ပါးစပ်ပိတ် သွားလေသည်။ ဟွားရွှမ်က သူ့ပါးချလိုက် သော်လည်း တစ်ခွန်းမျှ ပြန်မပြောပေ။

“ဟွားရွှမ် ရိုက်မနေနဲ့တော့ ... သူက ကျင်းလင်းပေး အသက်နဲ့ သူ့အသက် လဲချင်နေတာ ... လာ အရင် အထဲဝင်ကြစို့ ...” မိုဝူကျီက ဝူချောင် အပြုအမူများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည် သွားလေသည်။ အပြစ်မဲ့သူတွေကို ပုရွက်ဆိတ်တွေလို လိုက်လံသတ်ဖြတ် နေသည့် ကြေးစားကို လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။

ဝူချောင်က ကျင့်ကြံသူ ဖြစ်နေ၍ သူ့ခြေထောက်များ ကျိုးနေလျှင်ပင် အန္တရာယ်ရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။ မိုဝူကျီက ရှေ့ထွက်လာကာ ဝူချောင် ခန္ဓာကိုယ်မှ ဝိညာဉ် လမ်းကြောင်းများကို ဖျက်ဆီးပစ် လိုက်သည်။

မူလက စိတ်ရှိသလောက် ထင်တိုင်းကြဲ နေသည့် ဝူချောင်သည် မချိမဆံ့ ခံစားရကာ မခံရပ်နိုင် လောက်သည့် နာကျင်မှုကြောင့် မြည်တမ်း နေရသည်။ ယခု သူ အသက် ရှင်နေသည့် အချက်ကို အမှန်တကယ် မုန်းတီး လာမိသည်။ ကံဆိုးလှစွာ သူက မသေနိုင်သလို မေ့လည်း မမေ့သွားပေ။

“မြန်မြန်လာ ...” မိုဝူကျီက အစီအရင် တာအိုတွင် အသိညာ ရှိသည်ဟု ယူဆ၍ ရသည်။ ဝူချောင် ခန္ဓာကိုယ်ထဲမှ ဝိညာဉ် လမ်းကြောင်းများကို ဖျက်ဆီးပြီးနောက် သူက ပတ်ဝန်းကျင် တစ်ဝိုက် ပြောင်းလဲမှုကို သတိပြုမိ လိုက်သည်။ တစ်ယောက်ယောက်က ဤနေရာနှင့် နီးကပ်လာခြင်း ဖြစ်ရမည်။ ထိုရိုးရိုးရှင်းရှင်း စကားလုံးများကို ပြောပြီး သူက အရင်ဝင် သွားတော့သည်။

ဟွားရွှမ်နှင့် အခြားလူများက မိုဝူကျီ ဦးဆောင်မှု နောက်သည်ကို ကျင့်သားရ နေလေပြီ။ ယခု မိုဝူကျီ ဝင်သွားသည့် အခါ ကိုးယောက်လုံးက တွေဝေမနေဘဲ ကျောက်တုံးနောက်မှ ကမ္ဘာ အသစ်ဆီသို့ လိုက်ဝင် သွားကြတော့သည်။

မျှော်လင့်ထားသည့် အတိုင်း ကိုးယောက်လုံး ဤနေရာသို့ ဝင်ပြီးသည့် နောက်တွင် အပြင်သို့ ဦးတည်နေသော လမ်းများက လုံးဝ ပျောက်သွားလေသည်။

“ဟွားရွှမ် တစ်ချက် သွားကြည့်ချေ ... အဲဒီ ဝူချောင်ဆီမှာ ဒီနေရာ ထိန်းချုပ်နိုင်တဲ့ အစီအရင်အလံ ရှိလိမ့်မယ်။ ရှာတွေ့ရင် မင်းစိတ်ကြိုက် ဝင်လို့၊ ထွက်လို့ ရပြီ ...” မိုဝူကျီက ဝူချောင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

ဟွားရွှမ်က မိုဝူကျီ စကားများကို မကြားသကဲ့သို့ အဝေး တစ်နေရာကိုသာ စိုက်ကြည့် နေလေသည်။ အဝေးတွင် ဧရာမ လူအုပ်စုလိုက်ကို မြင်နိုင်လေသည်။ အနည်းဆုံး မြင်းစီးသမား ၁၀၀၀၀ကျော်ရှိကာ သူတို့ဆီ ဦးတည် လာနေခြင်း ဖြစ်သည်။ ထိုလူ အများကြီးဖြင့် မိုဝူကျီက အရည်အချင်း ရှိလျှင်ပင် သူတို့ အားလုံးကို မသတ်နိုင် လောက်ချေ။

မိုဝူကျီလည်း ထိုအုပ်စုကို မြင်လိုက်သည်။ ထိုမျှ အုပ်စုလိုက်ကြီးက သူတို့၏ ပြင်းထန်လှသည့် ဖိအားများဖြင့် သာမန်စစ်တပ် တစ်ခုကို စက္ကန့်ပိုင်းလေး အတွင်း ဖြိုလဲနိုင် လိမ့်မည်။

“အစ်ကိုမို ...” ဟွားရွှမ် လည်ပင်းများပင် ခြောက်သွေ့ လာလေသည်။ မကြာခင် သူတို့ ဆယ်ယောက်ကို ထိုလူများက ဝိုင်းထားတော့မည်။ ပြင်းထန်လွန်းသည့် ဖိအားများက သူမကို ခံစားစေရသည်။

“အစီအရင် အလံကို သွားရှာချည် ....” မိုဝူကျီက ပိုပြီး လေးနက် လာလေသည်။ သူက ထိုလူများ ဝန်းရံ ခံရမည်ကို မကြောက်ပေ။ သူ စိုးထိတ်မိသည့် တစ်ခုတည်းသော အရာကား ဟွားရွှမ်နှင့် အခြားလူများ၏ ဘေးကင်းမှု ဖြစ်သည်။

မည်းနက်နေသည့် အစီအရင်အလံက ဝူချောင်ခန္ဓာမှ ထွက်လာကာ မိုဝူကျီလက်ထဲ ကျရောက် သွားလေသည်။

“ခဏနေရင် ငါ အစီအရင်ကို ဖွင့်မယ် ... မင်းတို့ ကိုးယောက်လုံး အရင် ထွက်သွားကြ ...” မိုဝူကျီက အလံကို ကိုင်ထားရင်း ပြောလိုက်သည်။

“အစ်ကိုမို ကျွန်မတို့ အစ်ကိုနောက် လိုက်လာ ကတည်းက အသက်ရှင်ရက် ထွက်သွားဖို့ ဘယ်တုန်းကမှ တွေးမထားပါဘူး ...” ဟွားရွှမ်က မိုဝူကျီ အလံ မွမ်းမံသည့် အချိန်ကိုပင် စောင့်မနေဘဲ ကြောက်ရွံ့ခြင်း မရှိ ပြောလိုက်သည်။

ဟွားရွှမ်နောက်မှ ရှစ်ယောက်လုံးမှာ ဘာမှ မပြောကြပေမဲ့ သူတို့ မျက်လုံးတွင် သူတို့ ရည်ရွယ်ချက်က ထင်ရှား နေလေသည်။

မိုဝူကျီက ဘာမှဆက်၍ မပြောတော့ပေ။ သူတို့ အသက် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူတို့ရွေးချယ်မှု ဖြစ်၏။ အချိန်ကျရောက် လာသည့်အခါ သူက ထိုကိုးယောက်လုံးကို အကောင်းဆုံး ကာကွယ်ပေးရန် ကြိုးစားရုံသာ ဖြစ်သည်။

မြင်းစီးသမား အုပ်စုက ရောက်ရှိလာကာ မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသမီးက သူမ မြင်းဖြင့် မိုဝူကျီဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူမနောက်တွင် မြင်းသမား ထောင်ကျော်က လိုက်ပါ လာကြသည်။

“ငါ့အစ်ကို ဝူချောင်ကို မင်းသတ်လိုက် တာလား ...” မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသမီးက မိုဝူကျီနှင့် ဆယ်မီတာ အကွာလောက်တွင် ရပ်လိုက်ကာ မိုဝူကျီကို စိုက်ကြည့် လိုက်လေသည်။ သူမက မြေပြင်ပေါ်တွင် လူးလိမ့်နေသော ဝူချောင်ကို မမြင်သကဲ့သို့ အတိအကျ ပြောရလျှင် ဝူချောင်သည် သူမအတွက် သေလူ ဖြစ်နေပြီးသား ဖြစ်သည်။

မိုဝူကျီက ပြန်မဖြေဘဲ သူမကို အသေးစိတ် လိုက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးက ငယ်ရွယ်ကာ ကြည်လင် လှပသော အစိတ်အပိုင်းတို့ ရှိသည်။ တစ်ချက်တည်းဖြင့် သူမက ဘေးအိမ်မှ ကောင်မလေးနှင့် တူလေသည်။ သူမက အရွယ်အစား ကြီးမားသော ဝတ်ရုံကို ဝတ်ဆင် ထားသော်ငြား သူမ ရုပ်ရည်ကို ရင့်မသွားစေပေ။ အကုန်ခြုံငုံ ပြောရလျှင် ထိုအရာက သူမကို ပြောမပြာ တတ်လောက်သည့် ဆွဲဆောင်မှုမျိုး ပေးစွမ်းစေသည်။

မိုဝူကျီက သက်ပြင်းသာ ချလိုက်တော့သည်။ ထိုအမျိုးသမီးက အပြစ်မဲ့ လူတွေကို သတ်ဖြတ်နေသည့် နှစ်ယောက်ထဲက ဖြစ်လိမ့်မည်မှန်း ထင်မထားပေ။ ထို့အပြင် ဤဝူရွှောင်၏ ကျင့်ကြံဆင့်မှာ သူမ အစ်ကိုထက် ပိုမြင့်ဟန် ရသည်။

“အစ်ကိုမို အဲဒီမိန်းမရဲ့ နောက်က လူက အဆိပ်ဆူးပဲ ...” ဟွားရွှမ်က မိုဝူကျီဘေး လျှောက်လာရင်း တီးတိုး ပြောလိုက်သည်။ မိုဝူကျီက ထိုအမျိုးသမီး ဘေးတွင် ပိန်ချုံးနေသော အမျိုးသားကို သတိပြုမိ လိုက်သည်။ အကယ်၍ မိုဝူကျီသာ ထိုလူကို အာရုံ မစိုက်ပါက သူ့တည်ရှိမှုကို သတိပြုမိဖို့ရာ မဖြစ်နိုင်ပေ။ သို့သော် အဆိပ်ဆူး၏ တည်ရှိမှုကို ခံစားမိလိုက်သည့် အခိုက်အတန့်တွင် သူက သားရဲရိုင်း တစ်ကောင်ကို ကြည့်နေရသည့် အလား ခံစားမိသည်။

***

All Chapters